ရန်ကုန်ရှုခင်း နိုဝင်ဘာ ဒုတိယပတ်
လမ်းလျှောက်ဂျာနယ်လစ်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ကမ္ဘာပျက်မှာလား အခုလောလောဆယ် တော့ ပိုပူလာတာ သေချာ
ရန်ကုန်မြို့ကြီးမှာ ယခုရက်ပိုင်း လူတွေ အပြောများဆုံးက ကမ္ဘာကြီး ပူနွေးလာပြီ ဆိုတာပါ။ နိုဝင်ဘာလ ထဲရောက်ပြီ ဆိုပေမယ့် ပူအိုက်တာက အောက်တိုဘာ လဆန်း သီတင်းကျွတ်အတိုင်းပါပဲ။ နိုဝင်ဘာလဆန်း ၁ရက်နေ့မှာ အရှေ့မြောက်လေ စတိုက်ပြီး အနည်းငယ် အပူချိန်လျော့ကျသွားတာ ၃ရက်လောက်ပဲ ကြာပါတယ်။ အဲဒီနောက် ဗီယက်နမ်မှာဝင်သွားတဲ့ မုန်တိုင်း အရှိန်နဲ့ မိုးအုံ့ခဲ့ပြီး ယခုထက်တိုင် ပူအိုက်နေတာ နွေရာသီအလား ဖြစ်နေပါတယ်။
ဒါကြောင့် ဆောင်းဦးဝင်စ ရာသီမှာ လေအေးပေးစက် တပ်ဆင်၊ ရောင်းချတဲ့လုပ်ငန်း၊ ရေသန့်ရောင်းဆိုင်များ အလုပ်များနေဆဲပါ။ ခရီးသွားကားအငှား လုပ်ငန်းပါ တွဲဘက် လုပ်ကိုင်နေတဲ့ ကားဝယ်ရောင်းတဦးက ဒီနှစ်ဆောင်းရာသီတော့ ကျွန်တော်တို့ အတွက်မဟုတ်ပါဘူး။ အဲယားကွန်း တပ်ဆင်တဲ့ ပြင်တဲ့သူတွေအတွက်ပဲ အလုပ်အကိုင်ကောင်းမယ့် ရာသီပါလို့ ဆိုပါတယ်။
ဂျာနယ်တွေမှာလည်း ကမ္ဘာကြီးပူနွေးလာမယ်၊ ကမ္ဘာကြီး ဒိထက်ပိုစောင်းသွားမယ် ဆိုတဲ့ပြောဆိုချက်တွေဟာ ကောလဟလ မဟုတ်ပါဘူးလို့ ဆိုနေကြပါတယ်။ ကမ္ဘာပူနွေးလာမှုဟာ ရေခဲပြင်တွေ အရည်ပျော်စေပြီး ၀င်ရိုးစွန်းရဲ့ အလေးချိန်တွေ ပြောင်းလဲသွားကာ လည်ပတ်မှု အနေအထား မျှခြေကို ပြောင်းလဲစေပြီး ကမ္ဘာကြီးပိုမို စောင်းသွားမယ်လို့ ခန့်မှန်းတာပါလို့ ရေးသားပြောဆိုနေကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကြီးပူနွေးလာနေတယ် ၊ ကြွပ်ကြွပ်အိတ်တွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဖြစ်စေတယ် လို့ဆိုပြီး မန္တလေးမှာ ကြွပ်ကြွပ်အိတ်မသုံးရလို့ အမိန့်ထုတ်လိုက်ပါလေရော။ အဲ အခုတော့ ရန်ကုန်မှာပါ ကြွပ်ကြွပ်အိတ် မထုတ်လုပ်ရတော့ဘူးလို့ အမိန့်ထုတ်ပြန်ပါပြီ။ သစ်တောတွေ ခုတ်လှဲနေတာ၊ လူမမြင်ရတဲ့ တောတွေတောင်တွေထဲက သစ်ပင်တွေ နေ့စဉ်နဲ့အမျှ ခုတ်လှဲပြီး ရောင်းစားနေကြတာက မြန်မာနိုင်ငံအတွက် ရေရှည်မှာ ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိစေမှာပါ။
အခုနှစ်ကတော့ စက်မှု ထွန်းကားတဲ့ နိုင်ငံတွေက ထုတ်လွှတ်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့တွေကြောင့် ကမ္ဘာကြီးကို ပိုမိုပူနွေးလာနေပြီး ရာသီဥတုတွေ မမှန် မုန်တိုင်းက ဆောင်းရာသီကို ၀င်လို့လဲ မကုန်ဆုံးနိုင်ဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံမှ လူအတော်များများက ရာသီဥတု ပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာ လူတိုင်းနဲ့ သက်ဆိုင်လာနေတယ် ဆိုတာနားလည်လာကြပါပြီ။
မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌကို သစ်တောရေးရာ ၀န်ကြီးက တာဝန်ယူထားပါတယ်
သစ်တောတွေ မပြုန်းတီးရအောင်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ၊ လှုပ်ဆောင်မှုတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေကြပြီလဲ လို့မေးရင် မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌကို သစ်တောရေးရာ ၀န်ကြီးက တာဝန်ယူထားပါတယ်။ သစ်တောခုတ်ခွင့် လက်မှတ်ထိုးနေရတဲ့သူကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီမှာ ဥက္ကဋ္ဌပေးထားတာဟာ လူတွေကို ဖမ်းဆီး တရားစွဲဆိုနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာ လူ့အခွင့်အရေး ကော်မတီမှာ ဥက္ကဋ္ဌလုပ်နေသလိုပါပဲ။ ဆန့်ကျင်ဘက် သဘာဝရှိတဲ့ ရာထူး နှစ်ခုကိုတပြိုင်ထည်း ယူထားစေတာဟာ သူခိုးလက်ထဲ ဘဏ္ဍာတိုက်သော့အပ်ထားသလိုဖြစ်နေသလားလို့ ဆိုရမယ်ထင်ပါတယ်။
လူတွေကို ဖမ်းဆီး တရားစွဲဆိုနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာလူ့အခွင့်အရေးကော်မတီမှာ ဥက္ကဋ္ဌလုပ်နေသလိုပါပဲ
ဒေါ်စုကို လွှတ်မှာလား

Filed under: News Features




