RSS

Yan Win Taung Ta Gar – Trailer Jeep – Burmese Favourate Transports

12 May

ထောလားကျီး သို့မဟုတ် မြန်မာပြည်က လူထုယာဉ်
ရန်ဝင်း (တောင်တံခါး)
မေ ၁၂၊ ၂၀၁၀

‘ထောလားကျီး’ ဆိုတာ မြန်မာပြည်မှာ ‘ထော်လာဂျီ’ လို့ခေါ်တဲ့ ယာဉ်တမျိုးပါ။ နာမည် ခေါ်ရတာ ခပ်ဆန်းဆန်းဆိုတော့ ကြားဖူးခါစတုန်းက ဘာကိုခေါ်တာပါလိမ့်လို့ တွေးရခက်တယ်။ အခုအချိန်မှာတော့ မြန်မာပြည်မှာ ကလေးကအစသိတဲ့ စကားလုံးဖြစ်နေပြီပေါ့။

ထော်လာဂျီ ရဲ့အရင်းအမြစ်ကို ရှာတဲ့အခါ မူလထုတ်လုပ်တာက တရုတ်နိုင်ငံဖြစ်တယ်လို့ သိရတယ်။  အဲဒါနဲ့ တရုတ်ဘာသာစကား  ကျွမ်းကျင်တဲ့ ရောင်းရင်းတယောက်ကို မေးရတယ်။ မြန်မာပြည်မှာ မြန်မာသံနဲ့ ခေါ်ကြတဲ့ ‘ထော်လာဂျီ’ ရဲ့ အသံထွက်အမှန်က ‘ထောလားကျီး’ ပါတဲ့။ အဓိပ္ပာယ်က အင်္ဂလိပ်လို Tractor။ Tractor ကို မြန်မာလို ပြန်တော့ ဆွဲယာဉ် လို့ အဓိပ္ပာယ်ထွက်နိုင်ပေမယ့် မြန်မာပြည်မှာ လယ်ထွန်စက်၊ ထွန်စက် လို့ပဲ ခေါ်ခဲ့ကြတယ်။ ထောလားကျီး ကလည်း အများခေါ်နေကျမို့ နှုတ်ကျိုးနေတဲ့ ထော်လာဂျီ ပါပဲ။ အဲဒီ ရောင်းရင်း ကပဲ ထောလားကျီးနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေရှာပေးတယ်။

https://i0.wp.com/1.bp.blogspot.com/_t2ujAaNeufY/S-ob4Q_PpQI/AAAAAAAAI6w/Tp5cyaRXW3o/s1600/tj-01.gif

တရုတ်နိုင်ငံလုပ်၊ ထွန်စက်မှာ နောက်တွဲတပ်ထားတဲ့ ထောလားကျီး၊

မူလအသုံးကတော့ လယ်တို့ ယာတို့ကို ထွန်ယက်တဲ့ ထွန်သွားကို ဆွဲဖို့ပါ။ နောက်တွဲကလေးတပ်ပြီး လူစီးတယ်၊ ပစ္စည်းတင်တယ်။ အဲဒီကစပြီး လူစီးယာဉ်ပုံစံဘက်ကို တဖြည်းဖြည်းပြောင်းလာတယ်။

https://i0.wp.com/2.bp.blogspot.com/_t2ujAaNeufY/S-ob58yqpiI/AAAAAAAAI64/ymN7oZU-xhk/s1600/tj-02.gif

တရုတ်နိုင်ငံလုပ် လူစီး၊ ပစ္စည်းတင်စရာ ထောလားကျီး

မြန်မာပြည်က ထောလားကျီး ကို လူထုယာဉ် လို့ပဲ ခေါ်လိုက်ချင်ပါတော့တယ်။ ဒီနေ့ မြန်မာပြည်အနှံ့အပြားမှာ  ထွန်စက်မောင်းသံ တညံညံကိုတော့ လယ်ကွင်းတွေထဲမှာတင် မကတော့ဘဲ လမ်းတွေပေါ်မှာလည်း ကြားနေရပါပြီ။ ထွန်စက်နဲ့ဆွဲတဲ့ နောက်တွဲမှာ လူစီးရတာကတော့ တောနေလူထုအတွက် မဆန်းတော့ပါ။ ထောလားကျီး လို့ မခေါ်ခင်ကတဲက စီးနေခဲ့ကြတာပါပဲ။ ဒီနေ့ မြို့သူ မြို့သားတွေ ထွန်စက်တဖြစ်လဲ ထောလားကျီးကို စီးနေကြပါပြီ။ မြို့ကြီးတွေရဲ့ လမ်းမကြီးတွေပေါ်မှာ မောင်းနှင်ခွင့်မရတာကလွဲရင် တခြား ဘယ်မှာကြည့်ကြည့် ထောလားကျီး တစီးစီးကို တွေ့ရမှာ အမှန်ပါပဲ။

