ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကမ္ဘောဒီးယားသို့ရောက်ပြီ၊ ထိုင်းသတင်းစာများ ကန့်ကွက် ရေးသား
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ထိုင်းအစိုးရက ဝရမ်းပြေးအဖြစ် သတ်မှတ်ထားသော ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်သည် ကြိုတင်ကြေညာထားသည့်အတိုင်း ကမ္ဘောဒီးယားသို့ အင်္ဂါနေ့က ရောက်ရှိသွားရာ ထိုင်းသတင်းစာကြီး ၂ စောင်က ရှူတ်ချရေးသားလိုက်ကြသည်။ မစ္စတာ သက်ဆင်အား ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က သူ့နိုင်ငံ၏ စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခံရမည်ဟု အသံထွက်လာပြီးနောက်ပိုင်း ထိုင်းအစိုးရက သူ၏သံအမတ်ကို ပြန်လည် ခေါ်ယူလိုက်ခြင်းမှာ မှန်ကန်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ရေးသားထားသည်။
“ထိုင်းအစိုးရက သံအမတ်ကို ပြန်လည်ခေါ်ယူခြင်းမှာ အလွန်အကျွံ ပြုမူလိုက်ခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့်အပတ်အတွင်း နိုင်ငံခြား သံတမန်တချို့က ကောက်ချက်ချခြင်းမှာ မှားယွင်းကြောင်း၊ ထိုသို့ ပြန်လည်ခေါ်ယူခြင်းမှာ အလွန်တရာ သံခင်း တမန်ခင်း ဆန်ကြောင်း၊ ထိပ်တိုက်တွေ့ဆုံခြင်း မဟုတ်ကြောင်း” ဘန်ကောက်ပို့စ် အယ်ဒီတာ့အာဘော်က ဆိုသည်။
နေးရှင်းသတင်းစာကမူ ပိုမို၍ ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားထားသည်။
နေးရှင်း၏ အယ်ဒီတာ့ အာဘော်မှာလည်း မစ္စတာ သက်ဆင်ကြောင့် ပျက်စီးနေသည့် ထိုင်း-ကမ္ဘောဒီးယားနိုင်ငံ ဆက်ဆံရေးအကြောင်း ဖြစ်သည်။ မစ္စတာသက်ဆင်ထံ အိတ်ဖွင့်ပေးစာသဘော ရေးသားထားသည်။
ထိုင်းအစိုးရက သူ့အား ၀ရမ်းထုတ်ထားသဖြင့် မကျေမနပ်ဖြစ်ပြီး ထိုင်းနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းမရှိသည့် ကမ္ဘောဒီးယား၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်နေခြင်းမှာ မှားယွင်းသည်ဟု ဆိုသည်။
“ဤနည်းလမ်းသည် မတရားမှုအား တိုက်ခိုက် ဆန့်ကျင်ရေးနည်းလမ်း ဟု ယူဆပါက တရားမျှတမှုအကြောင်း စိုးစင်းမျှသင် မသိ နားမလည်သေးပေ” ဟု နေးရှင်းသတင်းစာ အယ်ဒီတာ့ အာဘော်တွင် ရေးထားသည်။
“ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နိုင်ငံရေး ပြိုင်ဘက်များက ထိုင်းသို့ လာရောက်ပြီး အကူအညီ တောင်းပါက မည်သို့ လုပ်ရမည်နည်း၊ ထိုသူတို့အား တရားမျှတမှု ပေးရန် သင်က ကျွန်ုပ်တို့အား တိုက်တွန်းဦးမည်လော” ဟု နေးရှင်းသတင်းစာက ဆိုသည်။
Filed under: Overseas News



