relocation of FDA Rangoon office

အဆောက်အအုံ မရှိသေးသဖြင့် နေပြည်တော်သို့ FDA ပြောင်းရွှေ့ရန် ဆိုင်းငံ့
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၈ – ၂၀၀၉
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) အတွက် သင့်လျော်သည့် အဆောက်အအုံ နေပြည်တော်တွင် မရှိသေးသဖြင့် ရန်ကုန်မြို့မှ ပြောင်းရွှေ့ရန် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သည်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က FDA ရုံးကို နေပြည်တော်သို့ နိုဝင်ဘာ ၁၀ ရက်တွင် အပြီး ပြောင်းရွှေ့ရမည်ဟု အောက်တိုဘာလ အတွင်းက အမိန့်ပေးခဲ့သည်။

FDA အရာရှိများက နေပြည်တော် ရုံးနေရာသစ်အား သွားရောက် ကြည့်ရှုပြီးသောအခါ ရုံးအတွက် လုံလောက် ကောင်းမွန်သည့် အဆောက်အအုံ မရှိသေးကြောင်း တွေ့ရသဖြင့် ၀န်ကြီးထံ ပြန်လည်တင်ပြပြီး ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်ဟု FDA ဓာတ်ခွဲမှုးတစ်ဦးက ပြောသည်။

`FDA ရဲ့ လုပ်ငန်းတွေနဲ့ ထိုက်တန် ကိုက်ညီတဲ့ အဆောက်အအုံ လောက်လောက် လားလား မရှိသေးဘူး။ ဒါကြောင့် အထက်ကို ပြန်တင်ပြတော့ ဆိုင်းငံ့လို့ ပြောတယ်´ ဟု အဆိုပါ ဓာတ်ခွဲမှုးက ပြောသည်။ မည်သည့် အချိန်ထိ ဆိုင်းငံ့ထားမည်ကိုမူ မသိရသေးဟု ဆိုသည်။

ဤဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးဝန်ကြီးသည် သူ ကိုင်တွယ် အုပ်ချုပ်ရသော ဌာနများ၏ အခြေအနေကို ကောင်းစွာ မသိရှိသည့် အချက်မှာ ထင်ရှားကြောင်း FDA ၀န်ထမ်းများက မှတ်ချက်ပြုကြသည်။
ရုံးပြောင်းရွှေ့ရမည့် အစီအစဉ်ကြောင့် FDA ၏ ပုံမှန် လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်ဟု သိရသည်။ FDA က တာဝန်ယူ ကြည့်ကြပ်နေရသည့် ဆေးဝါးတင်သွင်းမှုများ၊ အစားအသောက် ထုတ်လုပ်မှု အများစုမှာ ရန်ကုန်မြို့တွင် တည်ရှိနေသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် FDA အခြေစိုက်ပါက လက်တွေ့လုပ်ကိုင်ရာတွင် အဆင်ပြေမည်ကို ဌာနဆိုင်ရာ အရာရှိများနှင့် သက်ဆိုင်သည့် လုပ်ငန်းရှင်များပါ နားလည် သဘောပေါက်ကြသော်လည်း ၀န်ကြီး၏ အမိန့်ကြောင့်သာ ရွှေ့ပြောင်းရန် ပြင်ဆင်ကြရခြင်း ဖြစ်သည်။

ဥပမာအားဖြင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ဌာနကို ဆိပ်ကမ်း မရှိသည့် နေပြည်တော်သို့ ပြောင်းရွှေ့ပြီး လုပ်ကိုင်ခိုင်းလျှင် မသင့်လျော်သည့် သဘောနှင့် သဏ္ဌာန်တူသည်ဟု ဝေဘန် ပြောဆိုကြသည်။

Leave a Reply

You must be logged in to post a comment.