RSS

Moe Yan Ma Ka – Ludu Daw AMar Memorial erected at Pyin Oo Lwin

22 Nov

ပြင်ဦးလွင်က အမေလူထုဒေါ်အမာ အထိမ်းအမှတ်
အမှတ်တရ ပန်းပုကျောက်စာတိုင်
မိုးယံမခ
ရန်ကုန် ၂၂၊ နိုဝင်ဘာ၊ ၂ဝဝ၉

အခုလာမယ့် နိုဝင်ဘာ ၂၉ ရက်၊ ၂ဝဝ၉နေ့ဟာ စာရေးရာ၊ သတင်းစာဆရာမကြီး အမေလူထုဒေါ်အမာရဲ့ ၉၄ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ အမေလူထုဒေါ်အမာဟာ ၂ဝဝ၈၊ ဧပြီလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပေမယ့် အမေ့ကို လေးစားချစ်ခင်ကြတဲ့ တပည့်သားမြေးများက အမေလူထုဒေါ်အမာ ၉၄ နှစ်ပြည့်မွေးနေ့ အကြိုကန်တော့ပွဲကို ကျင်းပခဲ့ကြပါတယ်။
ကန်တော့ပွဲကို ပြင်ဦးလွင်မြို့၊ စိမ်းလန်းအေးခြံမှာရှိတဲ့  အမေ လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင်တည်ရှိရာမှာ ၂ဝဝ၉ နိုဝင်ဘာ ၇ ရက် စနေနေ့နေ့လည် ၁ နာရီက ကျင်းပခဲ့ကြတာပါ။
တကယ်တော့ အမေ့ရဲ့ အမှတ်တရပန်းပုကျောက်စာတိုင်ဖွင့်ပွဲဆိုရင်လည်း မမှားပါဘူး။ နွေရာသီ ဆိုရင် အမေ အနားယူခဲ့တဲ့ ပြင်ဦးလွင်က စိမ်းလန်းအေးခြံမှာ အမေလူထုဒေါ်အမာရဲ့ အထိမ်းအမှတ် ပန်းပုကျောက်စာတိုင်ကို တည်ငြိမ်လေးနက်စွာ တွေ့မြင်နိုင်ပါတယ်။

အမေလူထုဒေါ်အမာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနနဲ့ဂူဗိမာန်အတွက် ဆရာလူထုဦးလှနဲ့အတူ ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ စာရေးဆရာ သိပံမောင်ဝ၊ လယ်တီဦးကောဝိဒ (ပုပါးဦးကျော်ရင်)တို့ရဲ့ ကမည်းကျောက်စာတိုင် အုတ်ဂူအတွက်လည်း ဦးစီးဆောင်ရွက်ခဲ့ပါတယ်။ အမရပူရ တောင်လေးလုံး ကျောင်းတိုက်မှာ ထာဝရတည်ရှိနေကြတဲ့ စာပေအနုပညာရှင် အမှတ်တရ ကျောက်စာ တိုင်တွေအားလုံးအတွက်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်သလို အမိမြန်မာနိုင်ငံတော် ကြီးရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ရိုးရာဓလေ့ စာပေယဉ်ကျေးမှု အတွက် မဆုတ်မနစ်ထမ်းရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

အမေဟာ တိုင်းပြည် အတွက် နိုင်ငံရေးအရ၊ စာပေအနုပညာ ယဉ်ကျေးမှုအရ စောင့်ရှောက်ခဲ့ကြတဲ့သူတွေကို သမိုင်းထဲက ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေကြတဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီးရဲ့ အောက်မှာ ”မမေ့အပ်သူတွေကို မမေ့ကြဖို့” လက်တွေ့ကျကျ ဦးဆောင်ခဲ့သူပါ။ ဒါကြောင့်မို့ အမေ့အတွက် အမှတ်တရကျောက်စာတိုင်စိုက်ထူဖို့ တပည့်သားမြေးတွေက ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

အမေ့အမှတ်တရကျောက်စာတိုင် စိုက်ထူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံစာရေးဆရာ တစ်ဦးက အခုလိုပြောပါတယ်။
”အမေ့အတွက် အမှတ်တရကျောက်စာတိုင်စိုက်ထူဖို့ စပြီးစိတ်ကူးရခဲ့တာက အမေ့ဈာပနကျင်းပတဲ့ ၉၊ ၄၊ ၂ဝဝ၈ နောက်ပိုင်းမှာ ဧရာဝတီမြစ်ထဲ အမေ့အရိုးပြာတွေ မျှောတုန်းက ဦးမျိုးထွဋ်(ပြည်သူ့ရဲဘော်)၊ ဆရာဦးကိုလေး(အင်းဝဂုဏ်ရည်)၊ ဒေါ်ခင်ခင်ဝင်း(ကလျာမဂ္ဂဇင်း)၊ ဦးနီတွတ် (သမိုင်းပါမောက္ခ)၊ ကိုမော်လင်း၊ ဒေါက်တာ ကျော်ကျော်မင်းနဲ့ ကိုကျော်သီဟတို့ တိုင်ပင်ဖြစ်ခဲ့ရာက ဆရာလူထုစိန်ဝင်း၊ အမေ့ မိသားစုဝင်များနဲ့ စကားပြောဖြစ်ခဲ့ကြပြီး အမေ့အမှတ်တရကျောက်စာတိုင်စိုက်ထူဖို့ ဆောင်ရွက်ဖြစ်ခဲ့ကြတာပါ။”
အမေ့အမှတ်တရ ကျောက်စာတိုင် အတွက် ဒီဇိုင်းအပ်ဖြစ်ခဲ့ပုံနဲ့ ပန်းပုကျောက်စာတိုင် ထုလုပ်ဖြစ်ခဲ့ပုံကို အဆိုပါစာရေးဆရာက အခုလိုဆက်ပြီး ပြောပြပါတယ်။

ကျောက်စာတိုင်ဒီဇိုင်းကို ၃၊ ၄၊ ၂ဝဝ၉ နေ့က မြန်မာ့ရိုးရာဒီဇိုင်းပညာရှင် ဆရာကြီး ဦးအေးမြင့်(အမရပူရ)ထံမှာ သွားပြီးအပ်ကြတယ်။ ဆရာကြီးက ၆၊ ၄၊ ၂ဝဝ၉ နေ့မှာ အပြီးဆွဲပေးတယ်။ မေတ္တာနဲ့ ရေးဆွဲပေးတာပါ။ ဒီဇိုင်းက ဆရာဦးဝင်းတင်(ဟံသာဝတီ) ရဲ့ အမေ့အတွက်ရေးပေးထားတဲ့

ခြေတစ်လှမ်း၊ ကျမ်းတစ်စောင်
ှစ်တစ်ထောင်၊ ခရီးပြင်း
ရေဒေါင်းတောင်၊ စိန်ကလောင်နဲ
တောင်ကိုဖိမည့်၊ မြစ်တစ်စင်း

