ရဲချုပ်ခင်ရီကို သာသနာရေး ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ်ပြောင်းရွှေ့
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင် အကျယ်ချုပ်နဲ့ စစ်ဆေးခံနေရစဉ်မှာ တိမ်းရှောင်သွားခဲ့တဲ့အဖြစ်ကြောင့် သူ့ရဲ့ အနေအထားပါ မရေရာဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ခန့်မှန်းတွက်ဆကြတဲ့အတိုင်းပဲ ရဲချုပ်ရာထူးနေရာမှနေ လုပ်ပိုင်ခွင့်အရ အရေးမပါလှတဲ့ သာသနာရေး ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ် ရောက်သွားပြီလို့ နေပြည်တော်နဲ့နီးစပ်တဲ့ တပ်မတော် အရာရှိဟောင်းတဦးက ပြောပါတယ်။
အဆိုပါ ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်ကို စစ်ဆေးနေစဉ်မှာ အကျယ်ချုပ်နဲ့ထားရှိဖို့ စီစဉ်တာရော၊ တိမ်းရှောင်သွားဖို့ လမ်းဖွင့်ပေးရာမှာပါ ရဲချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါဝင်ခဲ့တဲ့လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။ အဲဒီလိုမလုပ်ဆောင်ပဲ ရဲမှူးကြီးဝင်းနိုင်ကို ဆက်လက်စစ်ဆေးမယ်ဆိုရင် တနွယ်ငင် တစင်ပါဆိုသလို အခြားဝန်ကြီးတွေပါ ပါလာလိမ့်မယ်လို့လည်း အထက်ပါ သတင်းရပ်ကွက်များက ပြောဆိုကြပါတယ်။
ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းကာလမှာ ရန်ကုန်မှာ ဒုတိုင်းရဲမင်းကြီး အဖြစ်တာဝန်ယူခဲ့သူ ၂၀၀၈ ခုနှစ်ဆန်းပိုင်း စိမ်းလဲ့ကန်သာ လမ်း ၅ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုများမှာ တာဝန်ယူခဲ့သူ၊ ယခုနှစ်ဆန်းပိုင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ဝင်ရောက်မှုနောက်ပိုင်း အဖြစ်အပျက်တွေမှာ တာဝန်ယူခဲ့ရသူတဦးဖြစ်ပါတယ်။
၅ လောင်းပြိုင်လူသတ်မှုကို ဆက်လက် စုံစမ်းစစ်ဆေးမှု မပြုလုပ်တော့ဖို့ နအဖ အထက်ပိုင်းက တိုက်ရိုက်အမိန့်ပေးခဲ့တာ၊ အဆိုပါ အမှုနဲ့ ပတ်သက်လို့ စုံစမ်းသိရှိခဲ့ရသမျှ မှတ်တမ်းတွေကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက လာရောက်သိမ်းဆည်းသွားခဲ့တာတွေဟာ အထက်ပါအမှုနဲ့ ပတ်သက်လို့ ထပ်မံဖော်ထုတ်တာကို နအဖ အထက်ပိုင်းက မနှစ်သက်ဘူးလို့ ရန်ကုန်တိုင်းမှာ တာဝန်ယူနေတဲ့ အမည်မဖော်လိုသူ ရဲအုပ်တဦးက ပြောဆိုပါတယ်။
ထို့အတူပဲ ဂျွန်ယက်တော ရေကူးဝင်ရောက်တဲ့ ကိစ္စမှာလည်း နအဖ အစိုးရက ပါဝင်ပတ်သက်မှု ရှိမရှိဆိုတာတွေနဲ့ပတ်သက်ရင် ရန်ကုန်တိုင်း ရဲမှူးကြီးလုပ်တဲ့သူက အသိရှိဆုံး ဖြစ်မှာပါ။ ထိုသို့သော အချက်အလက်တွေဟာ ရဲမှူးကြီး ဝင်းနိုင်ကို ပေးတိမ်းရှောင်စေလိုက်တာလား၊ ရဲချုပ်ကို အခြားနေရာရွေ့စေသွားတာလားဆိုတာ စဉ်းစားစရာပါလို့ ရန်ကုန်မြို့ခံ တဦးက သုံးသပ်ပြောဆိုပါတယ်။
Filed under: Local News Headlines



