RSS

Tun Kyi’s book – part one

23 Aug

ရန်ကုန် စာအုပ်တန်းတွင် လမ်းလျှောက်ခြင်း
ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
သြဂုတ် ၂၃၊ ၂၀၁၀

၁၉၈၈ အာဏာသိမ်း စစ်အစိုးရ အဖွဲ့တွင် ပါဝင်သည့် ဗိုလ်ချုပ် ထွန်းကြည်၏ မှတ်တမ်းစာအုပ် အဖုံး။ ၁၉၉၇ တွင် ရာထူးမှ ရုတ်တရက် ဖယ်ရှားခံရသော စစ်ခေါင်းဆောင်များထဲတွင် သူလည်း တဦး အပါအ၀င် ဖြစ်သည်။

(လွန်ခဲ့သည့် ဇွန်လက ထွက်ရှိရာ အချိန်အနည်းငယ်အတွင်း ရောင်းကုန်သွားပြီး ၃လအတွင်း တတိယ အကြိမ်အထိ ပြန်လည် ရိုက်နှိပ်ရသည့် စာအုပ် ဖြစ်သည်။ ဆိုက်ကြီးနှင့် စာမျက်နှာ ၄၂၀ ကျော် ရှိကာ ပထမဆုံး ထွက်ရှိစဉ်က တန်ဖိုး ၅၀၀၀ ကျပ်၊ နောက်ရိုက်နှိပ်ခြင်းများတွင် ၆၀၀၀ ကျပ်သို့ ပြောင်းလဲခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်၏ စာအုပ်ကို သားမက်ဖြစ်သူ စာရေးဆရာ ကိုတာ၏ မုံရွေးစာပေက ထုတ်ဝေ ဖြန့်ချိခဲ့သည်)

(၁)

မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်) ဗိုလ်ချုပ်များ၊ န၀တငြိမ်ပိ ခေတ်မှီဗိုလ်ချုပ်များ ရေးသည့်ကိုယ်တွေ့ ဖြစ်ရပ် စာအုပ်များထဲမှ နောက်ဆုံး ထွက်ရှိလာသော စာအုပ် ဖြစ်သည်။ သူ့မတိုင်ခင် မဆလခေတ် ဗိုလ်မှူးချုပ် သန်းတင်၊ ဗိုလ်မှူးချုပ် တင့်ဆွေ၊ န၀တခေတ် ဒုဗိုလ်ချုပ်ကြီး ချစ်ဆွေတို့ ရေးသား ထုတ်ဝေခဲ့ကြသည်။

စာရေးသူမှာ တချိန်က စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ထုံးစံအတိုင်း လာဘ်စားမှုနှင့် တာဝန်မှ အနား ပေးခံရသူ ဖြစ်ပါသည်။ စာရေးသူက ဒီစာအုပ်ကို ရည်ရွယ်ချက် နှစ်ခုနဲ့ ရေးသားခဲ့ကြောင်း အမှာစာတွင် ရေးထားသည်။ သူ့ဘ၀ အကြောင်းနှင့် သူလျှောက်လှမ်းခဲ့ရသည့် ခရီးကြမ်းကို ယနေ့ လူငယ် ကျောင်းသားများနှင့် တပ်မတော်မှ အရာရှိငယ်များ သိရှိ အတုယူပြီး ရှောင်ကြဉ်ရန်များကို ရှောင်ကြဉ် နိုင်ရေးမှာ ပထမ ရည်ရွယ်ချက် ဖြစ်သည်ဟု ဆိုသည်။

ဒုတိယ ရည်ရွယ်ချက်မှာ သူ၏ သားသမီး မြေး မြစ်များက သူ့သမိုင်းကြောင်းကို ကောင်းစွာ သိရှိ နားလည် လာပြီး တိုင်းကျိုး ပြည်ကျိုး သာသနာကျိုးကို ဆထက် ထမ်းပိုး တိုးပြီး ထမ်းဆောင် နိုင်စေရေးဟု ဖော်ပြထားသည်။

ထို့အပြင် အမှာစာတွင် ၈ လေးလုံး အရေးတော်ပုံ ကာလ တာဝန်ယူခဲ့စဉ်က မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် တို့ကို ပြဿနာ အနည်းဆုံး နည်းဖြင့် ကိုင်တွယ် ထိန်းသိမ်းခဲ့သူ ဖြစ်ကြောင်း ရေးသားထားသည်။ သို့သော် ယခုစာအုပ်သည် ပထမတွဲဖြစ်ပြီး ၁၉၄၈ မှ ၁၉၇၈ အထိ အတွေ့အကြုံများသာ ဖြစ်သောကြောင့် ၁၉၈၈ ကာလတွင် မည်သို့ ကိုင်တွယ်ခဲ့ကြောင်း ယခုစာအုပ်တွင် ပါဝင်ခြင်း မရှိပေ။

(၂)

ဇာတ်အိမ်ကို ငယ်စဉ် ကလေးဘ၀ အစပိုင်းဖြင့် ထုံးစံ အတိုင်း ရိုးစင်းစွာ တည်ထားပြီး စာရေးသူ ငယ်စဉ် ဒုတိယကမ္ဘာစစ် မတိုင်မီနှင့် စစ်အတွင်း ပုံရိပ်များကို မှတ်မိသမျှ တိုတို တုတ်တုတ် ဒိုင်ယာရီ ပုံစံဖြင့် ရေးသားထားကြောင်း တွေ့ရသည်။ စစ်တွင်း ဓားပြများ သောင်းကျန်းပုံ၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး လွတ်လပ်ရေး ရရှိခဲ့ပုံများကို ခေါင်းစဉ်ငယ်များ၊ သူ၏ ကိုယ်ပိုင်အမြင်များဖြင့် ရေးထားသည်။

ကွန်မြူနစ်ခေတ် ကွန်မြူနစ်များ ဆိုးပုံနှင့် ခေတ်ဆိုးကြောင့် စစ်တက္ကသိုလ် တက်ရောက်လိုသူများကို သတင်းစာမှ ခေါ်သောအခါ စစ်ထဲဝင်တာ သေလမ်းသွားသည်ဟု ယူဆသူများအကြောင်း၊ သူပုန်နှင့်သာ အနေနီးသဖြင့် စစ်သားနည်းသော ဒေသ ဖြစ်ကြောင်းတို့ကို DSA စစ်တက္ကသိုလ်သို့ ၀င်ရောက်သည့် အပိုင်းတွင် ရေးထားသည်။

စာရေးသူတို့ ဗိုလ်လောင်းဖြေသည့် ၁၉၅၅ခုနှစ်တွင် ဗိုလ်လှမြင့် နောက်ပိုင်း နိုင်ငံကျော် ရုပ်ရှင် မင်းသား ၀င်းဦး အဖြစ် ထင်ရှားလာသူလည်း တပ်မတော်တွင် တာဝန် ထမ်းဆောင်နေပုံကို ထည့်သွင်း ရေးသားထားကာ အခါအား လျော်စွာ တပတ်စဉ်တည်း တက်ခဲ့သူ ဗိုလ်ချုပ်မောင်အေး အကြောင်းကို မင်းဖြစ်မယ့်သူ သျှောင်ကလေးနဲ့ ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြထားသည်။

စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀ကို အခန်း(၈)တွင် တွေ့ရပြီး ဗိုလ်လောင်းဘ၀ ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် ဆရာများ အကြောင်းတွင် တပ်စု(၂) တပ်မှူး ၊ အင်္ဂလန်နိုင်ငံ ဘုရင့် စစ်တက္ကသိုလ် အပတ်စဉ်ဆင်း ဗိုလ်သောင်းထိုက် (နောင် – ဒုဗိုလ်မှူးကြီး ရာထူးဖြင့် အငြိမ်းစား ယူခဲ့ပြီးသူ) အကြောင်းလည်း ပါဝင်သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်စဉ် မဟုတ်မခံ စိတ်ကြောင့် အနားယူခဲ့ရရှာသည်ဟု ဆိုထားသည်။

ဖဆပလခေတ် စစ်တက္ကသိုလ် တက်ရပုံကို ရေးခြယ်ပြထားရာ ယခုခေတ် စစ်တက္ကသိုလ်တွင် နေထိုင် စားသောက်ရသည့် ဘ၀နှင့် အကွာကြီး ကွာခြားနေပုံမှာ သတိပြုစရာ ဖြစ်နေသည်။ ယခုခေတ် စစ်တက္ကသိုလ် တက်နေသည့် ဗိုလ်လောင်းများကို မိဘများက လစဉ် ကျပ် သိန်းနှင့်ချီ ထောက်ပံ့နေကြရသည်ဟု ကြားသိနေရသည်။ လွတ်လပ်ရေးရပြီး ခါစ စစ်တက္ကသိုလ်၏ အဆင့် အတန်းကို ယခုခေတ်နှင့် ယှဉ်ထိုးကြည့်စရာ ဖြစ်နေသည်။

စာရေးသူ ဗိုလ်ထွန်းကြည်၏ ဗိုလ်လောင်းဘ၀နှင့် ကျောင်းပိတ်ချိန် အိမ်အပြန် မိသားစု ဘ၀များကို အစဉ်လိုက် ဖော်ပြထားသည်။ ထို့အပြင် ၁၉၆၀ ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ အပေါ် သူတို့ အမြင် ဟူသော ခေါင်းစဉ်နှင့် သန့်ရှင်း နှင့် တည်မြဲ ဖဆပလတို့ အကွဲအပြဲ၊ ဗိုလ်ချုပ် နေ၀င်းကို တိုင်တန်းချက်နှင့် တည်မြဲ ဖဆပလ အဖွဲ့ အပေါ် စာရေးသူ လိုလားခဲ့ကြောင်း ကိုပါ ထည့်သွင်း ရေးသားထားသည်။

စာရေးသူက ၁၉၆၁ ခုနှစ် အမေရိကန်သို့ ပညာသင် သွားရောက်စဉ် ဘန်ကောက်နှင့် ရန်ကုန် လေယာဉ်ကွင်း နှိုင်းယာဉ်ပုံကို “ဘန်ကောက်လေယာဉ်ကွင်း တွေ့ရတော့ တို့နိုင်ငံ မဆိုးလှပါလား လို့ တွေးမိသည်။ ထိုအချိန်က ဘန်ကောက် လေယာဉ်ကွင်းမှာ နုံချာလှသည်။ လေယာဉ်ကွင်း ထဲတွင် ၀ါးကပ်မိုး ထရံကာတဲများပင် ရှိနေသည်။ ပျံကျ ကျူးကျော်နေသော အဆောက်အဦးများ မဟုတ် လေယာဉ်ကွင်းမှ အသုံးပြုနေသော အဆောက်အဦးများ ဖြစ်သည်။ ကျွန်တော်တို့ မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့် ဘာမှမဆိုင်” ဟု ဖော်ပြထားသည်။

အမေရိကန် အမြောက် အရာရှိငယ် သင်တန်းနှင့် အမြောက် ဆက်သွယ်ရေး အရာရှိ သင်တန်း တက်ရောက်နေစဉ် အတွင်း မြန်မာနိုင်ငံတွင် အာဏာသိမ်းခြင်း သတင်း ကြားသိရပုံကို သွေးထွက်သံယို မဖြစ်ဘဲ အခြေအနေ ပုံမှန်ဖြစ်သောကြောင့် မိသားစု အတွက် စိတ်အေးရသည်ဟု ရေးထားသည်။

၁၉၆၂ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့တဲ့ ဆဲလ်ဗင်း ဇူလိုင် အရေးအခင်းနှင့် ပတ်သက်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၏ သြဇာခံ ကေဒါများက ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ၊ ရန်ကုန် ခရိုင်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ရကသ) များဖြင့် ဖွဲ့စည်း ထားသော ကျောင်းသား ညီညွှတ်ရေး တပ်ဦး ကို အသုံးပြု၍ ဆူပူမှု ဖြစ်အောင် လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုထားသည်။

(က) စာသင်ချိန် ကိုက်ညီရေး အတွက် အောက်တိုဘာလ တစ်လ ကျောင်းပိတ်ခြင်း အစား
၁၅ ရက်သာ ပိတ်ရမည် ဟု ကြေညာခြင်း ကိစ္စ၊
(ခ) ၁၉၆၂ ခုနှစ် ဟံသာဝတီ ခရိုင် တန်းမြင့် ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ မေးခွန်း ပေါက်ကြားခြင်း ကိစ္စ၊
(ဂ) နှစ်ခါကျ ကျောင်းသားများ အဆောင် နေခွင့် မရှိခြင်းနှင့် နေ့ကျောင်း တက်ခွင့် မရှိခြင်း များကို ဖော်ပြထားသော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဦးကာ၏ တက္ကသိုလ် ကျောင်းဆောင် စည်းကမ်း အသစ် ကိစ္စ
ဟု ရေးသားထားသည်ကို တွေ့ရသည်။

သူ မိတ္ထီလာ ရောက်တော့မှ တက္ကသိုလ် သမဂ္ဂ အဆောက်အဦးကိုလည်း ဖောက်ခွဲပြီး ဖြိုချလိုက်ကြောင်း ကြားရသည်ဟု ဖော်ပြထားသည်။

၁၉၆၄ ခုနှစ် သာစည်မြို့ ပြည်သူပိုင် သိမ်းဆည်းရေး ကော်မတီကို ဦးဆောင်ကြီးကြပ် ခဲ့စဉ်က အတွေ့အကြုံကိုလည်း ရေးသား ဖော်ပြထားသည်။

တော်လှန်ရေးကောင်စီ၏ ညွှန်ကြားချက်အရ လက်လီဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စိမ်း ဆိုင်များ၊ သစ်သီးဝလံ ဆိုင်များ၊ ဆေးရွက်ဆေးရိုး ဆေးလိပ်ဖက်ဆိုင်များ၊ သားငါးနှင့် ဥများ ရောင်းသည့် ဆိုင်များ၊ ဘာသာရေး ပစ္စည်း၊ ထီး၊ ဖိနပ်၊ ဦးထုပ် ရောင်းချသည့် ဆိုင်များ၊ စက်ချုပ် ဆိုင်များ မပါဟု ဖော်ပြထားသော်လည်း လက်တွေ့ ၀င်ရောက် သိမ်းသောအခါ တချို့ နာမည်သာ ရှိပြီး လုပ်ငန်းမရှိ၊ လုပ်ငန်းရှိသော်လည်း သိမ်းရလောက်အောင် မကြီးကျယ်၊ တောမြို့လေး ဖြစ်သဖြင့် လုပ်ငန်း ကြီးကြီး ကျယ်ကျယ် တစ်ခုမှ မရှိသော်လည်း ညွှန်ကြားချက် အရ သိမ်းဆည်းရသည်ဟု ရေးသားထားသည်။

ထို့အပြင် ပြည်သူပိုင် အသိမ်းခံရသော ပြည်သူများ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင် ဖြစ်ပြီး ကုန်စည် ၀ယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးသော လုပ်ငန်းများကို မကျွမ်းကျင်သော လူများက လုပ်ဆောင်ရသဖြင့် အခက်အခဲများနှင့် တွေ့ကြုံခဲ့ရသည်ဟု ဆိုထားသည်။

၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့ ၁၀၀ တန်နှင့် ၅၀ တန်များ တရားဝင်ငွေ အဖြစ်မှ ရပ်စဲခဲ့သည့် အစိုးရ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ပြည်သူပိုင် ပြုလုပ် လိုက်သည့် အတွက် ရောင်းရေးဝယ်တာ ကိစ္စများတွင် အဆင်မပြေမှုများ တပြည်လုံးတွင် ဖြစ်ပေါ်ပြီး တပူပေါ် နှစ်ပူ ဆင့် ဒုက္ခရောက် ကြသည်ဟု ဆိုသည်။ ချိန်တာကတော့ အရင်းရှင်ကြီးများနှင့် ၀ိသမ လောဘသား စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ မှန်တော့ ဆင်းရဲသားများ တောင်သူလယ်သမားများ ဟူသော ဝေဖန်ချက်ကို တွေ့ရသည်။

ထို့အပြင် အစိုးရ၏ စီးပွားရေး သဘောတရား မကျွမ်းကျင် အားနည်းမှုနှင့် ပတ်သက်ပြီး ဆန်ရှားသော ဒေသများ သွားရေး လာရေး ဝေးလံ ခေါင်းပါးသော နေရာများအထိ ဆန်ဈေး တစ်ပြေးထဲ ဖြစ်စေရန် ဆန်တစ်အိတ် ၂၁ ကျပ် သတ်မှတ် ရောင်းချစေခဲ့ကြောင်း၊ ထိုသို့ လုပ်သဖြင့် တောင်ပေါ် ဒေသမှ တိုင်းရင်းသားများ တောင်ယာ မခုတ် လယ်မလုပ်ဘဲ ၀ယ်စားသောကြောင့် စပါးအထွက် လျော့နည်း သွားကြောင်း ဖော်ပြထားသည်။ ထိုသို့ စိုက်ပျိုး ဧရိယာက လျော့ပါး၊ စားသုံးသူ ဦးရေက များသောကြောင့် ဆန်စပါး မလုံလောက် ဖြစ်ပြီး ဆန်ပြတ်လပ်မှုကို ကိုယ်တိုင် ခံစားခဲ့ရကြောင်း ဖော်ပြထားသည်။

နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်း ပုဂံသို့ လာရောက်စဉ် စစ်ဗျူဟာ အနေဖြင့် လုံခြုံရေး တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးများ အသုံး မကျပုံ၊ အလုပ် မဖြစ်ပုံတို့ကို ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ ၇၄၊ ၇၅ ခုနှစ် ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD ဦးတင်ဦး) ပုဂံသို့ လာသည့် အကြောင်းလည်း ဖော်ပြထားသည်ကို ဖတ်ရှုရသည်။ မြောက်ပိုင်းတိုင်းတွင် တာဝန်ကျစဉ် KIA နှင့် တိုက်ခိုက်ရသည့် တိုက်ပွဲ အပြီး ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောမောင် လာရောက်စစ်ဆေးသည့် အကြောင်းလည်း ဖော်ပြထားသည်ကို ဖတ်ရှုရသည်။

(၃)

စာအုပ်ကို ရွှေကူတိုက်ပွဲတွင် စစ်ဦးစီးမှူး (ပထမတန်း) အဖြစ်နှင့် မြစ်ကြီးနား မြောက်ပိုင်း စစ်ဌာနချုပ်သို့ ရာထူးတက် ပြောင်းခဲ့ရပုံ နှင့် အဆုံးသတ် ထားသည်။

ယခု စာအုပ်၏ အားကောင်းချက်မှာ နေ့စွဲနှင့် အကျိုးအကြောင်း မှတ်တမ်း မှတ်ရာများ အတော်အသင့် စုံလင်သည့် အချက် ဖြစ်သည်။

အားနည်းချက်မှာ သမိုင်းအဖြစ်အပျက်တို့ကို ရှုထောင့်တခုမှသာ ရှုမြင် ကောက်ချက်ချ ပြောဆိုသည့် အချက် ဖြစ်သည်။ နိုင်ငံရေးသမားတို့၏ အားနည်းချက်များကို မကွယ်မ၀ှက် ဖော်ပြလေ့ရှိပြီး စစ်အရာရှိများ၊ စစ်ခေါင်းဆောင်များ၏ အားနည်းချက်တို့ကို ဖော့ပြီး ရေးသားလေ့ ရှိသည်ကိုလည်း သတိပြုမိသည်။

ခြုံပြောရလျှင် စစ်တပ်က ပြည်သူပိုင်သိမ်းသည့် ကိစ္စမှ စပြီး ငလျင်ဒဏ်ခံ ပုဂံဘုရား ထိန်းသိမ်း စောင့်ရှောက်ရေး အထိ ကိစ္စပေါင်းစုံမှာ ၀င်ရောက် စီမံခန့်ခွဲနေသည်များကို ဖော်ပြပြီး အတွေ့အကြုံ မရှိသဖြင့် အဆင်မပြေဖြစ်ရသည်ကို ရေးခြယ်ပြသော်လည်း စစ်တပ်ထက် ပိုသင့်တော်သည့် သက်ဆိုင်ရာ ကျွမ်းကျင်သည့် ဌာန အသီးသီးက လုပ်ဆောင်သင့်သည့် ဟူသော သဘောမျိုး ကိုမူ ရေးသားထားခြင်း မရှိပေ။
ဤစာအုပ်ဖတ်သည့်အခါ စစ်တပ်သည်သာ တိုင်းပြည်၏ အရေးကိစ္စ အ၀၀ကို စီမံ ခန့်ခွဲပိုင်ခွင့် ရှိသည် ဆိုသည့် အမြင်မျိုး စာရေးသူတွင် ရှိနေကြောင်း ပေါ်လွင်နေသည်။

သမိုင်းနှင့် သက်ဆိုင်သည့် ဖြစ်ရပ်များအား ပုံဖော်ရာတွင် အရေးပါသည့် တထောင့် တနေရာမှ ပါဝင်ခဲ့သူတဦး ရေးသားထားသည့် မှတ်တမ်းဖြစ်၍ မြန်မာ့သမိုင်း အဖြစ်အပျက်များကို စိတ်ဝင်စားသူတိုင်း ဖတ်ရှု သင့်သည့် စာအုပ် တအုပ် ဖြစ်သည်။

သို့သော် အချက်အလက် မှန်ခြင်း မမှန်ခြင်း၊ သူ့အမြင် မည်မျှ ယထာဘူတ ကျသည် မကျသည် ကိုတော့ စာဖတ်သူများက အခြားသော ခေတ်ပြိုင် မှတ်တမ်းများနှင့် တိုက်ဆိုင် အကဲဖြတ်သင့်သည်သာ။

 
Leave a comment

Posted by on August 23, 2010 in Book Shelf

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

 
%d bloggers like this: