RSS

Shwe Pyi Soe – World celebrates her birthday without her

16 Jul

ကမ္ဘာကျော် မွေးနေ့ရှင်

ရွှေပြည်စိုး

ဇူလိုင် ၁၆၊ ၂၀၁၀

(သက်ရှိထင်ရှားနေဆဲ မွေးနေ့ရှင် မပါဘဲနဲ့ တကမ္ဘာလုံးက လူသားတွေ ဆယ်စုနှစ်တခုကျော် နေရာဒေသအသီးသီးမှာ နှစ်စဉ် ကျင်းပကြတာမျိုး အခု ၂၁ ရာစုသစ်မှာ ဘယ်သူကြုံဖူးသလဲ။)

မွေးနေ့ဆိုတာ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး သူ့အနေအထားနဲ့သူ ကျင်းပတတ်ကြပါတယ်။ ကျင်းပတဲ့နေရာမှာလည်း မွေးနေ့ရှင်ကိုယ်တိုင်က ကျင်းပတာ အလွန်နည်းပါတယ်။ မိသားစုထဲက (သို့) ဆွေမျိုးသားချင်းထဲက (သို့) ခင်မင်ရင်းနှီးသူတွေက ကျင်းပပေးတာ များပါတယ်။ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ချစ်ခင်ကြည်ညို လေးစားအပ်တဲ့ ဂုဏ်သိက္ခာပေါ် မူတည်ပြီး ကြီးကျယ်ခန်းနားမှု ကွဲပြားခြားနားတတ်ပါတယ်။ ချစ်ခင်ကြည်ညို လေးစားခံရမှု များလေလေ ကြီးကျယ်ခန်းနားကျယ်ပြန့်မှု များလေလေ ဖြစ်ပါတယ်။

အခုပြောမယ့် ကမ္ဘာကျော် မွေးနေ့ရှင်ဆိုသူဟာ ကမ္ဘာတ၀န်းက ဂုဏ်ပြုချီးကျူးပြီး ကျင်းပပေးခြင်းခံရတဲ့ မွေးနေ့ရှင် ဖြစ်ပါတယ်။ ထိုသူကတော့ ကမ္ဘာမှာ တဦးတည်းသော အာရှတိုက်သား မြန်မာပြည်ဖွား ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒီနှစ် ဒေါ်စုရဲ့ ၆၅-နှစ်မြောက် မွေးနေ့မင်္ဂလာဟာ ရာစုနှစ်ဝက်အတွင်းမှာ ပထမဆုံးအကြိမ် အကြီးမား အကျယ်ပြန့် အထူးခြားဆုံးသော မွေးနေ့ဖြစ်တာ တွေ့ရပါတယ်။ တချိန်က “နေမ၀င်နိုင်ငံ” အဖြစ် ကမ္ဘာက အသိအမှတ်ပြုခြင်းခံရတဲ့ အင်္ဂလန်နိုင်ငံက ဘုရင်မကြီး အယ်လီဇဘက် (Queen Elizabeth II ) ရဲ့ မွေးနေ့၊ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးများရဲ့ သမတ, ၀န်ကြီးချုပ် စသူတွေရဲ့ မွေးနေ့မင်္ဂလာ ပွဲများကတောင် ဒေါ်စုရဲ့ မွေးနေ့လောက် မကြီးမား မကျယ်ပြန့်ပါဘူး။

ဒီနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲဟာ ဘယ်လောက်များပြား ကျယ်ပြန့်လည်းဆိုရင် ကမ္ဘာ့တိုက်ကြီး ၇-တိုက်အနက် တိုက်ကြီး ၆-တိုက် (အာရှတိုက်၊ အာဖရိကတိုက်၊ တောင်အမေရိကတိုက်၊ မြောက်အမေရိကတိုက်၊ ဥရောပတိုက်၊ နဲ့ သြစတြေးလျတိုက်) ရှိ နိုင်ငံပေါင်း နှစ်ဆယ်ခန့်က နိုင်ငံခေါင်းဆောင်ကြီးတွေ (လက်ရှိနဲ့အဟောင်း) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တွေ (လက်ရှိနဲ့အဟောင်း) ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကြီးတွေ၊ ထင်ရှားတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ အခြားထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဒေါ်စုမွေးနေ့ ကျရောက်တဲ့ ဇွန်လ ၁၉-ရက်နေ့မှာ သ၀ဏ်လွှာပို့ကြ၊ နှုတ်ခွန်းဆက် ဂုဏ်ပြုစကား ပါးကြ၊ ဆုတောင်းမေတ္တာပို့စကား ပြောကြ၊ ထောက်ခံအားပေးစကား ပြောကြပါတယ်။ တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ ၂၀၁၀-အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တောင်းဆိုကြပါတယ်။

အလားတူ ပြည်တွင်းရှိ မြန်မာများနဲ့ နိုင်ငံတကာရောက် မြန်မာများကလည်း ဒေါ်စုရဲ့ အသက် ၆၅-နှစ်မြောက်မွေးနေ့ကို နည်းမျိုးစုံနဲ့ ကျင်းပကြပါတယ်။ တချို့က ပျော်ပွဲရွှင်ပွဲ သီဆို ကခုန်ပွဲနဲ့တွဲ၍၊ တချို့က ဟောပြောပွဲ စကားရည်လုပွဲ၊ ဆုပေးပွဲနဲ့တွဲ၍၊ တချို့က စည်းဝေးပွဲ၊ ဆွေးနွေးပွဲ ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ တောင်းဆိုပွဲများနဲ့ တွဲ၍၊ တချို့က လူစုလူဝေးနဲ့ နအဖ သံရုံးရှေ့ ချီတက်ပြီး ဆန္ဒပြပွဲနဲ့တွဲ၍ ကျင်းပကြပါတယ်။

ဒေါ်စုမွေးနေ့မင်္ဂလာပွဲ ကျင်းပသူတိုင်းရဲ့ တူညီသောအချက်မှာ-

၁။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်းပြီး သက်တော်ရာကျော် ရှည်စေရန် ဆုတောင်းမေတ္တာပို့သခြင်း။

၂။ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် နအဖကို တောင်းဆိုခြင်း။

၃။ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုခြင်းများ ဖြစ်ပါတယ်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလောက် ကြည်ညိုလေးစား ချစ်ခင်ကြတာလဲ

ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာတ၀န်းက ချစ်ခင်ကြည်ညို လေးစားကြခြင်းမှာ ဒေါ်စုဟာ ပညာအရည်အချင်း ပြည့်စုံထက်မြက်ပြီး နိုင်ငံတကာ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အားနွဲ့သူ မိမ္မသားဖြစ်ပေမယ့် နအဖ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်မှူးကြီးတွေထက် အစစအရာရာ များစွာသာလွန်တယ်။ ပမာအားဖြင့် အမျှော်အမြင်ကြီးခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ စွန့်စားခြင်း၊ စည်းစိမ်ဥစ္စာ သာမက ခင်ပွန်း သားများကို စွန့်လွှတ်ခြင်းအပြင် သူ့အသက်ကိုပါ စွန့်လွှတ်ရန် ဆုံးဖြတ်ထားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း အပင်ပမ်း အဆင်းရဲ အနစ်နာခံခြင်း ပြောပြီးစကား ပေးပြီးကတိတည်မြဲခြင်း၊ အနိုင်မခံ အရှုံးမပေးသောစိတ်ဓာတ် ရှိခြင်း၊ ဇွဲလုံ့လ ၀ီရိယ ရှိခြင်း၊ ယုံကြည်ချက် ဆုံးဖြတ်ချက် တိကျခိုင်မာပြတ်သားခြင်း၊ ထိုးထွင်းဉာဏ် ကောင်းခြင်း၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာရှိခြင်း၊ ပြည်သူများအပေါ် မေတ္တာ ကရုဏာဖြင့် လူသားချင်း စာနာစိတ်ရှိခြင်း၊ —-စတဲ့ ခေါင်းဆောင်ကောင်းတို့မှာရှိအပ်တဲ့ အရည်အချင်း လက္ခဏာများနဲ့ ပြည့်စုံခြင်းတို့ကြောင့် ဖြစ်သည်။

နိုင်ငံခေါင်းဆောင်ကြီးများရဲ့ မေတ္တာထားရှိပုံများ

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅-နှစ်ပြည့်တဲ့ ဇွန်လ ၁၉-ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း-က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းရင်း ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ယခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်စေရန် အမြန်ဆုံး လွှတ်ပေးဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုဘားမား-က ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅-နှစ် ပြည့်မြောက် မွေးနေ့မှာ ဆုမွန်ကောင်းတောင်းရင်း ဒေါ်စုရဲ့စိတ်ဓာတ် ခိုင်မာပြတ်သားမှု၊ သတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို ထုတ်ဖော်ချီးကျူးတဲ့အပြင် ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ ၄င်းတို့အားလုံးကို မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ ကြီးပွားတိုးတက်တဲ့၊ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံ ထူထောင်ရေးမှာ ပါဝင်ခွင့်ပေးရန် ၄င်းရဲ့သ၀ဏ်လွှာတွင် ထည့်သွင်းတောင်းဆိုထားပါသည်။

(ခေတ်ပြိုင် ၂၀၁၀-၆-၁၉)

အလားတူ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အမေရိကန်အမျိုးသမီး ဆီးနိတ်အမတ်များက ကြေညာချက်တစောင်ထုတ်ပြီး ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဒေါ်စုနဲ့တကွ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်အမျိုးသမီး အမတ်များ အတူရှိနေကြောင်း ဖော်ပြထားပါတယ်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၉)။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၅-နှစ်မြောက် မွေးနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron-ကသ၀ဏ်လွှာတစောင် ပေးပို့ရာမှာ ဒီမွေးနေ့ အခါသမယမှာ တကမ္ဘာလုံးက ပြည်သူတွေနဲ့အတူ သူနဲ့ဗြိတိန်တနိုင်ငံလုံးက ပြည်သူတွေရဲ့ အတွေးစိတ်ဟာ ဒေါ်စုနဲ့အတူတကွ ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဟောင်း  Gordon Brown လိုပဲ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားပြီး မြန်မာအရေး စိတ်ဝင်တစား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရနဲ့ ဒေါ်စုရဲ့ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အနာဂတ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အပြည့်အ၀ ခံစားလာနိုင်တဲ့အထိ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို နှစ်နိုင်ငံချင်းလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။ (အာအက်ဖ်အေ ၂၀၁၀-၆-၂၀)။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး  William Hugue-ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။( ဒွီဗီဘီ ၂၀၁၀-၆-၁၈)။

တောင်ကိုရီးယားဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့သ၀ဏ်လွှာတစောင် ပေးဖို့ခဲ့ပါတယ်။ (အာအက်ဖ်အေ ၂၀၁၀-၆-၂၀)။

လန်ဒန်မြို့ထုတ် နာမည်ကြီး ဂါးဒီးယာန်းသတင်းစာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှားပါးဓာတ်ပုံတွေကို ဒေါ်စုမွေးနေ့ အမှတ်တရအဖြစ် ဖော်ပြထားပါတယ်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၈)။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown-ဟာ ရာထူးက နုတ်ထွက်မည့်နေ့တွင် ဒေါ်စုထံ စာတစောင် ရေးသားပေးပို့ရာတွင် မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးပါမယ်။ ခင်ဗျားကို တတ်နိုင်သမျှအားလုံး ထောက်ခံသွားမယ်။ ခင်ဗျားနဲ့ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော်တိုက်ပွဲဝင်သွားမယ်-လို့  ဖော်ပြထားတယ်။ (ဧရာဝတီ ၂၀၁၀-၅-၂၈)။

ဥရောပသမဂ္ဂ (အီးယူ) မြန်မာ့အရေး ပါလီမန်အမတ်များအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု မရှိနိုင်သလို အဲဒီကနေ ထွက်လာမယ့် ပါလီမန်ဟာလည်း လွတ်လပ်တဲ့ပါလီမန်ဖြစ်မှာမဟုတ်ဘူး-လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ – theelders.org)

“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။

ငြိမ်းချမ်းရေးနိုင်ဘယ်လ်ဆုရှင် နယ်ဆင်မန်ဒဲလား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ အမေရိကန်သမတဟောင်း ဂျင်မီကာတာ၊ ခရစ်ယန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူး …စတဲ့ ၀ါရင့် ကမ္ဘာ့ခေါင်းဆောင်ကြီးများ ပါဝင်တဲ့ The ELDERS အဖွဲ့က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့မှာ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ သြဇာတိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည့် The Elders အဖွဲ့ကို တောင်အာဖရိက သမတ နယ်ဆင်မန်ဒဲလားက ၂၀၀၇-ခုတွင် စတင်တည်ထောင်ခဲ့သည်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၈)။

ဘက်တီဝီလီလျံ၊ ဂျိုဒီဝီလျံတို့ ဦးဆောင်ပြီး အခြားနိုင်ဘယ်လ်ဆုရှင် အမျိုးသမီး ၆-ဦးပါဝင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုင်ဘယ်လ်ဆုရှင် အမျိုးသမီးအဖွဲ့က ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀-ကျော်ကို ဖမ်းထားတဲ့ စစ်အစိုးရကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ကြပါတယ်။ (ဒီဗွီဘီ ၂၀၁၀-၆-၁၉)။

(ဒေါ်စုအပါအ၀င် အမျိုးသမီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် စုစုပေါင်း ၉-ယောက် ရှိပါတယ်။)

တသီးပုဂ္ဂလိက ချီးကျူးကြ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ ပြုစုရေးသားသူ Mr.Benedict Rogers နဲ့ RFA မှ ဒေါ်နန်းခမ်းထွေးတို့ အမေးအဖြေကဏ္ဍထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သန်းရွှေထက်ငယ်တယ်။ အမျိုးသမီးလည်း ဖြစ်တယ်ဆိုတော့ သူ့စကား နာခံရမယ်ဆိုတဲ့ သဘောမျိုး သန်းရွှေက ယူဆထားပုံရတယ်။ တဘက်ကလည်း ဒေါ်စုကို ကြောက်ရွံ့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာမရှိတဲ့ အရည်အချင်းတွေအားလုံး ဒေါ်စုမှာရှိနေလို့ပါပဲ။ ဒေါ်စုဟာ နိုင်ငံတကာရေးရာကို သိကျွမ်းနာလည်သူ၊ အတွေ့အကြုံများပြီး ခေတ်နဲ့ရင်ဘောင်တန်းနေတဲ့ ပညာတတ်တဦးပါ။ ဒီတော့ ကြောက်တာရယ် မကျေနပ် မုန်းတီးတာရယ်၊ နောက်ပြီး သန်းရွှေရဲ့ မာန်မာန ထောင်လွှားမှုရယ် ပေါင်းပြီး ဖြစ်လာတဲ့ အမြင်သဘောမျိုး သန်းရွှေက ဒေါ်စုပေါ်မှာ ရှိနေတယ်လို့ ယူဆပါတယ်။ (အာအက်ဖ်အေ ၂၀၁၀-၅-၁၇)။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးဝင်းတင်ဟာ ၁၉၉၉-ခုကုန်ပိုင်းက အင်းစိန်ထောင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိကို အောက်ပါ မီးလျှံထဲက ကြာ-အမည်ရှိ ကဗျာတိုလေးနဲ့ ချီးကျူးထားပါတယ်။

ရဲ-ဇွဲ-ဉာဏ်-စည်း-တာ

မကြောက်တရား တေးကဗျာ

မီးလျှံထဲက ကြာ။

ရဲ-ဆိုတာ ရဲရင့်ခြင်း၊

ဇွဲ-ဆိုတာ ဇွဲ မြဲခင်း၊

ဉာဏ်-ဆိုတာ ဉာဏ်မြော်မြင် ကြီးခြင်း၊

စည်း-ဆိုတာ စည်းကမ်းကြီးခြင်း၊

စည်းကမ်း သိခြင်း၊

စည်းကမ်းထိန်းခြင်း၊

တာ-ဆိုတာ တာဝန်သိခြင်း၊

တာဝန်ယူခြင်း၊

တာဝန်ခံခြင်း-တို့ ဖြစ်ပါတယ်။

၂၀၁၀-မေလ ၁၉-ရက်နေ့ Ohio Wesleyan တက္ကသိုလ်ဘွဲ့နှင်းသဘင် အခန်းအနားတွင် အထက်လွှတ်တော်အမတ် John McCain-က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ အနစ်နာခံကာ စွန့်စား စွန့်လွှတ်ခြင်းများကို ထည့်သွင်း ပြောကြားသွားပါတယ်။

Mr John McCain က ဘွဲ့ယူ မောင်မယ်များကို သြ၀ါဒမိန့်ခွန်းစကား ပြောကြားရာမှာ “နှစ်ပေါင်း ၂၀-လောက်အတွင်းမှာ အလွန် ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ကြည်ညိုစရာကောင်းတဲ့ မြန်မာပြည်မှ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးတယောက်ရဲ့ သူ့နိုင်ငံ သူ့လူမျိုး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုမှန်သမျှကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်များ လက်အောက်မှာ ခြိမ်းခြောက်မှုအမျိုးမျိုးကို မတုန်မလှုပ်ပဲ ရင်ဆိုင်ရင်း အကျဉ်းချခံနေရတယ်”။

“ပြည်သူများကလည်း သူမရဲ့ ခေါင်းဆောင်မှုအောက်မှာ အာဏာရှင်များကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ရင်ဆိုင်ပြီးသူတို့ရဲ့ ရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များနဲ့ လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ကြတယ်။ သူတို့အားလုံးဟာလည်း ဖမ်းဆီး အကျဉ်းချခြင်း ခံရတယ်၊ ညှင်းပန်းနှိပ်စက်မှုနဲ့ အသတ်ခံရတဲ့အထိ ခံစားခဲ့ကြရတယ်။”

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ချက်နဲ့ ပြည်သူများရဲ့ မျှော်လင့်ချက်များကို ဘယ်အရာကမှ ဆုံးရှုံးအောင်မလုပ်နိုင်၊ ဘယ်တော့မှလည်း သူတို့ကို အနိုင်ရမှာမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူများဟာ တနေ့နေ့မှာ အောင်ပွဲ ရကိုရကြရမယ်လို့ ယုံကြည်ကြောင်း” ထည့်သွင်းသြ၀ါဒပေး မိန့်ကြားသွားပါတယ်။(ဗွီအိုအေ ၂၀၁၀-၅-၂၁)။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခုမှ ထင်ရှားကျော်ကြား လူသိများတာ မဟုတ်ပါ။ ၁၉၈၈ သြဂုတ် ၂၆-ရက်နေ့ ရွှေတိဂုံအနောက်မုခ် လူ ၃-၄ သိန်းခန့်ရှိ ပရိသတ်ကြီးရှေ့မှာ ရဲရဲတောက် မိန့်ခွန်းပြောကြားပြီးချိန်ကစပြီး ထင်ရှား ကျော်ကြားလာသူ ဖြစ်ပါတယ်။

နောက်နှစ် ၁၉၉၀-အောက်တိုဘာလမှာ ၁၉၉၀-ခုနှစ်အတွက် နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ Thorolf Rafto လူ့အခွင့်အရေးဆု ၁၉၉၁-ခု ဇူလိုင်လမှာ European Parliament က ချီးမြှင့်တဲ့ Sakharov ဆု၊ ၁၉၉၁ ဒီဇင်ဘာလမှာ နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ Nobel Peace Prize ဆက်တိုက်ရရှိပြီး နောက်နှစ်တိုင်းလိုလို ဂုဏ်ထူးဆောင်ဆုတွေ ချီးမြှင့်ခံရပါတယ်။ (မှတ်ချက် ခုချိန်ထိ ကမ္ဘာမှာ ထိုင်းဘုရင် Bhumibol Adujyadej ပြီးရင် နိုင်ငံတကာက ချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဘွဲ့ အများဆုံးပိုင်ရှင်ဖြစ်ပါတယ်။ ထိုင်းဘုရင် Bhumibol က ၁၃၆-ဆု ရရှိ)။

ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅-နှစ်မြောက် မွေးနေ့မင်္ဂလာ ဇွန်လ ၁၉-ရက်နေ့ကို လူဦးရေ ၁၀၀၀-ကျော်သာရှိတဲ့ Antarctica တိုက်ကလွဲလို့ ကျန် တိုက်ကြီး ၆-တိုက်ရှိ နိုင်ငံပေါင်း ၂၀-ခန့်မှ နိုင်ငံခေါင်းဆောင်များ၊ ဘာသာရေး လူမှုရေး ခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးများ၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်များက ၄င်းတို့ဒေသ၊ ၄င်းတို့အချိန်အလိုက် ကျင်းပကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု ကောင်းကျိုးအတွက် ကိုယ်ကျိုးမပါ စေတနာ အနစ်နာခံပြီး တိုက်ပွဲဝင်နေတဲ့ လူထုခေါင်းဆောင်ကောင်းတယောက် ဖြစ်ကြောင်း ကမ္ဘာတ၀န်းက အသိအမှတ်ပြုကြ၊ မေတ္တာပို့ကြ၊ သ၀ဏ်လွှာပို့ကြနဲ့ ကမ္ဘာတ၀န်း ဒေါ်အောင်ဆန်းစုကြည် အမည် လွှမ်းသွားပါတယ်။

အသံမစဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ

တချိန်က အင်္ဂလန်နိုင်ငံဟာ နေမ၀င်-နိုင်ငံ ဖြစ်ခဲ့သလို ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပေါ်ထွက်လာတဲ့ သ၀ဏ်လွှာပို့သံ၊ မေတ္တာပို့သံ၊ ဂုဏ်ပြု ချီးကျူးသံ၊ သြ၀ါဒမိန့်ခွန်းသံ၊ ထောက်ခံအားပေးသံ—တွေဟာလည်း တနေကုန် အသံမစဲ-ပါ။ (မှတ်ချက်-တိုက်တတိုက်နဲ့ တတိုက် အချိန်ချင်း မတူသလို တိုက် ၆-တိုက် အတွင်းရှိ နိုင်ငံများကလည်း တနိုင်ငံနဲ့ တနိုင်ငံ အချိန်ချင်း မတူကြပါ။ ဒါကြောင့် ဒေါ်စု မွေးနေ့သံဟာ တနေကုန် ကြားရမစဲပါ)။

ဒါကြောင့် လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကျော် မွေးနေ့ရှင်အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရခြင်း ဖြစ်ပါကြောင်း။

About these ads
 
Leave a comment

Posted by on July 16, 2010 in Potraits

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.

%d bloggers like this: