RSS

Monthly Archives: March 2001


မစ္စတာရစ်ချဒ်ဆန်။ ။ ဒီနိုင်ငံမှာ ဒီမိုကရေစီ စနစ်ဆီကို ပြောင်းလဲရေးကိစ္စမှာ အဓိက သော့ချက်ကတော့ ခင်ဗျားနဲ့ အတွင်းရေးမှူး (၁)တို့ တွေ့ဆုံ ဆွေးနွေးကြဖို့ပဲလို့ ကျနော်မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ နဝတ နဲ့ အဖွဲ့ချုပ် ၊ နဝတနဲ့ ဒီမိုကရေစီ အင်အားစုများကြား ဆွေးနွေးပွဲပေါ့ရှင်။ “ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု အသစ်တမျိုး” ထပ်ဖြစ်ထွန်းလာတာကို ကျမ မတွေ့ချင်ပါဘူး။ ကျမတို့ဒီမှာ ဒီမိုကရေစီကို တည်ထောင်ကြမယ်ဆိုရင် ကျမတို့ဟာ လူပုဂ္ဂိုလ်တွေအပေါ် အခြေမတည်ကြဘဲ ခိုင်မာတဲ့ အခြေခံမူများပေါ်မှာပဲ အခြေပြုကြဖို့ လိုအပ်ပါမယ်။ အာရှတခွင်လုံးမှာ ပုဂ္ဂိုလ်အလေးပေးတဲ့ ပုံစံတွေကိုပဲ တွေ့နေရပါတယ်။ ဒါကို ကျမတို့ ပြောင်းလဲပစ်သင့်ပါပြီ။ ပုထုဇဉ်သဘောမို့ လူတွေက ကျမကို ဂရုတစိုက် ရှိနေကြမှာပဲ၊ ကျမကို နက်ဖြန် ပြန်လွှတ်လိုက်ပေမယ့် နဝတ ကသာ တကယ်လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို မလုပ်ဘူးဆိုရင်တော့ ဘာမှ (တိုင်းပြည်အတွက်) သိပ် အထောက်အကူဖြစ်လာမှာ သိပ်ထူးခြားလာမှာ မဟုတ်ပါဘူး။ ကျမကို သူတို့ ပုဂ္ဂိုလ်ရေးအရ ပြုလုပ်ချက်တွေဟာ သူတို့နဲ့ ကျမရဲ့ ကိစ္စသာ ဖြစ်ပါတယ်။ အခုကိစ္စဟာ လူနှစ်ဦးကြားမှာ ဖြစ်နေတဲ့ ရိုးရိုးကိစ္စလေး မဟုတ်ပါဘူး။ အခြေခံတရပ်အနေနဲ့ လိုအပ်နေတာကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် စိတ်ဓာတ်ရှိဖို့ – စေတနာရှိဖို့ပဲ ဖြစ်ပါတယ်။ ကျမကတော့ သူတို့ကို စကားပြောလိုကြောင်း အမြဲပဲ ကမ်းလှမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာအတွက် တခုတည်းသော အဖြေဟာ “တွေ့ဆုံ စကားပြောခြင်း”ပဲ ဖြစ်ပါတယ်။ ကျမကတော့ အချိန်မရွေး အဆင်သင့်ပါပဲ။ သူတို့က စိတ်ထက်သန်ပုံ မရပါဘူး။ အဲဒါ ဘယ်လိုကြောင့်မှန်းဆိုတာ ကျမ နားမလည်နိုင်ပါဘူး။ ကျမကတော့ အချက် မပေးချင်ပါဘူး။ အကယ်၍ သူ (ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့်) က ဆွေးနွေးမယ်ဆိုရင် သူ့အနေနဲ့ အချက်ပေးလိုက်နိုင်ပါတယ်။ သူကိုယ်တိုင် လာမယ် ဆိုရင်လည်း လာလို့ရပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကျမတို့မရဲ့ အမြင်တွေဟာ တူကြသင့်တာပေါ့။ မြန်မာ့အလင်းသတင်းစာထဲမှာ လူမျိုးစုတွေနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဆောင်းပါးတခု ပါလာပါတယ်။ ဆောင်းပါးထဲမှာ အလေးအနက်ပြုပြီး ဖော်ပြထားတာကတော့ “တွေ့ဆုံ ဆွေးနွေးခြင်းသည်သာ အကောင်းဆုံး အဖြေပါပဲ” တဲ့။ အဲဒီအဆိုကို ကျမကလည်း လိုက်ပြောလိုပါတယ်ရှင်။ ဒါပေမယ့် တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာ စကား အချေအတင် ပြောပွဲ မဟုတ်ဘူးနော်၊ သဘောမတူတာတွေ၊ ငြင်းခုံတာတွေ ရှိမှာပဲ။ ဆွေးနွေးပွဲ ဆိုတာမှာက (စကားရည်လုပွဲလို) ရှုံးသူနိုင်သူရယ်လို့ မရှိပါဘူး။ မျက်နှာပျက်စရာ၊ မျက်နှာ နာစရာ ဆိုလို့လည်း မရှိပါဘူး။ ဒီဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်က တိုင်းပြည်အတွက် အကောင်းဆုံး ဖြေရှင်းချက် ပေါ်လာအောင် ရှာကြံဖို့ပဲ ဖြစ်ပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ နဝတ ရဲ့ ပြောဆိုချက်အရတော့ ၁၉၉၂/၉၃ ကာလမှာ သူတို့က ခင်ဗျားနဲ့ စကားပြောဆိုဖို့ ကြိုးပမ်းတာတွေကို ခင်ဗျားက ပယ်ချခဲ့တယ်လို သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ သူတို့ မလုပ်ကြပါဘူး။ ကျမ – နိုင်ငံက ထွက်သွားဖို့နဲ့ ပတ်သက်တာတွေကိုပဲ သူတို့ ပြောချင်ကြတာပါ။ အဲဒါကိုပဲ ဂျပန်တွေကို သူတို့ ပြောပြလိုက်တာ ဖြစ်မှာပါ။ အဲဒီကာလမှာ ကျမမိသားစုကိုလည်း ကျမဆီ လာလည်ခွင့် ပေးခဲ့ပါတယ်။ ကျမအပေါ် ဆက်ဆံရေးလည်း ကောင်းခဲ့ကြပါတယ်။ တိတိကျကျ ဘာရယ်လို့ မပြောဆိုဘဲနဲ့ ကျမ- နိုင်ငံက ထွက်ခွာသွားဖို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းလိုတဲ့အကြောင်း အရိပ်အမြွက် ပြခဲ့ကြပါတယ်။ ကျမ မိသားစု ကျမဆီ လာလည်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ကျမ ကနဦးပိုင်းမှာ ကန့်ကွက်ခဲ့ပါသေးတယ်။ နောက်တော့ တခြား အကျဉ်းသား တော်တော် များများကို လွှတ်ပေးတော့မှ ကျမ လက်ခံခဲ့ပါတယ်။ နောက်ဆုံး ကျမအနေနဲ့ မိုက်ကယ် (ခင်ပွန်းသည်)ကို လာခွင့် ပေးလိုက်တဲ့နည်းနဲ့ ကျမက နဝတနဲ့ အပေးအယူလုပ် ဆွေးနွေးဖို့ အဆင်သင့်ရှိတယ် ဆိုတာကို တဘက်တလမ်းက ပြလိုက်ပါတယ်။

သူတို့အနေနဲ့ နားလည်ထားသင့်တာက “ပျော့ပျောင်းမှု ရှိတာဟာ အားနည်းချက် မဟုတ်သလို တင်းမာကြောင်း ပြတာဟာလည်း အင်အားရှိတဲ့သဘော မဟုတ်” ဆိုတဲ့ အချက်ပါပဲ။ နောက်ပြီး ကျမအပေါ် လိုက်လျောမှုတွေ ပြုနေလို့ ကျမရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲလာမယ်လို့တော့ နဝတ အနေနဲ့ မမျှော်လင့်စေချင်ဘူး။ တကယ်တော့ ကျမအပေါ် ဒီလို လိုက်လျောလာမှုတွေကို ကျမအနေနဲ့ အလေးမပေးပါဘူး။ ကျမကို လွှတ်ပေးဖို့ အချိန် နီးကပ်လာတယ်၊ ဝေးကွာသေးတယ် ဆိုတာက အကြောင်းကိစ္စရပ် မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလက သူတို့ ကျမကို အကြောင်းကြားစာ ပေးလာပါတယ်။ ကျမကို ထိန်းသိမ်းထားတာကို ၁၉၉၅ ခုနှစ် ဇန်နဝါရီလ အထိ တိုးမြှင့်လိုက်ပြီ တဲ့။ ရှင်တို့ ဒီလိုလုပ်လို့ မရဘူးလို့ ကျမ ပြောလိုက်ပါတယ်။ သူတို့က ကျမကို ဝိုင်းရှင်းပြပါတယ်။ ဗဟိုကော်မတီ (ကျမတခါမျှမကြားဖူးပါ) ရဲ့ ဆုံးဖြတ်ချက်အရ ကျမကို ပထမ ဖမ်းဆီးတဲ့ ကာလဟာ ထိန်းသိမ်းထားဖို့ အမိန့်ကျခြင်း ကာလထဲမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။ နောက်တခါ သူတို့အဆိုအရ ဝန်ကြီးအဖွဲ့အနေနဲ့ ကျမကို ဒီလို ထိန်းသိမ်းထားတဲ့ ဥပဒေကို သုံးနှစ်အထိ တိုးနိုင်ခွင့် ရှိကြောင်း (နောက်ပိုင်းတွင် ငါးနှစ်အထိတိုးနိုင်ခွင့်ရှိကြောင်း) ပြောပြကြပါတယ်။ တည်ဆဲ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များအရ ဒီလို ကျင့်သုံး ဆောင်ရွက်လို့ မရကြောင်းကို ကျမကို တာဝန်ယူ ထိန်းသိမ်းရတဲ့ ဗိုလ်မှူးကြီးသန်းထွန်းကို ပြောပြလိုက်ပါတယ်။ မူလကတည်းက သေသေချာချာ ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့ရင် ကျမကို ထိန်းသိမ်းထားတဲ့ ကာလဟာ စတင် ဖမ်းဆီးတဲ့ နေ့ရက်ကစပြီး ရေတွက်ရမှာ ဖြစ်ပါတယ်။ ကျမကို အခုလို လှည့်ပတ် (လိမ်လည်) ပြောဆိုနေရတာကိုက သူ့အတွက် အတော် ပင်ပမ်းရှာမှာပဲ။

မစ္စတာရစ်ချဒ်ဆန်။ ။ ဒီတော့ နဝတ ဟာ ခင်ဗျား ပြည်ပထွက်သွားဖို့ ဖိအားပေး ကြိုးစားခဲ့တယ်ပေါ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ ပြည်ပကို ထွက်သွားဖို့ သူတို့ ဖိအားပေး စိုင်းပြင်းကြပုံတွေကတော့ – ကိုယ့်သိက္ခာကို ကိုယ်လေးစားတဲ့ ဘယ်အစိုးရမျိုးမဆို မဆောင်ရွက်သင့်တဲ့ နည်းလမ်းမျိုးတွေကိုတောင်မှ သုံးခဲ့ပါတယ်။

ဒါပေမယ့်လေ- ဒါတွေထားလိုက်ပါတော့။ ဒါက သူတို့နဲ့ ကျမကြားက ပြဿနာပါ။ တခြားလူတွေ အများအပြား ကျမထက် အပုံကြီး ပိုဒုက္ခရောက်နေကြပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ ခုအခြေအနေမှာ ခင်ဗျားအနေနဲ့ နဝတကို ဘာလုပ်စေချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ဟာ တွေ့ဆုံဆွေးနွေးမှုနဲ့ပဲ စတင်ရမှာပါ။ ဒါမှ ရှေ့ဆက်ပြီး ဘယ်လို ခြေလှမ်းတွေ လှမ်းကြဖို့ လိုမယ်ဆိုတာကို ကျမတို့ သိလာမှာပေါ့။ နဝတ အနေနဲ့ကလည်း ဒီလို တွေ့ဆုံ ဆွေးနွေးလိုက်တဲ့ အခါကျမှ မိမိတို့ ဘာကို စိုးရိမ် တွန့်ဆုတ် ဖြစ်နေရသလဲ ဆိုတာလည်း ပေါ်လွင်လာမယ်လေ။ ကြည့်ပါဦးရှင်- ဥပမာ ကျမ မိုက်ကယ်လ်ကို လက်ထပ်ခဲ့တာကိုပဲ အကြောင်းကိစ္စကြီး တရပ် အဖြစ် မြင်နေတာပါပဲ။ နဝတက မြန်မာ အမျိုးသမီးတွေကို ရှင်းရှင်း လင်းလင်း နားလည်ပုံမရဘူး။

မစ္စတာရစ်ချဒ်ဆန်။ ။ လူမျိုးစုအဖွဲ့ အစည်းတွေက ဒီမိုကရေစီ ထွန်းကားဖြစ်ထွန်းရေး ကိစ္စမှာ စိတ်အားထက်သန်မှု ရှိကြတယ်လို့ ထင်သလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ မူအားဖြင့် သူတို့က ဒီမိုကရေစီကို ယုံကြည် ထက်သန်ကြပါတယ်။ သူတို့ နားလည်ရမှာကလည်း လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ် သာလျှင် သူတို့ရဲ့ ရပိုင်ခွင့်တွေကို အာမခံချက် ပေးနိုင်မယ် ဆိုတာပဲလေ။ တချိန်တည်းမှာပဲ သူတို့လည်း ဒုက္ခတွေ ခံစားနေရတာကို ကျမ နားလည်ပါတယ်။ ဒါကြောင့် သူတို့ အခုလို ဆောင်ရွက်နေကြတာကို ကျမနားလည်နိုင်ပါတယ်။

ဒီမိုကရေစီရေးကို “လူထုတရပ်လုံး” အကြီးအကျယ် အားပေး ထောက်ခံမှုရှိတာကို ကျမ ယုံကြည်ပါတယ်။ ဒါပေမယ့် လူတွေဟာ ကြောက်ရွံ့နေကြပါတယ်။ အာဏာရှင်စနစ်အောက်မှာ အနှစ် (၃ဝ) လောက် နေခဲ့ကြရပြီးနောက် (လူတွေရဲ့ စိတ်တွေ) ပြောင်းလဲ လာဖို့ဆိုတာ အချိန်တော့ လိုပါလိမ့်မယ်။ မြန်မာလူမျိုးတွေဟာ ဉာဏ်ရည် အလွန်ကောင်းတဲ့ လူမျိုးတွေပါ။ ဒါပေမယ့် ရပိုင်ခွင့်တွေ အတွက်တော့ လှုပ်ရှားသင့်သလောက် မလှုပ်ရှားဘူး လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ကို အလွယ်တကူတော့ လှည့်ပတ်အရူးလုပ်လို့ မရပါဘူး။ မြန်မာလူမျိုးတွေအနေနဲ့ မိမိတို့ ကိုယ်ကို မိမိတို့ ယုံကြည် ကိုးစားမှု ပိုမိုရှိလာအောင် ကြိုးပမ်းကြရပါဦးမယ်၊ ဒီအပိုင်းမှာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုက အထောက်အကူပြုနိုင်ပါလိမ့်မယ်။

ကျမဟာ နေ့စဉ်နဲ့ အမျှ ပြည်သူတွေ အကြောင်းကိုပဲ စဉ်းစား နေမိတယ်။ အဖွဲ့ချုပ် ထဲက ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကြောင်းလည်း ပါတာပေါ့။ ဒီမိုကရေစီကိုလိုချင်၊ ရချင်တယ် ဆိုရင် လူတွေဟာ ညီညွတ်နေရပါ့မယ်။ ကျမ အဖွဲ့ချုပ်ကို စတင် တည်ထောင်ခဲ့တဲ့ အချိန်က ကျောင်းသားလေးတချို့ နယ်စပ်ဘက်ကို ရောက်သွားကြတယ်။ အသက်အရွယ် ကြီးရင့်ပြီး လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တဦး (ကျောင်းသားမဟုတ်ဘူး)က လက်နက်ကိုင် လမ်းစဉ်ကို အလေးထားပါတယ်။ လူအတော်များများဟာ လက်နက်ကိုင် လမ်းစဉ်သည်သာလျှင် စစ်အုပ်စုကို ဆန့်ကျင်ဖို့ တခုတည်းသော လမ်းစဉ်ဖြစ်တယ်လို့ ခံယူကြပါတယ်။ အဲဒီအချိန်က ရှုဒေါင့်တွေ တော်တော် စုံကြပါတယ်။ ဒါပေမယ့် အဓိက လိုအပ်ချက်ဟာ (ရည်မှန်းချက်အပေါ်မှာ) ဆက်လက်ညီညွတ် နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အခုထိ ကျမဟာ ကျောင်းသားလေးတွေကို ပစ်ပယ်မထားပါဘူး။ ကျမတို့ဟာ အခြားသူတွေ လုပ်ဆောင်တဲ့ နည်းနာလမ်းစဉ်တွေကို အလောတကြီး ပြစ်တင်ရှုတ်ချတာမျိုး မလုပ်အပ်ပါဘူး။ နောက်ပြီး ကျမတို့ဟာ တကယ့်ကိုပဲ သတ္တိရှိနေကြရပါ့မယ်။

သက်တော်(၅ဝ) ၀န်းကျင်ရှိတဲ့ သံဃာတော်တပါးက ကျမကို အကြံဥာဏ် (၂) ချက် ပေးဖူးပါတယ်။ ပျော်ရွှင်မှုကိုလိုချင်ရင် ဒုက္ခခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားရမယ်၊ ဖြောင့်မှန်တဲ့ နိုင်ငံရေးလမ်းစဉ်ကို လိုချင်ရင် အဆဲခံနိုင်ဘို့ ပြင်ဆင်ထားရမယ်လို့ အမိန့်ရှိဖူးပါတယ်။ ဒီဦးပဉ္ဇင်းနဲ့ သံဃာတော် ခပ်များများကပဲ ဒီကာလအတွင်းမှာ အင်မတန် အံ့သြစရာကောင်းတဲ့ အကြံဉာဏ်ကောင်းတွေ ကျမကို ပေးခဲ့ကြပါတယ်။ အသက်အရွယ်ကြီးရင့်တဲ့ သာသနာရေးပုဂ္ဂိုလ်ကြီး ဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေးကို အမှန်တကယ် နားလည်တဲ့ သူပါ။

(ဆက်ရန်)
( ဘာသာပြန်သူ – တာရာဝေယံ )

Advertisements
 
Leave a comment

Posted by on March 14, 2001 in Uncategorized