ဆိုတဲ့ကဗျာကို ခံစားပြီးသရုပ်ဖော်ထားတာလို့ ဆိုပါတယ်။ အဲဒီကဗျာကို ဆရာလူထုစိန်ဝင်းက အင်္ဂလိပ်လို ဘာသာပြန်ပေးတယ်။ ဆရာကြီးဦးအေးမြင့်က ဒီဇိုင်းကိုဖန်တီးထုလုပ်ဖို့ ပန်းချီပန်းပုဆရာ စူးမြင့်သိန်း (အလင်းတံခါး၊ ပန်းချီပန်းပုသင်တန်းကျောင်း၊ မန္တလေး)ကို ညွှန်းခဲ့တယ်။
ဆရာ စူးမြင့်သိန်းက ဆရာကြီးဦးအေးမြင့်ရဲ့ ဒီဇိုင်းကို အခြေခံပြီး တာရာဇိုနဲ့ပြုလုပ်ထားတဲ့ အထိမ်းအမှတ်ကျောက်စာတိုင်ကို ခေတ်သစ်အနုပညာ ရသအမြင်နဲ့ ဖန်တီးထုလုပ်ခဲ့ တာပါ။
အမှတ်တရကျောက်စာတိုင်အမြင့်က ၉ ပေ၊ ၉ လက်မနဲ့ အောက်ခြေက ၁ ပေ၊ ၃ လက်မရှိပြီး စုစုပေါင်း ၁၁ ပေ၊ ၁၁ လက်မ အမြင့်ရှိပါတယ်။ ၂၉၊ ၉၊ ၂ဝဝ၉ နေ့မှာ အုတ်ခုံပြီးခဲ့ပြီး ၄၊ ၁ဝ၊ ၂ဝဝ၉ နေ့မှာ အလုံးစုံ အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်။”
အမေလူထုဒေါ်အမာရဲ့ အထိမ်းအမှတ် အမှတ်တရကျောက်စာတိုင်ဟာ ပြင်ဦးလွင်က စိမ်းလန်းအေးခြံထဲမှာ ရွှေအိုရောင်အဆင်းနဲ့ နှင်းဆီတွေ ဝန်းရံနေတာ တွေ့ရပါတယ်။
”ခြေတစ်လှမ်း၊ ကျမ်းတစ်စောင်”ဆိုတဲ့ စာသားအတိုင်း အမေရေးသားထုတ်ဝေခဲ့တဲ့ သတင်းစာ၊ ဂျာနယ်၊ စာအုပ်တွေကို အထပ်လိုက်၊ အထပ်လိုက်ဆင့်ပြီး တိုင်လုံးကို ပုံဖော်ထားပါတယ်။
စာအုပ်တိုင်ပေါ်မှာ မြင့်မိုရ်တောင်ထက်ဝန်းကျင်က မြစ်တွေ၊ ကျောက်တောင်တွေကို ရိုးရာပန်းချီဟန်နဲ့ ကနုတ်တွေကို ဖွဲ့စည်းထားပုံက ဥဒေါင်းတစ်ကောင် ကောင်းကင်ကို တိုးထွက်တော့မယ့်ဟန်ကို ပေါ်လွင်စေပါတယ်။
ကနုတ်တွေကြားထဲမှာ နေမင်းအသွင် တိုးလျှိုပေါက်အဝိုင်းတစ်ခုပါရှိပြီး ကနုတ်ပန်း ကျောက်တောင်တွေကြားမှာ ပြိမ်းချမ်းရေးချိုးငှက် ထိုးဖောက်ပျံသန်းနေတဲ့ဟန်လည်း တွေ့နိုင်ပါတယ်။
နေမင်းရဲ့အောက်ဖက်မှာတော့ ဟံသာဝတီဦးဝင်းတင်ရဲ့ ကဗျာစာသား လက်ရေးမူကို သင်ပုန်းအထက်မှာ ကလောင်တံပါတဲ့ ရှေးမြန်မာသင်ပုန်းပေါ်မှာ အင်္ဂလိပ်လိုတစ်ဖက်၊ မြန်မာလိုတစ်ဖက် ဖော်ပြထားပြီး ရုပ်ထုကျောက်စာတိုင်ဟာ နေထွက်ရာ အရှေ့အရပ် ကို ဦးတည်လျှက်ရှိပါတယ်။

 

ရာသီဥတုက အေးမြပြီး ပန်းအလှတွေနဲ့ စိမ်းစိမ်းစိုစိုရှိလှတဲ့ ပြင်ဦးလွင်မြို့လေးကို မဆလနဲ့ စစ်အစိုးရခေတ်တွေမှာ စစ်တက္ကသိုလ်ဖွင့်ပြီး စစ်မြို့တော်အဖြစ် ဖန်တီးခဲ့တာမို့ ပြည်သူလူထုဘက်က ရပ်တည်ခဲ့တဲ့ အမေလူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ကျောက်စာတိုင်ကို ပြင်ဦးလွင်မြို့မှာ စိုက်ထူနိုင်ခဲ့တယ်ဆိုတာ တပင်ရွှေထီးက စစ်ပြိုင်ဒေသမှာရှိတဲ့ မွန်တွေရဲ့ ရွှေမော်ဓောဘုရားကိုတက်ပြီး နားထွင်းမင်္ဂလာလုပ်ခဲ့သလို အင်မတန် သိမ်သိမ် မွေ့မွေ့နဲ့ သပ်သပ်ရပ်ရပ် ဆောင်ရွက်ခဲ့ရကြောင်း ဒေသခံစာရေးဆရာတစ်ဦးက သုံးသပ် ခဲ့ပါတယ်။

အဲသည်က အမှတ်တရ ထုတ်ခဲ့တဲ့ စာအုပ်ကလေးကို ဒီမှာ ရယူပါ။
http://www.scribd.com/doc/22922281/Daw-AMar-Memorial-Status-marked-at-Pyin-Oo-Lwin

Advertisements
 
Leave a comment

Posted by on November 22, 2009 in News Features

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: