RSS

Htain Linn – Dee Dote U Ba Cho

15 Oct

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁ဝ)
စွယ်စုံရ အနုပညာရှင် အာဇာနည် ဒီးဒုတ်ဦးဘချို
ထိန်လင်း
အောက်တိုဘာ ၁၅၊ ၂၀၀၈

မြန်မာ့နိုင်ငံရေးမှာ အနုပညာနယ်ပယ်ကနေ တိုင်းပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်ထဲ ရောက်ရှိ တာဝန်ယူခဲ့သူတွေ အများအပြား ပါဝင်ပါတယ်။ အဲဒီလို အနုပညာရှင်တွေအကြောင်း ပြောမယ်ဆိုရင် အာဇာနည် တစ်ဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုကို ချန်လှပ်ထားလို့ မဖြစ်ပါဘူး။ ဒီးဒုတ်ဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့တဲ့အတွက် ဒီးဒုတ်ဦးဘချိုလို့ အမည်တွင်ခဲ့တဲ့ ဆရာဦးဘချိုဟာ စာရေးဆရာအဖြစ်သာ မဟုတ်ဘဲ အနုပညာမျိုးစုံ ဖန်တီးနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးဆရာ သိန်းဖေမြင့်က ‘ဆရာ့အတွက် စွယ်စုံဆိုတဲ့ စကားနဲ့တောင် မလုံလောက်ဘူး’ လို့ ရေးသားခဲ့ပါတယ်။ စာရေးဆရာ သင်္ခါကလည်း ‘အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို’ဆိုတဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ ဦးသန့်ရဲ့ ဆရာ့အပေါ်အမြင်ကို အခုလို ရေးသားခဲ့ပါတယ်။

“စစ်ကြိုခေတ်က ကြီးပွားရေး မဂ္ဂဇင်းတွင် ဆရာ့အကြောင်းနှင့် ပတ်သက်၍ စာအုပ်တိုင်း မလွတ်အောင် စာဖတ်အလွန်များခဲ့သူဟု ကျော်ကြားခဲ့သော ဦးသန့် (ယခု ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း) က ‘အင်္ဂလိပ်လူမျိုးများထဲတွင် အဲ့လ်ဒစ်ဟတ်စလေ ဆိုသူ ပုဂ္ဂိုလ်တစ်ယောက် ရှိသည်။ ထိုပုဂ္ဂိုလ်မှာ ဘယ်ဘက်က စမ်းစမ်း ရသူဖြစ်သည်ဟု ဆိုသည်။ သို့သော် ဒီးဒုတ်ဦးဘချိုလောက် ထိုပုဂ္ဂိုလ်မှာ စုံမည်မထင်ကြောင်း ဟူ၍ပင် ဝေဖန်ရေးသားထားခဲ့သည်။ မှန်ပေလိမ့်မည်”

ဆရာဦးဘချိုဟာ စာပေဘက်မှာဆိုရင် ဆောင်းပါး ဝတ္ထု စတဲ့ စကားပြေမျိုးစုံကို ရေးသားနိုင်သလို ကဗျာ မျိုးစုံကိုလည်း ရေးဖွဲ့နိုင်သူဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပမာဒ လေခ ဖြစ်ပြီး အရေးအသား ချွတ်ယွင်းသွားတာကိုတောင် ထောက်ပြပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ ဦးစီးထုတ်ဝေတဲ့ ဒီးဒုတ်ဂျာနယ်မှာ ကလောင်မျိုးစုံ စာမျိုးစုံ ရေးခဲ့ပြီး ပြည်တွင်းရေးခန်းတစ်ခုမှာ လုပ်ကြံမှုအကြောင်းကို ကြိုတင်နိမိတ်ဖတ် ရေးသားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဂျပန်တွေ မြန်မာပြည်ထဲကို မဝင်ရောက်ခင်ကတည်းက ဂျပန်တွေရဲ့ ဖက်ဆစ်ဝါဒကို ဖော်ထုတ်ခဲ့တဲ့အတွက် ဂျပန်တွေ ဝင်လာတဲ့အခါ သူ့ကို သတ်ဖြတ်ဖို့ကြိုးစားတာ ခံခဲ့ရပြီး တပည့်တွေက အကာအကွယ်ပေးခဲ့လို့ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ရွှေဘိုမြို့အနီးမှာရှိတဲ့ ဆိပ်ခွန်ရွာမှာ ဆရာ့ကို သွားတွေ့ရပြီး ဂျပန်တွေရဲ့ဘေးက ကယ်တင်ခဲ့ရတဲ့အကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ရေးသားဖူးပါတယ်။ ဒါက ဆရာ့ရဲ့ ကလောင်လက်နက် ဘယ်လောက် ထက်ခဲ့တယ်ဆိုတာကို မှန်းဆနိုင်တဲ့အချက်ပါ။

ရန်ကုန်မြို့နဲ့ ဝေးလံတဲ့ တောရွာတွေကနေ ‘ဒီးဒုတ် ရန်ကုန်’ ဆိုပြီး ဘာလိပ်စာမှ အတိအကျ မရေးဘဲ ထည့်လိုက်တဲ့ စာတွေကိုတောင် စာပို့သမားတွေက ဆရာ့ဆီ ရောက်အောင် ပို့ပေးနိုင်ခဲ့တယ် ဆိုတဲ့ အချက်ကလည်း ဆရာ့ရဲ့ ဒီးဒုတ်ဂျာနယ် ဘယ်လောက်ထိ သြဇာသက်ရောက်မှု ကြီးခဲ့တယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးမှာ မြန်မာနိုင်ငံတော် စာရေးဆရာများအသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်တာ ခံခဲ့ရပါတယ်။

အဲဒီလို စာပေဘက်မှာ ထူးချွန်ပြီး သြဇာရှိတဲ့ ဆရာဟာ ဆေးကျမ်း၊ အဂ္ဂိရတ်၊ ဗေဒင်နက္ခတ်၊ ရာဇဝင်သမိုင်း၊ လောကဓာတ် ပညာရပ်တွေကို နိုင်နင်းသလို ရုပ်ရှင်လုပ်ငန်း၊ ပန်းချီပညာ၊ ဓာတ်ပုံပညာတွေကိုလည်း နားလည်သူဖြစ်တယ်လို့ သိရပါတယ်။ ဂီတနဲ့ပတ်သက်လို့လည်း ကိုယ်တိုင်က စောင်းကောက်ကိုသာ တီးတတ်ပေမယ့် ဘယ်တူရိယာနဲ့ပတ်သက်တဲ့ အကြောင်းအရာကိုမဆို ရှင်းပြနိုင်ပြီး မြန်မာ့ဂီတကိုတောင် ခေတ်မီနည်းတွေနဲ့ ပြန့်ပွားအောင် လုပ်ခဲ့တဲ့အကြောင်း ဆရာသိန်းဖေမြင့်က ၁၉၄၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် ဂျာနယ်ကျော်မှာ ရေးသားခဲ့ပါတယ်။

အဲဒီလို အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာဦးဘချိုဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့အခါ ရာထူးမမက်၊ ကိုယ်ကျိုးမဖက်ဘဲ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ပထမကျောင်းသားသပိတ် ပေါ်ပေါက်ပြီး အမျိုးသားတက္ကသိုလ် ထူထောင်တဲ့အခါ ဆရာဦးဘချိုက ထူထောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ပေါင်းတည်နဲ့ ဟင်္သာတမြို့တို့မှာ ကျောင်းဆရာ လုပ်ကိုင်ခဲ့ပါတယ်။ ဆရာဟာ လူတိုင်းအပေါ် စေတနာကောင်းပြီး အပေးအကမ်း ရက်ရောသူဖြစ်ပါတယ်။ ၁၉၂၇ – ၂၈ လောက်မှာ ဒီးဒုတ်ဂျာနယ်ကနေ တစ်လကို ငွေ ၃ဝဝဝ ကျော်လောက် ဝင်ငွေရှိတာတောင် သူတပါးကို ပေးကမ်းမှုတွေကြောင့် ဘယ်တော့မှ ကြွေးမကင်းပါဘူး။ နောက်ဆုံး ဝန်ကြီးဖြစ်တဲ့အချိန်မှာတောင် ချောင်ချောင်လည်လည် မရှိဘူးလို့ ဆရာသိန်းဖေမြင့်က ရေးသားခဲ့ပါတယ်။ ဒီလိုစိတ်ထားကောင်းလို့လည်း လူငယ်နိုင်ငံရေးခေါင်းဆောင်တွေက လေးစားကြည်ညိုခဲ့တာဖြစ်ပါလိမ့်မယ်။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကလည်း ဆရာဦးဘချိုကို လေးစားခဲ့ပါတယ်။ ဒါကြောင့် စစ်အပြီးမှာ ပြန်လည် ထုတ်ဝေတဲ့ ဒီးဒုတ်ဂျာနယ်အတွက် အမှာစာမှာ အခုလို ရေးသားခဲ့ပါတယ်။

“ဒီးဒုတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဘချိုမှာ ဝါရင့်သော ဝံသာနုတစ်ဦးပင်ဖြစ်ပေသည်။ ထိုမျှမက သူ၏ အယူအဆ ထင်မြင်ချက်များကို သဘောမတူသူများ ရှိပင်ရှိလင့်ကစား သူ့ကို အာဏာလု သို့မဟုတ် ဝမ်းစာလု သို့မဟုတ် ရာထူးလု ဝံသာနုဟု မည်သူမျှ မစွပ်စွဲနိုင်ပေ။

ကျွန်တော်သည် ဆရာဦးဘချိုနှင့် (၁၉၃၆) ကျောင်းသား သပိတ်နှစ်လောက်က ကောင်းစွာသိကျွမ်းခဲ့ရာ သူ၏ ဉာဏ်ရည် ဖန်ရည်နှင့်တကွ စိတ်ထားကို ကောင်းစွာသိခဲ့ပါသည်။ ကျွန်တော်တို့နှင့် ဆရာဦးဘချို ယခု ဖဆပလခေတ်တွင်မှ နိုင်ငံရေးအားဖြင့် ရင်းရင်းနှီးနှီး ပေါင်းလာခဲ့ကြသော်လည်း ၁၉၃၆ ခု သပိတ်လောက်တုန်းကပင် စ၍ အရေးရှိလျှင် ရှိသလို ဆရာဦးဘချို၏ ထိရောက်သော အကူအညီများ ရရှိခဲ့ပေသည်။”

ဒီအမှာစာကို ကြည့်မယ်ဆိုရင် နိုင်ငံရေး ဝင်လုပ်နေတဲ့ စာရေးဆရာအတွက် နိုင်ငံရေးသမားက စာရေးပေးထားတယ် ဆိုတဲ့အချက်ကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ဘယ်ဟာမှ သီးခြားရှိမနေဘဲ တနည်းတဖုံ ဆက်စပ်နေတတ်တဲ့ သဘောတွေဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီးဒုတ်ဂျာနယ်အတွက် အဲဒီအမှာစာကို ၁၉၄၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရေးသားခဲ့တာပါ။ ဒီအမှာစာ ရေးပြီးလို့ နောက်ထပ် ၁ နှစ်နဲ့ ၈ ရက်အကြာမှာတော့ ဆရာတို့ ၂ ဦးစလုံး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ အခုဆိုရင် သူတို့ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၆ဝ ကျော်သွားပါပြီ။ ဒါပေမယ့်လည်း စနစ်တကျ အချိန်ယူပြီး ဝိုင်းဝန်းပြုစုထားတဲ့ ‘ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ’ စာအုပ်ကြီးတစ်အုပ် မယ်မယ်ရရ မပေါ်ထွက်လာသေးသလို စာပေါင်းများစွာ ကဗျာပေါင်းများစွာ ရေးသားခဲ့တဲ့ ဒီးဒုတ်ဦးဘချိုရဲ့ စာပေါင်းချုပ်လည်း မထွက်လာသေးပါဘူး။ ဒါက တိုင်းပြည်အတွက် ဝမ်းနည်းစရာကောင်းတဲ့ အနေအထားပါ။

ဘယ်လိုပဲဖြစ်ဖြစ် စာပေအနုပညာရှင်တွေက နိုင်ငံ့အကျိုးအတွက်ဆိုရင် နိုင်ငံရေးတာဝန်တွေကိုလည်း ထမ်းဆောင်သင့်တယ် ဆိုတဲ့အချက်ကို ဆရာ ဦးဘချိုက ပြသခဲ့တာဖြစ်တယ်။ နိုင်ငံရေးဟာ နိုင်ငံရေး၊ တခြား ဘာရေး ညာရေးတွေနဲ့ ရောယှက်လို့ မရဘူးဆိုတဲ့ သဘောတရားတွေသာ မှန်ခဲ့မယ်၊ အားလုံးကလည်း အဲဒီအတိုင်း လိုက်နာကျင့်သုံးခဲ့မယ်ဆိုရင်တော့ မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက် ဒါမှမဟုတ် ဂျပန်လက်အောက်ကနေ ဒီကနေ့ထိ လွတ်မြောက်မှာ မဟုတ်သေးဘူးလို့ ယူဆမိကြောင်းပါ။

ထိန်လင်း (၉၊ ၁ဝ၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

 
Leave a comment

Posted by on October 15, 2008 in For the record

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

 
%d bloggers like this: