Tin Moe , Moe CHo Thin – A Father and Son Poem

ကဗျာထဲက သားအဖ
တင်မိုး၊ မိုးချိုသင်း
နိုဝင်ဘာ ၁၁၊ ၂၀၀၉

တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လည်း အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။
တကယ်က အဖေက ကဗျာဆရာဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စလို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လည်း ကဗျာတွေ အမျိုးမျိုးစပ်သေးတယ်။
အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။
ကိုယ့်မှာ မောင်လေးတယောက်ရှိခဲ့ဖူးတယ်။ အသက်က တနှစ်ကြီး တနှစ်ငယ်။ အဖေနဲ့ အမေက သားရှင်ပြုချင်တာမို့ သားယောင်္ကျားလေး စောင့်ရင်းနဲ့ သမီးမိန်းကလေးတွေချည်း မွေးလာတာ ၅ ယောက်မြောက်ကျမှ ယောင်္ကျားလေး ရတယ်။ ကိုယ်နဲ့ အထက်အောက် မောင်နှမပေါ့။
တယောက်တည်းသော သားယောင်္ကျားလေးဆိုတော့ ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ သားမျက်နှာတချက် အညိုမခံခဲ့ဘူး။ နောက်ပြီး သားကလည်း အဖေနဲ့ စရိုက်လုံးလုံး မတူဘူး။ အဖေ့လို ကဗျာစပ် နူးနူးညံ့ညံ့ မနေချင်ဘူး။ ဒေးဗစ်ချန်းကို ကြိုက်တယ်၊ ဘရုစ်စလီကို အထင်ကြီးတယ်၊ လက်တွေ့ကိုပဲ ပြောဗျာ၊ စိတ်ကူးမယဉ်ချင်ဘူးဆိုတဲ့ လူမျိုး။
အဲဒီတော့ အစွန်းတဖက်စီမှာ ရပ်နေကြတဲ့ သားအဖအကြောင်း အဖေက ဒီလို ကဗျာစပ်ခဲ့တယ်။ ဖတ်ကြည့်ပါအုံး။

၁၆နှစ်သားနဲ့ စကားပြောခြင်း



သား…
ကျနော့်စကား
မမှားမှန်း သူသိတယ်။
သူ နားမထောင်ချင်ဘူး
ကျနော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ်။
ခေတ်စကားနဲ့ ခေတ်တရားကိုပဲ
သူ နားထောင်မယ်။


သား..
ကျနော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ်။
ဒါပေမဲ့
သူ့နားမှာ မ၀င်ဘူး။
ကျနော့်စကားနဲ့ သူ့ နား
ခေတ်တွေ ခြားခဲ့ပြီ။
သူ့ခေတ် သူ့အကြောင်းနဲ့
ကျနော့်ခေတ် စကားဟောင်း
နားပြောင်းပြန် ဖြစ်နေတယ်။


သား…
ကျနော့်စကား
အဆင်တန်ဆာ များတယ် လို့ ထင်တယ်။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာပါပဲ။
မေတ္တာအပြုံးဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ။
သား အရှုံးမပေးနိုင်ဘူး၊
နှလုံးမအေးနိုင်ဘူး။
အမုန်းသွေးကြွနေတယ်။
သားဟာ ဒေးဗစ်ချန်း
သားဟာ စူပါမင်း
သားဟာ ရမ္ဘုိ
သားဟာ….။


ယဉ်ကျေး ပျူငှာမှုတွေဟာ
အလိမ် အတုတွေပဲ။
စကားလုံး ၀ါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ။
ဖေဖေတို့လူကြီးတွေဟာ
လိမ်တယ် ကောက်တယ်။
အခွင့်အရေး တမူးတပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ်။
သား လူကြီးတွေနဲ့ မနေချင်ဘူး။
သား သိုင်းသမားတွေနဲ့ နေမယ်။
တန်ခိုးရှင်တွေနဲ့ နေမယ်။
သူရဲကောင်းတွေနဲ့ နေမယ်။
သား စကားမပြောချင်ဘူး။
ဖေဖေဟာ သားကို ချစ်မှန်း သိပါတယ်။
သားကိုချစ်သလောက်
တရားကိုကော ချစ်ပါသလား။


အလို..ဗုဒ္ဓေါ
မလွယ်ကြောပါလား။ ။

တင်မိုး
၂၅-၃-၁၉၈၈


လူကြီးနဲ့ လူငယ်ရဲ့ မေတ္တာနဲ့ ယှဉ်တဲ့ ပဋိပက္ခကို ဒီကဗျာမှာ အထင်းသားတွေ့ရမှာပါ။ နောက် ကိုယ့်မောင်လေး အသက်လေးရလာတော့ လူကြီးဆန်ပြီး ရင့်ကျက်လာ၊ မေတ္တာရဲ့ တန်ဖိုးကို သိတတ်လာ၊ နောက်..တရပ်တကျေးမှာ ပင်လယ်ခရီးသွားပြီး အလုပ်လုပ်ရရှာတယ်။ အဲဒီအခါ မိဘအရိပ်ကို သူတမ်းတ ရှာတယ်။ သူ ပြန်လာချင်တယ်။ အဲဒီအခါ အဖေကလည်း သားကို ဒီလို ကဗျာလေးစပ်ပြီး ပို့ပေးခဲ့ပြန်ပါတယ်။

သားအတွက် အဖေ့အိမ်

ကိုယ့်အသွေးထဲက သား
ပင်လယ်ရပ်ခြားက သူ့စကားဟာ
ခွန်အားအဖြစ် နားထဲဝင်သွားတယ်။

စကားသံမှာ
ကာရန်တွေနဲ့ လှပြီး
ရသတွေနဲ့ ထုံမွှန်းနေတယ်။

ကိုယ့်မြေပေါ်မှာ ပြန်လည်ခြေချဖို့
မြေ ၁၀ လက်မခန့် လိုပေလိမ့်မယ်။

ဖခင်ရဲ့  ၅ ပေ ၄ လက်မခန့် ကိုယ်အလျား
တံတားအဖြစ် အသုံးဝင်ခဲ့ရင်
အဆင်သင့်ပါပဲ လူကလေးရဲ့..။

အဖေ့အိမ်တံခါး ပွင့်နေပြီ။

ခြေသံဖွဖွ၊ ရယ်သံလှလှနဲ့
တံတားပေါ်က လျှောက်ခဲ့ပါတော့။ ။

တင်မိုး
၉-၁၁-၉၅


အဖေက ဘယ်လောက်ပဲ တံတားခင်းပေးချင်ပေမယ့် သားကတော့ သေမင်းခင်းပေးတဲ့ လမ်းကို ဖြောင့်ဖြောင့်ကြီး သွားနှင့်ခဲ့ပြီ။ ကိုယ့်မောင်လေး ဥာဏ်မိုး ၂၀၀၁ ခု နိုဝင်ဘာ ၁၀ ရက် မှာ ပင်လယ်ရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း ဆုံးရှာတယ်။ ဒီနေ့ဆို သူ ခွဲခွာသွားခဲ့တာ ၁၀နှစ် တင်းတင်း ပြည့်ခဲ့ပြီ။
သားကို ချစ်တဲ့ အဖေလဲ သား နောက် လိုက်သွားခဲ့ပြန်ပြီ။ ပထမဆုံး အမေ..၊ နောက် မောင်လေး..၊ နောက် အဖေ..။ သိပ်ချစ်ကြတဲ့ သူတို့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ်လို့ ကျန်ရစ်တဲ့ ကိုယ်တို့ညီအမတတွေ ယုံကြည်နေမိပါတယ်။

(ထုံးစံအတိုင်း … မိုးချိုသင်းဘလောဂ့်က ယူပါတယ်)

Leave a Reply

You must be logged in to post a comment.