followup news of Pol Col. Win Naing

စစ်ဗိုလ်နှစ်ဦးကို အချုပ်ခန်းတွင် နှိပ်စက်မှုကြောင့် ရန်ကုန်တိုင်း ရဲမှူး အရေးယူခံရဟု ဆို
မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၉၊ ၂ဝဝ၉

စက်တင်ဘာလက အကျယ်ချုပ်ကျနေစဉ် ထွက်ပြေးလွတ်မြောက်သွားသည့် ရန်ကုန်တိုင်း ရဲမှူးကြီးဟောင်း ဝင်းနိုင် ရာထူးမှရပ်နားခြင်းနှင့် ဇနီးဖြစ်သူ ဒေါ်မွှေးမွှေး ဖမ်းဆီး ခံထားရခြင်းတို့၏ ဇာတ်လမ်းအစမှာ စစ်အရာရှိ ၂ ဦး အချုပ်ခန်းအတွင်း နှိပ်စက်ခံရခြင်းကြောင့် ဖြစ်သည်ဟု ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် ပြောဆိုချက်များအရ သိရှိရသည်။

ဒေါ်မွှေးမွှေးက ထိုစစ်ဗိုလ် ၂ ဦးကို သူ၏ အနှိပ်ခန်းမှ အမျိုးသမီးငယ်များအား စော်ကားမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်ဟု ဒေါ်မွှေးမွှေး နှင့် နီးစပ်သူတဦးက ပြောသည်။

“အဲလို အချုပ်ခံထားစဉ်မှာပဲ ဇနီးက ကိုယ်တိုင်ဝင်ကြည့်ပြီး သူတို့ကို မနှိပ်စက်ပဲ ဘာလို့ထားတာလဲ ၊ တခြား ရာဇ၀တ်မှုကျူးလွန်တဲ့သူတွေလိုပဲထားပေါ့ အမိန့်ပေးတာနဲ့ စခန်းက ရဲတွေက အဲဒီစစ်ဗိုလ် နှစ်ယောက်ကို နှိပ်စက်တယ်၊ အဲဒီအဖြစ်ကို စစ်ဗိုလ်မိသားစုက နအဖ ခေါင်းဆောင်ထဲက သူရရွှေမန်းအထိ စာတင်ပြီးတိုင်လို့ အခုလို စုံစမ်းစစ်ဆေးတဲ့အထိ ရောက်လာတာ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ထိုအမှုကြောင့် ရဲမှူးကြီးဟောင်း ၀င်းနိုင်အား ရာထူးမှ ရပ်နားခံရပြီး အကျယ်ချုပ်ဖြင့် စစ်ဆေးခံရသည်။ ထိုသို့ စစ်ဆေးခံရစဉ် စက်တင်ဘာလ မကုန်မီတွင် ရဲမှူးကြီးသည် သူ၏ တရားမ၀င်ဇနီးဖြစ်သည့် ကရင်အမျိုးသမီးငယ်တဦးနှင့်အတူ တိမ်းရှောင်သွားခဲ့သည်ဟု အဆိုပါမိသားစုနှင့် နီးစပ်သူက ပြောဆိုသည်။

ထိုသို့ တိမ်းရှောင်သွားပြီးနောက်တွင် ရဲမှူးကြီးဟောင်း ၀င်းနိုင်၏ ရင်းနှီးသည့် မော်လမြိုင်မြို့၊ ထားဝယ်တံတားရပ်ရှိ မိတ်ဆွေတဦးဖြစ်သူ၏ အိမ်သို့လည်းကောင်း၊ ဒေါ်မွှေးမွှေး၏ ဇာတိမြို့ ကရင်ပြည်နယ် လှိုင်းဘွဲ့ရှိ အိမ်သို့ မကြာခဏ သွားရောက်ရှာဖွေခြင်း၊ စစ်ဆေးခြင်းများပြုလုပ်လျက်ရှိသည်ဟုလည်း ကြားသိရသည်။

ရဲမှူးကြီး ဟောင်း ၀င်းနိုင်သည် ရန်ကုန်တိုင်းတွင် တာဝန်မထမ်းဆောင်မီ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ တိုင်းရဲမှူးအဖြစ် တာဝန်ယူခဲ့ပြီး မူးယစ်ဆေးဝါး အဖွဲ့များကို နှိမ်နှင်းရာတွင် အောင်မြင်မှုရခဲ့သဖြင့် နာမည်ကောင်းရခဲ့သူဖြစ်သည်ဟု ရန်ကုန်မြို့မှ လောင်းကစားဒိုင်တဦးက ပြောသည်။

ရဲမှူးကြီးဟောင်း ၀င်းနိုင် တိမ်းရှောင်သွားသည့်အတွက် ရဲချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် ခင်ရီ၏ အနေအထားပါ စိုးရိမ်ရသည်ဆိုသည့် သတင်းများထွက်ပေါ်နေခဲ့သော်လည်း ဗိုလ်မှူးချုပ် ခင်ရီသည် ယခုအချိန်ထိ တရားဝင်တာဝန် ထမ်းဆောင်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။

Leave a Reply

You must be logged in to post a comment.