RSS

မိုးမခ၀င်း – မုတ်ဆိတ်မြေး အရေးတော်ပုံပဇာတ် – ၁

28 Feb


The Ballad Of Hairy Joe - by Sol Panitz
မုတ်ဆိတ်မွေး အရေးတော်ပုံ ပြဇာတ် – ၁

မိုးမခ ၀င်း (ဘာသာပြန်သည်)

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၈

Sol Panitz ၏နိဒါန်း

ထိုခေတ်က ဂျိုပါးလ်မားသည် နယူးအင်္ဂလန်တွင် လှောင်ပြောင်မူအခံရဆုံး လူတစ်ယောက်အဖြစ် သမုတ်ခြင်းခံရသူဖြစ်သည်။ ၁၈၃၀တွင် ဂျိုးဇက်ပါးလ်မားသည် အရွယ်ရောက်သူ အမျိုးသားတိုင်း လွတ်လပ်စွာ မုတ်ဆိတ်မွေးထားခွင့်ရှိသည့် အခွင့်အရေး အတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

၁၇၂၀ ကတည်းက အမေရိကန်တွင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးထားခြင်းအလေ့ ခေတ်မစားခဲ့သည်မှာ အဲဒီ ဂျိုတို့ ခေတ်တိုင်အောင် ဖြစ်သည်။ထိုအခါက လွတ်လပ်ရေးကြေငြာစာတမ်း လက်မှတ်ထိုးကြသည့် ပန်းချီမှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်းများအရ အမျိုးသား ခေါင်းဆောင်ကြီးများနှင့်အတူ လူတိုင်းလူတိုင်းမှာ မေးစေ့ပြောင်ပြောင်များသာရှိကြောင်း သတိထားမိကြပေမည်။

ဂျိုက သူများနှင့် မတူပါ။ သူက မုတ်ဆိတ်မွေး အရှည်ထားသည်။ ပါးလ်မားက ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီး၏အမိန့်ကို ဆန့်ကျင်သည်။ သူ့မိတ်ဆွေများက သူ့ကို ဖယ်ကျဉ်ခဲ့ကြသည်။ စကားတောင် အဖက်လုပ် မပြောကြ တော့ပါ။ ထိုသို့ သူများနှင့်မတူ တမူထူခြား မုတ်ဆိတ်မွေး အရှည်ထားမိသဖြင့်၊ တနှစ်ပတ်လုံး ထောင်နန်းစံခဲ့ရသည်။

ထိုအချိန်တွင်သူ့အကြောင်းကို သူကိုယ်တိုင် စာများ ရေးသား၍ သတင်းစာများသို့ ပို့သည်။ သတင်းစာများကလည်း မုတ်ဆိတ်မွေး တဆုပ်ကြောင့် ထောင်လုံးလုံးကျရသည့် အကြောင်းကို သတင်းလုပ်ဖော်ပြကြသည်။

သို့နှင့် ပါးလ်မားသည် လူတဦးချင်းစီ၏ လွတ်လပ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်အတွက် သူရဲကောင်းဖြစ်ခဲ့ရသည်။ သူ့မုတ်ဆိတ်တွေ ရှည်လျှားလာသည်ကို မြင်တွေ့ခဲ့ရပြီးသာမက မျက်နှာတွင် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးမထားဘူး၊ မမွေးမြူသူများကို ခေတ်မမီသောသူ မယဉ်ကျေးသောသူအဖြစ် လူ့ပတ်ဝန်းကျင်က သတ်မှတ်လာကြသည်အထိ သူ့အဖြစ်က ရေပန်းစား မှတ်တိုင်တွင်ခဲ့ရသည်။

သူသည် ၁၈၇၆ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သူ၏ အုတ်ဂူမှတ်တိုင်တွင် သူ၏ ရုပ်တုကို သမိုင်းဝင် မုတ်ဆိတ်မွေးများနှင့် တွဲဖက်ပြီး ထွင်းထုထားခဲ့ပေသည်။

အောက်ခြေမှာတော့ အခုလို ရေးထားပါသည်။

“ ဂျိုးဇက်ပါးလ်မား – မုတ်ဆိတ်မွေးထားလို့ ထောင်ကျခဲ့သူ” … တဲ့

(စာတည်းမှတ်ချက် – ဒီပြဇာတ်ကို မိုးမခမှာ အပတ်စဉ် အခန်းဆက်အဖြစ် တင်ဆက်မယ် ဖြစ်ပါတယ်။ ပြည်သူ ဆန္ဒခံယူပွဲကြီး မီကောင်းပါရဲ့)

ဇာတ်ဆောင်များ

ဂျို(ခေါ်)ဂျိုးဇက်ပါလ်းမား ဖစ်ခ်ျဘတ်မြို့သား၊ အဓိကဇာတ်ဆောင်
ရက်ဘက်ကာ ဂျို၏ ဇနီး
စလေတာ ဖစ်ခ်ျမြို့မှ စတိုးဆိုင်ပိုင်ရှင်
ဒါဗီပရီရာ(ဒေးဗစ်) အသက် ၁၁-၁၃နှစ် အရွယ် ဆမ်ပရီရာ၏သား
ဆမ်ပရီရာ ဖစ်ခ်ျဘတ်မြို့သားတစ်ဦး
ဘရားသားထရပ်စ် ဖစ်ခ်ျမြို့မှဘုန်းတော်ကြီး

အခန်း – ၁

ဂျို။ ။ ငါ့လက်တွေမတည်ငြိမ်ပါလား။ဒါပေမယ့်ကြိုးစားပြီးရိတ်ရမှာပေါ့။ အိုး ကိုယ့်လက်ကို ဓါးရှမိပြန်ပြီ။ ဒီတော့ လုပ်စရာတစ်ခုပဲ ရှိတော့တယ်။ မုတ်ဆိတ်တွေ ရှည်ပေလေ့စေတော့။ ဒါဟာ ပြဿနာရဲ့အစပဲလား။

(သီချင်းသံ၊ ဂီတာသံ ထွက်ပေါ်လာ၊ ထိုဂီတာသံပေါ်လာမှ အစီအစဉ်ကြေညာသူ့အသံ)

နောက်ခံဇာတ်ကြောင်းပြောသူ ။ ။ ဇာတ်လမ်းစပါပြီ။ မက်ဆက်ချူးဆက် ပြည်နယ်တစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျော် လောက်ကပေါ့…

(သီချင်းသ၊ ဂီတာသံ ကျယ်လာ)

ဇာတ်ကြောင်း ပြောသူ။ ။ အဲဒီနေ့ကပေါ့။တစုံတရာဖြစ်တော့မယ့် အနံ့အသက်တွေ ထွက်လာပါပြီ..

( သီချင်းသံ၊ ဂီတာသံ မှိန်သွား.. )

ဇာတ်ကြောင်း ပြောသူ။ ဟိုး…ရှေ့မှာ

စိမ်းနီပြာဖြူ ရောင်စုံပြန့်ကျဲနေပါလား..

တောင်ကတုံးတွေလို ရှင်းလင်းပြန့်ပြူးလို့

ပန်းရောင်ချယ် အရိပ်များက

မင်းရဲ့လယ်ကွင်းထဲမှာထင်ဟပ်လို့

မြင်ကွင်းနဲ့ရနံ့က

အာရုံက လိုက်နိုင်တာထက်


(သီချင်းသံ၊ ဂီတာသံ အင်ထရိုလေး ပြန်ဝင်လာ..)

ရက်ဘက်ကာ။ ။ (နူးညံ့စွာ)… ရှင်က ဘာကို ပြောချင်တာလဲ။

ဂျို။ ။ မင်းက အခုတလောကို ငြိမ်နေလိုက်တာ။

ရက်ဘက်ကာ။ ။ ဘယ်သူက ဒါကို လှတယ်လို့ ပြောလိုက်သလဲ။

ဂျို။ ။ မသိဘူးလေ။ လယ်သမား ယာသမားဆိုတာ စကားတိုတိုပဲ ပြောတတ်တယ်။

ရက်ဘက်ကာ။ ။ ရှင်ဟာလေ၊ သူများတခွန်းဆို ရှင်ကဆယ်ခွန်းပြောတတ်တယ်။ ကျမက ဒါကို ` ဂရုမစိုက်ပါဘူး။ ဒါပေမယ့် အခု တခါတော့ မတူဘူးရှင့်။

ဂျို။ ။အိုး .. ကြည့်ရတာ မင်းစိတ်ထဲမှာ သီချင်းကောင်းကောင်းလေး ရှိပုံရတယ်။

ရက်ဘက်ကာ။ ။ နာကြင်စရာ သီချင်းပေါ့ရှင်။

ဂျို။ ။ မနက်ခင်းရဲ့ပြတင်းပေါက်ကလေးဟာ ရွှေလိုပဲတဲ့။

ရက်ဘက်ကာ။ ။ရှင်မှန်တာပဲ လုပ်စမ်းပါ။

ဂျို။ ။ ငါ့မှာ အခု ဘာတာဝန်မှ မရှိဘူးဆိုရင် နေ၀င်သွားတာလေးကို ထိုင်ကြည့်နေတော့မယ်ကွယ်။ ကဲ – မကောင်းဘူးလား။

ရက်ဘက်ကာ။ ။အို..ကျမက လူစိမ်းတယောက်နဲ့ နေ၀င်သွားတာကို ကြည့်ရမယ်ပေါ့။ တကယ်လား ရှင်။ ဒါဆို ကျမယောင်္ကျားက ဘယ်လိုထင်မလဲ။

ဂျို။ ။ ငါက မင်း ယောင်္ကျား မဟုတ်လားကွဲ့။ ဘယ်လိုလုပ်ပြီ.း….

ရက်ဘက်ကာ။ ။(ခေါင်းမာစွာ) ရှင်က? ကျွန်မယောင်္ကျား ? ဟုတ်လား။ (ရယ်မောလျက်) ရှင်က အယောင်ဆောင်ပဲ။ ရှင်က ဂျိုးဇက်ပါးလ်မား မဟုတ်ဘူး။ ရှင်ကသူနဲ့မတူပေါင်။ အရပ်ကတော့…တူပါရဲ့။ဒါပေမယ့်……

ဂျို။ ။သူ့မှာ မျက်လုံးပြာတွေရှိရဲ့လား။

ရက်ဘက်ကာ။ ။ ရှိတာပေါ့ရှင်။

ဂျို။ ။ ငါ့မှာလည်းမျက်လုံးပြာပြာတွေရှိတယ်လေ။

ရက်ဘက်ကာ။ ။ ရှင့်မှာ ခြေထောက်နှစ်ဘက်ရှိသားပဲ။ ဒါပေမယ့် ဒါနဲ့တော့ ဂျိုးဇက်ပါးလ်မားလို့ မပြောနိုင် ဘူးရှင့်။

ဂျို။ ။ ကိုယ်ကမင်းကိုချစ်တယ်လေ။

ရက်ဘက်ကာ။ ။ ဒါကအံ့သြစရာမှ မဟုတ်တာ။ ကျွန်မက လှတယ်လေ။ ကျွန်မယောင်္ကျားကဆို ကျွန်မကို ကမ္ဘာပေါ်မှာအလှဆုံးမိန်းမလို့ ပြောတာရှင့်။

ဂျို။ ။ သူက အမှန်တရားကို ပြောတတ်သူပဲ။

ရက်ဘက်ကာ။ ။ ဒီမှာရှင့်။ ဒါ နောက်ပြောင်နေတဲ့ စကားတွေလို့ကျွန်မယူဆထားပါတယ်ရှင်။ ကျွန်မ ယောင်္ကျားသာကြားရင် မလွယ်ဘူး။ ရှင်ပုန်းစရာနေရာသာ ရှာထားပေတော့။ သူက မနာလိုတတ်ဘူးရှင့်။

ဂျို။ ။ငါ့ကိုသေချာကြည့်စမ်းပါ။နဲနဲလေးတောင်မမှတ်မိဘူးလား။

ရက်ဘက်ကာ။ ။အင်း….ကျွန်မ စဉ်းစားနေတာက…

ဂျိုး။ ။စဉ်းစားပါကွယ်…

ရက်ဘက်ကာ။ ။ ကျွန်မနဲ့ အလွန်ရင်းနှီးတဲ့သူတစ်ယောက်ယောက်နဲ့ တူသလိုလို..။ ကျွန်မအကို ဖြစ်နိုင်တယ်။ … အင်း…အချက်တစ်ချက်ကလွဲလို့…

ဂျို။ ။သူက ချောတယ် မဟုတ်လား။

ရက်ဘက်ကာ။ ။ ရှင့်ရဲ့မုတ်ဆိတ်မွှေးတွေ။ ရှင်သာ တခြားသောယဉ်ကျေးတဲ့ ယောင်္ကျားတွေလို အဲဒီဟာ ကိုဖယ်လိုက်ရင်တော့…ဒါဆိုရင်တော့…

ဂျို။ ။ကိုယ် ဒါကို မမေ့ပါဘူး ရက်ဘက်ကာရယ်။ ကိုယ်ကတိ ပေးပါတယ်ကွယ်။

ရက်ဘက်ကာ။ ။ရှင်က အခုမှ ပြောတယ်။

ဂျို။ ။ကိုယ် သိပါတယ်ကွယ်။

ရက်ဘက်ကာ။ ။ ဒီနေရာမှာတော့ ကျွန်မတို့နှစ်ယောက် တူသွားပြီ။ ကျွန်မရဲ့ကပ်ကျေးလေးနဲ့သာဆိုရင် ဒါမှမဟုတ်လဲ ရှင့်ရဲ့ မုတ်ဆိတ်ရိတ်တဲ့ ဓါးရယ်နဲ့သာဆိုရင် ကျွန်မရဲ့ သံဒယ်အိုးလေးလို ပြောင်သွားမှာပဲ။

ဂျို။ ။ ကိုယ်အခုပဲ ဟောဒီ ဖစ်ခ်ျဘတ်မြို့ရဲ့ မုတ်ဆိတ်ရိတ်သမားဆီ သွားလိုက်ပါ့မယ်။ ဒါ့အပြင် ကိုယ့်တို့အိမ်မှာ သံတွေလည်း ကုန်နေတော့…

ရက်ဘက်ကာ။ ။ရှင့်မျက်နှာကို ကောင်းကောင်း သ ထားနော်။

ဂျို။ ။ အခုလည်း ကောင်းနေသားပဲကွယ်။

ရက်ဘက်ကာ။ ။ ကျွန်မ ရှင်နဲ့ အတူလိုက်ခဲ့မယ်။

ဂျို။ ။ ကိုယ် လမ်းသိပါတယ်။

ရက်ဘက်ကာ။ ။အဲဒါက…(ရယ်လျက်) ရှင်က လူဝိုင်းကြည့်ချင်စရာ ဖြစ်နေပြီရှင့်။ ဘာလို့လဲဆိုတော့ ဘယ်သူ့မှာမှ မုတ်ဆိတ်မရှိဘူးလေ။ ရှင်မုတ်ဆိတ်မရိတ်တာ ဘယ်လောက်ကြာပြီလဲ။

ဂျို။ ။နှစ်ပေါင်း တစ် ရာ….

ရက်ဘက်ကာ။ ။ ရှင်က ညာဖို့ ပြင်နေပြီ။ သူတို့က ရှင့်ကို မှတ်တောင်မှတ်မိကြပါ့မလားပဲ။

ဂျို။ ။ရက်ဘက်ကာ..မင်းက ဟောဒီကမ္ဘာမှာ ပုံကြီးချဲ့တတ်ဆုံး လူပါပဲကွယ်။ မင်း ဟောဒီမှာ ထိုင်ပြီး ငါ မုတ်ဆိတ်ရိတ်သမားဆီသွားနေတုန်းလေးစောင့်ရင်း ကလေးတွေထိန်းနေပေါ့။ မုတ်ဆိတ်ရိတ်သမားတော့ ငါနဲ့တွေ့ရမှာ စိတ်လှူပ်ရှားစရာပဲ။ သူ တော်တော်ကို ရိတ်ပေးချင်ရှာမှာ။ ငါပေးမယ့် အဖိုးအခထက်တောင် လုပ်ပေးချင်ရှာမှာ မြင်ယောင်မိသေး။

(သီချင်းသံ၊ဂီတာသံဝင်လာ)

သီချင်းဆိုသူ။ ။ ပုံပြင်ဟောင်းပေမယ့် တကယ့်အဖြစ်အပျက်ပါကွယ်

အမှန်တရားအတွက် သူရပ်တည်ခဲ့တယ်

မတူညီမူတွေက သူ့ဂုဏ်သိက္ခာကို ထိခိုက်သတဲ့ကွယ်

သူက ဦးခေါင်းမရွေ့ နောက်မဆုတ်ပါတယ်။

ခုနှစ်ကတော့ ၁၈၃၀ ပါကွယ်

ဟောဒီမြို့ထဲကို သူဝင်လာပါတယ်

သူ့ကိုညစ်ပတ် ယုတ်ညံ့သူလို့အော်ကြပါသတဲ့

ကလေးတွေကို သူတို့ကအော်ခိုင်းပါသတဲ့။

(သီချင်းသံ၊ဂီတာသံကျယ်လာ)

(အသံ၊ လမ်းလျောက်သံ)

အခန်း -၂

ဂျို။ ။ လမ်းပေါ်မှာ ဘယ်သူမှ မတွေ့ပါလား။ မာတင်စလေတာရဲ့ စတိုးဆိုင် အရင်ကျော်ရမယ်။ ပြီးရင် နိဗ္ဗာန်ဆိုင်၊ ဖစ်ခ်ျဘတ်မြို့ဘဏ်တိုက်၊ ကေဆီစတုန်းရဲ့ အကျီဆိုင်၊ ပြီးရင်တော့ မုတ်ဆိတ်ရိတ်ဆိုင် ပေါ့။ အိမ်အတွက် သံ နည်းနည်းဝယ်ရမယ်။ ရက်ဘက်ကာ့ မီးဖိုချောင်သုံး လက်သုတ်ပ၀ါဝယ်ရမယ် ဆိုတော့………… မာတင်စလေတာ က သူ့ဆိုင်ရှေ့မှာ ထိုင်နေပါလား။ ဒီတော့…နှူတ်ဆက်ဦးမှ။

(အသံ၊ပျောက်သွား)

ဂျို။ ။မင်္ဂလာပါ မစ္စတာ စလေတာ။

စလေတာ။ ။ အဟမ်း …

ဂျို။ ။ နေကောင်းရဲ့လား ခင်ဗျ။ (အသံကျယ်ဖြင့်) အား… ခင်ဗျားရဲ့ ဇနီးရော… နေကောင်းရဲ့လား ခင်ဗျ။

စလေတာ။ ။ အဟမ်း …

ဂျို။ ။ ကျနော်… ကျနော် ၁၀ ပဲနီတန် သံ ၀ယ်ချင်လို့ခင်ဗျ၊ မစ္စတာစလေတာ။ ကျနော့်

ခြံစည်းရိုးက ယိုင်နေပြီဆိုတော့ … သံနှစ်ဆယ်သားလောက်…

စလေတာ။ ။ ဘာ သံ မှ မရှိဘူး။

ဂျို။ ။ အာ … မနှစ်က ၀ါယာကြိုးတွေဝယ်ခဲ့တာ မှတ်မိမှာပေါ့နော်။….(အံ့သြသံ) သံ တချောင်းမှ မရှိတာလား ခင်ဗျ။

စလေတာ။ ။ အားလုံးကုန်ပြီ။

ဂျို။ ။ချက်ချင်းကြီး ကုန်သွားသလားခင်ဗျ။

စလေတာ။ ။ ဘာထူးလို့လဲ။

ဂျို။ ။ စနေနေ့ကတောင် တွန်စတစ်ကီတစ်ယောက် အိမ်ရှေ့ကဖြတ်သွားတုန်းက သူ့လှည်းထဲမှာ သံတွေ တပွေ့ကြီး တွေ့လိုက်ပါသေးတယ်။ သူ ဘယ်က ရသလဲခင်ဗျ။

စလေတာ။ ။ အဲဒါ ခင်ဗျားနဲ့ ဘာဆိုင်သလဲ။ ကျူပ်ဘာသာကျူပ် ဘယ်သူ့ရောင်းရောင်းပေါ့။ ဒါကျူပ်ကိစ္စ။

ဂျို။ ။ ဒီမနက် ခင်ဗျား တစ်ခုခုဖြစ်နေတယ်။ ကျွန်တော် တစ်ခုခုများ လုပ်မိလို့လားဗျာ။

စလေတာ။ ။ အဟမ်း …

(အသံ၊ ခြေသံခပ်သုတ်သုတ်)

စလေတာ။ ။ (အော်ပြော) ခင်ဗျား ဆိုင်ထဲ ၀င်မလို့လား။

ဂျို။ ။ (၀င်သွား) ကျွန်တော် ၀င်ကြည့်မလို့လေ။ ခင်ဗျား သံ ထားတဲ့နေရာများ မေ့နေသလားလို့။

စလေတာ။ ။ ခင်ဗျားအထဲကို တစ်လှမ်းဝင်တာနဲ့ ကျူပ် ရဲ ခေါ်လိုက်မယ်။

(အသံ၊ ခြေသံနောက်ဆုတ်သံ)

ဂျို။ ။ (စိတ်ဆိုးလာ) မာတင်..ခင်ဗျား ဘာဖြစ်တာလဲဗျာ။ အထဲမှာ သံတွေ အများကြီးပဲ။

စလေတာ။ ။ ခင်ဗျား ကျူပ်ကို ခြိမ်းခြောက်နေတာလား ဂျိုပါးလ်မား။

ဂျို။ ။ ကျွန်တော် ခင်ဗျားဆီက ပိုက်ဆံချေးဖူးသလား။

စလေတာ။ ။ အဟမ်း …

ဂျို။ ။ ချေးဖူးသလား ခင်ဗျာ။ (အသံကျယ်) ခင်ဗျား ပြန်ပြောလေ။ အ နေသလား။

စလေတာ။ ။မ အ ပါဘူး။

ဂျို။ ။ ကျွန်တော်က လူဆိုး မဟုတ်ပါဘူးဗျာ။ ကျွန်တော့်လိုလူကို ဒီလိုဆက်ဆံစရာ အကြောင်းမရှိပါဘူးဗျာ။ ဒီတော့ ကျွန်တော့်ကိုပြောစမ်းပါ..ဘာဖြစ်နေသလဲလို့။

စလေတာ။ ။ (ကြောက်ရွံ့ထိတ်လန့်စွာ) ငါ့ကို မထိနဲ့။ ဘုန်းတော်ကြီး ထရပ်စ်က ခင်ဗျားဟာ လူရမ်းကား…

ဂျို။ ။ ဘုန်းတော်ကြီး ထရပ်စ်က ဟုတ်လား။ ဒါ ဘာဖြစ်တာလဲခင်ဗျ။

စလေတာ။ ။ငါ့နားက သွားစမ်း။ (အော်ဟစ်) ကယ်ကြပါ ကယ်ကြပါ ကယ်ကြပါဦး….

ဂျို။ ။ ခင်ဗျား ရူးနေပြီ စလေတာ။ ဘာလို့ အော်ရတာလဲ။

စလေတာ။ ။ ကျူပ် ခင်ဗျားကို ထောင်ထဲထည့်မယ်။

ဂျို။ ။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို လက်ဖျားနဲ့တောင် မတို့ရပါလား။

စလေတာ။ ။ အရင်တစ်ပတ် ၀တ်ရွတ်ပွဲမှာ သူက ခင်ဗျားကိုယ်ထဲ မကောင်းဆိုးဝါးဝင်ပူးနေတယ် လို့ပြောတယ်ဗျ။

ဂျို။ ။ သူက ကျွန်တော့်အကြောင်းကို ၀တ်ရွတ်တဲ့အထဲ ထည့်ပြောတယ်ဟုတ်လား။ ဘရားသား ထရပ်စ်က ဟုတ်လား။ ကျွန်တော်မတက်ဖြစ်တဲ့နေ့မှာ သူက အဲဒီလိုလုပ်တယ်လို့ မစဉ်းစားမိပါဘူးဗျာ။

စလေတာ။ ။ဟောဒီမြို့ကလေးရှိနေသ၍ ခင်ဗျားဘုရားရှိခိုးကျောင်းကို ဘယ်တော့မှမလာရင် ကောင်းမှာပဲ။ ခင်ဗျားကို အလိုမရှိဘူး။ နားလည်လား။

ဂျို။ ။ (အသက်ပြင်းပြင်းရူလိုက်ရင်း) ကိုင်း… စလေတာ။ ကျွန်တော် စိတ်မဆိုးပါဘူးဗျာ။ ကျွန်တော် နားမလည်လို့ပါ။ လွန်ခဲ့တဲ့၃ပတ်က ခင်ဗျားနဲ့ကျွန်တော် နောက်ဆုံးတွေ့ခဲ့တယ်။ ခင်င်္ဗျားနဲ့ကျွန်တော် စကားပြောခဲ့ကြပါတယ်။ ခင်ဗျားရဲ့စတိုးဆိုင်ထဲ ချက်စ်တောင် ကစားလိုက်ကြသေးတယ်။ ပြီးတော့ အချို ရည်တစ်ခွက်စီ သောက်ခဲ့ကြတယ်။ ခင်ဗျားက ကျွန်တော့အတွက်တောင် ပိုက်ဆံမယူခဲ့ပါဘူး။ အဲဒါ ဟုတ်တယ် မဟုတ်လား။

စလေတာ။ ။ အဟမ်း …

ဂျို။ ။ ဒါပေမယ့် ဒီကနေ့တော့ ခင်ဗျားက ကျွန်တော့်ကို ဘုရားရှိခိုးကျောင်းကတောင် အလိုမရှိ တော့ဘူးလို့ ပြောတယ်။ ကျွန်တော်လိုချင်တာတွေလည်း မရောင်းဘူး။ ဘုရားစာရွတ်ဖတ်တဲ့ထဲလည်း ကျွန်တော့်မကောင်းကြောင်း ပြောတယ်။ ပြီးတော့ ထောင်ချပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ လွန် ခဲ့တဲ့ ၃ပတ်တုန်းက ကျွန်တော်က အခုကျွန်တော်နဲ့ အတူတူပါပဲဗျာ။ ကျွန်တော် ခင်ဗျားကို ထပ်မေးမယ် … ခင်ဗျားရော နေကောင်းရဲ့လား ခင်ဗျာ။

စလေတာ။ ။မင်းကိုယ်မင်း ကြည့်စမ်း။ကြည့်စမ်းပါ။

ဂျို။ ။ကျွန်တော် ဘာပုံဆိုတာ သိပါတယ်ခင်ဗျာ။

စလေတာ။ ။ခင်ဗျားက ပြဿနာမီးထွန်းရှာတဲ့သူ။

ဂျို။ ။ ဘာ ခင်ဗျားကသာ စပြီး မီးမွှေးတာ။

စလေတာ။ ။ ခင်ဗျားရဲ့ မျက်နှာ။

ဂျို။ ။ အဲဒါဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲဗျာ။ အဲဒီအတွက် ဘာမှ ပြောစရာမရှိပါဘူး။ အဲဒါ ချက်ချင်းကြီး အရုပ်ဆိုးသွားစရာ ရှိသလား..

စလေတာ။ ။ ဘုရားကို စော်ကားတဲ့သူ။ ခင်ဗျားရဲ့မျက်နှာမှာ အမွှေးအမျှင်တွေဟာ မကောင်းဆိုးဝါး ၀င်စားနေတာပဲ..

ဂျို။ ။ကျွန်တော့်ရဲ့ မုတ်ဆိတ်မွှေးတွေ? (ယခုမှသဘောပေါက်လာ) ခင်ဗျားဆိုလိုတာက… (အလွန်ရယ်ရသော ဟာသတစ်ခုကို ယခုမှမြင်တွေ့မိပုံ) ခင်ဗျား ဒါ အလေးအနက်တော့ ဟုတ်ပုံမရပါဘူး … (အလွန်ထိမ်းမရစွာရယ်) ပြီးတော့ ဘရားသား ထရပ်စ်…

ဂျို။ ။ အမလေး…ရက်ဘက်ကာတော့ ယုံမှာမဟုတ်ဘူး … (ရယ်လျက်) ငါ့မြင်းတောင် ယုံမှာမဟုတ်ဘူး။ သူက လူတွေ ဒီလိုပဲဆိုတာ တွေးမိမှာတောင် မဟုတ် …

ဒါဗီ။ ။ (အသက် ၁၁-၁၃ နှစ် အရွယ်ကလေး၊ အသံ ၀င်လာ) ဝေး ဟေး ဟေး။ ညစ်ပတ်တဲ့ လူကြီးဟေ့။ ဝေး ဟေး ဟေး …

ဂျို။ ။(ရယ်မောနေဆဲ) …ဒါဗီလေးရေ…. ဘယ်နှယ့်လဲကွယ့် ဒါဗီ ပရီရာ…

ဒါဗီ။ ။ ဝေး ဟေး ဟေး …

ဂျို။ ။ လာ … ဒီကိုလာ … ဒါဗီ။

စလေတာ။ ။ မလာနဲ့ ဒါဗီ၊ သူ မင်းကို ရိုက်လိမ့်မယ်။

ဂျို။ ။ငါတို့က သူငယ်ချင်းကြီးတွေလေကွယ်။ မဟုတ်လား ဒါဗီရဲ့။

ဒါဗီ။ ။ လူညစ်ပတ်ကြီး လူညစ်ပတ်ကြီး။

ဂျို။ ။ (စူးရှစွာ)… မင်းကိုဒီလိုအော်ဖို့ ဘယ်သူခိုင်းတာလဲ။

ဒါဗီ။ ။ကျွန်တော် ဒါပဲသိတယ်။ ကျွန်တော် သီချင်းလေးရတယ်။

စလေတာ။ ။ရဲသွားပြီး ခေါ်ချေ။ မင်းအဖေကို သွားခေါ်ချေ ဒါဗီ။

ဂျို။ ။ ခင်ဗျား ပါးစပ်ပိတ်ထားစမ်းပါ မာတင်။ ဒါဗီ သားကို တစ်ယောက်ယောက်က သင်ပေးတာမဟုတ်လား။

ဒါဗီ။ ။ ဟုတ်ပါတယ်ခင်ဗျ။ တမြို့လုံးက ဆိုနေကြတယ်။

ဂျို။ ။ ဆိုပြစမ်းပါဦး။ ဘယ်သူ့အကြောင်းလဲကွဲ့။

ဒါဗီ။ ။ ဦးလေး အကြောင်းပေါ့။

ဂျို။ ။ကဲ ဒါဆို ဦးလေးက ကြားသင့်တာပေါ့ကွယ်။

ဒါဗီ။ ။ဟင့်အင်း။

ဂျို။ ။ဒါပေမယ့် သားက ရတယ်မဟုတ်လား။ ဆိုပြမှပေါ့။

ဒါဗီ။ ။ သားမဆိုချင်ဘူး။

ဂျို။ ။ သားဖေဖေ သင်ပေးတာ မဟုတ်လား။

ဒါဗီ။ ။ဟို … ဟို …

ဂျို။ ။ အော် အော်..မင်းသိတောင် မသိဘူးပေါ့။

ဒါဗီ။ ။သိပါတယ် ခင်ဗျ့။

ဂျို။ ။ မင်းမဆိုပါဘူးလို့ ငါ့ကို ပြောမယ်ပေါ့။

ဒါဗီ။ ။ ကျွန်တော် သိပါတယ် ခင်ဗျ။

ဂျို။ ။ ဒါပေမယ့် ငါ ဘာမှ မသိပါလား။ ဒါဗီ။

ဒါဗီ။ ။အိုး ကျွန်တော့်ကို လွှတ်ပါ။

ဂျို။ ။ ဒီ သီချင်းကို မင်းအဖေက သင်ပေးတာမဟုတ်ရင် မင်းဘာသာဆိုတာ ဖြစ်ရမယ်။

ဒါဗီ။ ။အဖိုးကြီးဒန်တာကာ တဲ့ ။ သီချင်းနံမယ်က။ ကဲလွှတ်ပါတော့။

ဂျို။ ။ ကဲ … ဆိုပြစမ်း ။

စလေတာ။ ။ ဒါဗီ ရဲကို သွားခေါ်လေ။ ဘာလို့ သွားမခေါ်သေးတာလဲ။

ဂျို။ ။ သူ့ကိုဂရုမစိုက်နဲ့ ဒါဗီ။ ကဲ … ဆိုစမ်းပါ။

(”အဖိုးကြီး ဒန်ကာတာ”အမည်ရှိသော သီချင်းညီးသံထွက်ပေါ်လာ)

ဒါဗီ။ ။ ရွံ့စရာ လူ့ညစ်ပတ်ကြီး

မုတ်ဆိတ်မွှေးထူတဲ့ မကောင်းဆိုးဝါး

ဘယ်လိုမှ ရိုသေချင်စရာ မကောင်း ပြဿနာရှာသူရယ်

ဟောဒီလို အရုပ်ဆိုးပြီး အကျည်းတန်တဲ့သူ မမြင်ဘူးပေါင်ကွယ်

ငါတို့မင်းကိုကြိုးကွင်းမစွပ်ခင် ဒီမြို့က ထွက်သွားပါတော့ကွယ်။

ဂျို။ ။ (လက်ခုတ်တီး) အိုး … တော်လိုက်တဲ့ ဒါဗီ။ (ခြောက်ကပ်စွာ) ကလေးကတော့ ဒီသီချင်း ဘာအဓိပ္ပါယ်လည်းဆိုတာ သိမှာ မဟုတ်ရှာဘူး။ ကဲ … ကဲ … နောက်တခါ ဒီထက်ကောင်းကောင်း ဆိဲုနိုင် အောင် သွားလေ့ကျင့်ချေတော့။ မင်းအဖေကို ပြောလိုက်ပါ။ သူကိုယ်တိုင် ငါ့ကိုဆိုပြတာ နားထောင်ချင် လို့ပါ။ မင်းပြောပေးမယ် မဟုတ်လား ဒါဗီ။

ဒါဗီ။ ။ (ထွက်သွား) ကျွန်တော် ပြောပေးမယ်ခင်ဗျ။ ဝေး ဟေး ဟေး …

ဂျို။ ။ ဒါဗီကလေး ကတော့ ကလေးမို့ ထားပါတော့ဗျာ။ ဒါပေမယ့်ဗျာ ခင်ဗျား … မာတင်

ခင်ဗျားကတော့ လူကြီးလူကောင်း မဟုတ်လားဗျာ။

စလေတာ။ ။ ကျူပ် တစ်ယောက်ထဲ အေးအေးနေပါရစေ။

ဂျို။ ။ ခင်ဗျားလည်း ဒီသီချင်းကို သိနေတာပဲ။ ကဲ … ခင်ဗျားက ကျူပ်ကို သီချင်းလေး ညည်း ပြစမ်းပါဦး။

(နောက်ခံအသံ၊ ဒါဗီ၏ သီချင်းညည်းသံက နောက်ခံတွင် ပေါ်လာနေ)

စလေတာ။ ။ ကျူပ်စတိုးဆိုင်ထဲ သွားတော့မယ်

ဂျို။ ။ခင်ဗျား ဒီမှာ နေဦး။

စလေတာ။ ။ ခင်ဗျား ကျူပ်ကို ထိမယ်ပေါ့။ ကျူပ်မှာ သက်သေ ဒါဗီပရီရာ ရှိတယ်။ ဒါ ကိုယ်ထိလက်ရောက် စော်ကားမူပဲ။ ခင်ဗျား ပေးဆပ်ရမယ်။

ဂျို။ ။ ဆိုလေ ဆိုစမ်းပါ။ မာတင် ကျယ်ကျယ်ဆို။

စလေတာ။ ။ကျူပ် ကျူပ် ဘယ်လို ဆိုရမှန်း မသိဘူးဗျ။

ဂျို။ ။ဒါဆို ကျွန်တော် သင်ပေးမယ်။ ခင်ဗျား ကျွန်တော်ဆိုတဲ့အတိုင်း လိုက်ဆိုလေ။

(ထိုအချိန်တွင် မြို့၏ ဘုန်းတော်ကြီး ဘရာသား ထရပ်စ် ဇာတ်ခုံထောင့်မှ ၀င်ရောက်လာ)

ထရပ်စ်။ ။ (ထွက်လာ) ဟိတ် .. ခင်ဗျားတို့… ဒေးဗစ်…ဘာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတာလဲ။

(ရှေ့အပတ် ဆက်ဖတ်ပါ)

About these ads
 
Leave a comment

Posted by on February 28, 2008 in Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.

%d bloggers like this: