RSS

Monthly Archives: July 2008

Shwe Phone Lu – When the school were open


ကျောင်းဖွင့်ချိန်

ရွှေဘုန်းလူ (တာရာမင်းဝေ)

(ကွယ်လွန်သူ ကဗျာဆရာရဲ့ ကဗျာကို ပြန်လည်ဖော်ပြပါတယ်)

ဇူလိုင် ၃၁၊ ၂၀၀၈

(၁)

ငါတို့ကျောင်းတော်ကြီးရဲ့

မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ

ဟစ်တလာရုပ်ထုကို

လူတစုထုဆစ်နေကြတယ်။

သူတို့ဟာ …

ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်

ပျားရည်စက်တွေကို မီးရှို့ပူဇော်

ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ

ဟစ်တလာပါးစပ်ထဲက

ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။

သူတို့ဟာ …

ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး

သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ

ဖိတ်ခေါ်ကြပါပြီ။

(၂)

ငါတို့ကျောင်းတော်ကြီးရဲ့

ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ

တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊

အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ

နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ

အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့

ဝိညာဉ်တွေပဲ …

ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး

ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်

အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။

ခု … သူတို့ရဲ့ ၀ိညာဉ်တွေဟာ

“ကမ္ဘာမကြေဘူး … … …

ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”

သီချင်းလေး နားဆင်ရင်း

ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို

မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)

ငါတို့ကျောင်းတော်ကြီးရဲ့

ဒီဘက်ခေတ် ၁၉၈၇ – ၈၈ နှစ်များထဲမှာပါ

တက္ကသိုလ်စာကြည့်တိုက်ထဲမှာ

ဖြူဝါးဝါးအရိပ်တချို့

စာထိုင်ဖတ်နေကြတယ်။

တချို့ဖတ်တာ .. ကဗျာစာအုပ်

တချို့ဖတ်တာ .. သမိုင်းစာအုပ်

တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်

ရုတ်တရက်

အဖြူရိပ်တခုဟာ ထိုင်ရာကထ

“ဗမာပြည်ကို ကယ်တင်ရတော့မယ်”

နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်

“ဗမာပြည်ကို ကယ်တင်ရတော့မယ်

ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”

သူတို့ဟာ တိတ်ဆိတ်စွာ

အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။

စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ

လွယ်အိပ်လွယ်သံများ

ဖိနပ်စီးသံများ အဆုံးမှာ

နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …

… … နောက်ထပ် … …

… … နောက်ထပ် … …

(၄)

ငါတို့ကျောင်းတော်ကြီးရဲ့

စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ

အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။

အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ

“ကျနော်တို့ တော်လှန်ရေး

အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”

စသည်ဖြင့် ပြောကြား

အားလုံးငြိမ်သက်နားထောင်နေကြတယ်။

အခန်းထဲမှာ

အကျဉ်းထောင်က ပြေးထွက်လာတဲ့

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ

သတ္တိဗုံးကို နှောင်ထုံးခတ်

ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ

အဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်

သူ့နှုတ်က တိုးတိုးလေးပြော

“တောက အဖေနဲ့အမေတော့

ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”

ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက

မျက်ရည်ဖြူတစက်

စီးသက်ကျလာတယ်။

(၅)

ငါတို့ကျောင်းတော်ကြီးရဲ့

ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ

အချုပ်ကားပြာပြာကြီးတွေ

ဒရကြမ်းနှင်နေကြတယ်။

အဲဒီကားကြီးတွေထဲမှာ

“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ

ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့

တေးသံသာယာ

ညီညာစွာ ပဲ့တင်ပေါ်ထွက်

ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ

အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ

သူတို့ရဲ့ တံဆိပ် … တို့ရဲ့အလံ

ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။

ကျောင်းခေါင်းလောင်းအိုကြီးဟာ

ထွက်ခွာသွားတဲ့ အချုပ်ကားနောက်

ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ

ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား

“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”

ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ

ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)

ငါတို့ကျောင်းတော်ကြီးရဲ့

နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ

ဒေါင်းအလံတလူလူလွှင့်ထူလို့

ကျောင်းသားတွေ ချီလာပါပြီ

ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက

ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့

ကျောင်းသားတွေက

နောက်က ချီတက်လိုက်ပါလာတယ်။

“ဒီမိုကရေစီရရှိရေး … တို့အရေး”

“အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။

ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း

တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့ရဲ့တော်လှန်ရေး

ဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …

သေနတ်သံတချက်ဖောက်ရင်

ရာဇပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် …

နောက်ဆုံးနေ့အထိ …

(၇)

ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ

ရုတ်တရက် ရဲရဲနီစွေးသွားတယ်။

ချက်ခြင်းပဲ ရေငွေ့ပျံတက်

ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို

ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ

လျှပ်တွေပြက်၊ မိုးတွေခြိမ်း … … …

ဒိန်းဒုံး ဆူညံသွားတယ် …

အဲဒီအခါ … ကျောင်းတော်မှာ …

ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ

ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ

သစ်ရွက်တွေ တလက်လက်တောက်ပကြ

ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ

မြေကြီးတွေ တုန်ခါတော်လဲကြ

တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး

ကြွေးကြော်သံတွေနဲ့

ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်

နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ

ငါတို့ကျောင်းတော်ကြီးဟာ … …

တလဲ့လဲ့ တ၀င်းဝင်း

သွေးနီရောင် တောက်ပခါ …

အာဇာနည် သူရဲကောင်းတို့ရဲ့

ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် …။

(၈)

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား

ခု … သွေးပင်လယ်ကြီးခြားနေပါပြီ …

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ

သွေးပင်လယ်ကြီးကို ကျော်နင်း

ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။

တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …

အဲဒီထဲက တချို့ဟာ …

“အကြောင်းကြောင်းကြောင့်ပါ” လို့

စိတ်မကောင်းစွာပြောရင်း …

ထုံးတံတားကို လျှောက်နင်း …

ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်

ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ် …

တချို့ကတော့ …

“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း

ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …

ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။

အဲဒီလို … လူစားတွေကိုတော့ …

ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်

ရာဇ၀င်က ခွင့်မလွှတ်သရွေ့

သူတို့ဟာ … သမိုင်းမှာ …

“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)

ကျောင်းသားနဲ့ကျောင်း

တနေ့တော့ ပေါင်းရမှာပဲ

ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး

ကျောင်းကြီးဆီ အရောက်သွားကြမယ်။

သွေးပင်လယ်ကြီးဟာ

တငွေ့ငွေ့ပူခြစ် ဆူပွက်

ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး

သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်

ငါတို့တွေ

ငါတို့တွေ လှည့်မပြန်ဘူး၊

ငါတို့ထဲက တချို့ဟာ …

ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု

ငါတို့အထဲက တချို့ဟာ …

ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်

ငါတို့အထဲက တချို့ဟာ …

ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်

လှေရွက်အဖြစ် စပ်ချုပ်

မုန်တိုင်းကို ခွဲဝင်

သွေးပင်လယ်ကို ဖြတ်ပြီး

ကျောင်းတော်ကြီးဆီသွားဖို့

လုပ်နေတယ်…။

(၁၀)

နောက်ဆုံးမှာ …

ဒေါင်းအလံကို … ဇြောင်းဆန်အောင် လွှင့်ထူရင်း

အမှန်တရားတခုထံ

ငါတို့ သစ္စာအဓိဌာန်ပြု

အို … သူရဲကောင်းတို့

အို … ကျဆုံးခဲ့လေသော

ဒီမိုကရေစီ တိုက်ပွဲဝင်

သူငယ်ချင်းဟောင်း …

သူရဲကောင်းတို့

ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်

မြင့်မြတ်စွာ ကျဆုံးခဲ့သော …

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ရှေ့နောက်ဝဲယာ …

ထက်အောက်ဝန်းကျင်၌

ပျံ့နှံ့တည်ရှိကြကုန်တော့၏။

ထိုသော …

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့

ထိုးဖောက်ယိုစိမ့်စီးဝင်ကာ

ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။

အို … သူရဲကောင်းတို့

အို … ကျဆုံးလေသော

ဒီမိုကရေစီတိုက်ပွဲဝင်

သူငယ်ချင်းဟောင်း သူရဲကောင်းတို့

ဗမာပြည်ကို ရှိခိုးကာ

ဤသွေးပင်လယ်အား

ငါတို့ ဖြတ်ကူအံ့

မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ

ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

http://nnai.blogspot.com မှ ကူးယူဖော်ပြပါသည်။

Advertisements
 
Leave a comment

Posted by on July 31, 2008 in Poems

 

refugees Thailand for third countries


မြန်မာဒုက္ခသည်များ မွေးရပ်မြေနှင့် ပို၍ဝေးရာသို့ ပြောင်းရွှေ့အခြေချနေရ
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၈

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများအနက် အကြီးဆုံးဖြစ်သော မယ့်လာ (Mae La) စခန်း။ စခန်းတွင် လူဦးရေ ငါးသောင်းခန့်ရှိသည်။ အများစုမှာ ကရင်တိုင်းရင်းသားများဖြစ်သည်။ မြန်မာနယ်စပ်နှင့် ၄ ကီလိုမီတာအကွာတွင် ရှိသည်။ လွန်ခဲ့သည့် ၂၄ နှစ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ထိုးစစ်များကြောင့် ထွက်ပြေးခဲ့ရသူဒုက္ခသည်များကြောင့် ဤစခန်း ပေါ်ပေါက်လာရခြင်းဖြစ်သည်။ (photos: Reuters)

ကျန်းမာရေးစစ်ဆေးခံယူရန် ဆေးရုံသို့သွားရောက်မည့် မယ့်လာဒုက္ခသည်စခန်းမှ ဒေသခံအချို့။ ၂၀၀၅ ဇန်န၀ါရီမှစတင်ပြီး ယနေ့တိုင် ကုလသမဂ္ဂအဖွဲ့ကြီးက ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်များကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတေးလျ နှင့် ဥရောပတိုက်နိုင်ငံများသို့ အခြေချနေထိုင်ရန် စီစဉ်လျက်ရှိသည်။ လစဉ် ဒုက္ခသည် ၁၃၀၀ ခန့် အဆိုပါနိုင်ငံများသို့ ထွက်ခွာနေသည်။
သုံးနှစ်အတွင်း ဒုက္ခသည်ပေါင်း သုံးသောင်းခန့် ပို့ဆောင်ပြီးဖြစ်သည်။

 
Leave a comment

Posted by on July 31, 2008 in News in Photos

 

Writer, Taryar Min Wai one year of his passing




စာရေးဆရာ တာရာမင်းဝေ (ရွှေဘုန်းလူ) ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဖိတ်

မိုးမခ

ဇူလိုင် ၃၀၊ ၂၀၀၈

ယခင်နှစ် သူ ကွယ်လွန်ချိန်က သူ၏ မိတ်ဆွေများဖြစ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ကိုဇာဂနာတို့က သူ့၏ အသုဘကို ၀ိုင်းဝန်းပို့ဆောင်ပေးနိုင်ခဲ့ကြသော်လည်း ထို ၂၀၀၇ သြဂုတ်နောက်ပိုင်းမှာပင် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ စစ်အစိုးရ၏ လိုက်လံဖမ်းဆီး နှိမ်နှင်းမှုခြင်းကို ခံခဲ့ရပြီး ဖြစ်ရာ ယခု ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဆွမ်းကျွေးဖိတ်ကြားချက်တွင် ယခင်ကလို လူစုံတော့မည်မဟုတ်ဘဲ စာပေလောကသားများနှင့် မိသားစုများ၊ မိတ်ဆွေများသာ တက်ရောက်ကြလိမ့်မည်ဟု ထင်မြင်မိပါသည်။

 
Leave a comment

Posted by on July 31, 2008 in Local News Headlines

 

Thai court takes new case against Thaksin over Burma loan


မြန်မာစစ်အစိုးရအားငွေချေးမှု ထိုင်း တရားရုံးချုပ် ကြားနာမည်

ဓာတ်ပုံသတင်း

ဇူလိုင် ၃၀၊ ၂၀၀၈


ထိုင်းနိုင်ငံ တရားရုံးချုပ်၏ ယမန်နေ့က မြင်ကွင်း။ တရားရုံးချုပ်က ၀န်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်အသစ် တင်ထားခြင်းကို ကြားနာမည်ဖြစ်သည်။ သက်ဆင်အာဏာရှိစဉ်က သူ၏ မိသားစုအကျိုးအတွက် မြန်မာစစ်အစိုးရကို ငွေချေးခဲ့ကြောင်း စွပ်စွဲခံနေရသည်။ (photo: Reuters)

 
Leave a comment

Posted by on July 31, 2008 in News in Photos

 

Burmese immigrants reportedly died in Turkey


တူရကီကုန်တင်ကားအတွင်းသေဆုံးသူများထဲတွင် မြန်မာပြည်သားများပါဝင်

ဓာတ်ပုံသတင်း

ဇူလိုင် ၃၀၊ ၂၀၀၈

တူရကီနိုင်ငံ မှုခင်းအရာရှိများ ယနေ့ အလုပ်များသွားသည်။ နိုင်ငံတွင်း ခိုးဝင်လာပြီး သေဆုံးသွားသူများကို တွေ့ရှိရသည့်နေရာတွင် စစ်ဆေးနေကြခြင်းဖြစ်သည်။ ရုပ်အလောင်းများကို အစ်စတန်ဘူ (Istanbul)မြို့တော် ဆင်ခြေဖုံးတွင် တွေ့ခဲ့ရကြောင်း၊ ကုန်တင်ကားအတွင်း အသက်ရှူကြပ်ပြီး သေဆုံးကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ကုန်တင်ကားပေါ်တွင် ၁၃၈ ဦးတင်ဆောင်ခဲ့သည်၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံမှ လူပေါင်း ၈၀ ခန့် ပါဝင်သည်ဟု ဆိုသည်။ (photo: AFP)

 
Leave a comment

Posted by on July 31, 2008 in News in Photos

 

Moe Cho Thin – Used to be on the other side of the world …


တလွဲတွေနဲ့ နေသားကျ
မိုးချိုသင်း

ဇူလိုင် ၃၀၊ ၂၀၀၈

ဒီနေ့ ကျမတို့နေတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ငလျင်လှုပ်ပါတယ်။

တကယ်တော့ ငလျင်ကြောပေါ်မှာ မြို့ကရှိတာမို့ အမြဲတမ်းလိုလို ငလျင်အသေးလေးတွေကတော့ ရှိနေတာပါပဲ။ ကိုယ်ကသာ မသိလိုက်တာလေ။ ဒါပေမဲ့ အခုတခါကတော့ ငလျင်ဗဟိုပြုလှုပ်တဲ့နေရာနဲ့က သိပ်အဝေးကြီးမဟုတ်တော့ သိသိသာသာ ခံစားလိုက်ရတယ်။ 5.4 magnitude ရှိတယ်လို့ သတင်းတွေက ဆိုကြတယ်။

ငလျင်လှုပ်စဉ်က ရုံးမှာ အလုပ်လုပ်နေတုန်းမို့ ပထမအကြိမ် ခပ်ဖြေးဖြေးလှုပ်တုန်းက ရယ်တောင်ရယ်မိသေးတယ်။ “ငလျင်လှုပ်တယ်ဟ” ပေါ့လေ။ သိပ်မကြာဘူး။ ခပ်ကြမ်းကြမ်းလဲ လှုပ်ရော တရုံးလုံး အပြင်ကို ပြေးထွက်ကြပါလေရော။ ရုံးအတွင်းပိုင်းမှာ ရှိနေတဲ့သူတွေကျတော့လဲ စားပွဲအောက်ထဲ ပြေးဝင်ကြတယ်။ ကိုယ်သာ ဘာလုပ်ရမှန်းမသိဘဲ၊ အခန်းထဲက မထွက် ကုလားထိုင်မှာ ထိုင်ရက် ခေါင်းကိုသာ လက်နှစ်ဖက်နဲ့ အုပ်ထားမိတယ်။ ရုတ်တရက်ဆိုတော့ လုပ်မိလုပ်ရာပေါ့လေ။ အပေါ်က မျက်နှာကြက်တွေ ပြိုကျမှာ ကြောက်တာကိုး။

လှုပ်ပြီးသွားတော့ လမ်းပေါ်မှာ လူတွေမှ တပုံကြီး။ ရုံးတိုင်း ရုံးတိုင်းက ထွက်လာလိုက်ကြတဲ့လူတွေ၊ တော်တော်နဲ့ အထဲပြန်မ၀င်ကြဘူး။ တယောက်နဲ့တယောက် လက်ညှိုးထိုးပြီး ပြောပြောပြီး ရယ်ကြတာ။ သူက အရင်ဆုံးထွက်ပြေးတယ်တို့၊ ခုံအောက်ကို ပြေးဝင်တာ ဘယ်လိုကြီးတို့ ဟားနေကြတာလေ။ ဘာမှ အထိအခိုက်မရှိတော့လဲ ပျော်စရာကြီးကို ဖြစ်လို့။

အဲဒီမှာ သွားတွေးမိတာက သူတို့နဲ့ ကိုယ်နဲ့မတူ လွဲလွဲနေတာလေးတွေကိုပါ။ တကယ်ဆို ကိုယ်ကမှ ဘူမိဗေဒဘာသာရပ်ကို ယူပြီး ငလျင်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်တယ်၊ ဘယ်လိုကြောင့် ပေါ်ပေါက်လာတယ်ဆိုတာမျိုး သင်လာခဲ့ရသေးတာ။ တကယ့်အရေးကြုံတော့ နေရာကတောင် မထ မိဘူး။

သူတို့ကတော့ သဘာဝဘေးအန္တရာယ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ လက်တွေ့ကျကျ သင်ခဲ့ကြတော့ အရေးကြုံရင် ကိုယ့်အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ နားလည်နေတာပေါ့။

ဒီရောက်တော့မှ ကိုယ့်ပြည်နဲ့မတူတဲ့ အံ့သြစရာတွေ တပုံကြီး ဖြစ်နေတော့တာ။

တခြားဝေးဝေးမပြောနဲ့၊ ငလျင်လှုပ်ပြီး ၂မိနစ်လောက်နေတော့ ရုံးက ဖုန်းတွေမြည်လာလို့ ကိုင်လိုက်တော့ ငလျင်လှုပ်ရင် ဘယ်လိုကိုယ့်ကိုယ်ကို ကာကွယ်သင့်တယ်ဆိုတာ စက်ကပြောနေတဲ့ ပညာပေးဖုန်းတွေ လာနေတာပါ။ ထူပူပြီး မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင် နောက်တခါ မလှုပ်ခင်စပ်ကြားလေးတောင် ပညာက ပေးနေသေးတာပါ။

အဲဒီတော့လဲ အံ့သြမိတာပေါ့။

ကိုယ်က ဗမာကိုး …

ဗမာပြည်ကနေ ရောက်စကဆို ဒိထက်ပိုဆိုးသေး။ ကိုယ့်မှာ တချိန်လုံး အံ့သြစရာချည်း။

မီးကလဲ နေ့တိုင်းလာသေးတာ။ အင်ဗာတာတွေ၊ မီးစက်တွေနဲ့များ ခုတ်နေသလားလို့ လိုက်ကြည့်မိသေးတယ်။ လင်းလင်းချင်းချင်းကြီးကို ဖြစ်လို့။

တီဗီကြည့်ရတာတောင် စိတ်မဖြောင့်ဘူး။ တီဗီကြည့်တုန်း မီးပျက်တာ အကျင့်ပါနေလို့။

ကိုယ်က ဗမာကိုး …

နောက်ပြီး ဒီမှာ လူတွေ ဘာလို့ ရာသီဥတုကို စကားလုပ်ပြောနေကြသလဲဆိုတာလဲ အခုမှ နည်းနည်း နားလည်သလိုလိုရှိတယ်။ သူတို့က မနက်တိုင်း ရာသီဥတုအခြေအနေကို အင်တာနက်ထဲကဖြစ်ဖြစ်၊ သတင်းကဖြစ်ဖြစ် ကြည့်တာကိုး။

အစမှာတော့ ကိုယ်က မယုံရေးချ မယုံဘဲလေ။ အော် မိုးရွာမယ်လား၊ ယုံပါဘူးပေါ့။ ပြီးမှ တကယ်ရွာတော့ ကြွက်စုတ်ဖြစ်ရော။

ဒီနေ့တော့ အေးမယ်ဟေ့ ဆို လက်ပြတ်ကလေးဝတ်ပြီး အပြင်ထွက်တာ။ မိုးလေ၀သ သတင်းလောက်တော့ ရီတာပေါ့။ (ကိုယ်က ဗမာပြည်ကလေ) တကယ်လဲအေးရော ဘာဆွဲခြုံရမှန်းမသိဘူး။ ချမ်းလိုက်တာ တုန်တောင်တက်တယ်။

နောက်တော့ ကြောက်လန့်ပြီး အပြင်ထွက်လေရာ အနွေးထည်အထူကြီးဝတ်ပြီးထွက်ရော။ ဒီလောက်ခံရတာတောင် မိုးလေ၀သသတင်းကို ကြည့်ရကောင်းမှန်း မသိသေးဘူး။ အကျင့်မှ မပါသေးတာ။ ဒါပေမဲ့ အဲဒီလိုနေ့ကျမှ “ဆန်းနီး” တဲ့။ တိမ်တွေကလဲ တောက်လို့။ နေကလဲ ကြဲကြဲတောက်။ ချွေးတဒီးဒီးကျ လို့ ကိုယ့်အကျီ င်္ အထူကြီး ဆုတ်ဖဲ့ပစ်ချင်တာ။ ခံပေါ့။ သတင်းမှ မယုံဘဲလေ။

ကိုယ်က ဗမာကိုး …

အခု ဒီအိမ်မှာ သတင်းစာလဲ မမှာဘူး။ လာမပို့နဲ့ဘဲ။ ဘာတွေ လာပြောနေလ၊ဲ “ဒို့မယုံဘူး” ပဲ။

ရန်ကုန်မှာတုန်းကတည်း မယူတာ အနှစ် ၂၀တောင် ရှိပြီ၊ ဒီမှာ ဘာလုပ်ဖို့။ အဲဒီလို တလွဲလေးတွေကြောင့် ကိုယ်လဲ ကိုယ့်မြို့မှာ ဘာတွေဖြစ်နေလို့တောင် ဖြစ်မှန်းမသိ၊ သူများပြောမှ ပါးစပ်ဟ ပြီး နားထောင်ရတာ။

ကိုယ်က ဗမာကိုး …

အဲလို လွဲတာတွေမှ တပုံကြီး။ ဒါကြောင့် ထူးအိမ်သင်ဆိုတဲ့ လွဲလွဲလေးပဲ ကောင်းပါတယ်ဆိုတဲ့ သီချင်းကို ကြိုက်မိတာ နေမှာ။

ဒါပေမဲ့ တခါတလေတော့ တမျိုးပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ ကိုယ့်ဖာသာကိုယ် ခဏခဏမေးရင်း ၀မ်းနည်းမိတယ်။ ဘယ်လောက်ထိ လွဲနေရအုံးမှာလဲ လို့လဲ မျက်ရည်ဝဲရင်း တွေးမိပါတယ်။

(မိုးချိုသင်း ဘလောက်စပေါ့က ယူပါတယ်)

 
Leave a comment

Posted by on July 30, 2008 in Lighter Side

 

Interview with Ko Ko Gyi – 8888 – 20 Years


၈၈ အနှစ် ၂၀

(အခန်းဆက်များ)

ကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်

သူနှင့် အေအေပီပီ အင်တာဗျူး မှတ်တမ်း (ဒီဇင်ဘာ ၁၈၊ ၂၀၀၆)

(သူ့အကြောင်း မှတ်မိသမျှ – ကိုကိုကြီးက ဗကသ ဒုဥက္ကဌအဖြစ် သြဂုတ်လ ၂၈၊ ၁၉၈၈ မှာ စတင် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုကိုကြီးက ဗကသကို ဆက်လက်တာဝန်ယူပါတယ်။

၁၉၈၉ အတွင်းမှာ ခေတ္တ အထိမ်းသိမ်းခံရတဲ့အချိန်၊ ဗကသကို ညိုထွန်းက ဦးဆောင်မှုပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

နောက်ပိုင်းမှာ ကိုကိုကြီးက ဆက်လက်ပြီး ဗကသကို တာဝန်ယူခဲ့ရာမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစုပါတီများ (အထူးသဖြင့် အင်န်အယ်ဒီ ပါတီနဲ့ မဟာမိတ်များ)ကို ကျောင်းသား သမဂ္ဂနှင့် တပ်ဦးများက ၀ိုင်းယံပြီး ဖြတ်သန်းဖို့ တင်ပြ ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

ထိုအချိန်က ၉၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး သဘောထားများ ကျောင်းသား၊ လူငယ်များအကြား ဆွေးနွေးတိုင်ပင်နေကြချိန်မှာ ကိုကိုကြီးရဲ့ စာတမ်း – “ ၃ ချောင်း ထောက်” စာတမ်းက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အတိအကျကို ပြန်ရေးပါဦးမယ်။

စစ်အစိုးရရဲ့ ထောက်လှမ်းရေးများရဲ့ အနီးကပ်စောင့်ကြည့်မှုများကြောင့် လှုပ်ရှားမှု အကန့်အသတ်ဖြစ်နေတဲ့ ကိုကိုကြီးတို့ ဗကသ ကျောင်းသားအစုအဖွဲ့ကို ၁၉၉၁ ဒီဇင်ဘာ ဒေါ်စု နိုဘယ်ဆု ရတဲ့ အထိမ်းအမှတ် ကျောင်းသားဆန္ဒပြမှုမှာ စစ်အစိုးရက သိမ်းကျုံးဖမ်းဆီးပစ်ခဲ့ပါတယ်။ အဲဒီက ထောင် အနှစ် ၂၀ ကျခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟာ မတ် ၂၀၀၅ မှ ထောင်က ထွက်ရပါတယ်။

အခု ၂၀၀၇ သြဂုတ်လ လောင်စာဆီသပိတ်မှာ ဖမ်းဆီးခြင်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားများထဲက တဦး အပါအ၀င်ပါ။ ၂၀၀၆ တုန်းက သူ့အင်တာဗျုးကို အေအေပီပီက လုပ်ထားတာပါ။ ဖတ်ကြည့်ပါဦး။ မိုးမခမှာ အဲဒါကို တင်ဖူးပါတယ်။)





 
Leave a comment

Posted by on July 30, 2008 in 8888 - 20 Years