https://i2.wp.com/3.bp.blogspot.com/_t2ujAaNeufY/S-ob7lAUebI/AAAAAAAAI7A/3X2Uz3JUqrw/s1600/tj-03.gif

ပုဂံမြို့ဟောင်းတနေရာက ထောလားကျီး၊ ဓာတ်ပုံ – ရန်ဝင်း (တောင်တံခါး)

ပုံစံတွေကလည်း စုံ၊ အရောင်ကလည်း စုံ၊ အကြီးအသေး အရွယ်ကလည်း စုံတယ်။ ဒီနေ့ မြန်မာပြည်ထဲက လမ်းကြီး လမ်းငယ် လမ်းအသွယ်သွယ်တွေပေါ်မှာ ကားမျိုးစုံတွေကြားထဲ မီးခိုးတထောင်းထောင်း၊ စက်သံ တထိုင်းထိုင်း၊ တဒုံးဒုံး နဲ့ ထောလားကျီးတွေ ပျားပန်းခတ် ဥဒဟို ပြေးလွှားနေကြတယ်။

တမြို့နဲ့တမြို့ ကူးတဲ့လမ်းတွေပေါ်မှာလည်း ထောလားကျီးတွေ လက်ညှိုးထိုးမလွဲ ဧကန် တွေ့ရပေလိမ့်မယ်။ ထောလားကျီး အရွယ်မျိုးစုံပေါ်မှာ လူတွေ၊ လူတွေ ပဒေသာပင်သီးထားသလိုပါပဲ။

https://i1.wp.com/1.bp.blogspot.com/_t2ujAaNeufY/S-ob80EFuMI/AAAAAAAAI7I/GS99atCl9Ag/s1600/tj-04.gif

မန္တလေးမြို့ ဆင်ခြေဖုံးတနေရာက ထောလားကျီး၊ ဓာတ်ပုံ – ရန်ဝင်း (တောင်တံခါး)

ကျွဲ နွား ဝက် ဆိတ် သိုး တိရိစ္ဆာန်မျိုးစုံကအစ၊ ကောက်ရိုးထုံးကြီးတွေ၊ ပန်းစည်း နဲ့ ဟင်းသီးဟင်းရွက်စည်းတွေ၊ ဆန်အိတ်တွေ၊ သက်ကယ်ပျစ်တွေ၊ သစ်သား ပျဉ်ချပ်တွေ၊ ထင်းတုံးကြီးတွေ၊ အုတ်ခဲတွေ၊ ကျောက်တုံးတွေ၊  မြေကြီး နဲ့ သဲ၊ ရေသန့်ဗူးတွေ မကျန် ပစ္စည်းအမျိုးမျိုး သယ်လာတဲ့ ထောလားကျီးတွေကို တွေ့ရတာ အံ့သြစရာပါ။ ပလပ်စတစ်အစတွေ ကာရံပြီး ရေလည်း သယ်တယ်။ တချို့ကလည်း အရပ် နှစ်ဆ၊ ကိုယ်ထည် နှစ်ဆလောက်ကြီး ပစ္စည်းတွေ တင်လာတာပဲ။ ဘယ်တော့များ ပြိုကျသွားမလဲလို့ ရင်မပြီး ကြည့်နေရတယ်။

မနိုင်ဝန်ကို ထမ်းလာတယ်လို့ မထင်လိုက်ပါနဲ့။ သူကတော့ ခပ်တည်တည်ပဲ။ မီးခိုးတထောင်းထောင်း၊ စက်သံ တထိုင်းထိုင်း နဲ့ ကျော်တက်ချင်ရင်လည်း ကျော်တက်သွားကြလေ၊ ကျုပ်ကတော့ ဖြည်းဖြည်းပေါ့ဗျာ လို့ ဆိုသလိုပါပဲ။ တလိမ့်လိမ့်နဲ့ မောင်းသွားလေရဲ့။ ထောလားကျီးတွေကို မြန်နှုန်းမြင့်ယာဉ်အဖြစ် လုပ်ထားတာမှ မဟုတ်ပဲလေ။

https://i0.wp.com/3.bp.blogspot.com/_t2ujAaNeufY/S-ob-tUEHSI/AAAAAAAAI7Q/hIygmgZVkkI/s1600/tj-05.gif

စစ်ကိုင်း မင်းကွန်းလမ်း၊ ခိုတောင် ရွာကလေးတနေရာက ထောလားကျီး၊ ဓာတ်ပုံ – ရန်ဝင်း (တောင်တံခါး)

https://i1.wp.com/2.bp.blogspot.com/_t2ujAaNeufY/S-ocBvNf6SI/AAAAAAAAI7Y/E-pgWwAew_s/s1600/tj-06.gif

စစ်ကိုင်းတောင်၊ တောင်ရိုးလမ်း တနေရာက ထောလားကျီး၊ ဓာတ်ပုံ – ရန်ဝင်း (တောင်တံခါး)

https://i2.wp.com/4.bp.blogspot.com/_t2ujAaNeufY/S-ocEAnPj5I/AAAAAAAAI7g/IEGIi41g1ME/s1600/tj-07.gif

ပုဂံမြို့ဟောင်း၊ အာနန္ဒာဘုရား မြောက်ဖက်မုခ်၊ စဥ့်အိုးတန်းဘေးက ထောလားကျီး၊ ဓာတ်ပုံ ရန်ဝင်း (တောင်တံခါး)

မြင်တော့ မမြင်ဖူးပါ။ ကြားဖူးတာကတော့ သစ်လုံးကြီးတွေတင်နိုင်တဲ့ ဧရာမ ထောလားကျီးတွေရှိသတဲ့။ တောင်တက် တောင်ဆင်းလမ်းတွေပေါ်မှာ အဲဒီလောက်လေးတဲ့ သစ်လုံးကြီးတွေကိုတင်ပြီး မောင်းနိုင်တာ၊ အံ့သြကုန်နိုင်ဖါယ်ပါပဲ။ ဘာကြောင့် အံ့သြစရာဖြစ်ရသလဲဆိုတော့ သာမန် ကားတွေ၊ ထရပ်ကားတွေနဲ့မတူဘဲ ထောလားကျီးတွေမှာသုံးတဲ့ တလုံးထိုး Single-cylinder ဒီဇယ်အင်ဂျင်တွေနဲ့ လက်ရာမြောက်လှတဲ့ တီထွင်မှု နည်းပညာကြောင့်ပါပဲ။

မြန်မာပြည်ထဲကို တရုတ်နိုင်ငံလုပ် ထောလားကျီးတွေ စပြီးဝင်ရောက်လာတဲ့အချိန်ကို အတိအကျပြောဖို့ မလွယ်ကူပါ။ ၁၉၉ဝ နောက်ပိုင်းမှာတော့ အသင့်ဆင်ပြီးသားရော၊ အင်ဂျင်တွေချည်းရော အလုံးအရင်းနဲ့ ရောက်လာပါတော့တယ်။ ဆင်ပြီးသား ထောလားကျီးတွေကို တရုတ်နိုင်ငံထဲမှာ Nong You နုံးယို၊ Nanjun နန်ကျွင်း၊ Li Fong လိဖန်း ကုမ္ပဏီတွေက လုပ်တယ်။ ကိုယ်ထည်ပေါ်မှာ တရုတ်ဘာသာ နဲ့ စာတွေပါတဲ့ ထောလားကျီးတွေကို မြန်မာပြည်ထဲမှာ တွေ့နိုင်ပါတယ်။

မြန်မာ စက်ဆရာတွေက အဲဒီ ထောလားကျီးတွေကို နမူနာယူပြီး ကိုယ်ပိုင်ပုံစံ ထောလားကျီးတွေ မြန်မာပြည်ထဲမှာ ဆင်ကြတယ်။ အများအားဖြင့်တော့ ပြည်တွင်းဖြစ် ထောလားကျီးတွေမှာ ဒီဇယ်အင်ဂျင်တွေပဲ မူရင်းအတိုင်းဖြစ်တယ်။ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ပြည်တွင်းမှာရှိတာတွေနဲ့ စုပေါင်းလုပ်ပါတယ်။

https://i2.wp.com/4.bp.blogspot.com/_t2ujAaNeufY/S-ocF2cQIDI/AAAAAAAAI7o/x8XrbBUtwrg/s1600/tj-08.gif

မြန်မာပြည်ထဲက ထောလားကျီးတွေမှာသုံးလေ့ရှိတဲ့ တရုတ်နိုင်ငံလုပ် ဒီဇယ်အင်ဂျင်တွေ၊

ဓာတ်ပုံ – Products Zhejiang Sifang Group

တလုံးထိုး single-cylinder ဒီဇယ်အင်ဂျင်တွေပါပဲ။ အဲဒီ ဒီဇယ်အင်ဂျင်တွေကို ထုတ်လုပ်တုန်းကတော့ ရေစုပ်စက်၊ လျှပ်စစ်ဂျင်နရေတာစက် စတဲ့ လုပ်ငန်း အသေးသုံးကလေးတွေအတွက် ရည်ရွယ်တာဖြစ်လိမ့်မယ်။

မြန်မာပြည်ထဲကို အဲဒီ ဒီဇယ်အင်ဂျင်တွေရောက်လာတော့ ပထမပိုင်းမှာ မော်တော်ဘုတ်နဲ့ စက်လှေတွေမှာ သုံးကြည့်ပါတယ်။ ဒီနေ့ အင်းလေးကန်ရေပြင်ပေါ်မှာ ပြေးလွှားခုတ်မောင်းနေတဲ့ စက်လှေတွေကိုကြည့်ပါတော့။ မကြာခင်မှာ လမ်းပေါ်မောင်းလို့ရတဲ့ ထောလားကျီးတွေအဖြစ် တဖြည်းဖြည်းနဲ့ တိုးတက်အောင်မြင်လာတယ်။

မြန်မာပြည်ထဲက မြို့တိုင်းမှာ တနေ့တခြား တိုးပွားလာတဲ့ ခရီးသွားဦးရေ၊ ယာဉ်ရှားပါးတာနဲ့ လောင်စာဆီ ရှားပါးတာတွေကြောင့် ထောလားကျီးတွေ နေရာယူလာတာပါပဲ။ ယာဉ်တန်ဖိုးကလည်း ကားတစီးတန်ဖိုးနဲ့ မယှဉ်သာအောင် နည်းပါးတာရယ်၊ သုံးတဲ့ ဒီဇယ်ဆီက တွက်ရေးကိုက်တာတွေရယ်ကြောင့်၊ နေ့ချင်း ညချင်းပဲ ထောလားကျီးတွေ တိုးပွားလာတယ်။ အဲဒီ ထောလားကျီးတွေက ဒီဇယ်ဆီ အမျိုးအစား  သိပ်မရွေးဘူးတဲ့။ ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထ ချက်တဲ့ ဒီဇယ်ဆီနဲ့လည်း မောင်းနိုင်တယ်လို့ သိရတယ်။

စက်ပျက်သွားရင်လည်း ပြင်ရတာမခက်ခဲဘဲ အိုဗာဟောလုပ်ဖို့ လွယ်ပါသတဲ့။ မန္တလေးမြို့ စိန်ပန်းအရပ် စက်ဆရာတွေက အင်ဂျင်ဘလောက်တခုလုံး အသစ်ပုံလောင်းတာနဲ့ နှစ်ခြမ်းခွဲပြီး ပြန်ဆက်တာတွေကိုတောင် လုပ်နိုင်ကြတယ်။ ဂီယာဘောက်လို့ သူတို့ခေါ်တဲ့ ထရန်စမစ်ရှင်းတစုံလုံးကိုလည်း အသစ်လုပ်နိုင်ကြသတဲ့။ သုံးတဲ့ကုန်ကြမ်းက ပြည်တွင်း ဟိုနား ဒီနားကရတဲ့ သံတိုမယ်နတွေပါတဲ့။ အဲဒါတွေကို အရေကြို ပုံလောင်း၊ တွင်ခုံမှာ ပုံသွင်းပြီး ဆင်ယူပါတယ်။

လက်ဦးကတော့ တရုတ်ပြည်လုပ် ပစ္စည်းတွေကို နမူနာယူကြရတယ်။ ဒီနေ့မှာတော့ ဒီဇယ်အင်ဂျင်အသစ် တလုံးကိုမူတည်ပြီး လိုက်ဖက်တဲ့ ထရန်စမစ်ရှင်းတစုံ  အပါအဝင် ထောလားကျီးတစီးလုံးကို ပြည်တွင်းက ပစ္စည်းတွေနဲ့ ဆင်ယူကြတာပါပဲ။

https://i0.wp.com/4.bp.blogspot.com/_t2ujAaNeufY/S-ocJ8TIMPI/AAAAAAAAI7w/7HNVWwLCKnQ/s1600/tj-09.gif

စစ်ကိုင်း၊ ဝါးချက်၊ မင်းကွန်း လမ်းပေါ်က ကားကြီးပုံစံ ပြည်တွင်းဖြစ် ထောလားကျီး၊ ဓာတ်ပုံ – ရန်ဝင်း (တောင်တံခါး)

အဲဒီလို ယာဉ်မျိုးတွေက ဒီနေ့ မြန်မာပြည်ရဲ့လမ်းတွေပေါ်မှာ နေ့စဉ် တဓူဝ သွားရေး လာရေး သယ်ယူပို့ဆောင်ရေးတွေကို မိုးလင်းကနေ မိုးချုပ်အထိ အောက်ခြေသိမ်း တာဝန်ယူနေကြပါပြီ။

အဓိကကျတဲ့အချက်ကတော့ ထောလားကျီးတွေကို ဘာကြောင့်ပဲ သုံးသုံး၊ ဘယ်သူတွေကပဲ လုပ်လုပ်၊ ဘယ်မှာပဲ လုပ်လုပ်၊  ဘယ်လိုပဲ လုပ်လုပ်၊ ထောလားကျီးတစီး လမ်းပေါ်ရောက်လာတာနဲ့ လူထုယာဉ် ဖြစ်ပြီ။ လူထုထဲက ကျရာ တာဝန်တွေကို ထမ်းဆောင်တော့တာပါပဲ။

https://i0.wp.com/3.bp.blogspot.com/_t2ujAaNeufY/S-ocMhLwAyI/AAAAAAAAI74/OExRQ0m8b2Q/s1600/tj-10.gif

နှစ်ယောက်ထဲဆိုရင် မောင်ရယ်၊ ထောလားကျီးနဲ့ပဲ ခေါ်ခေါ် ပျော်ပါမယ်။ ဓာတ်ပုံ – ရန်ဝင်း (တောင်တံခါး)

နောက်ဆုံးပေါ် ကားသစ်တွေကို လူတိုင်းစီးနိုင်တာ မဟုတ်ပါ။ တောနယ်တွေမှာဆိုရင် ကားသစ်တွေကို မြင်ဖူးတယ် ဆိုရုံကလေးတောင်မှ မြင်ဖူးဖို့ မလွယ်ကူတာလည်း အမှန်ပါ။ ဒါပေမယ့် ထောလားကျီးကို လူတိုင်းသိတယ်။ စီးဖူးတယ်။ ရင်းနှီးကြတယ်။ မြန်မာလူထုနဲ့ ထောလားကျီးက တသားထဲကျနေပြီ။ ထောလားကျီးယဉ်ကျေးမှုလို့ ခေါ်ချင်လည်း ခေါ်နိုင်ပါတယ်။ မြန်မာလူထုရဲ့နေ့စဉ်ဘဝမှာ တနည်းနည်းအားဖြင့် ထောလားကျီးနဲ့ မကင်းနိုင်ကြတော့တာ အမှန်ပါပဲ။

ပျားပန်းခတ်သလို ပြေးလွှားရင်း၊ နှေးနှေး မြန်မြန် ညံညံ ဆူဆူ အမှုမထားဘဲ၊ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်တနိုင် တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ လမ်းတွေပေါ်က ထောလားကျီး အပေါင်းနဲ့ တီထွင်တဲ့ ပညာရှင်၊ လုပ်အားရှင်အပေါင်းကို အလေးအနက် ဦးညွှတ်လိုက်ပါတယ်။

“ကံဉာဏ်ကိုယုံကြည်စွာ၊ ကိုယ့်ကိုယ်ကို အားကိုးပါ၊

လိုရာကို စိတ်ကူးကာ အောင်လမ်းကို တွေ့အောင်ရှာ”

“အားထုတ်ယုံကြည် ဇာနည်သွေးမို့ အရေးအောင်တာ၊

အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်သာ ကိုးကွယ်ရာ”

ကိုယ့်ဒူးကိုယ်ချွန်၊ မြို့မငြိမ်း


Advertisements
 
Leave a comment

Posted by on May 12, 2010 in Travelouge

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

 
%d bloggers like this: