RSS

Maung Yit – Remembering Maung Thaw Ka

12 Jun

မောင်သော်က (၁၉၂၈ – ၁၉၉၁) သို့ ပို့သခဲ့သော မေတ္တာများ

ကွယ်လွန်ခြင်း ၁၈ နှစ်

မောင်ရစ်

ဇွန် ၁၁၊ ၂၀၀၉

ကိုမောင်တူးက သူ့ဂျီမေးက ချက်ပေါ်မှာ ရေးထားတယ်။ မောင်သော်က ကွယ်လွန်တာ ၁၈ နှစ်ရှိပြီ တဲ့။ ပြီးတော့ သူက အဲဒီအစီအစဉ်လည်း လုပ်ချင်သေးသတဲ့။ မြန်မာအိုင်အက်စ်ပီက စင်္ကာပူနဲ့ ပြည်တွင်းကဘလောက်တခုက ဆရာနဲ့ ပတ်သက်တဲ့ စာတွေကို စုစည်းပြီး ဖော်ပြထားတယ်။ ဆရာဒေါက်တာလွဏ်းဆွေက အဲဒါတွေကို စုထားတဲ့အပြင် ဒေါ်စုရဲ့ မြန်မာပြည်ကလာတဲ့စာထဲက ဆရာမောင်သော်ကအကြောင်း ဆောင်းပါးကိုပါ တွဲထား လိုက်သေး။ အဲဒီ စကရစ်ဘ် အီးစာအုပ်ကို စီစဉ်သူကတော့ ကိုလတ်လို့ တွေ့ရပါတယ်။ သာဓုပါ ခင်ဗျား။

ဆရာက သူ့သရော်စာတွေကို စုစည်းပြီး စာအုပ်ကလေး ထုတ်ဖူးတယ်။ ပို့သခဲ့သောမေတ္တာများ တဲ့။ သရော်စာရေးတဲ့သူတယောက်က ပို့လိုက်တဲ့ မေတ္တာတွေဆိုတော့ ကာယကံရှင်အဖို့ကတော့ ခပ်စပ်စပ်များ ဖြစ်နေမလားပဲ။ အထောက်တော်လှအောင်ရဲ့ သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ ဆရာစာရေးတော့ သူ့ပင်တိုင်ခေါင်းစဉ်အမည်က ပင်စင်နာတဦး ၏ အာလူးမှတ်တမ်းတဲ့။ ဆရာရဲ့ ကယ်ရီကေးခြားကို ကာတွန်းသော်ကနဲ့ ကာတွန်းငွေကြည်တို့ ဆွဲပေးဖူးတယ်လို့ မှတ်မိနေသေးတယ်။

ဆရာမောင်သော်ကဟာ တပ်မတော်သားဟောင်း၊ သရော်စာကောင်းတဲ့ စာရေးဆရာ၊ သဘောင်္သားများအတွက် အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ယူတဲ့ ခေါင်းဆောင်၊ ၁၉၈၉မှာ စစ်အုပ်စုက ဖမ်းဆီးပြီး ထောင်အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရတယ်။ ထောင်ထဲမှာ ကြံ့ကြံ့ခံတိုက်ပွဲတွေ ၀င်ရင်းနဲ့ ၁၉၉၁ မှာ ကျဆုံးခဲ့တယ်။ စစ်အုပ်စုဟာ ဒီမိုကရေစီဘက်တော်သားတွေကို နှစ်ပေါင်းများစွာကတည်းက ထိခိုက် ကျဆုံး လူဖြစ်ရှုံးရအောင် တိုက်ခိုက်သတ်ဖြတ်ခဲ့တာချည်းပါပဲ။

အဖိုးတွေ၊ အဖွားတွေဖြစ်တဲ့ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့နှင့် အလွန်အင်မတန် ရင်းနှီးတဲ့သူတဦးအဖြစ် ငယ်စဉ်ကတည်းက မြင်တွေ့ဖူးခဲ့ပါတယ်။ ငယ်စဉ်က မိသားစုတွေ တ၀န်းတ၀ိုင်းနေခဲ့ရတော့ အဖိုး အဖွားတွေရဲ့ မိတ်ဆွေတွေဟာ တကယ့် ဒေါင်ဒေါင်မြည် “လူသားစင်စစ်” တွေချည်းပဲဆိုတာကို ကြုံတွေ့ခဲ့ရဖူးတာဟာ မောင်ရစ်အတွက် ဒုလ္လဘတရားပေပဲ။

သူတို့ အိမ်ရိပ်နင်းခဲ့ကြတဲ့သူတွေဟာ သူတို့သမိုင်းကို သစ္စာရှိရှိ အမှန်တရားကို နှလုံးသွင်းပြီး ဖြတ်သန်းခဲ့ကြတဲ့သူတွေ၊ တသက်လုံး လိပ်ပြာလုံကြတဲ့သူတွေကို တွေ့ခဲ့ဘူးတော့ အင်း … ငါ ငယ်ငယ်ကတော့ ဆုတောင်းကောင်းခဲ့ပုံရတယ် လို့ မှတ်ချက်ချမိပါရဲ့။ (ခုတော့ မသိဘူး။ ငါ့နှယ် ဘယ်အရပ်ဒေသမှာ ရေမြော ကမ်းတင်နဲ့ …)

အဲဒီတုံးက တွေ့ဖူး ကြုံဖူးတဲ့ လူကြီးတွေဟာ ၁၉၈၈ အရေးတော်ပုံမှာ အရေးကြုံတော့ သက်လုံကောင်းကြပြီး ရရလက်နက် စွဲကိုင်ပြီး အရေးတော်ပုံကြီးကို ၀င်ထမ်းရွက်ခဲ့ကြသူချည်းပဲဆိုတာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ တယောက်နဲ့ တယောက်ကိုလည်း ချစ်ခင် ကြင်နာ လေးစားကြပြီး တဦးကို တဦး အတင်းအဖျင်းစကားရယ်လို့ တလုံးတပါဒမှ မပြောခဲ့ကြပါဘူး။ (၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်၊ ၁၉၈၉ ကာလတွေမှာ) ဆရာဦးဝင်းတင်၊ ဆရာမောင်သော်ကတို့နဲ့ ပါတီက တတ်သိပညာရှင်တွေ လူကြီးတွေ တော်တော်များများ မရှေးမနှောင်း ထောင်ထဲကို ရောက်ခဲ့ကြရတာပါ။

မောင်ရစ်က အဲဒီသူရဲကောင်းကြီးနဲု့ ထောင်ထဲမှာ တဒင်္ဂလေး ကြုံတွေ့ခဲ့ရပုံနဲ့ သူ ရန်ကုန်ဆေးရုံကြီးမှာ ဘယ်လို ကျဆုံးခဲ့တာကို သက်သေတဦးက ပြန်ပြောခဲ့ပုံကို ဒီနေရာမှာ မှတ်တမ်းတင်ပြီး သူ့ကို အလေးပြုလိုက်ချင်တာပါ။

၁၉၈၈က အရေးတော်ပုံကြီးမှာ လူလားမြောက်ကြရတဲ့ ကျောင်းသားလူငယ်တွေဟာ အိမ်ပြေး၊ ကျောင်းပြေးအဆင့်ကနေ ၀ရမ်းပြေး၊ တောခို၊ ထောင်ကျ၊ စသည်ဖြင့် လောကဓံကို ရင်ကော့ပြီး ခံခဲ့ကြရပါတယ်။ မောင်ရစ်လည်း ကံကောင်းထောက်မပြီး ၁၉၈၉ သြဂုတ်လမှာ အင်းစိန်ထောင် ၅ တိုက်ထဲ ရောက်ဖူးသွားပါတယ်။ မျက်စိသူငယ် နားသူငယ်နဲ့ ဘေးက ရဲဘော်တွေ၊ အားပေးသူ နိုင်ငံရေးအကျဉ်းသားတွေသာ ရှိမနေရင် မောင်ရစ်တို့ကတော့ လူးလိမ့်ပြီး သောကရောက်နေမလားပဲ။

ဆရာမောင်သော်ကကို အဲဒီထဲမှာ ပြန်တွေ့ရတာ ဖြစ်ပါတယ်။ လူနာပြထုတ်တဲ့နေ့တနေ့မှာ ဆရာဝန်နဲ့ တွေ့ဖို့ တန်းစီနေချိန်မှာ ဆရာ့ကို တွေ့ရတာပါ။ ဇက်ကြီးအမြဲခိုင်နေတဲ့ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း၊ မေးရိုးကားကားကြီးနဲ့ ဆရာ့ကို တွေ့တော့ တစိမ်းတွေကြားထဲ အားတင်းပြီးနေရသူတယောက်အနေနဲ့ မိသားစုဝင် လူကြီးသူမတဦးကို တွေ့လိုက်ရသလို လှိုက်လှိုက်လှဲလှဲ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။

ဆရာ့ဘေး အသာလေးကပ်ပြီး စကားသံတိုးတိုးနဲ့ မိတ်ဆက်တော့ ဆရာက ပြုံးပြုံးကြီးနဲ့ လေးလေးပင်ပင်တဲ့ အသံကြီးနဲ့ အင်္ဂလိပ်ကဗျာတပုဒ်ကို ခန့်ခန့်ငြားငြားကြီး ရွတ်ပြီး မောင်ရစ်ကို “ဆု” ပေးသွားပါတယ်။ သဘောသွားကတော့ သူတို့တွေက ငါတို့ကို ဘယ်လိုပဲ အကျဉ်းချချ၊ သံတိုင်တွေနောက်မှာ ချုပ်နှောင်၊ ချုပ်နှောင်၊ ငါတို့ရဲ့ ခန္တာကိုယ်တွေကိုသာ သူတို့ ချုပ်လှောင်လို့ ရမယ်။ ငါတို့ စိတ်ဓာတ်တွေကတော့ ကောင်းကင်ယံ၊ မိုးလျံထက် လွတ်လပ်စွာ ပျံဝဲလျက်ပါပဲ … တဲ့။

ဒါပဲ။

ဆရာမောင်သော်ကက သူ့မိတ်ဆွေရဲ့ မြေးကလေးကို ထောင်ထဲမှာတွေ့တော့ အဲဒီကဗျာကလေး ရွတ်ပြီး ဆုပေးခဲ့တယ်။ ပြီးတော့ ကျနော်တို့အားလုံး ကိုယ့်လမ်းကိုလျောက် …။ နောက် မတွေ့တော့။

၁၉၉၁ မှာ ဆရာ အင်းစိန်ထောင်တွင်း အစာငတ်ခံတိုက်ပွဲ ဆင်နွဲရင်း လေဖြတ်၊ ပြီးတော့ အနေအစား ဆင်းရဲမှု ဒဏ်အသီးသီးနဲ့ နှလုံးရောဂါဖိစီးခဲ့။ အချိန်အများကြီး နောက်ကျပြီးတော့မှ ရန်ကုန်ဆေးရုံကြီးပေါ် ရောက်ရှိလို့ လာခဲ့။ ပြီးတော့ အဲဒီမှာ ဆရာ ကျဆုံးခဲ့တယ်။

ဆရာမောင်သော်ကကဲ့သို့ စစ်အုပ်စုရဲ့ လူမဆန်တဲ့ ဖိနှိပ်ချုပ်ချယ်သတ်ဖြတ်မှုတွေနဲ့ ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းတွေဟာ ထောင်ချီအောင် များပြားလှပါတယ်။ အဲဒီထဲက ဆရာမောင်သော်ကရဲ့အကြောင်းနဲ့ အလေးပြုတာဟာ ကျဆုံးသူ သူရဲကောင်းတွေအားလုံးကို ကိုယ့်ရှိတဲ့ ၀မ်းစာကလေးနဲ့ အလေးပြုတယ်လို့ မှတ်ပေးတော်မူကြပါ။

၂၀၀၆ ခုနှစ်ဝန်းကျင်မှာမှ ဆရာမောင်သော်က ရန်သူ့လက်ထဲမှာ၊ စစ်အုပ်စုရဲ့ လက်ထဲမှာ ဘယ်လို ရဲရဲရင့်ရင့် ကျဆုံးခဲ့တယ်ဆိုတာကို မောင်ရစ် ကြားသိရပါတယ်။ ဆရာကို ဆေးရုံမှာ နောက်ဆုံးအချိန်အဖြစ် တင်ထားချိန်၊ အဲသည်အချိန် ဆရာဝန်မလေးတဦးက အနားမှာ ရှိနေပါတယ်။ ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်တွေအချင်းချင်း ရန်သူမျက်စိရှေ့မှာ တွေ့ကြရတော့ ဘယ်လိုတွေ အားပေးလို့ ရနိုင်ပါမလဲ။ မျက်စိမှိတ်ပြီး ဝေဒနာတွေကြားက အားတင်းနေရတဲ့ဆရာ့ကို ဆရာဝန်မကလေးအနေနဲ့ နှုတ်က ပုံမှန်မေးခွန်းတွေ မေးရင်းကနေ ဆရာလက်ကို တင်းတင်းဆုပ်ပြီး အားပေးခွင့်သာ ရပါတယ်။ ဆရာကလည်း သူ သိပါတယ် ဆိုတဲ့သဘောနဲ့ ဆရာဝန်မကလေးရဲ့လက်ကို ပြန်လည်လို့ ဆုပ်ကိုင်ထားတယ်။ ရှိတဲ့အားနဲ့ သူ့သတိရှိကြောင်း လက်ကို ညှစ်ပြီး ဆုပ်ပြပါတယ်။ သို့သော် မသင်္ကာဖြစ်လာတဲ့ ဖက်ဆစ်လက်ပါးစေတွေ၊ အလိုတော်ရိတွေ၊ လက်နက်ကိုင်တွေက ဆရာဝန်မလေးကို မောင်းထုတ်လိုက်ပါသတဲ့။ ဆရာက လက်ကနေ ဆုပ်ဖြေပြီး သွားတော့မယ့် ဆရာဝန်မလေးရဲ့ လက်ခုပ်ထဲကနေ သူ့လက်မကို ထောင်ပြပြီးတော့ နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်။ ဆရာဟာ နောက်ဆုံးအချိန်တွေအထိ ရဲရဲရင့်ရင့်နဲ့ အားလုံးကို အားပေးပြီး လက်မထောင်၊ ရင်ကော့ပြီး အမှန်တရားအတွက် အသက်စွန့်သွားခဲ့သူ၊ မြန်မာပြည်အတွက်၊ မြန်မာပြည်သူတွေအတွက်၊ ပေးဆပ်သွားသူ၊ စွန့်လွှတ်သွားသူ တဦးဖြစ်ပါတယ်။

ဆရာဝန်မလေးနဲ့ မောင်ရစ်လည်း ၂၀၀၆ မှာ ပြန်တွေ့ကြလို့သာ ဆရာမောင်သော်ကနဲ့ ကြုံတွေ့မိသမျှကို ပြောဆိုပြီး အတွေ့အကြုံ ဖလှယ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆရာသာ သက်ရှိထင်ရှားရှိနေခဲ့မယ်ဆိုရင် ဆရာဦးဝင်းတင်နဲ့ လက်တွဲလို့ အင်းစိန်လမ်းမများမှာ ရင်ကော့ပြီး လျောက်နေပေလိမ့်မယ်။ မေးခိုင်ခိုင်ကြီးနဲ့ ဆတ်တောက်တောက်ကြီး လမ်းလျောက်နေရမှာ ဆိုတော့ ဦးဝင်းတင်ကပဲ သူ့ကို တွဲနေရလေမလား မသိဘူးပေါ့နော်။

အမှန်တရားနဲ့ တရားမျှတမှုကို ဦးလည်မသုံ ထမ်းဆောင်တဲ့၊ သစ္စာရှိတဲ့၊ ရဲရင့်တဲ့ အဲသည်လို မိတ်ဆွေသူရဲကောင်းတွေနဲ့ ဖောက်ခဲ့ကြရတဲ့ တော်လှန်ရေးဆိုတာ တနေ့မှာ အောင်ကြရမှာပါ။

ဒီမှာ ဆရာရဲ့ ကဗျာအတိုလေးတခု အမှတ်တရ …

Dedicated to

The ones I love,

In number so few,

That I owe so much

In ways so many.

ဦးညွတ်ပါ၏ …

ချစ်ရတဲ့ မိတ်ဆွေဆိုတာ

လက်တဆုပ်စာ

သူတို့ရဲ့ ကျေးဇူးတွေဆိုတာ

ငါ့အပေါ်မှာ အနန္တပါ … (မောင်သော်က)

About these ads
 
2 Comments

Posted by on June 12, 2009 in Memories

 

2 responses to “Maung Yit – Remembering Maung Thaw Ka

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.

%d bloggers like this: