ကမ်းလက်များဆီ
ဂေါ်ရှယ်
နိုဝင်ဘာ ၁၄၊ ၂၀၀၉
လူတိုင်းက ကမ္ဘာကြီးတခုလုံး လှပစေချင်ကြတာချည်းပါပဲ …။ ကမ္ဘာကြီးတခုလုံး လှပအောင် မလုပ်ဆောင်နိုင်ပေမယ့် ပန်းလေးတပွင့် ပွင့်အောင်တော့ လုပ်ပေးနိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ နယ်စပ်တောရွာလေးမှာ ကျောင်းဆရာမ ဝင်လုပ်ခဲ့တယ် …။ ကလေးတွေကို “စာ” သင်ပေးတာ တမျိုးထဲ မဟုတ်ဘဲ၊ ကိုယ်သိတဲ့ တွေ့ကြုံခဲ့ဖူးတဲ့ ဗဟုသုတလေးတွေပါ ပြောပြရင်း နွေးထွေးတဲ့ မေတ္တာပါပေးရင်း ကလေးတွေရဲ့ ဘဝနဲ့ စိတ်ခံစားချက်တွေကိုပါ နားလည်ပေးရတယ်။
ကိုယ်စာသင်ပေးရတဲ့ ကလေးတွေကိုပဲ မေတ္တာထားတာမျိုးသာမက လက်လှမ်းမီသမျှ ကလေးတွေ၊ သားသမီးရဲ့ အတန်းဖော်သူငယ်ချင်းေ တွရဲ့ ဘဝနဲ့ ခံစားချက်ကိုပါ မျှဝေ ပေးခဲ့ရတယ်…။
တနေ့တော့ သမီးလေးက
“မေမေ … သမီးသူငယ်ချင်းလေ ဘာဖြစ်မှန်းကို မသိဘူး၊ စာလည်း မရဘူး၊ စာလည်း မလုပ်ဘူး၊ စာလည်း စိတ်မဝင်စားဘူး၊ တမှိုင်မှိုင်နဲ့ …”
“မေးကြည့်ပေါ့ သမီးရယ်။ သူ့မှာ ဘာအခက်အခဲတွေ ရှိလဲ။ သူ ဘာတွေဖြစ်နေလဲပေါ့ …”
နောက်တနေ့ ၊ သမီးဆီက ကြားလိုက်ရတာကတော့ -
“ငါလေ ရွာမှာ ကျောင်းမနေနိုင်ဘူး။ ဒီမှာ ကျောင်း အလကားတက်ရလို့ ငါ လာနေရတာ။ အခု ငါ ရွာပြန်ရတော့မယ်။ စစ်သား ပြန်လုပ်ရတော့မှာ။ ငါ မလုပ်ချင်ဘူးဟာ။ ငါ ကျောင်းတက်ချင်တယ်။ ငါ မပြန်ချင်ဘူး။ ဒါပေမယ့် ငါ မပြန်လို့လည်း မဖြစ်ဘူး။ ငါမပြန်ရင် ငါ့ညီက ငါ့ကိုယ်စား ဝင်ပေးရမှာ။ ငါ့အဖေကို ဒုက္ခပေးကြမှာ။ ငါ ဘယ်လိုမှ မပျော်ဘူးဟာ။ ငါလေ … …. …”
စသည်ဖြင့် ပြန် ကြားရပါတော့တယ်။
ဒီကလေး တယောက်ထဲ ဒီလိုသောကတွေကို ခံစားနေရတာ မဟုတ်ပါဘူး။ ကလေးတွေ လူငယ်တွေ ဒုနဲ့ ဒေး ပါပဲ။ ဆယ်ကျော်သက် ကလေး၊လူငယ်တွေ၊ လတ်ဆတ်နေရမယ်၊ ပျော်ရွင် တက်ကြွနေရမယ်၊ အနာဂတ်ကို လှပစွာပုံဖော်နေရမယ့်အစား … ကလေးတွေ အားငယ်နေကြရတယ်။ စိတ်ဓာတ်ကျနေကြတယ်။ ဦးနှောက်နဲ့ နှလုံးသား အကျဉ်းချထားခံ နေရတယ်။
ဆိုးရွားတဲ့ ဒီ အခြေအနေက လွတ်မြောက်ချင်နေကြပြီ။ ကူညီပေးမယ့်သူ၊ ကယ်ထုတ်ပေးမယ့်သူတွေကို ငံ့လင့်နေကြတယ်။ လက်ကမ်းနေကြတယ်။
“ကမ်းလက်များ ဆီသို့ …”
Filed under: Contemporary Experience


