RSS

Mar Mar Aye – 369

28 Feb

ပြောစရာတွေလည်း တပုံကြီးရှိသေးတယ် အမှတ် [၃၆၉]

လ တပို့တွဲနဲ့ ထမနဲ
မာမာအေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁

 

(မူရင်းအသံလွှင့်ဆောင်းပါးကို ဤနေရာ http://www.bbc.co.uk/burmese/programmes/2011/02/110224_mmaye.shtml တွင် နားဆင်နိုင်သည်)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဒီကနေ့ ဆောင်းချမ်းမြမြ ဖေဖေါ်ဝါရီလထဲက အကဲပါတဲ့ မာအေးတို့ အမှတ်တရတွေကို လိုလိုလားလား မြန်မာလများမှာ ဘာဖြစ်လို့ မှတ်မထားမိပါလိမ့်လို့ တစိမ့်စိမ့် တွေးနေမိပါတယ်ရှင်။

မြန်မာ ပြက္ခဒိန်မှာက လဆန်းနဲ့ လဆုတ်တို့နဲ့ လမပြည့်မီရက်၊ လပြည့်ပြီး နောက်ရက်ဆိုတာတွေက အမှတ်ရခက်နေလို့များလားပေါ့နော်။ ပြီးတော့ ရက် (၃၀) ပြည့်တဲ့ လနဲ့ (၂၉) ရက်ပဲရှိတဲ့ တလ ခြားတဲ့ ကာလတွေကလည်း၊ ရက်စုံ ရက်မစုံ လင်္ကာလေးလို ပြန်ပြန်ရွတ်မှ သတိရတတ်တာမျိုးလည်း ရှိလို့နေမှာပါ။ ချစ်ဆွေတို့ရော သတိရသေးရဲ့လား။ တန်ခူးရက်မစုံ (၂၉)၊ ကဆုန်ရက်စုံ (၃၀)၊ နယုန်ရက်မစုံ (၂၉)၊ ဝါဆိုရက်စုံ (၃၀)၊ အဲ့ဒါလေးမျိုး မူလတန်းမှာ ဆိုဖူးခဲ့တာဘဲ၊ အဲ… ခေတ်တွေကလဲ ပြောင်း စနစ်တွေကလဲ ဂျောင်းကုန်ကြလေတော့ မာအေးတို့ ခေတ်က သေးသေးမွှားမွှား ကလေးများ မှတ်ရလွယ်စေအောင် အသံထည့်ရွတ် အာဂုံဆောင်စေခဲ့တဲ့ ကဗျာသံလိုလို လင်္ကာသံလိုလို စာချိုချိုလေးတွေ… သြောင်း ဒူဝေဒူဝေ သွားဟုန်ဟုန် ရေစုန်မှာ မျောရှာလေပြီလားမှ မသိဘဲလေ။ ခုနေရာမှာက ခေတ်ရှေ့ပြေးလွန်လွန်းလို့ပါ။

ဒါပေမယ့် ဝေဒတို့ ဗေဒတို့ အလိုအရ ဆောင်ရန်ရှောင်ရန်- ရက်ကောင်းရက်ဆိုး သိဘို့ကလိုသေးတော့ သက္ကရာဇ်တွေ လတွေလောက်ကိုတော့ အရေးစိုက်ဦးမှာပါနော်၊ မာအေးတို့လို တခြားတဖက်ရောက် မြန်မာပြည်ပေါက်တွေကတော့ ဇာတိရွှေမြေက အဘိုးအဘွား မိဘ ဆရာသမားတွေရဲ့ အမွေ၊ ရိုးရာ ယဉ်ကျေးမှုတွေကို နောင်တက်လာမယ့် အမျိုးကောင်းသား သမီးတွေမှာပါ တည်နေစေ့ချင်တဲ့ စေတနာနဲ့ ဆောင်ရွက် ကျိုးစား တာစူထားကြပါတယ်။ ထေရဝါဒ ဘုန်တော်ကြီးများ သီတင်း သုံးတော်မူကြရာ ကျောင်း (၆) ကျောင်းဟာ၊ လာအို၊ သီရိလင်္ကာနဲ့ မွန်ကျောင်း မြန်မာကျောင်းများ ဖြစ်ပါတယ်ရှင်။

တမြန်မနေ့ညနေမှာ မာအေးတို့ ဇေတဝန်ကျောင်းက အားကောင်းမောင်းသန်တွေ စုပြီး ထမနဲပွဲ အတွက် ထမနဲ ထိုးကြ နှဲကြမယ်ဆိုတော့ ဟောဒီ အမယ်အိုပေါက်စနက ငယ်ဘဝလိုဘဲ နေမရ ထိုင်မရ သွားချင်လှ ဖြစ်ရပါတယ်။ စိတ်က ကျန်းကျန်းမာမာ ဒေါင်ဒေါင်မြည်လျက်ပါလို့ ဆိုရပေတဲ့ အတွင်း ကလီစာတွေကျတော့ ဟိုရွှေ့တတ်၊ ဒီပြောင်းတတ်ထားတာတွေ ရှိတယ်လေ၊ ဘာတွေလုပ်လို့ရမှာမှ မဟုတ်ဖဲ။ ထမနဲ ထိုးကြ နှဲကြမယ့် သားတော်မောင်တွေကို သွားကလေးဖြီးပြရုံဘဲ ဖြစ်ဖြစ်ပေါ့။ ရောက်သွားရင်တော့ “တို့ အမေ လာအားပေးတယ်ဟေ့” လို့ ဝမ်းသာ အားတက်ကြမယ်ပေါ့ရှင်။

* (ဘိန်းမောင်းတိုက်သံ တီးလုံး)

တကယ့်ပွဲပါဘဲ၊ ထမနဲနွှဲနေကြတာ၊ နှဲနေကြတာ ပျော်စရာကြီးပါ၊ မာအေးတို့ရဲ့ ရဟန်းသားတော် ရွှေကျောင်းပျော်ကလည်း ကျောင်းသား အချင်းချင်း အစင်းသိ အတွင်းသိတွေမို့ ဘိန်းမောင်းနဲ့ ပို့ခိုင်း၊ လာကူတဲ့လူတိုင်းကလဲ တဟေးဟေးနဲ့ အားပေး၊ နောက်နေ့ကျရင်လှူရချည်သေး၊ စားရချည်သေး ဆိုတာဘဲ တွေးနေကြမှာပါဘဲ။ ကိုယ်ကတော့ သီချင်းသမားကိုး၊ အချိန်ကိုက် စာကိုက်တာလေးတွေ ရှာဖွေတွေးတောနေတာပေါ့။

“တပို့တွဲ… ပေါက်လဲငယ်ထိန်ထိန်လျှံ… တေးဖွဲ့သံတစာစာနဲ့… ထမနဲပွဲလဲနွှဲကြသည်”

အခု မာအေး ညည်း လိုက်တဲ့ ဒီသီချင်းပိုဒ်ကလေး မှတ်မိသေးလားဟင်၊ ဗိုလ်အောင်ဒင် ဇါတ်ကားထဲမှာ မေမေဝင်း သီဆိုခဲ့တဲ့ “ဆယ့်နှစ်လရာသီ” သီချင်းတွေကပေါ့။

ချစ်ဆွေတို့ … ထမနဲကို ရှေးတုန်းက “ယာဂု” လို့များ ခေါ်သလား မသိဘူးရှင်၊ စာဆိုအကျော် ဖိုးသူတော် ဦးမင်းဆိုတဲ့ ကဗျာဆရာကြီး စပ်ဆိုတဲ့ တပုဒ်မှာဆိုရင် “တမာငုံနု၊ စုံကျေးဥလျှင်၊ ယာဂုငယ်လူတော်၊ လေးတန် ဆော်နှင့်” အဲ့ဒီလို ရေးထားလို့ပါ။ ဒါနဲ့ “တပို့တွဲ” ခေါ်တဲ့လဆီကိုလည်း စိတ်ကပေါက်သွားလို့၊ စာတွေ လျှောက်ရှာ ဖတ်မိပြန်ပါရော…။

“တပို့တွဲ” ဆိုတဲ့စာကို ပုဂံခေတ်က ကျောက်စာတွေမှာ “တပိုဝ်ထွယ်” လို့ ရေးထိုးပါသတဲ့။ “တဝမ်းပူ” ရယ်၊ ဒုတိယစာလုံးက “ပစောက်လုံးတင်တချောင်းငင်၊ ဝ သတ်၊ ပိုဝင်” ရယ်၊ တတိယ စာလုံးက ”ထဆင့်ထူးဝဆွဲ ယပက်လက်သတ်၊ ထွယ်” ရယ်၊ ”တပိုဝ်ထွယ်” လို့ ဖြစ်လာတယ်။ ဒါပေမယ့် ပုဂံခေတ်က “ယပက်လက်သတ်တဲ့ အသံနဲ့ နောက်ပစ်တဲ့အသံက အတူတူ ဖြစ်နေတော့ကာ ဒီဖက်ခေတ် အသံထွက်နည်းအရ “အယ်၊ အဲ့၊ အဲ” လို့ ရွတ်နိုင်တာနဲ့ “တပို့တွဲ” အသံထွက်တာလို့ ဆရာကြီး ဖိုးလတ်ရဲ့ မြန်မာလ အမည်များ စာအုပ်မှာ တွေ့ရပါတယ်ရှင်။

အဓိပ္ပါယ်ကိုတော့ ထန်းဖူးထန်းခိုင်တံတို့ကို ကိုင်းညွှတ်တွဲကျစေအောင် ပြုလုပ်သည့်လလို့ ရေးသားပါတယ်ရှင်၊ အကြောင်းရင်းခံကတော့ ပြာသိုမှာ ခွာညိုသင်းပြီးတဲ့နောက်၊ အထက်အညာ ထန်းတောပေါတဲ့ ဒေသတွေမှာ အလွန်အသုံးကျတဲ့ ထန်းပင်အဖို၊ ထန်းပင်အမတွေက ထန်းနို့တွေ ထန်းသီးတွေ ရလာစေမယ့် အဖူးတံ အခိုင်တံတွေ ထွက်လာလေ့ရှိပါတယ်။ အဲ့ဒါကို “ထန်းပို့” လို့ ခေါ်ကြတယ်။ “တပို့” လို့လည်း ခေါ်ကြပါတယ်။ ထန်းအဖိုပင်ရဲ့ “တပို့” ဖူးတံကနေ တထွာအညိုအရှည်ရှိတဲ့ ဖူးတံကလေးတွေ ထပ်ပြီး ထွက်လာပါသေးတယ်။ အဲ့ဒီဖူးတံလေး အချောင်း လေးတွေ သုံးလေးချောင်း စုစည်းပြီး လှီးဖြတ်တဲ့အခါ ထန်းရည်ချို တစိမ့်စိမ့် ထွက်ကျလာတော့တာမို့ ထန်းနို့လို့ ခေါ်ပါတယ်တဲ့ရှင်။

အဲ့ဒီလို ထန်းရည်ချိုခံရာမှာ အလွယ်တကူ ဖြစ်ရလေအောင်၊ အောက်ဖက်ကို ကိုင်းညွှတ်သွားအောင်၊ တွဲကျသွားအောင် ထန်းသမားက ပြုပြင်ပေးရပါတယ်။ ထန်းနို့တံတွေ တွဲပေါက်နေတဲ့ တပို့ချောင်းအမကြီးက အစ ထန်းဖူးတံ ထန်းခိုင်တံ၊ ထန်းလက်တွေကို အပင်ပေါ်တက် အခက်အလက်တွေကြား သန့်ရှင်းနင်းချ ကိုင်းကျအောင် ပြင်ပေးရတာပါ။ ဒါကို “ထန်းရည်နင်းတယ်” လို့ ခေါ်ပါတယ်။

အဘိဓါန်မှာတော့ “တပို့တွဲ” ကို ထန်းဖူးထန်းခိုင်တို့အား အောက်သို့ ကိုင်းညွတ်ဆွဲကိုင်းအောင်၊ တွဲကျအောင် ပြုလုပ်သည့်လ၊ ထန်းရည်နင်းလ၊ မြန်မာ တဆယ့်နှစ်လတို့တွင် ဆယ့်တလမြောက်သောလ၊ ကုံရာသီလို့ ဖေါ်ပြထားပါတယ်။ ရှေးက စာဆိုတော် မယ်ခွေရေး ”အဲ ကလေး” တပိုဒ်တော့ နားစိုက်လိုက်ပါဦး။

xxxချိုးဥမှ တိမ်စုံလေ၊ သတ္တဗိသျှ၊ နက္ခတ္တနှင့် ယှဉ်ကြမလွဲ၊ တပို့တွဲ၌ ပေါက်လဲငုံကင်း၊ ထန်းရည်နင်းကြသည်၊ နှင်းထုံထုံငယ်နှင့်လေးxxx

မူရင်း – ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်းအစီအစဉ် http://www.bbc.co.uk/burmese/programmes/2011/02/110224_mmaye.shtml

 
Leave a comment

Posted by on February 28, 2011 in Mar Mar Aye

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

 
%d bloggers like this: