ဝါရှင်တန်မက်ထရိုမြန်မာကွန်မြူနီတီ၏ စက်တင်ဘာ နှစ်ပတ်လည် အထိမ်းအမှတ်
အစီအစဉ်အတွက် ဖိတ်ကြား
မိုးမခရွာဆော်ကြီး
စက်တင်ဘာ ၁၂၊ ၂၀၁၁
၎ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး အလေးပြုခြင်းနှင့် ၂၃ နှစ်မြောက် စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်ခြင်း ဝါရှင်တန်ဒီစီဒေသတဝိုက်ရှိ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများက အောက်ပါအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေငြာ အသိပေးဖိတ်ကြားလိုက်ပါသည်ကို လက်ခံရရှိသဖြင့် လက်ဆင့်ကမ်းလိုက်ပါသည်။
မြန်မာပြည်အရေးကို မိမိတို့မိသားစုအရေးကဲ့သို့ ဦးထိပ်ပန်ဆင်ဆောင်ရွက်လိုသူ မည်သူမဆို လက်ချင်းချိတ် လုပ်ဆောင်ရန် ကြိုဆိုကမ်းလှမ်းလိုက်ပါသည်ဟု ရေးထားသည်။ အစီအစဉ်ဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
နေရာ၊ ၊ မြန်မာသံရုံးရှေ့ (ဝါရှင်တန်ဒီစီ) 2300, S Street, NW, Washington DC 20008
အချိန်၊ ၊ နေ့ လည် ၁ နာရီမှ ညနေ ၃ နာရီ။
နေ့ရက်၊ ၊ စက်တင်ဘာ ၁၇ ရက်။ စနေနေ့ ၊
အစီအစဉ် အကျဉ်းချုပ်၊
ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်များက မေတ္တာပို့ ဆုတောင်းမည်။ တက်ရောက်လာသူများမှ မြန်မာပြည်အတွက် စကားပြောကြားမည်။ တောင်းဆိုမှုကြွေးကြော်မည်။ လက်မှတ်ထိုးလှုပ်ရှားမှု လုပ်ဆောင်မည်။
တောင်းဆိုမှုများ
(၁) ပြည်တွင်းစစ် ရပ်စဲရေး
(၂) နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွတ်ရေး
(၃) စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု ဆင့်ကဲဖြစ်ထွန်းရေး
(၄) ဧရာဝတီ ထာဝရ စီးဆင်းရှင်သန်ရေး
လေးစားအပ်ပါသော မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသူများသို့ စက်တင်ဘာသည် စစ်တပ်မှ အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းခဲ့သည့် ရွှေဝါရောင်(သံဃာဦးဆောင်မှု) တော်လှန်ရေး ၄ နှစ်မြောက်ခဲ့ပြီဖြစ်သည်။ ၁၉၈၈ ခုနှစ် ကျောင်းသားသူ ပြည်သူများကို ပစ်ခတ်ဖမ်းဆီး၍ အာဏာသိမ်းယူခဲ့သည်မှာလည်း ၂၃ နှစ် မြောက်ခဲ့ပြီဖြစ်သည်။ နှစ်များစွာကြာ၍ မည်မျှပင် ဖုံးဖိထားစေကာမူ အဖြစ်အပျက်များသည့် မေ့ဖျောက်မရသည့် သမိုင်းမှတ်တမ်းများပင် ဖြစ်သည်။ ယနေ့အချိန်အထိ စစ်အာဏာရှင်တို့သည် တာဝန်ယူဖြေရှင်းရမည့်ကိစ္စရပ်များအား မျက်နှာလွဲ၍ ပုံစံအမျိုးမျိုးပြောင်းကာ ၎င်းတို့ အကျိုးစီးပွားအတွက်သာ တိုင်းပြည်ကို အသုံးချနေဆဲဖြစ်သည်။
မြန်မာပြည်တွင် လူ့အခွင့်အရေးများချိုးဖောက်ခံနေရဆဲ။ ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေဆဲ။ နိုင်ငံရေးအကျဉ်းသားများကို ချုပ်နှောင်ထားဆဲ။ အခြေခံလွတ်လပ်ခွင့်များ ဆုံးရှုံးနေဆဲ ဖြစ်သည်။
မိမိတို့မွေးဖွားကြီးပြင်းခဲ့သည့် မြန်မာနိုင်ငံအား စစ်မှန်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတခုအဖြစ် အမှန်တကယ် ရောက်ရှိရန် ပြည်ပရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီ ဖိအားပေးဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
စစ်မှန်သည့် ငြိမ်းချမ်းသာယာရေးကိုရှေ့ရှုလျက်
စည်းရုံးလှုံ့ဆော်သူများ
Washington DC, Virginia, West Virginia, Maryland


