Video Document about North Korea’s bomb attack in Rangoon

မြောက်ကိုရီးယားတို့ ရန်ကုန်တွင် ဗုံးဖောက်ခွဲခဲ့မှု
မှတ်တမ်းဗီဒီယို အင်တာနက်တွင် ထွက်ပေါ်

မိုးမခအထောက်တော် ၀၀၆
ဇူလိုင် ၂၊ ၂၀၀၉

ပေါက်ကွဲမှုအပြီး ဒဏ်ရာများဖြင့် ပြေးနေသူတဦး

မြန်မာနှင့် မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ဆက်ဆံရေးသတင်းများ ပျံ့နှံ့နေချိန်တွင် မြောက်ကိုရီးယားတို့ ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်ကို ဗုံးဖောက်ခွဲခဲ့သည့် မှတ်တမ်းများက မြန်မာပြည်သား အင်တာနက် အသုံးပြုသူများထံသို့ ရောက်ရှိလာသည်။

http://www.youtube.com/watch?v=eTgP8B-IGug တွင် ဖော်ပြထားသော ရုပ်မြင်သံကြား သတင်းမှတ်တမ်းသည် ယမန်နှစ်ကပင် အင်တာနက်တွင် ဖော်ပြထားပြီး ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း ပြန်လည် ပျံ့နှံ့နေသော အဆိုပါ မှတ်တမ်းတွင် ၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ နှင့် ၀န်ကြီးများ ရန်ကုန်သို့ အလည်အပတ် ရောက်ရှိစဉ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကို ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံး နှင့် မြောက်ကိုရီးယား ကွန်မန်ဒိုများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာသတင်းထောက်များ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့သည်။ ၄၆ ဦး ဒဏ်ရာရခဲ့သည်။ ဗုံးပေါက်ကွဲချိန်တွင် အဓိကပစ်မှတ် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်က ထိုနေရာသို့ သွားနေချိန်ဖြစ်သောကြောင့် လွတ်မြောက်သွားသည်။

တိုက်ခိုက်မှုအပြီး ရက်ပိုင်းအတွင်း မြန်မာအစိုးရက မြောက်ကိုရီးယား သံတမန်များကို နှင်ထုတ်ပြီး၊ သံအဆက်အသွယ်များ ဖြတ်တောက်လိုက်သည်။

၂၆ နှစ်အကြာ ၂၀၀၇ ခုနှစ်တွင် နှစ်နိုင်ငံ သံအဆက်အသွယ် ပြန်လည် ပြုလုပ်ခဲ့သည်။

ရန်ကုန်တွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက မြန်မာအစိုးရကို လူသိရှင်ကြား တောင်းပန်ခြင်း မရှိသေးပေ။

သံတမန် ပြန်လည် ဆက်သွယ်သည် ဆိုသော်လည်း သံရုံး၊ ကောင်စစ်ဝန်ရုံးတို့ကို ဖွင့်လှစ်ထားခြင်း မရှိကြသေးပေ။


ဗုံးဖောက်ခွဲမှု မတိုင်မီ မိနစ်ပိုင်းအတွင်းက တွေ့ရသော အာဇာနည်ဗိမ္မာန် အပြင်ဘက် နှင့် အတွင်းဘက် မြင်ကွင်း


ဗုံးပေါက်ကွဲအပြီး မြင်ကွင်းများ


မျက်နှာကြက်တွင် တပ်ဆင်ထားသည့် ဗုံးများကြောင့် အမိုးနှင့် မျက်နှာကြက်များ ပျက်စီးသွားသည်။
ပြုတ်ကျလာသည့် မျက်နှာကြက်မှ ထုတ်တန်းများ အောက်တွင် ပိနေသူများကို ကယ်ဆယ်ရန် တချို့က ကြိုးပမ်းကြသည်။


ဒဏ်ရာရသူများကို သယ်ယူနေပုံ


အုတ်ဂူကို ကိုင်ပြီး ရပ်နေသည့် ဒဏ်ရာရသူ တဦး၊ သေဆုံးသွားသည့် မြောက်ကိုရီးယား အစိုးရအဖွဲ့ ကိုယ်စားလှယ်တချို့

Leave a Reply

You must be logged in to post a comment.