Maung Yit – Capital Socialist and Social Capitalist



အရှေ့နဲ့အနောက် ဆုံကြရာဝယ် – အရင်းရှင် ဆိုရှယ်လစ်စနစ် နဲ့ ဆိုရှယ်လစ် အရင်းရှင်စနစ်

မောင်ရစ်

အောက်တိုဘာ ၇၊ ၂၀၀၈

အမေရိကန်မှာ စီးပွားပျက်ကပ်ဆိုက်ပြီလို့ ဆိုပါတယ်။ အိမ်ဈေးတွေ ဖောင်းပွ၊ အရင်းရှင်များက စားသုံးသူတွေကို လှည့်စား ဖြားယောင်းပြီး ငွေတွေချေး၊ ဈေးတင်ရောင်း၊ အချင်းချင်း ကတုံးပေါ်ထိပ်ကွက် ပွဲစားခ၊ အတိုးနှုန်း အဆင့်ဆင့်နဲ့ လက်လွှဲရောင်း စသည်တို့ရဲ့ အကျိုးဆက်အဖြစ် သူတို့ ဝေါ့စထရိ အစုရှယ်ယာနဲ့ ငွေကြေးဈေးကွက် ပြိုလဲမတတ် ဖြစ်ကြရတာပါပဲ။

အိမ်ခြံမြေ ငွေချေးသူ အဖွဲ့ကြီး ပြိုလဲတော့ အစိုးရက ၀င်ကယ်ခဲ့ပါတယ်။ ပြီးတော့ ငွေချေးစာချုပ်တွေ မြီရှင် မြီစား အာမခံလုပ်ငန်းတွေ ဈေးပျက်ကုန်တော့ အစိုးရက ၀င်ရောက်ထိမ်းသိမ်းဖို့ ကြိုးစားပါတယ်။ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ ထိခိုက်လာချိန်မှာတော့ အမေရိကန် အစိုးရက ဘီလျံ ၇၀၀ ဖိုး ကယ်တင်ရေး စီမံကိန်းကို ထုတ်ဖော်လာခဲ့ပါတယ်။

အခု သူတို့ရဲ့ ဘီလျံ ၇၀၀ ဖိုး ကယ်တင်ရေး စီမံချက်ကို အရင်းရှင်ကြီးများရဲ့ လူတစု ကောင်းစားရေး ဆိုရှယ်လစ်စနစ်လို့ အမည်ပေးကြပါတယ်။ အရှုံးအကြီးအကျယ် ပြနေပြီ ဖြစ်တဲ့ ငွေရှင်ကြေးရှင်ကြီးများကို အကျနာခြင်းက သက်သာအောင် အစိုးရက ၀င်ပြီး ခု ပေးတာ မို့လို ဖြစ်ပါတယ်။

သူတို့တွေ ကျဆုံးရင် လမ်းပေါ်ကလူတွေ၊ အိမ်ပေါ်က လူတွေ၊ အလုပ်ခွင်ထဲက လူတွေပါ ထိခိုက်ပြိုလဲပြီး အမေရိကန်တပြည်လုံး လူမွဲစာရင်း ၀င်ကုန်ကြမှာ ဖြစ်တာကို ကာကွယ်ဖို့အတွက် သူတို့ကို ကယ်တင်မှ ဖြစ်မယ်လို့ အားလုံးက ဆင်ခြေပေးပြီး အားလုံးက ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်ခံကြပုံပါပဲ။

သူတောင်းစား ခွက်ပျောက်တာ အရေးမကြီးဘူး၊ သူဌေး ကော်ဖီငတ်တာက ပိုအရေးကြီးတဲ့ အမေရိကန်ပြည်ထောင်စုကြီးရဲ့ အရင်းရှင်စနစ်က ကွန်မြူနစ်၊ ဆိုရှယ်လစ် ၀ါဒီများကဲ့သို့ ပြည်သူ့ ဘဏ္ဍာ၊ ပြည်သူ့အခွန်ကို သုံးစွဲပြီး လုပ်ငန်းကြီးများကို ကယ်တင်လိုက်တာမို့ ဥရောပ ဈေးကွက်များ၊ အာရှ ဈေးကွက်များက အထူး အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။

အထူးသဖြင့် တပါတီ ဆိုရှယ်လစ် နိုင်ငံတော်ကြီး ဖြစ်တဲ့ တရုတ်ပြည်မကြီးဟာ ဆိုလျင် အမေရိကန်တွေရဲ့ အကြီးကျယ်ဆုံးသော အကြွေးရှင်ကြီး၊ အရင်းရှင်ကြီး ဖြစ်နေတဲ့အတွက် အမေရိကန် စီးပွားရေးကို ကယ်တင်ရန် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးလေမလား လို့ ၀ိုင်း ကြည့်နေကြပေမယ့် တရုတ်ပြည်မကြီးကတော့ အရင်းရှင် ဈေးကွက် နိယာမအတိုင်း အရှုံးပေါ်တာ ကိုယ်အသုံးမကျလို့ အစိုးရက ၀င်ကူစရာ မလို၊ လေညာက နေသာသပါ့ ဆိုသကဲ့သို့ ခပ်မဆိတ် ပြုမူနေတာကို တွေ့နေရပါတယ်။

ဆိုတော့ တပါတီ အာဏာရှင်တွေက အရင်းရှင်တွေ ဖြစ်လာချိန်မှာ အရင်းရှင် နိုင်ငံတွေက ဆိုရှယ်လစ်နည်းလမ်းတွေ သုံးပြီး အစိုးရ ၀င်စွက်ရေး လမ်းစဉ်နောက်လိုက်တာ စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ်။ ဥရောပ သမဂ္ဂနဲ့ ဗြိတိန်တို့ အနေနဲ့ကတော့ အရင်းရှင်မိတ်ဖက်များပီပီ ဈေးကွက်စီးပွားရေး စနစ်ကို ကာကွယ်ဖို့ ( အရှုံးပြ လုပ်ငန်းရှင်၊ ငွေရှင်ကြီးများကို ကာကွယ်ဖို့) သမ၀ါယမစနစ်ကို ထုတ်သုံးပြီး စုပေါင်း အရှုံးကို ထေကြဖို့ တိုင်ပင်နေတာကိုလည်း တွေ့နေရပါတယ်။

အရင်းတွေ၊ အမြတ်တွေ၊ ငွေကြေးတွေ ဘယ်ရောက်ကုန်ပြီလဲ ခင်ဗျား လို့ မေးမယ်ဆိုရင်တော့ တရုတ်ပြည်ကြီးနဲ့တကွသော အရင်းရှင်နိုင်ငံများနဲ့ ကတိက၀တ်မရှိတဲ့ တတိယနိုင်ငံများရဲ့ အာဏာရှင်များ၊ ငွေရှင်ကြေးရှင်၊ လုပ်ငန်းရှင်ကြီးများ လက်ထဲမှာ ရှိနေပါတယ်လို့ ဖြေရမယ့် ပုံ ဖြစ်နေပါတယ်။ ဥပမာ အာရှကျားများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများ … စသည် စသည်

၁၉၉၇ အာရှငွေကြေး ဈေးကွက် ပြိုကွဲတုန်းက အိုင်အမ်အက်ဖ် (ကမ္ဘာငွေကြေးရန်ပုံငွေ အဖွဲ့)က ကယ်တင်ရှင်ကြီး လုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူတို့ပြောသလို ငွေလဲနှုန်းကို မျှောလိုက်မိလို့ ထိုင်းနိုင်ငံ သေကောင်ပေါင်းလဲ ဖြစ်ချိန်မှာ စင်္ကာပူနဲ့ မလေးရှားကတော့ သူ့ငွေဈေးကို ကျားကန်ပြီး ပြန် မ တင်ခဲ့ဖူးပါတယ်။

၂၀၀၁ အမေရိကန် အင်တာနက်ပူဖောင်းကြီး ပေါက်ပြီး ဈေးကွက်တွေ ပြိုလဲတော့ အမြတ်ကြီးစားတွေ အရှင်းရှင်ကြီးတွေက ကိုယ့်အပြစ်ကိုယ်ဝန်ခံလို့ တစစီ ပြန်ကောက် ဆောက်တည်ခဲ့ကြဖူးပါတယ်။

ဒီတခေါက် စီးပွားပျက်ကပ် ပုံသဏ္ဍန်ကတော့ အနောက်ကလူတွေ ကုန်းအော်ပြီး အမွှန်းတင်မဆုံးတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို ပြန်ပြီး ဆင်ခြင်စရာ ဖြစ်တော့မယ် ထင်ပါတယ်။ လုပ်ငန်းတွေချဲ့၊ ကမ္ဘာလုံး ခြေဆန့်၊ အမြတ်တွေ ဖြန့်၊ အလုပ်တွေ ဟိုပို့၊ ပစ္စည်းတွေ မှာသုံး၊ လူပေါ်နဲ့ လူဇော်လုပ်တမ်း ကစားကြ၊ ကွန်ယက်စနစ်နဲ့ တဦးကို တဦး ညှိနှိုင်း ဈေးကွက်ဖော် စသည်တို့ မနားတမ်းလုပ်ရင်းနဲ့ စားသုံးသူတွေကို တ ၀ယ်တည်း ၀ယ်ခိုင်းနေရာက၊ အကြွေးက ပြည်တွင်းမှာ တင်ကျန်ပြီး အမြတ်က နိုင်ငံခြားကို အိပ်စပို့အလုပ်ခံလိုက်ရတော့မှ အခုလိုမျိုး သူဌေးတွေ အချင်းချင်း လည်ပင်းဖက် ငိုကြချိန်ကို မြင်ကြရတော့တာကိုး။

စစ်အေးခေတ်တုံးကတော့ မဟာမိတ်နဲ့ ရန်သူကို ခွဲခြားလို့ မျက်နှာလိုက်ခဲ့ကြပေမယ့် စစ်အေးအလွန်မှာ အနောက်တိုင်း အရင်းရှင်တို့က တတိယနိုင်ငံတွေအပေါ်မှာ ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်း ထွက်၊ စီးပွားရေးကြီးနဲ့ ပစ်ပြက်ပြီး ပေါင်းလို့၊ ဇာတ်သွင်းလို့ရမယ်လို့ ထင်ခဲ့တာကို သူတို့ ပြန်စဉ်းစားရတော့မယ် ထင်ပါတယ်။ စီးပွားပျက်ကပ်မတိုင်ခင်က အစပျိုးခဲ့တဲ့ ကမ္ဘာ လောင်စာဆီအကြပ်အတည်းကိုလည်း သူတို့က အမြတ်ကြီးစားမျက်နှာကြည့်ပြီး ဖော့ခဲ့ကြပုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် မဟုတ်ပေမယ့် အဓိပ္ပါယ်ရှိရှိ အချိန်ကိုက်ဖြစ်ပွားတဲ့ အမေရိကန်စီးပွားရေး အကြပ်အတည်းဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဇာတ်ရှိန်မြှင့်စေတဲ့ ထိုးဇာတ်တခု ဖြစ်နေပါပြီ။ နောက်ထပ်တက်မယ့် သမ္မတဟာ အမေရိကန်ပြည်ကနေတဆင့် မီးခိုးကြွက်လျောက်လိုက်မယ့် နိုင်ငံတကာ ဈေးကွက်ပျက်မည့် အကြပ်အတည်းကြီးကနေ ဦးဆောင်ပြီး ရုန်းထွက်ပြရန် အဆင်သင့်ပြင် ခါးတောင်း ဘယ်လို ကျိုက်ပြတော့မယ်ဆိုတာကို တကမ္ဘာလုံးက ရင်တမမ ထားပြီး ကြည့်နေရပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ကတော့ အကြံပေးမယ်ဆိုရင် ရှင်းရှင်းလေးပါ။ ရွေးကောက်ပွဲ အခု မလုပ်နဲ့အုံး။ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ အာဏာကို ဆက်သိမ်းထားပါ။ ကြားထဲမှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲ တခု လုပ်ချင်လည်း လုပ်ပေါ့လေ။ ပြီးရင်တော့ ပြိုင်ဘက်တွေကို ဖမ်း။ ၂၀၁၀ ကျမှ ရွေးကောက်ပွဲ လုပ်မယ်လို့ ကတိပေး။ အဲလိုမျိုး လမ်းပြ မြေပုံ ဖြစ်နိုင်ပါတယ်။

ကမ္ဘာကြီးရဲ့ အဓိက ဇာတ်လိုက်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံကြီးနဲ့ အမေရိကန်နိုင်ငံသားတွေကတော့ ဒီ အကြပ်အတည်းကြီးကို ခေတ်နောက်ပြန်ဆွဲ မြန်မာစစ်အစိုးရနည်းတွေ မသုံးစွဲဘဲ တစိတ် တ၀မ်းတည်း ဖြတ်ကျော်နိုင်စေဖို့ ဆုတောင်းလိုက်ပါတယ်။

(ဟဲ ဟဲ)

One Response

  1. ကြိုက်တယ်ဗျို့ ။ ဟဲဟဲ။ KM

Leave a Reply

You must be logged in to post a comment.