Golden Anniversary of U Tin Oo and His Wife held at NLD Headquarter

အကျယ်ချုပ်ကျနေသည့် အတိုက်အခံခေါင်းဆောင်

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးနှင့် ဇနီး ရွှေရတု အဖွဲ့ချုပ်တွင် ကျင်းပ

မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၃၊ ၂၀၀၉

ယနေ့နံနက်က အင်န်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် ပါတီခေါင်းဆောင် ဦးတင်ဦးနှင့် ဇနီး ဒေါက်တာတင်မိုးဝေတို့၏ ရွှေရတုမင်္ဂလာအထိမ်းအမှတ် ဆွမ်းကျွေးကို ကျင်းပရာ ပါတီဝင်များ၊ မိသားစုများ မိတ်ဆွေများ တက်ရောက်ကြသည်။

ဦးတင်ဦးသည် ၂၀၀၃ မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စစ်အုပ်စုလက်ပါးစေများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ ၂၀၀၄ နှစ်ဆန်းအထိ စစ်ကိုင်းတိုင်း၊ ကလေးထောင်တွင် အကျဉ်းချခံခဲ့ရပြီး ထို့နောက် ရန်ကုန်ရှိ နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးခြင်း ယခုအထိ ခံထားရသည်။
ယခု အင်န်အယ်ဒီပါတီ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့က စစ်အုပ်စုနှင့် ပြန်လည် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်လာကြစဉ် တပ်မတော်၏ ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးနှင့် တွေ့ဆုံခွင့်ပြုရန် ဒေါ်စု၏ တောင်းဆိုမှုကို စစ်အုပ်စုက ပယ်ချထားခဲ့သည်။
၁၉၈၈ စက်တင်ဘာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်န်အယ်ဒီပါတီ ထူထောင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော အတိုက်အခံခေါင်းဆောင်များအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ယခင်တပ်မတော်ခေါင်းဆောင်ဟောင်းကြီးများဖြစ်ကြသော ဦးတင်ဦးနှင့် ကွယ်လွန်သူ ဦးကြည်မောင် တို့ကို မြန်မာပြည်သူလူထုက အထူး ချစ်ခင်ပြီး အားပေးထောက်ခံမှုများ ပြသခဲ့ကြသဖြင့် စစ်အုပ်စုက ၎င်းတို့ကို အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။
(ဓာတ်ပုံ – မိုးမခ၊ ပရိသတ်အလည်တွင် တွေ့ရသည့် အမျိုးသမီးကြီးမှာ ဦးတင်ဦး၏ ဇနီးသည် ဒေါ်တင်မိုးဝေ ဖြစ်ပါသည်)

Leave a Reply

You must be logged in to post a comment.