RSS

Po Jan – Haiti Earth Quake and Burma – how ready are they

14 Jan

၇ မဂ္ဂနီကျု ပြင်းအားရှိ ငလျင် နှင့် ဟေတီပြီးတော့ မြန်မာပြည်မှာ အဆင်သင့် ဖြစ်ပြီလား
ဖိုးဂျံ
ဇန်န၀ါရီ ၁၄၊ ၂၀၁၀

ဟေတီစံတော်ချိန် ယမန်နေ့ညနေ ၅ နာရီ ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြီးတခုက အတ္တလံတိတ်ပင်လယ်၊ အမေရိကတိုက်ရှေ့၊ ကျူးဘားကျွန်းဆွယ်အနီး ဟေတီ ကျွန်းနိုင်ငံကို တိုက်ခိုက်သွားပါတယ်။ တော်လည်သံကြီးမြည်ဟီးပြီးတော့ မြေပြင်တခုလုံး သွက်သွက်ခါကာ လှိုင်းများသဖွယ် လှုပ်ခါချလိုက်ပြီးနောက်မှာ အဆောက်အဦတွေ၊ တောင်တွေ၊ မြေတွေ ပြိုပြီး လူပေါင်း သောင်းချီပြီး ပျောက်ဆုံးတယ်၊ သေကြေကုန်တယ်လို့ သတင်းများက ဆိုပါတယ်။

ကမ္ဘာအဆင်းရဲဆုံးနဲ့ နိုင်ငံရေးမတည်ငြိမ်ဆုံး တိုင်းပြည်တခုဖြစ်တဲ့ ဟေတီမှာ အခုလို သဘာဝဘေးကပ်ဆိုးကြီး ကျရောက်လိုက်တဲ့အတွက် ကမ္ဘာတ၀ှမ်းက လူတွေ၊ အစိုးရတွေက ၀ိုင်းဝန်းကူညီကြဖို့လိုမယ်လို့ နိုင်ငံတကာအဖွဲ့တွေ ၊ ခေါင်းဆောင်တွေက ပြောကြားတိုက်တွန်းလိုက်ပါတယ်။ ဟေတီမှာ လူဦးရေ ၉ သန်း ရှိပြီး ၈၀ % က ဆင်းရဲမှုပေတံအောက် ရောက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ဂျာနယ်သတင်းများအဆိုအရ ၎င်းနီးပါးပြင်းထန်သော ငလျင်ကြီးများလှုပ်နိုင်သည့် ဇုံတွင်ကျရောက်နေကြောင်း၊ စိုးရိမ်စရာအခြေအနေသို့ မရောက်သေးကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

( http://ezine.mywebdigest.net/spgm/index.php?spgmGal=MMK-Journals/2010/January&spgmPic=26#spgmPicture )

တိုက်တိုက်ဆိုင်ဆိုင် အဲသည်သတင်းကောက်နုတ်ချက်ကို ဖော်ပြပြီး မကြာခင်မှာ အခုလို ဟေတီတိုင်းပြည်မှာ အဆင့် ၇ ရှိ ငလျင်ကြီး လှုပ်လိုက်တာကို ဆက်စပ်ပြီးတော့ မြန်မာပြည်က ငလျင်ဒဏ်ကို ခံနိုင်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ မေးခွန်းကို မိတ်ဆွေတွေ နီးစပ်သူတွေနဲ့ မေးကြည့်မိတာကို တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ပထမ ထောက်ပြချက်ကတော့ – အဲသည်ဂျာနယ်သတင်းမှာ ရေးထားတဲ့ “မြန်မာပြည်ဟာ ပြင်းထန်တဲ့ငလျင်ဇုံမှာ ကျနေတယ်၊ စိုးရိမ်စရာတော့ မလိုသေးဘူး …” လို့ ပြောတာက အစိုးရထုတ်ပြန်ချက် မဟုတ်ဘဲ အစိုးရမဟုတ်တဲ့အဖွဲ့ “မြန်မာနိုင်ငံ မြေငလျင်ကော်မတီ” က ပြောကြားတာ ဖြစ်တယ်ဆိုတာပါ။ ဂျာနယ်မှာ “မြန်မာနိုင်ငံ × × × ကော်မတီ” လို့ ဆိုလိုက်တော့ အစိုးရအဖွဲ့လို့ ယူဆချင်စရာ ဖြစ်သွားတယ်နဲ့ တူတယ်လို့ စာဖတ်သူတဦးက ပြင်ဆင်ပေးပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီဆိုတာက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နဲ့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ပေါင်းဖွဲ့ထားတဲ့ သုတေသနအဖွဲ့အစည်းပါလို့ ၎င်းက ဆက်ပြီး ထောက်ပြပါတယ်။

ဒုတိယထောက်ပြချက်ကတော့ – မြေငလျင်ငယ်တွေ မြန်မာပြည်မှာ အမြဲလှုပ်နေတယ်၊ ငလျင်ကြီးလှုပ်ဖို့ စိုးရိမ်စရာ ရှိသလားဆိုတဲ့မေးခွန်းကို ဂျာနယ်မှာ ဖြေသွားတာကို သေချာဖတ်ကြည့်မယ်ဆိုရင် ငလျင်ငယ်လေးတွေ လှုပ်တာတွေ အကြိမ်များလာရင် အင်အားကြီးငလျင်ဖြစ်ပေါ်လာရန် အလားအလာများတယ်၊ ဒါပေမယ့် အတိအကျပြောလို့ မလွယ်ဘူး။ ခန့်မန်းတွက်ချက်ရတာလို့ ဖြေထားတာပါတဲ့အတွက် – ပြည်တွင်းစာစောင်မှာ အစွန်းတွေ လွတ်အောင် (မျက်စောင်းတွေ၊ ဆင်ဆာတွေလွတ်အောင် ရှောင်ပြီးတော့) စာဖတ်သူကို သတိပေးထားတဲ့ သဘောပါနေတယ် လို့လဲ မိတ်ဆွေတဦးက ရှင်းပြပြပေးပြန်ပါတယ်။

တတိယ ထောက်ပြချက်တခုကတော့ – သုတေသနပညာရှင်တဦးအနေနဲ့ အလွတ်သဘော ပြောရရင် ဆိုပြီး မိတ်ဆွေတဦးက ဖြည့်စွက်ပေးရာမှာ – မြန်မာနိုင်ငံက သဘာဝဘေးဒဏ်ကို ကာကွယ်ရန်၊ ရင်ဆိုင်ရန် အစီအမံများဆိုတာကို ဆောင်ရွက်သင့်တယ်။ လူထုကို အသိပေးသင့်တယ်လို့ ဆိုပါတယ်။ အခုချိန်မှာ မြန်မာပြည်မှာ အင်အားကြီးငလျင်တခုသာ လှုပ်လိုက်ရင် နာဂစ်မုန်တိုင်းထက် ဆိုးနိုင်ပါတယ် တဲ့။ ငလျင်ဆိုတာက မုန်တိုင်းနဲ့ ဒီရေတွေ ဒီလှိုင်းတွေလို လူကို တိုက်ရိုက်သတ်မပစ်သော်ငြား၊ သူ့ကြောင့် ပျက်စီးသွားတဲ့ လူလုပ်တဲ့အဆောက်အအုံတွေက လူကိုသတ်တာ ဖြစ်တာကြောင့် မြန်မာပြည်မှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ရှိဖို့၊ စစ်ဆေး ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ် လို့ သူက ပြောပြပါတယ်။

“လူနေအိမ်တွေသာ မကဘူး၊ လျပ်စစ် ဓာတ်အား၊ ဆက်သွယ်ရေး၊ လမ်းပန်းနဲ့ အခြေခံလမ်းကြောင်းတွေ၊ အသက်ကယ်ဆယ်ရေး၊ ကူညီရေး၊ အရေးပေါ်လမ်းကြောင်းတွေ မပျက်အောင်၊ မပြတ်တောက်အောင် လုပ်နိုင်ဖို့လည်း လိုပါတယ်။ မြို့ကြီးတွေမှာ ၃ ထပ်နဲ့ အထက် တိုက်တွေရဲ့ ခံနိုင်ရည်ကို စစ်ဆေးဖို့ ကြည့်ကြပ်ဖို့ လိုပါတယ်။ သုတေသနပညာရှင်က ပြောရုံပဲ တတ်နိုင်ပါတယ်။ လုပ်ပိုင်ခွင့်ရှိသူတွေ၊ ပြည်သူတွေက အကောင်အထည်ဖော်ဖို့၊ နားထောင်ဖို့ လိုပါတယ်” လို့ ၎င်းက အီးမေးထဲကနေ ဖြေကြားလိုက်ပါသေးတယ်။

ကယ်လီဖိုးနီးယား၊ ဘေးဧရိယာ၊ ဆန်ဖရန်စစ္စကိုက ကျောင်းတွေ၊ အလုပ်တွေမှာကတော့ မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ ရေဘေး ကာကွယ်ရေး အစမ်းလေ့ကျင့်ခန်းတွေကို အခါအားလျော်စွာ လေ့ကျင့်နေကျဖြစ်လို့ ကျနော်တို့လူကြီးတွေက ငလျင်လှုပ်လို့ အော်ဟစ်ပြေးလွှား ခုန်ပေါက်နေချိန်မှာ ကလေးတွေက စားပွဲအောက်တို့၊ တံခါးဘောင်အောက်တို့မှာ အကာအကွယ်ယူတာ၊ နေအိမ်အပြင်ကို ပြေးထွက်တာတို့ကို လုပ်တတ်နေပြီ။ အဆင်သင့် အကျင့်ရှိနေကြတယ်” လို့ မိုးမခ၀ိုင်းတော်သားတဦးက ၀န်ခံသွားပါသေးတယ်။

တလက်စတည်း ဟောဒီမှာ မြန်မာတို့အတွက် ငလျင်ပညာပေးစာစောင်လေးကို အင်တာနက်တဆင့် ပြန်လည် ဖြန့်ဝေဖောက်သည်ချလိုက်ပါတယ်။ ဒီမှာ ယူဖတ်ပါ။

http://www.scribd.com/doc/25176156/Living-With-Earthquakes-Rv51

နိဂုံးအနေနဲ့ နောက်ထပ်မိတ်ဆွေတဦးက ပြောသွားတာကတော့ – ငလျင်ဘူမိဗေဒ ရှုထောင့်ကပြောရရင်တော့ ခုလိုငလျင်ကြီးမျိုး မြန်မာပြည်ရဲ့ သက်ဆိုင်ရာအပိုင်းတွေမှာ မနက်ဖြန်ကစပြီး အချိန်မရွေးဖြစ်နိုင်ပါတယ် … တဲ့။ အင်း … ပုံထဲက အဆိုအရ နေပြည်တော်က ၅.၅ အဆင့် ငလျင်လှုပ်ဖို့ အဆင်သင့် ဖြစ်နေပုံပါပဲ။ ဥမင်လှိုင်ခေါင်းတွေနဲ့ ဆိုရင်တော့ ပိုစိုးရိမ်ရမယ်နဲ့ တူပါတယ်။

 
Leave a comment

Posted by on January 14, 2010 in News Features

 

Leave a comment