RSS

Mar Mar Aye -331

31 May

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၃၁)

ဆေးစက်ကျရာ အရုပ်ထင်တဲ့ သုမောင်
မာမာအေး
မေ ၃၁၊ ၂ဝ၁ဝ

မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ –
ပြီးသွားတဲ့ တပတ်မှာ သွားနှင့်လေသူ မောင်ငယ် သုမောင်ကလေး ကိစ္စပြောနေပါတယ်။ စာရေးဆရာလည်း ဖြစ်တယ်၊ ရုပ်ရှင်ဇာတ်လိုက် အဆိုတော် ဆိုတော့ ပြောစရာတွေ ရှိသေးတာပေါ့။ နောက်တပတ်ကျ ပြောဦးမယ်လို့လည်း ပြောထားတယ်မို့လား။

သူကျင်လည်ခဲ့ရာ အနုပညာရပ်ဝန်းတွေထဲမှာ မာအေးစပြီး သတိထားမိလာတာ သူမောင် – စာရေးဆရာကိုပါ။ ဦးလေး ကိုသာဓုကြီးရဲ့သား – ဘာတွေရေးပါလိမ့် ဆိုတဲ့ သိချင်စိတ်နဲ့ ကောက်ဖတ်မိတာ “အချစ်နဲ့သူ၏ကိုကို” ဝတ္ထုက အစဦးပါပဲ။ များလာတော့ နောက်ပိုင်း မဖတ်အားတော့ဘူး။ သူ့ရေးဟန်က ပြတ်တယ်၊ သွက်တယ်၊ တွေးပြီး ပြုံးရတဲ့ ဟာသကွက်တွေလည်း သူ့ရေးဟန်က တွေ့ရပါတယ်။ သူ့ကလေးတွေနဲ့ ဖြေမနိုင် ဖြစ်ရတာမျိုးလေး တွေကိုလည်း ဆရာကြီး သိပ္ပံမောင်ဝ စတိုင်မျိုးနဲ့ သောစရာလေး ရေးတတ်လို့ သဘောကျခဲ့ရပါတယ်။ လုံးချင်းထက် ဝတ္ထုတိုကို ပိုပြီး ကြိုက်ပါတယ်ရှင်။

သူ့မိဘက ပေးထားတဲ့ နာမည်ရှိပါတယ် “ဗလ” တဲ့ရှင့်။ မာအေးတို့ နယ်မှာတော့ “ဗလကြီး၊ ဗလကြီး” လို့ခေါ်ကြတာ များပါတယ်။ သူဟာ ဂီတသမားတွေ၊ ရုပ်ရှင်သမားတွေ၊ စာပေသမားတွေနဲ့ မကင်းနိုင်တဲ့ အခြေအနေမှာ ကြီးပြင်းလာတဲ့ အခြေခံနဲ့မို့ ဒီနယ်မြေ သုံးနေရာမှာ ဆေးစက်ကျရာ အရုပ်ထင်အောင် ကြိုးစား အောင်မြင်လာတော့ – ဒီဒေသတွေမှာ တွေ့ရရင်း ရတဲ့ ပုရိသ အများစုလိုပဲ “ရစ်ရွှေရည်” ကြိုက်တဲ့ ကောင်ကလေး ဖြစ်လာတာ ဘယ်ဆန်းမှာလဲလေ။

မာအေးဆီမှာ ဇွန်လ (၅)ရက် – ၂၀၀၈ ခုနှစ် နေ့စွဲနဲ့ BBC က တဆင့် ပို့လိုက်တဲ့ သူ့စာကလေး ရှိနေပါတယ်။ အရက်နဲ့ ပတ်သက်တဲ့ ကိစ္စလေးတခု တွေ့လို့ ဖတ်ပြလိုက်ဦးမယ် “ခုဆို ကျနော် အရက် ပြတ်နေပေမယ့် မယုံကြသေးဘူးဗျာ၊ အထူးသဖြင့် (၂ဝဝ၁) စက်တင်ဘာက ကျနော် အမေရိကမှာ မူးခဲ့တာကိုပဲ တံဆိပ်တုံး နှိပ်လိုက် ကြတာကိုပဲ ရေးထားသေးတယ်။ ဆက်တဲ့ အပိုဒ်က “လူဆိုတာ တနေရာထဲမှာ” “ရပ်” မနေသလို၊ အမြဲတမ်း လှေစုန်ရေစုန် စီးမနေပါဘူးဗျာ” တဲ့။ အော်…. ဒါကြောင့်များ “ဂုဏ်” သီချင်းကို စတိုင် ကျကျ သူ ဆိုခဲ့လေသလား – သတိရနေတယ်ရှင်။

ဂုဏ်- ဂုဏ်- ဂုဏ်၊ ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်၊ ငွေကိုသာ ရေလိုသုံးရင်၊ တပြည်လုံးမှာ လုပ်သမျှ တင့်တယ် (ယောက္ခမကြီက မျက်နှာချိုတယ် ကိုယ့်မယားက စေတနာပိုတယ်) ၂ ဟင်…….. သောက်မယ်ရမ်းမယ် လမ်းလည်မှာ ဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်။ လူမှာ ငွေ မရှိရင် – လင်ယူမိတာ နာတယ် ထင်တယ်x (သူတို့ကလေ – သူတို့က) ယောက္ခမ အိမ်တက် သားမက်မှာ မျက်နှာငယ် မျက်နှာငယ်၊ ဒါတွေကို ငါသိပြီကွယ်၊ အချစ်ဆိုတာ လောကမှာ နားမလည်၊ ငွေ…. ရအောင်ရှာမယ်၊ ငွေ ငွေ ရေလို သုံးမယ်၊ သောက်မယ် စားမယ် ပျော်မယ် ပါးမယ်၊ အချစ်ဆိုတာ ကစားပြမယ်၊ သမုဒယနယ် ဘယ်သူ့မှ မတွယ် သူ့ဘဝ တကယ် ပျက်ပြုန်းစေတော့ တသက်လုံးပဲ မိုက်ပြပါတော့မယ် xx (ဂုဏ်-)

ဒီသီချင်းလေးဟာ “သည်ဆောင်းဟေမာန်” ဆိုတဲ့ ရုပ်ရှင်ကားမှာ မင်းသားကျော်ဆွေ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်း သီချင်းလေးပါ။ အရက်ကြိုက်သော ယောက်ျားသားများ၊ ယောက္ခမနဲ့ မကြည်တဲ့ သူများ သာမက – သီချင်းကြိုက်တဲ့သူ အားလုံး ဆိုတိုင်း ပျော်ရတဲ့ အရသာကြောင့် ကျော်ကြားတဲ့ တေးတပုဒ်ပေါ့။ ခုခေတ်ထိ စင်ပေါ်မှာ ဆိုကြတုန်းပါ။ မောင်ဗလကြီး စင်ပေါ်မှာ ဆိုရင်လည်း ပွဲကျတာပေါ့ရှင်။ အခု သူ့စာထဲမှာ အမေရိကကို (၂ဝဝ၁) မှာ ရောက်တုန်းက မူးခဲ့သတဲ့။ သူက မာအေးကို အဆက်အသွယ် မလုပ်ခဲ့တော့ – ကိုယ့်လာမေးတဲ့ သူတွေကိုတောင် ပြန်ငြင်းမိသေးတယ်။ သူ့ကျန်းမာရေးနဲ့ အရက်နဲ့က သိပ် မကိုက်တာတော့ ကြာပါပြီ။ အစကတည်းက ပိန်ရှည်ရှည်လေးမို့ ပိန်ကျသွားတာကို သိပ်မသိသလို ဖြစ်နေတာပါ။ များများ “နှိပ်” လာတာ ဆိုတော့ ခွက်ကပ်နဲ့တောင် မူးလောက်နေမှာပေါ့လေ။

သူသောက်တာက ရန် မဖြစ်တတ်တဲ့ဟာမျိုးရှင့်။ ရယ်ရတယ်။ သူ မကျေနပ်တဲ့ “အကော်ဒီယံကြီး” ကို ညကျရင် (တုတ်)၊ မနက်ကျ ညကများသွားလို့ဗျာ” ဆိုပြီး အတည်ပေါက်ကြီးနဲ့ တဟီးဟီးလည်း လုပ်တတ်တဲ့ မောင်ကလေးမျိုးပါ။ မာအေးအနား ရှိနေတဲ့ CD ခွေမှာ သူဆိုတဲ့ “နဂါးနီ” သီချင်းလည်း ပါတယ်ရှင့်။ ဟို ၉၅ -၉၆ မှာ ဟောင်ကောင် အတူ သွားဆိုကြတုန်းက အဖြစ်ကလေး တွေးမိလာပြန်ပါတယ်ရှင်။

လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က အကြောင်းမို့ သီချင်းဆိုတဲ့ ခန်းမကိုလည်း မမှတ်မိတော့ပါဘူး။ အဲဒီအချိန်က တီးဝိုင်း မပါဘဲ သွားဆိုကြတာမို့ တီးလုံး အသံသွင်းယူသွားရတဲ့ အခါ ဖြစ်ပါတယ်။ ညီမလေး အေးဘုံကတော့ “သူဖြတ်ထားတယ် မမရေ – မတိုက်ကြပါစေနဲ့” လို့ မာအေးကို အပ်လိုက်ပါတယ်။ မာအေးကလည်း မိတ်ဆွေတွေကို ပြောထားပါတယ်။ ဒါပေမယ့် အသင်းတိုက်နဲ့ ကပ်လျက်မှာ ယမကာဆိုင် ရှိတာကို သတိ မထားမိတော့ – သူတိတ်တိတ် ကြိတ်ဝယ်ခဲ့တာကို ဘယ်သူမှ မသိလိုက်ဘူးပေါ့။ ပွဲသွားဖို့ နီးတော့ တံခါး ဖွင့်မပေးလို့ ဖျက်ဝင်ရှာရတယ် အခန်းထဲလည်း မရှိတော့ – လုံခြုံရေးနဲ့ လိုက်ရှာ ဘာညာတွေ ဖြစ်ကုန်တယ်။ တွေ့မယ့် တွေ့တော့ သူ့ကုတင်အောက် ခြောက်လက်မလောက် လွတ်တဲ့ အောက်ထဲမှာ မှောက်နေပြီ။ စိတ်တိုတာနဲ့ တချက်တော့ ပိတ်ထုပစ် လိုက်သေးတယ်။ ပွဲတက်မယ့် အဝတ်အစားတွေ ဖိနပ်တွေ မာအေးပဲ သယ်ခဲ့ရတာ ခန်းမမှာကျမှ လဲခိုင်း လုပ်ရတာပေါ့။ သူ့အလှည့်ကျတော့ ok သလိုပါပဲ။ နည်းနည်းမှ ရုပ် မပျက်ဘူးရှင့်။ သူ “နဂါးနီ” ဆိုမယ် တဲ့။ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ဆိုလိုက်တာ၊ ဆိုလိုက်တာ “နဂါးနီ” ကို အနုလုံ ပတိလုံ အစအဆုံး အဆုံးကနေ အစ သီချင်းကို မချနိုင်တော့ဘူး။ အားလုံးက ပေါက်နေပြီလို့ သိသွားတော့ ဝိုင်းပြီးတော့ သူနဲ့အတူ ဆိုပေးကြပါတယ်။ နောက် တီးလုံး ထပ်ဖွင့်ပြီး တခါဆိုနဲ့ဟာ “နဂါးနီ” ဟာ “နဂါးနီ မဟုတ်ဘဲ နဂါးလယ်” ဖြစ်သွားပါတယ်ရှင်။


(ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်၊ ရတနာ ခုနှစ်သွယ် တကယ်ပင် စုံညီ တို့အမျိုးသားတိုင်းပြည်) ၂ x မွဲတဲ့သူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်ကာ ဘုရားပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ မ တဲ့ကိန်း ဆိုက်ပြီ xx (ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည် လူမွဲတွေက မနှေးခေတ်မီ သူဋ္ဌေးဖြစ်တော့မည်) ၂xx တို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့ ဆင်းရဲသားတို့ မညှိုးပြီ အကျိုးထူး ပေးတော့မည်၊ ခေတ်သစ် ထူထောင်မည် အေးချမ်း သာယာစည် နဂါးနီ တန်ခိုးနဲ့ အမျိုးဂုဏ် တက်စေမည် xx (နဂါးနီ – သုမောင်)

(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)
Advertisements
 
Leave a comment

Posted by on May 31, 2010 in Mar Mar Aye

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

 
%d bloggers like this: