RSS

Law Eh Soe – The 4 Photos

26 Apr

Sample Imageဓာတ်ပုံ ၄ ပုံ

လောအယ်စိုး

ဧပြီ ၂၅၊ ၂၀၀၉

တက္ကသိုလ်ပညာရေး ပြီးဆုံးခြင်း (သို့မဟုတ်) ကျနော်တယောက်ဘွဲ့ ရသွားပေပြီ။ ခုနှစ်ကား ၁၉၉၆ ခုနှစ်၊ ၀မ်းသာလိုက်လေခြင်း …။ ဘွဲ့ရလို့ ၀မ်းသာသွားခြင်း မဟုတ်ပါ။ မိမိဖတ်ချင်သောစာများကို လွတ်လွတ်လပ်လပ် ဖတ်ရပေတော့မည်။ ပြီးတော့ ကြီးကြီးမားမား မိမိ၏ရည်ရွယ်ချက်တခုကို စတင်အကောင်အထည် ဖော်ရပေတော့မည်။

အဲဒီရည်ရွယ်ချက်ကြီးကတော့ ဓာတ်ပုံသတင်းထောက် အလွန်ဖြစ်ချင်သော ဆန္ဒပါ။ အသက် ဆယ်နှစ်ကျော် အရွယ်ကတည်းက ဓာတ်ပုံပညာကို ကျနော် အရှုးအမူး ၀ါသနာပါခဲ့သည်။ လူတွေရဲ့ဘ၀အကြောင်းကို ဓာတ်ပုံရိုက်၍ သရုပ်ဖော်တင်ပြလိုသည်။ ကြော်ငြာပစ္စည်းများနှင့်တွဲ၍ မင်းသားမင်းသမီးများ၏ ဓာတ်ပုံများကို ရိုက်ခြင်းမဟုတ်ပါ။ နေ့စဉ်လူ့လောကကြီးအတွင်း ကျင်လည်နေကြသည့် “ဘ၀” များကို “ကင်မရာ”ဖြင့် ချည်းကပ်လိုသည်။ သူတို့တတွေ၏ ရုန်းကန်မှုနှင့် ရင်ခုန်သံများကို သရုပ်ဖော်လိုသည်။ ကျနော်မိတ်ဆွေများသိထားသော ဓာတ်ပုံလောကနှင့် ကျနော်ခိုင်မာစွာယုံကြည်ပြီး ရင်ခုန်သည့် ဓာတ်ပုံအနုပညာကလည်း မတူ။ အနည်းငယ်သော မိတ်ဆွေရင်းများကသာ နားလည်ပြီးအားပေးကြသည်။

ကျောင်းမပြီးသေးခင်ကတော့ ကိစ္စမရှိ အိမ်မှလစဉ်ကျောင်းစရိတ်၊ အဆောင်စာရိတ်တို့အတွက် ထောက်ပံ့သည်။ အခု ကျောင်းကပြီးတော့ အမေက နားလည်ပေမဲ့ ပတ်ဝန်းကျင်ကတော့ အသံထွက်စပြုနေပြီ။

“အဒေါ့်သား…ကျောင်းပြီးတော့ အိမ်မပြန်လာသေးဘူးလား”

“အလုပ်တခုခု ၀င်မလုပ်သေးဘူးလား”

“ဥပဒေနဲ့ ပြီးတာဆိုတော့ ရှေ့နေဖြစ်ဖြစ်၊ တရားသူကြီးပဲဖြစ်ဖြစ် ဥပဒေ၀န်ထမ်းဖြစ်ရင်တောင် နယ်မှာဆို အဆင်ပြေမှာ”

စသည့် … စသည့် … အသံများ ….

နယ်မှ မိခင်ကို တယ်လီဖုန်းဖြင့် အကြောင်းကြားကာ မိမိ တယောက် ဓါတ်ပုံသတင်းထောက်အဖြစ် ဘ၀ကို ရွေးချယ်လိုက်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တွင် ဆက်လက်နေထိုင်ပြီး ကြိုးစားဦးမည် မိမိကိုနားလည်ပေးပါရန်နှင့် မျက်နှာပူစွာပင် လစဉ် ဆက်လက်ငွေကြေး ထောက်ပံပေးဖို့ မေတ္တာရပ်ခံခဲ့သည်။

နားလည်စွာဖြင့်ပင် မိခင်က ဘုရားရှင်ကို အရာရာဦးထိပ်ထားပြီး အကောင်းဆုံး ကြိုးစားရန်မှာသည်။ ပြီးတော့ ကျနော် လိုအပ်သည့် အသုံးစရိတ်များအတွက် ပုံမှန် ၎င်း၏ချွေးနဲစာထဲမှ ကျနော်ကို ထောက်ပံ့ပါ၏။

သို့သော်…

“ဒီကောင် ဒီကျောင်းပြီးတာတောင် မိဘကို ဒုက္ခဆက်ပေးနေတုံးပဲလား”

“ဘာ… စိတ်ကူးယဉ် တောင်စဉ်ရေမရ ကိစ္စတွေ လျောက်လုပ်နေတာလဲ မသိဘူး”

“ကိုယ့်အိမ်အခြေအနေကို ကိုယ်မသိတာလည်းမဟုတ် တကိုယ်ကောင်းဆန်ဖို့ မသင့်တော့ဘူး”

“ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမှာပေါ့”

“ထောင်နှုတ်ခမ်းနဲ့ နီးတဲ့အလုပ်ကိုမှ လုပ်ချင်ရတယ်လို့ … အံ့သြပါတယ်”

စသည့်သြဘာသံများ။

သူတို့တတွေကိုလည်း ကျနော်အပြစ်မဆိုပါ။မိမိကိုယ်တိုင်ကလည်း ဖြစ်ချင်နေသည်က နိုင်ငံခြားသတင်းဋ္ဌာနတခုခု၏ ဓါတ်ပုံသတင်းထောက်။ ပတ်ဝန်းကျင်အမြင်မှာကတော့ လွန်စွာမှ ရူးရူးနှမ်းနှမ်း ကိစ္စတခု။

ဘယ်သူတွေ ဘာပဲပြောပြော ကျနော်ကတော့ လုံးဝ စိတ်မပျက်၊ အမေ နားလည်ရင် ပြီးတာပဲ။ ထို့ကြောင့် စားလည်းသည်စိတ်၊ အိပ်လည်း သည်စိတ။်

“ဓါတ်ပုံသတင်းထောက်မှ ဓါတ်ပုံသတင်းထောက်”  ငါးပြားသားမှ လျော့ကိုမလျော့။

ကျောင်းတက်နေစဉ်အခါတုန်းကတော့ အဆောင်မှာနေ၍ ကိစ္စမရှိ၊ အခုတော့ နေရေးထိုင်ရေးက စကားပြောလာပေပြီ။ ထို့ကြောင့် ဂျက်ဆင်ဘုရားကျောင်းမှ သင်းအုပ်ဆရာကြီး ဦးအာသာကိုလေးကို နေစရာအတွက် မေတ္တာရပ်ခံရပါသည်။

ဆရာ၏ကျေးဇူးကြောင့် ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ၎င်း၏အိမ်အနောက်ဖက် ကားဂိုဒေါင်ထဲတွင် နေထိုင်ခွင့်ရရှိသွားပေပြီ။ ပျော်လိုက်လေဖြစ်ခြင်း … စိတ်ကူးယဉ်ဖြင့် အဓိပတိလမ်းကို ညဖက် လမ်းလျှောက်ခွင့်၊ ကံ့ကော်တန်း၏အလှနှင့် ရနံကိုဆက်လက်ခံစားနေရခြင်း၊ သာယာလှ၍ လွမ်းမောဖွယ်ကောင်းလှသော ဥသြငှက်ကလေးများ၏ တွန်ကျူးသံများ တို့ကို ဆက်လက်နားဆင်နိုင်ခွင့် ရသွားပေပြီ။

ချစ်သော မိတ်ဖေါ် ကားဂိုဒေါင်ကြီးက အရှေ့မှ သစ်သားတံခါးမကြီး နှစ်ချပ်၊ အနောက်ဖက် အလင်းရောင်ဝင် ပြတင်းပေါက်လေး သေးသေးတပေါက်၊ မီးခြစ်ဘူးထဲမှာ နေရသလိုပင်။ နွေးနွေးထွေးထွေး။ ပြီးတော့လည်း တက္ကသိုလ်ဝန်ထမ်းတန်းလျားမှ မိသားစုဝင်များနှင့်အတူ အိမ်သာတလုံးတည်းကို စည်းလုံးညီညွတ်စွာ ပျော်ပျော်ပါးပါးသုံးစွဲရသည်။ မိသားစု ၅ စုနှင့် ကျနော် အပါအ၀င်အတွက် အိမ်သာက တလုံးတည်း။ မနက်မိုးလင်းပြီဆိုလျှင် တန်းစီ၍ စောင့်ရသည်။ အရသာထူး…တမျိုး။

မည်သို့ပင်ဖြစ်စေကာမူ ကျနော့်အတွက် ဤကားဂိုဒေါင်ကြီးပင်လျှင် ၇ ဆောင်ပြိုင် နန်းတော်ကြီးတခု ဖြစ်၍ နေပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်၏ ပြင်းပြင်းထန်ထန် ရည်မှန်းချက်စိတ်ကူးယဉ်မီး (Burning Desire) သည် ဤကားဂိုဒေါင်ကြီးမှ တဆင့် အထက်ကောင်းကင်သို့ ညစဉ်အလျှံတညီးညီး တဟုန်းဟုန်းဖြင့် ထိုးထိုးတက်နေပေသည်။

နောက် အခက်အခဲတခုက ရှိသေးသည်။ ဖြစ်ချင်တာက ဓါတ်ပုံသတင်းထောက်။ ဓါတ်ပုံကို ရိုက်တတ်နေသည်မှာ ၉ နှစ်အတွင်းသို့ ရောက်နေပေမဲ့ ကျနော့်မှာ ကိုယ်ပိုင်ကင်မရာက မရှိ။ လွန်ခဲ့သော ခြောက်နှစ်တာ ကာလတုံးက မိမိမှာ ကိုယ်ပိုင်ကင်မရာ တလုံး ရှိခဲ့သည် သို့သော် အကြောင်းအရာ တစုံတခုကြောင့် ထိုကင်မရာလေးကို ကျနော် နာကျင်စွာ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ဓါတ်ပုံရိုက်တတ်မှန်းသိ၍ မိတ်ဆွေများက ၎င်းတို့နှင့် ပတ်သက်သော သာရေး နာရေး စည်းဝေးမှတ်တမ်း၊ ခရစ်ယာန်တို့၏ နှစ်ခြင်းခံယူသော အစီအစဉ်များ အတွက် လာရောက် အကူအညီတောင်းတတ်ကြသည်။ ထိုအခါ ၎င်းတို့က နားလည်ပြီး အလိုက်သိစွာ ကျနော်ရိုက်မည့်ကင်မရာကိုလည်း လိုက်လံငှားရမ်းပြီး ရှာဖွေပေးတတ်သည်။

မိမိအတွက် အကောင်းဆုံး လက်သွေးရမည့် နေရာတွေပဲဟု အကောင်းဆုံး ခံယူကာ ကင်မရာမရှိခြင်းကို ထူးထူးထွေထွေ ၀မ်းနည်းခြင်းမဖြစ်တော့။ သို့သော် ကင်မရာ တလုံးကိုတော့ ပိုင်ဆိုင်လိုလှသည်။

ကျနော်ပြုလုပ်နိုင်သောအရာ တခုတည်းသာရှိပါသည်။ ထိုအရာကတော့ “ဘုရားကို မိမိအတွက် ကင်မရာတလုံးပေးပါရန် ဆုတောင်းခြင်းတည်း”။ တန်ဖိုးကြီးလှသော ကင်မရာကို မိခင်ကလည်း ၀ယ်ပေးနိုင်စွမ်းမရှိ။

ပြန်ပြောင်းတွေး၍ အမှတ်ရမိသည်။ တနေ့ လှည်းတန်းမှမြို့ထဲသို့ အသွား၊ (၄၈) ဟိုင်းလတ်ကားပေါ် ကျနော်တွယ်၍ လိုက်ရင်း သံဈေးမှတ်တိုင်တွင် ကားက ခရီးသည်များကို တင် ချရန်အတွက် ခေတ္တအရပ်။ ကျနော်ကလည်း ကားကိုတွယ်နေရင်း ပတ်ဝန်းကျင်ကို မျက်စေ့ကစားလိုက်တော့ လမ်းလျှောက်လာသော နိုင်ငံခြားသားတယောက် လွယ်ထားသည့် ကင်မရာကို သတိပြုမိလိုက်သည်။

အလို… ကမ္ဘာ့ နံပါတ် ၁ အဆင့်ဝင် ကင်မရာအမျိုးအစား။ ထိုပုဂ္ဂိုလ်ကလည်း သတင်းထောက်တဦး သို့မဟုတ် အပျော်တမ်းဓါတ်ပုံဆရာတယောက် ဖြစ်ကောင်းဖြစ်နေမည်။ ၎င်းနှင့် တထပ်တည်း သူ၏လည်တွင်လွယ်ထားသော ကင်မရာက ကျနော့်ရင်ကို ပြင်းပြင်းထန်ထန် မြန်ဆန်သည့်အဟုန်ဖြင့် ခုန်စေသည်။

ထို့ကြောင့် ကားဆရာကို “ဟိုး..ထား” ဟု အော်လိုက်ပြီး၊ ရှေ့မှတ်တိုင်မရောက်မီ ကားပေါ်မှ ဆင်းဖို့ပြင်လိုက်သည်။ ထိုအခါ အတူပါလာသောသူငယ်ချင်းက “ဟေ့ကောင်… ဆူးလေ မရောက်သေးဘူး လေကွာ” ဆိုတော့ ကျနော်က “လိုက်ခဲ့ … အရေးကြီးတယ်”ဟု ဆိုလိုက်ပြီး ထိုနိုင်ငံခြားသား လမ်းလျောက်လာနေသည့်ဖက်သို့ အနောက်ပြန်လျှောက်သွားကြသည်။

တွေ့ပါပြီး..ကိုယ့်ရှေ့မှာ ဥရောပသားလား အမေရိကန်ကလားမသိ ကျနော်သိတာက ၎င်းလွယ်ထားသောကင်မရာ ကျနော့်မျက်လုံးများ ပြူးပြဲပြီး အငမ်းမရ ကြည့်မိ၏။ ထိုအခါ ၎င်းနိုင်ငံခြားသားက ကျနော်ကို အလစ်သမားထင်၍လားတော့ မသိ၊ ကင်မရာကိုလက်ဖြင့် အမြန်အုပ်ကာ ကင်မရာကြိုးကိုလည်း တဖက်လက်ဖြင့် တင်းတင်းကျပ်ကျပ် ပြန်၍ ကိုင်လိုက်သေးသည်။

ကျနော် လွန်စွာ စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းမိသည်။ ပြီးတော့လည်း “သြော် … ငါ့ကို သူက ကင်မရာကို စိတ်ဝင်စား ရူးသွပ်တဲ့လူ ဆိုတာ သိချင်မှ သိမှာ။ ငါ သူ့ရဲ့ ကင်မရာကို အလစ်သုတ်မှာကို စိုးရိမ်ရှာမှာပေါ့” ဟု မိမိကိုယ်ကို ဖြေသိမ့်လိုက်ရပါသည်။

တကယ့်မှတ်မှတ်ရရလေး …

ဘယ်လိုပဲဖြစ်ဖြစ်။ ဘာတွေပဲ ကြုံကြုံ၊ ကျနော့်အတွက် အရာရာကို ဓါတ်ပုံရိုက်ရန်သာ အစဉ် စဉ်းစားမိနေလေတော့သည်။ စိတ်ဓါတ်က မကျသွား။

ကိုညီညီသွင်ကလည်း “ဟေ့ … မင်းမှာ ကင်မရာမရှိပေမဲ့ စိတ်ဓါတ်ကျဖို့ မလိုပါဘူးကွာ။ မင်းက ဓါတ်ပုံရိုက်တတ်နေပြီပဲ …။ မဟုတ်လား … သွား (British Council) နဲ့ (American Centre) ကို။ နိုင်ငံတကာ ဓါတ်ပုံဆရာကြီးတွေ ဘယ်လို ဓါတ်ပုံရိုက်ထားတယ်ဆိုတာ လေ့လာကွာ။ ပြီးတော့လည်း မင်းရဲ့မျက်လုံးတွေကို ကင်မရာလို သဘောထားပြီး အမြဲ ရိုက် ရိုက်နေကွာ”

သူအကြံပေးတာကလည်း ဟုတ်တုတ်တုတ်။ ဒါကြောင့် မျက်လုံးနှစ်လုံးကို

ကင်မရာမှန်ဘီလူးပမာ သဘောထားပြီး မရပ်မနား တရစပ် မျက်လုံးဓါတ်ပုံတွေ ရိုက်နေသောအချိန်။

တနေ့ … ။

မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံမှ ဒေါက်တာစောဝါးထူး၊ တခါတရံ ၎င်း၏မိတ်ဆွေများက ချစ်စနိုးဖြင့် “ဟေ့… အနူဆရာဝန်ကြီး” ဟု ကင်ပွန်းတတ်ခံရသူ၊ အစည်းအဝေးကိစ္စတခုကြောင့် ရန်ကုန်ကို ရောက်နေခိုက်၊ တည ကျနော်နှင့် တနေရာတွင် ဆုံကြသည်။

ဒေါက်တာစောဝါးထူးက

“ဟေ့ … မောင်။ မင်းက ဓါတ်ပုံလေး ဘာလေး ရိုက်တတ်တယ်လို့ ကြားတယ်။ အဲဒါ … ငါ့ကို တခုလောက် ကူညီစမ်းပါဦး”

“ဟုတ်ကဲ့။ ကျနော် ဘာ ကူညီရမလဲ အန်ကယ်”

“အေး..နောက် နှစ်ပတ်လောက်ဆိုရင် ငါ အမေရိကန်ကို အနာကြီးရောဂါနဲ့ပတ်သက်ပြီး ညီလာခံတခု သွားတက်ရမှာ။ ဟိုမှာ … တင်ပြဆွေးနွေးတာတွေ လုပ်ရမှာ။ အခု ငါ့ဆေးရုံမှာ ထူးထူးဆန်းဆန်း ဒီအနာကြီးရောဂါထဲကပဲ ပုံစံအသစ် ထပ်တွေ့ထားလို့ကွာ။ အဲ့ဒါ လူနာရဲ့ ဓါတ်ပုံနဲ့ သူတို့ရောဂါတွေကို ငါ ဓါတ်ပုံရိုက်ချင်တယ်။ ပြီးတော့ သူတို့ကို ဘယ်လို ကုသမှုတွေ ပေးရမလဲဆိုတာ တင်ပြချင်လို့။ မင်း ငါ့နောက် မော်လမြိုင်လိုက်ပြီး ဓါတ်ပုံရိုက်ပေးလို့ မရဘူးလား။ အော် … ဒါနဲ့ အဲ့ဒီဓါတ်ပုံတွေကို ပရိုဂျက်တာနဲ့ ပြမှာဆိုတော့၊ ဆလိုက်ဖလင် (Slide Film) နဲ့ ရိုက်ရမှာနော်”

ခက်ပြီ။ မိမိက သွား၍ ရိုက်ပေးနေချင်သည်က ပြော၍ မပြတတ်လောက်အောင်။ ပြဿနာက လက်ထဲတွင် ကင်မရာက မရှိ။ ခေတ္တ တွေဝေနေမိသည်။

“ဟေ့ … မင်းက ငါတို့ အနူတွေကို ဓါတ်ပုံ မရိုက်ချင်ဘူးလားကွ”

လုပ်ပြီ၊ ဒေါက်တာစောဝါးထူးက အတည်ပေါက်ဖြင့် နောက်သလိုလို၊ တကယ်အတည်ဖြင့် ပြောသလိုလို။

“ငါ … အဲဒီဖလင်ဖိုးနဲ့ မင်းအပြန် ခရီးစာရိတ်တွေ အားလုံး စီစဉ်ပေးမယ်ကွာ။ မင်းသာ ငါ့နောက်လိုက်ပြီး ဓါတ်ပုံ ရိုက်ပေးစမ်းပါ”

“ဟုတ်ကဲ့။ ကျနော် လာရိုက်ပေးပါ့မယ်။ ပထမဦးဆုံး ကျနော်ကင်မရာ ငှားရမယ်။ အဲဒါ မိတ်ဆွေတယောက်ကို အကူအညီ တောင်းရဦးမယ်။ သူ့ဆီက ကင်မရာ ရ ရခြင်း ကျနော် မော်လမြိုင်ကို လိုက်လာခဲ့ပါမယ်။ ကျနော် အခု အန်ကယ်နဲ့ ချက်ချင်းကြီး လိုက်လို့ မဖြစ်သေးလို့ပါ”

ဟုပြန်ပြောလိုက်တော့။

“အေး။ အဲဒါဆိုလည်း ပြီးတာပဲကွာ။ လာမယ်ဆိုရင်တော့ ကတိတော့ မပျက်နဲ့။ အဲ့ဒီဓါတ်ပုံက ငါ့အတွက် အရမ်းအရေးကြီးတယ်။ ဒီဓါတ်ပုံတွေ ပါမသွားရင် ငါလည်းခက်မယ်။ မင်း ကတိတော့ တည်ပါစေ”

ဆိုပြီး ဒေါက်တာစောဝါးထူးတယောက် ကျနော့်ကို မယုံတ၀က် ယုံတ၀က်ဖြင့် မော်လမြိုင်သို့ ပြန်သွားလေ၏

မိတ်ဆွေတဦးထံ ကင်မရာခေတ္တငှါးရန်အတွက် မေတ္တာရပ်ခံရသည်။ ထို့အပြင် ဖလင်ဖိုးနှင့်လမ်းစရိတ် အတွက်လည်း ချေးငှားမည့်သူကို …

“ဟို … မော်လမြိုင် အနာကြီးဆေးရုံမှာ ကုသိုလ် သွားလုပ်မလို့။ အဲ့ဒါ လမ်းစရိတ်လေး နည်း

နည်းလိုတာနဲ့ ပြန်လာရင် ဆပ်ပါ့မယ်။”

ကျနော် မော်လမြိုင်သို့ လာမည်၊ မလာမည်ကို သံသယရှိသော ဒေါက်တာစောဝါးထူးက လမ်းစာရိတ်နှင့် ဖလင်ဖိုးအတွက် ဘာမှ မချန်ထား။ တကယ်လာမှ ပြန်ပေးမည် ဆိုတာမျိုး။

“ဟေ့ကောင် … မင်း ငါနဲ့ လိုက်မလား။ မော်လမြိုင်သွားပြီး ဓါတ်ပုံကုသိုလ် သွားလုပ်မလို့။ စိတ်ဝင်စားရင် လိုက်ခဲ့ကွာ၊ ဗဟုသုတလည်းရတာပေါ့” ဆိုပြီး တောင်ကြီးသား ဖိုးပြုံးကို အဖေါ် စပ်လိုက်၏။

သူကား … ဂီတာတီးရလျှင် အမြဲ ပြုံး၍ပျော်နေသူ။ အဲ့ဒီကာလတုန်းက အမောင်ဖိုးပြုံးတွင် ပြင်းပြင်းထန်ထန် ရည်ရွယ်ချက်တခု အသေအချာရှိနေသည်။

ထိုစဉ်က ကျနော် ညနေစာစားဖို့ တခါတရံ အခက်အခဲကြုံလျှင် သူကကျွေး၍၊ ၎င်းငွေပြတ်သောအခါ မိမိကလည်း အိမ်မှ ငွေပို့လာခိုက်နှင့်ကြုံလျှင် နိုင်သလောက် ဝေငှပါ၏။

စုစုရုံးရုံးဖြင့် သူတို့တတွေ ဖိုးပြုံး၊ စောသာဂေး (The Tree Band) မှ ကီးဘုတ်သမားတို့က ယုဒဿန်ရိပ်သာဝင်းမှာနေကြဆဲ။ သာ့သနာ့အရိပ်ကိုနွေးထွေးစွာ ခိုလှုံနေသောကာလ ဆိုရင်လည်း မမှား။ ရန်ကုန်မြို့တော်၏ တိုက်ခန်း ငှါးရမ်းခဈေးနှုန်းကို မိမိတို့ လက်လှမ်းမမီသေးသော အချိန်ပါ။

ကွယ်လွန်သွားပြီဖြစ်သော အဆိုတော်ဒိုးလုံးသည် ဖိုးပြုံး၏ ဆွေမျိုး ညီအကို တော်စပ်သူ တဦးဖြစ်သည်။ လူငယ်ထုကြား၌ ရိုက်ခတ်အောင်မြင်၍ ပျံလွင့်လာသော ဒိုးလုံး၏ ဆန်းသစ်သော ဂီတသံစဉ်များကို အဓိကစီမံ၍ တီးခတ်မှုအ၀၀ကို ကြီးကြပ်ခဲ့ရသူသည် – ကျနော့်ချစ်သောမိတ်ဆွေ ခွန်ပြုံး ပေတည်း။

သူကား.ဘော့စ်ဂီတာသမား အရပ်ပုပုနှင့် ပအိုဝ်တိုင်းရင်းသားတဦး။သူလည်း ထိုအချိန်က ဟိုခရစ်ယာန်ဘုရားကျောင်း ဒီခရစ်ယာန်ဘုရားကျောင်းတို့က မေတ္တာရပ်ခံရင် လိုက်တီးပေးလိုက်၊ သူငယ်ချင်းမင်္ဂလာဆောင်ဆိုရင်လည်း သူ မပါလို့ မဖြစ်။ မိမိတို့ကိုယ်စီ မျှော်မှန်းထားသော အနာဂတ်ကလည်း ဟို … အဝေးကြီး … အဝေးကြီးဟု ထင်နေသည့် ကာလ။

မောင်မင်းကြီးသား ဖိုးပြုံးကို ခရီးဖေါ်အဖြစ် ခေါ်သွားကာ၊ ဈေးအနည်းဆုံး ရန်ကုန် – မော်လမြိုင် ည ခရီးစဉ် အစိုးရဟီးနိုးကားကြီးဖြင့် ချီတက်သွားကြသည်။ နှစ်ဦးစလုံး … အလယ်ခုံမှာသာ နေရာရ၏။ ခရီးသည်တွေက မတန်တဆများတော့ တကယ့်ကို ကျပ်ကျပ် သပ်သပ်။

နောက်တနေ့ နံနက်တွင် ကျနော်တို့နှစ်ဦး ဒေါက်တာစောဝါးထူး၏ မော်လမြိုင်ရွှေမြို့တော်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားသည်။  တောင်ဝိုင်းအရပ်ရှိ ဒေါက်တာစောဝါးထူး၏နေအိမ်သို့ ရောက်ရှိသွားပြီး၊ ၎င်းကို ၀မ်းသာအားရ သွားရောက်တွေ့ပြီး -

“အန်ကယ် … ကျနော်ရောက်ပါပြီ။”

မိမိ ကတိတည်သည်ဆိုကြောင်း ပြချင်သည့် မာန်ကလေးနှင့်။

ဒေါက်တာစောဝါးထူးက တအံ့တသြဖြင့် …

“ဘာကိစ္စရှိလို့ မင်းတို့ မော်လမြိုင်လာကြတာလဲ”

ဒေါက်တာစောဝါးထူးတယောက် ဖောက်လေပြီ။ ခရီးပမ်းနေရသည့်အထဲ အမောပင်ဆို့သွားသည်။ ကုသိုလ်အတူလာယူသည့် ဖိုးပြုံးကလည်းမျက်နှာ မလှတော့။

“ဟား … အန်ကယ်ပဲ ကျနော့်ကို ဒီအနာကြီးဆေးရုံက လူနာနှစ်ယောက်ကို ဓါတ်ပုံရိုက်ပေးဖို့ မှာထားတာလေ၊ အန်ကယ် မမှတ်မိတော့ဘူးလား”

“ဟုတ်တယ်လေ။ ရှင်ပဲဆရာနတ်နွယ်၊ ဆရာကျော်အောင်တို့နဲ့ ညနေစာ ထမင်းစားတော့ သူ့ကို ဓါတ်ပုံလာရိုက်ပေးဖို့ မှာထားတာ မဟုတ်လား။ သူ မလာမှာစိုးလို့ ရှင်ပဲ ဟိုပြော သည်ပြော ပြောလိုက်တာလေ” ဟူ၍ ၎င်း၏ မဟေသီက ဒေါက်တာစောဝါးထူးကို ပြောတော့မှသာ …

“ဟာ …။ ဟုတ်တာပေါ့ ဆောရီးကွာ။ လူကြီးဆိုတော့လည်း မေ့တတ်တာပေါ့” ဟူ၍ ဒေါက်တာစောဝါးထူးက ခေါင်းကုတ်၍ ပြော၏ အန်တီ ကယ်လိုက်ပေလို့။

ဒေါက်တာစောဝါးထူးသည် ချစ်စရာလူတယောက်ဖြစ်သည်။ ကျနော်နှင့် သူ ရန်ကုန်မှာ အမှတ်မထင်ဆုံပြီး ၎င်းကဖိတ်ခေါ်၍ ညစာစားပွဲတခုသို့ အတူသွားကြခြင်း ဖြစ်သည်။ စာရေးဆရာကြီး နှစ်ဦးဖြစ်သော ဆရာနတ်နွယ်နှင့်ဆရာကျော်အောင်တို့ကို ၎င်းတို့ဇနီးမောင်နှံက ညစာ ကျွေးခြင်းဖြစ်သည်။ စာရေးဆရာများက သူ့ကို အလွန်ချစ်ကြသည်။ ဆရာပါရဂူ ဆရာမြသန်းတင့်တို့ဆိုလည်း ဒေါက်တာစောဝါးထူး၏ အနာကြီးရောဂါသည်များကို စောင့်ရှောက်မှု့လုပ်ငန်းအတွက် ခင်မင်လေးစားကြသည်။ အန်ကယ်စောဝါးထူးသည် စာပေဖတ်ရှုခြင်းလုပ်ငန်းကို သိပ်ပြီး ၀ါသနာမထုံလှ။ ပြည်အနာများဖြင့် ရိရွဲနေသော အနာကြီးရောဂါသည်တို့၏ ခြေလက်အနာများကို စေတနာဖြင့် မရွံမရှာ သုတ်သင်ဆေးကြောပေးခြင်းသည်ကား သူ၏ အနုပညာတခု။ သူ့ဘ၀သည် အနာကြီးရောဂါသည်များကို ကုသရေး၊ အနာကြီးရောဂါသည်များကို ကုသရေးသည်သာ သူ့ဘ၀။

ညစာစားပွဲတွင် စာရေးဆရာကြီးနှစ်ဦးနှင့် ဒေါက်တာစောဝါးထူး ဘယ်ခရီးအထိ ရေချိန်ကိုက်သွားကြသည်မသိ၊ ယခုကြည့်ပါ သူ့ ကျနော်ကို မော်လမြိုင်သို့လာပြီး ဓါတ်ပုံရိုက်ခိုင်းသည့်ကိစ္စကို မမှတ်မိတော့။

အနာကြီးရောဂါသည်များတို့၏ ဘ၀ထဲတွင် ဒေါက်တာစောဝါးထူး တယောက် နှစ်ပေါင်း ၃၀ ကျော်ကြာကြာ မိမိကိုယ်ကို မြှုတ်နှံထားသူတဦး ဖြစ်သည်။

တခါတရံ ၎င်း၏ပျော်ရွှင်စွာဖြင့် မေ့တတ်ခြင်းကို မိမိက နားလည်ပေးရမည်သာ။ သူ့မှာ ချစ်စရာ လူသားအလွန်ဆန်သော လုပ်ဆောင်ချက်များက မှတ်ကျောက် မတင်၍ မရ။

“အေး အေး …။ ကောင်းပြီကွာ။ ငါသူနာပြုဆရာမကို မင်းဘယ်လူနာ ဓါတ်ပုံရိုက်ရမယ်ဆိုတာ စီစဉ်ခိုင်းလိုက်မယ်..အကောင်းဆုံးသာ ရိုက်ပေးကွာ” ဆိုပြီး ကျနော့်ကို ဆေးရုံမှ သူနာပြုဆရာမတဦးနှင့် လွှဲလိုက်လေသည်။

ပြီးတော့လည်း အသွားအပြန်လမ်းစားရိတ် ဖလင် ကူးဆေးခတို့ကိုပါ တပါတည်း ထုတ်ပေးလိုက်သည်။

“ဒီမှာ ခဏစောင့်ပါ။ ကျမ ဓါတ်ပုံရိုက်ရမဲ့ လူနာကို သွားခေါ်လိုက်ဦးမယ်” ဟူ၍ သူနာပြုဆရာမက ကျနော်ကိုပြောပြီး လူနာဆောင်ဖက်သို့ ထွက်သွားသည်။

ငါးမိနစ်ခန့်အကြာ သူနာပြုဆရာမနှင့်အတူ အသက် ၂၀ နှင့် ၂၃ နှစ်အကြား အရပ်ခပ်ပြတ်ပြတ် အသားညိုညိုနှင့် လူငယ်တဦးပါလာ၏။

အလို …

၎င်းလူငယ်၏ မျက်နှာတပြင်လုံး အနာကြီးရောဂါ အရှိန်တန်ခိုး အစွန်းကုန်ပြ၍ နေသလားဟု ထင်လိုက်ရသည်။ ရောင်ယမ်း၍ ညိုပုပ်ကာ ပတ်ကြားအက်ကွဲနေသော မျက်နှာပြင်၊ ပြည်ပုပ် အရည်များကလည်း အပြင်သို့ ပွင့်အန်ထွက်တော့မလို။ ၎င်း၏ညာဖက်လက်မှ အနာများကလည်း အလားတူ။

သူနာပြုဆရာမက..

“ဟုတ်ကဲ့။ ကျေးဇူးပြုပြီး သူရဲ့မျက်နှာနဲ့ ညာဖက်လက်ကိုတွဲပြီး ဓါတ်ပုံရိုက်ပေးပါ။ ဆရာကြီးက အဲဒီဓါတ်ပုံကို လိုချင်ပါတယ်”

“ကဲ … ညီလေးရေ။ မင်းရဲ့မျက်နှာနဲ့ ညာဖက်လက်ကို ကပ်ထား။ အကို ဓါတ်ပုံရိုက်မယ်နော်” ဟု အဆိုပါလူငယ်ကို ကျနော်ပြောလိုက်သောအခါ ၎င်းက တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြပါသည်။

ကျနော်ကင်မရာဖြင့် ၎င်းလူငယ်၏မျက်နှာပြင်သို့ချိန်ပြီး ကင်မရာခလုပ်ကို နှိပ်ရန် ပြင်လိုက်သောအခါ -

“ဟေ့လူ … ဘာလုပ်တာလဲဗျ။ ဘာဖြစ်လို့ ကျနော့်ကို ဓါတ်ပုံလာရိုက်တာလဲ။  ဒီဓါတ်ပုံကို ခင်ဗျားက ဘာလုပ်မှာလဲ။ ဒီလောက် ကျက်သရေ မင်္ဂလာမရှိတဲ့ပုံကိုမှ ခင်ဗျားတို့ လိုချင်နေရတာလဲ။ ပြီးတော့ … ကျနော့်ပုံကို နိုင်ငံခြားမှာတောင် သွားပြဦးမယ်လို့ဆရာကြီးက ကျနော့်ကိုပြောတယ် ခင်ဗျားတို့ နည်းနည်းကလေးမှ ကိုယ်ချင်းစာနာစိတ် မရှိဘူးလား။ ခင်ဗျားတို့ရဲ့ပုံ ဆိုရင်ကော ခင်ဗျားတို့ ကျနော့်လို အရိုက်ခံပါ့မလား။ မလုပ်ပါနဲ့ဗျာ။ ကျေးဇူးပြုပြီး ကျနော့်ကို ဓါတ်ပုံမရိုက်ပါနဲ့ဗျာ။ ကျနော့်ကို သနားပါဗျာ။ ကိုယ်ချင်းစာစိတ်လေး နည်းနည်းထားပါဗျာ။ နော် … နော် … ကျနော့်ကို ဓါတ်ပုံမရိုက်ပါနဲ့ဗျာ …”

ဟူ၍..ဟူ၍…

အဆိုပါ လူငယ်က ၎င်း၏နှုတ်ဖျားမှ တခွန်းမှ မပြောရှာပါ။

သူ့ခမျာ ပြောနိုင်သော အခွင့်လည်း ရှိမည်မထင်ပါ။ သို့သော် ၎င်း၏မျက်လုံးနှစ်လုံးက ကျနော့်ကို ပြင်းပြင်းထန်ထန်နှင့် အကျယ်လောင်ဆုံး အစွမ်းကုန် အော်ဟစ်နေသကဲ့သို့ ကျနော်ရုတ်ချည်းခံစားလိုက်ပါသည်။

ဓါတ်ပုံဆရာတော်တော်များများသည် မျက်လုံးတို့၏ စကားသံကို ဖမ်းနိုင်ပါသည်။ မျက်လုံးများတို့၏ သတင်းစကား အတိမ်အနက်ကို နားလည်နိုင်စွမ်းရှိ၏။ အတွေ့အကြုံများက ကျနော်တို့ဓါတ်ပုံဆရာများကို သင်ကြားပေးလိုက်သည်သာ။

အသုဘအခမ်းအနားများနှင့် အချူပ်သားတို့၏ ဓါတ်ပုံအတော်များများကို ကျနော် မှတ်တမ်းတင် ရိုက်ပေးခဲ့ဘူးသည်။  မိသားစု ဆွေမျိုး မိတ်သင်္ဂဟတို့၏ ကြေကွဲဖွယ်ရာ နောက်ဆုံးခရီးစဉ်ပုံရိပ်၊ အသုဘမှတ်တမ်းဓါတ်ပုံများကို ကာယကံရှင်များထံသို့ ပြန်၍ပေးသောအခါ တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံကြသည်လည်း ရှိသည်။ ဒီဓါတ်ပုံက ကောင်း၍ ဟိုဓါတ်ပုံက ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ ဆိုတာမျိုး၊ တခါတရံ ဓါတ်ပုံတွေကိုကြည့်ရင်း မျက်ရည်လေး တစမ်းစမ်း။ ပြီးတော့ ဓါတ်ပုံဖိုး ထုတ်ပေးတတ်ကြသည်။ ကြေကွဲမှုသည် ၎င်းတို့အတွက် အတိတ်မှာကျန်ခဲ့သည် ဆိုတာမျိုး အတော်များများ။

သွားလေသူကိုတမ်းတခြင်း – ဘယ်လိုပင် ဖြစ်စေကာမူ ထိုမှတ်တမ်းဓါတ်ပုံတွေကို တရိုတသေလေး သိမ်းထားတတ်ကြသည။် ပြန်၍ မထုတ်ကြည့်သည့်တိုင်အောင်ပေါ့။

နယ်မြို့တမြို့တွင် ကျနော်နေထိုင်ခဲ့သောကြောင့် တခါတရံ ရဲစခန်းက အချူပ်ခံထားရသော အချူပ်သား တရားခံများတို့ကို ဓါတ်ပုံရိုက်ပေးရန် ခေါ်တတ်ကြသည်။ ၎င်းတို့တတွေကို ဓါတ်ပုံရိုက်သောအခါ သူတို့တတွေ၏မျက်နှာပြင်ပေါ်ဝယ် ဒေါသ ရှက်စိတ် တပါးသူကို နာကျည်းနေမှုတို့အပြင် “ငါတနေ့ လွတ်ရင်တော့လားကွာ” ဆိုသော မာနလေးများ၊ မာနကြီးများ ကပ်၍ ပါလာတတ်စမြဲ။ ၎င်းတို့၏ မျက်လုံးများကို ကျနော်သိသည်။

ယခု ကျနော့်အရှေ့ရှိ အနာကြီးရောဂါသည်လူငယ်ကလေးသည် ဤကဲ့သို့မဟုတ် မိမိခံစားနေရသော အနာကြီးရောဂါသည် တစုံတရာသော မိမိ၏ကာယကံမြောက် ကျူးလွန်မှုတခုခုကြောင့်ရရှိသည့် ရောဂါလည်းမဟုတ်ပါ။ ထိုရောဂါဆိုးကြောင့်သာ မိမိသည် လူမှုအသိုက်အ၀ိုင်း၏ အပြင်ဖက်၊ ဤမော်လမြိုင် တောင်ဝိုင်း အနာကြီးဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ မိဘ မောင်နှမများကို သတိရသည်။ တိတ်တခိုး သံယောဇဉ်တွယ်မိသော သူလေးကို နာကျင်စွာဖြင့် တမ်းတမိပေလိမ့်မည်။ မိမိအတွက် ယခုဘ၀၌ ဘာဆို ဘာ တခုမှ မဖြစ်နိုင်တော့ဆိုသည့် အားငယ်မှုများ။  မျှော်လင့်ချက်များလည်း တစစီ ကွဲကြေလျှက်။

မိမိနှင့်နီးစပ် ပတ်သက်ခဲ့သောသူများတွေလည်း လူမှုပတ်ဝန်းကျင်အလည်မှာ မိမိကြောင့် မျက်နှာငယ်ရှာ ရော့မည်။ ယခုလည်း ကြည့်ပါဦး – မိမိကို ဓါတ်ပုံရိုက်နေပြန်ပြီ။ ဤရောဂါပျောက်ကင်းသွားသည်ပဲထားဦး မိမိ၏နေရပ်သို့ ပြန်ကာနေဖို့ အခက်ကြုံဦးမည်။

“အနူ … အနူ” ဆိုပြီး လူတိုင်းက ရွံရှာကြမည်။ ဤအနာကြီးဆေးရုံသည်သာ မိမိ၏ ခိုလှုံရာဖြစ်သွားလေပြီ။ မိမိ၏ဘ၀သည် ဆေးရုံတရုံမှ လူနာလား သို့မဟုတ် ဘယ်သောအခါမှ ပြန်၍ မလွတ်တော့သည့် နံရံတံတိုင်းမဲ့ အကျဉ်းထောင်ထဲမှ တသက်စာ ထာဝရ အကျဉ်းသားတဦးလား စသည် စသည်ဖြင့် နာကျင်စွာ တွေးနေမည်ဟု ကျနော် ခံစားလိုက်ရသည်။ ၎င်းနှင့် ထပ်တူထပ်မျှ ခံစားလိုက်ရပါသည်။

ကျနော် ထိုလူငယ်မျက်နှာကို ဓါတ်ပုံ ၂ ပုံရိုက်လိုက်၏။

“ဟူး…”

ဓါတ်ပုံပေါင်း နှစ်ထောင်လောက် ရိုက်လိုက်သလိုမျိုး မောဟိုက် ပင်ပမ်းသွားမိသည်။

“ကဲ – ညီလေး၊ မင်းကို ဓါတ်ပုံရိုက်လို့ ပြီးပြီ၊ မင်းရဲ့ကုတင်ဆီ ပြန်လို့ရပြီနော်”

ဟု ကျနော်ပြောလိုက်သောအခါ သူသည် ကျနော်ကို ဘာမျှ မပြောပဲ ခေါင်းညိတ်ကာ အမျိုးသားလူနာဆောင်ဖက်သို့ဖြည်းဖြည်းခြင်းလမ်းလျှောက်သွားလေသည်။

“ဓါတ်ပုံဆရာလေး၊ ဒီမှာ ခဏစောင့်ပါဦး။ ကျမ နောက်တယောက် သွားခေါ်လိုက်ဦးမယ်”

“ဟုတ်ကဲ့…ဆရာမ” ဟူ၍သာ ကျနော်ဖြေလိုက်ပြီး ကင်မရာကိုလွယ်၍ စောင့်နေလိုက်မိသည်။         လာပြန်ဦးမည် နောက်တယောက်။ ဘယ်လိုလူနာကို တခါ ဓါတ်ပုံရိုက်ရဦးမည်နည်း ဟု ကျနော့်စိတ်ထဲ တွေးမိလိုက်သည်။ ဖြစ်နိုင်လျှင် ကျနော် ဓါတ်ပုံ ထပ်မရိုက်ချင်တော့။ ခုနက လူငယ်တယောက်ပင်လျှင် လုံလောက်ချေပြီ။

အသက် ၁၅ နှင့် ၁၇ နှစ်အကြား အမျိုးသမီးငယ်လေး အသားကဖြူဖြူ ရုပ်ရည်ကလေးကလည်း သနားကမား၊ နုပျိုသော ဆယ်ကျော်သက်။

ဒါလည်း အနာကြီးရောဂါသည်တဦးလား။ မဖြစ်နိုင်ဘူးဟု မိမိတွေးမိလိုက်သည်။ သူမ၏ မျက်နှာပြင်နှင့် လက်တွေမှာ ဘာ အနာရောဂါကိုမှ မတွေ့ရ။

“ဓါတ်ပုံဆရာရေ – သူ့ကိုတော့ အပြင်မှာ ဓါတ်ပုံရိုက်လို့မရဘူး။ အခန်းထဲမှာ ခေါ်သွားရမယ်။  ကဲ လာ … လိုက်ခဲ့” ဟု သူနာပြုဆရာမက ခေါ်တော့ ကျနော်လည်း ဇဝေဇ၀ါဖြစ်သွားကာ လိုက်ခဲ့ရသည်။

ဆေးရုံ၏ အခန်းလွတ်တခန်းသို့ရောက်တော့ အခန်းထဲတွင် သူနာပြုဆရာမ၊ အမျိုးသမီးငယ် နှင့် ကျနော်တို့ ၃ ဦးသာ။ သူနာပြုဆရာမက အခန်းတံခါးကို ဂျက်ထိုးလိုက်ပြီး -

“ကဲ … သမီး မင်းရဲ့ အပေါ်အင်္ကျီကို ချွတ်လိုက်” ဟု အမျိုးသမီးငယ်ကို ပြောလိုက်သည်။

“ဆရာမ … ကျမ မချွတ်ရဲဘူး။ ရှက်တယ်” ဟူ၍ သူ့ခမျာ မျက်နှာတခုလုံး နီမြန်းကာ အလွန်အမင်း ရှက်နေရှာပေသည်။ မှန်ပေသည်၊ အသက် ၂၆  နှစ် အရွယ် ပုရိဿ အမျိုးသား လူငယ်တဦးရှေ့မှာ သူမတယောက် အပေါ်အင်္ကျီကိုချွတ်၍ ဓါတ်ပုံအရိုက်ခံရမည့်အရေးကို မည်သူ၊ တစုံတယောက်ကများ ကြည်ဖြူစွာ ခွင့်ပြုပါ့မည်လဲ။

“ဒီကလေးမရဲ့အဖေက အနာကြီးရောဂါသည်လေ။ သူ့အဖေရဲ့မျက်နှာ၊ နှာခေါင်း လက်ချောင်းတွေလည်း ဒီရောဂါကြောင့် ပျက်စီးသွားပြီ။ အခု ကလေးမရဲ့အရေပြားပေါ်မှာ ထူးထူးဆန်းဆန်း အဖြူကွက်တွေ ပေါ်လာတော့ ကုသမှုအသစ်အတွက် ဆရာကြီး သုတေသန လုပ်ရဦးမယ်လေ။ ဒါကြောင့် အဲ့ဒီ အဖြူကွက်တွေကို ဓါတ်ပုံရိုက်ရမှာပေါ့” ဟူ၍ သူနာပြုဆရာမက ကျနော့်ကို တဆက်တည်း ပြောပြပါသည်။

ကျန်မာရေးဝန်ထမ်း ဆရာဝန် သူနာပြုများတို့သည် တခါတရံ မိမိ၏ သနားကြင်နာတတ်သော ခံစားချက်များကို ရှေ့တန်းတင်ရန် မဖြစ်ပဲ လူနာကို လူနာတဦးကဲ့သို့ ဆက်ဆံရသည့်အချိန်များလည်း ရှိပေလိမ့်မည်။

ထိုခံစားမှုနှင့် သူနာပြုတို့၏ တာဝန်ဝတ္တရား၊ နှစ်ခုတို့ ထိပ်တိုက်တွေ့ခြင်းတို့က ယခု ကျနော့်ကို ရိုက်ခတ်နေပေပြီ။

“ကဲ ကဲ ။ သမီးရေ ရှက်လို့ မရဘူးနော်။ သမီးရဲ့ရောဂါကို သိမှ၊ ကုသလို့ ရမှာ။ သမီးရဲ့ အောက်ခံ အင်္ကျီကို တ၀က်လောက် လျောချလိုက်နော်။ ဓါတ်ပုံ ရိုက်ရအောင်။ အခုလို လုပ်ရတာ သမီးအတွက်ပဲ။ ကဲ … ကဲ… ”

သနားစဖွယ် အမျိုးသမီးငယ်လေးခမျာ ဆရာမကိုလည်း လွန်ဆန်၍မရ၊ တဖက်မှာလည်း အပျိုစင်တယောက်၏ အဆုံးစွန်သော ရှက်စိတ်။ မည်သို့ပင် ဖြစ်စေကာမူ သူမတယောက် ၁၀၀ ရာခိုင်နှုန်း အပြည့် လိုက်လျော အလျှော့ပေးရရှာပါသည်။

သူမရင်သား၏ အပေါ်ယံတခုလုံးမှာ ဆရာမပြောသည့်အတိုင်း နှင်းပွင့်ကဲ့သို့ ဖွေးဖွေးဖြူနေသည့် အနာကြီးရောဂါ၏ လက္ခဏာများ။

ကျနော်ကင်မရာခလုပ်ကို နှိပ်လိုက်ကာ သုံးပုံမြောက်သော ဓါတ်ပုံရိုက်၍ ပြီးသွားလေပြီ။

“ကဲ … ကဲ … နောက်တပုံပဲ ကျန်တော့တယ်။ သမီး အရှေ့ကို လှည့်ပြီး ထမီကို တ၀က် လျှော့ချလိုက်တော့”

ပြဿနာက မပြီးသေး။ ဆရာမက ထပ် ပြောပြန်ပါပြီ။

“ဆရာမ – တော်ပြီ၊ တော်ပြီ၊ကျမ မလုပ်နိုင်တော့ဘူး”

“ဟေ့ – မလုပ်လို့ မရဘူးလေ၊ ဒါ ညည်း အတွက်ပဲ”

ဆိုသော သူနာပြုဆရာမကို သူမ၏ မရမှန်းသိပေမယ့် တိုးရှိုး တောင်းပန်ချက်။

ကျနော်ဓါတ်ပုံဆရာကို ကျောပေးပြီး သူမ ၀တ်ဆင်ထားသည့်ထမီကို ဖြေးဖြေးခြင်း အောက်သို့ လျှော့ချပေးလိုက်သည်။

သူမ၏တင်သား နေရာအနှံ့တွင် အဖြူရောင်အကွက်များစွာတို့က ထင်ထင်ရှားရှား။

ဤအဖြစ်ဆိုးကြီးကို မိမိမှသာ ကြုံတွေ့ရလေခြင်းဆိုသည့် ဘ၀အပေါ် နာကျည်းမှုနှင့် အပျိုစင်တယောက်၏ မဖေါ်ပြနိုင်လောက်သော အရှက်တရားတို့ဖြင့် သူမတယောက် မွန်းကျပ်နေလေရော့သလား၊ မသိနိုင်တော့။

“ပြီးပြီ ညီမ … ။ ထမီကို ပြန် တင် ၀တ်လို့ရပါပြီ”

ဟု ကျနော် နောက်ဆုံး ၄ ပုံမြောက်သော ဓါတ်ပုံကိုရိုက်အပြီး သူမကို စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

သူမသည် ထမီကို ပြန်၍ ပြင်ကာဝတ်လိုက်ရင်း အတင်းအားယူကာ ကြိုးစားထားရရှာသော အပြုံးဖြင့် တုန့်ပြန်ကာ ကျနော်အား ကြည့်လိုက်၏။

အို … သူမ၏ ပါးပြင်ပေါ်တွင် စီးကျနေသော မျက်ရည်စီးကြောင်းကြီး ၂ ခု ။ ။

မတ် ၂၂၊ ၂၀၀၉

About these ads
 
Leave a comment

Posted by on April 26, 2009 in Contemporary Experience

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.

%d bloggers like this: