RSS

Kan Tun Thit – The poisoned kiss and the sweet deaprture

21 May

https://moemaka.files.wordpress.com/2011/05/227125262272buddhahandszoom.jpg?w=300

ခါးသီးတဲ့ အနမ်းနဲ့ ချိုမြိန်တဲ့ လမ်းခွဲ

ကံထွန်းသစ်

မေ ၂၁၊ ၂၀၁၁

တံခါးဆွဲဖွင့်လိုက်တော့ မှုန်ပြပြ ကြမ်းပြင်ပေါ်မှာ စာရွက်ခေါက်လေးတစ်ခုက ကြိုလင့်နေတယ်၊ ကောက်ယူပြီး မီးရောင်မှာကြည့်မိတော့ အစိမ်းနုရောင်အောက်ခံမှာ အနီရင့်နဲ့ ရိုက်ထားတဲ့ ကွက်ရှင်မှတ်နဲ့စာတစ်ကြောင်း၊

“ ဖန်ဆင်းရှင်က သင့်အပြစ်ကို ဘယ်လိုဖယ်ရှားပေးတယ်ဆိုတာ သိလိုသလား” တဲ့၊

လာရောက်ရမည့်နေရာနဲ့ အချိန်ကိုလည်း အောက်မှာရေးထားတယ်၊ စာရွက်လေးကို စားပွဲပေါ်အသာချထားရင်း အရင်လက လာပေးသွားတဲ့ စာအုပ်လေးကိုလည်း အမှတ်ရမိတယ်၊ ခုစာရွက်လေးနဲ့ အသွေးတူ အမွေးတူ၊ သေသပ်လှပစွာ၊

“ ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း”

ဆိုတဲ့ သမ္မာကျမ်းစာ ကောက်နှုတ်ချက် စာအုပ်လေးပေါ့၊ အားလပ်တဲ့အခါ ဒါမှမဟုတ် သိလိုတဲ့အခါ ဖတ်ဖြစ်ခဲ့တယ်။

မြေမှုန့်ကဖြစ်လာတဲ့ အာဒမ်နဲ့ အာဒမ်ရဲ့ နံရိုးကဖြစ်လာတဲ့ ဧ၀တို့ရဲ့ ဧဒင်ဥယျာဉ်ထဲက ဇာတ်လမ်းလေးကိုလည်း မြည်းခဲ့ဖြစ်တယ်၊ ဖန်ဆင်းသမျှကို မဝေဖန်သာပေမဲ့ “ ကောင်းမကောင်း သိရာ အပင်မှ အသီးကိုမစားရာ” ဆိုတဲ့ ပညတ်ချက်ကိုတော့ ကိုယ်လည်း အာဒမ်တို့နေရာမှာဆို လိုက်နာဖို့ ခက်ခဲ့မယ်ထင့်။

ဒါမျိုးလေးတွေ သိမှတ်ရတာရယ်၊ သူတို့ရဲ့ သာသနာပြုပုံ ထက်သန်တာတွေရယ်၊ ကြွယ်ဝတဲ့လူ့အဖွဲ့အစည်းပီပီ စာရွက်စာတမ်း စတဲ့ အထောက်အကူပြုကောင်းတွေ အသုံးပြုနိုင်တာတွေရယ်ကတော့ အသိအမှတ်ပြု အားကျရမှာပါ။

ကြည့်စမ်း ခုဆို ကိုယ့်ဆီစာရွက်တွေ ပုံမှန်ပို့နေတာ မနည်းတော့ဘူး။

ကိုယ့်မှာတော့ စနေ တနင်္ဂနွေနေ့များမှာမှ လာသမျှလေး တစ်ယောက်စ နှစ်ယောက်စကို သရဏဂုံ သိအောင်လုပ်ရ၊ ကိုယ်ကျင့်သီလငါးခုကို အကျိုးတစ်လှည့် အပြစ်တစ်လှည့် ပြောရနဲ့၊ မည်ကာမတ္တလေး ပြုနေရချိန်မှာ သူတို့ကတော့ အုံနဲ့ ကျင်းနဲ့ အဟုန်နဲ့ အလျင်နဲ့ …………အင်း………။

ဟိုနေ့က ဒကာမကြီးတစ်ယောက်ပြောတာ ကြားယောင်မိသေး၊ ဓမ္မဆရာက တနင်္ဂနွေနေ့ဆိုရင် ကားနဲ့လှည့်ခေါ်ယုံမက၊ မကြာခဏ လာရောက်လည်ပတ်တတ်ကြောင်း၊ အ၀တ်အထည်နဲ့ အသုံးအဆောင်လေးတွေ ပေးတတ်ကြောင်း၊ ဘုရားကျောင်းတွေကလည်း စားစရာတွေ အလျှံအပယ် ဝေတတ်ကြောင်း၊ ပြောပြပြီး သူတို့မျိုးနွယ် တော်တော်များများ တိမ်းညွတ်သွားခဲ့ကြောင်း စတာတွေ အပါအ၀င်ပေါ့။

စိတ်မကောင်းဖြစ်မိတယ်၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ မထောက်ပံ့နိုင်လို့တော့ မဟုတ်ပါဘူး၊ ခမျာတွေရဲ့ ရင်ထဲကို မြတ်ဗုဒ္ဓရဲ့ သစ္စာဓမ္မကို ထည့်မပေးလိုက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်သာ တာဝန်မကျေသလို ခံစားရလို့ပါ။

ဘယ်အရာမဆို အခြေမခိုင်ရင် အခြေယိုင်မှာပဲ၊ အခြေယိုင်ရင် တစ်ဖက်ကိုလဲ စမြဲပေါ့၊ ငါတို့အခြေခိုင်အောင် မကူညီနိုင်ခဲ့ပါလားလို့ မကြာခဏတွေးမိတယ်၊ စည်းရုံးသူ သိမ်းသွင်းသူတွေကိုတော့ အပြစ်ဆိုဖွယ်မရှိပါဘူး၊ မည်သည့် ဘာသာရေးဦးဆောင်သူမဆို ကိုယ်သက်ဝင်ရာကို သူတစ်ပါးယုံကြည်လာအောင် အားထုတ်ကြမှာပါပဲလေ၊ ဒါကိုက သူတို့တာဝန် တစ်ရပ်မဟုတ်လား။

ဒါပေမဲ့ သာသနာပြုကြတယ်ဆိုတာ အရေအတွက် တိုးယုံသက်သက်လား၊ အရည်အချင်းတွေ မြင့်လာဖို့လား ဆိုတာကိုတော့ ကွဲပြားစွာ သိကြဖို့ လိုမယ်ထင်ရဲ့၊ အကြိုက်ဆောင်ပြီး အကျင့်လွယ်လို့ တိုးပွားလာတဲ့ အရေအတွက်နဲ့၊ အကျင့်ပြပြီး အသိအမြင်တိုးစေလို့ ယုံကြည်သက်ဝင်လာတဲ့ တိုးပွားမှု၊ ဒီနှစ်မျိုးမှာ နောက်နည်းကို ကိုယ်တော့ သဘောကျမိတယ်၊ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီနည်းကို သုံးတော်မူပြီး ကျင့်ကြဖို့ ညွှန်ပြခဲ့တာပဲလေ။

ဘာပဲဖြစ်ဖြစ်လေ ဘာသာတရားတိုင်းကတော့ လူတွေအကျိုးရှိဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖြန့်ဖြူးနေကြတာပါပဲ၊ ကိုယ်တို့ဘုရားရှင်လည်း တပည့်ဖြစ်လာစ ခြောက်ကျိပ်သော သာဝကတွေကို “ ဗဟုဇန ဟိတာယ၊ ဗဟုဇန သုခါယ” လူတွေအကျိုးရှိအောင်၊ ချမ်းသာအောင် ပြုချေကြ၊ သစ္စာဓမ္မတွေကို လှည့်လည်ဟောချေကြ ဆိုပြီး သာသနာပြုစေတော်မှုခဲ့တာ ဘီစီ ၆ ရာစု ကတည်းက ဆိုတော့ “ မစ်ရှင်းအစ ဗုဒ္ဓဘာသာက” လို့တောင် ဆိုသင့်မယ်ထင်ရဲ့။

အဲဒီစေစားတော်မူချက်ကို အဆက်ဆက် လိုက်နာလာကြတဲ့ နောင်တော့် နောင်တော်မြတ်များရဲ့ စွမ်းဆောင်မှုတွေကြောင့် ဘုရားရှင်ရဲ့ အဆုံးအမတွေ ပြန့်နှံ့ခဲ့ရတာကလား၊ ခုဆို ကမ္ဘာအနောက်ခြမ်း တိုင်ပေါ့။

အဲဒီလမ်းကြောင်းကြီးအတိုင်း အစဉ်မပျက် လျှောက်တော်မှုခဲ့ကြတဲ့ အရှင်ကျော် အရှင်မော်တွေရဲ့ နောက်ကို ကိုယ်လည်း မမှီမကမ်း လိုက်နေမိတယ်ဆိုပါတော့၊ ဒါပေမဲ့ ကိုယ့်အဖြစ်က သူတစ်ပါးကို သာသနာပြုဖို့ထက် ကိုယ့်ကိုပြုမဲ့ သာသနာတွေက ၀န်းရံနေကြပါကလား ဟရို့။

အထက်မှာပြောခဲ့သလို ဓမ္မစာလွှာတွေ မကြာခဏရောက်လာကြသလို၊ လူကိုယ်တိုင် လာရောက်ကြတာကလည်း အကြိမ်ကြိမ်၊

အလို … … … ကြည့်စမ်း… … … ဒီမြို့ကို ရောက်တာ တစ်နှစ်မပြည့်သေးဘူး၊ ဆယ်ကြိမ်ထက်မနည်း သူတို့ ရောက်ခဲ့ပါပကော၊ တစ်ခါကတော့ မနီးမဝေးမှာရှိတဲ့ Church ကျောင်းသင်းအုပ်ဆရာနဲ့ မိသားစုပေါ့၊ အဲဒီအကြိမ်ကတော့ သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိနဲ့မို့ သူတို့လည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး နောက်တနင်္ဂနွေမှ လာပါဦးမယ်ဆိုကာ ပြန်သွားကြလေရဲ့။

နောက်တစ်ဦးကတော့ အသက်ငါးဆယ်ခန့် အမေရိကန်တစ်ယောက်၊ ဘဲလ်ကို တီးမရလို့ထင့်၊ တံခါးကိုထုတယ်၊ ဖွင့်ပြီး “ဟယ်လို” လို့ နှုတ်ဆက်လိုက်တော့ သူက စာရွက်နှစ်ရွက် ကမ်းလာတယ်၊ လှမ်းယူပြီး ခက်တည်တည်နဲ့ ဖတ်လိုက်တော့ Donation တဲ့၊ ဒီတော့ကိုယ်က ခါတိုင်းလိုပဲ ကျမ်းစာလာဝေတယ်မှတ်လို့ “ Thank You” ပေါ့၊ ဒါပေမဲ့ ဘားသားချောက မသွား၊ ယောင်ပေ ယောင်ပေ ဆက်ရပ်နေတယ်၊ ဒီတော့ကိုယ်လည်း သူကျေနပ်အောင် တတ်သမျှ မှတ်သမျှ “ Thank you so much” ပေါ့၊ ဒီတော့မှ မောင်မင်းကြီးသား ကြွပေတော့တယ်၊ အဲ……..ခြေရင်းအိမ်ကို တံခါးသွားထုနေလေရဲ့။

ဒါနဲ့ကိုယ်လည်း အထဲဝင်ပြီး စာရွက်လေးကို ဖတ်ကြည့်လိုက်တော့ အသံထွက်အောင် ရယ်မိတော့တယ်၊ “ Help us, Help other ” တဲ့၊ ကျွနုပ်တို့ကို ကူညီပါ၊ အခြားသူကို ကူညီပါပေါ့၊ အောက်က အသင်းတော်ရဲ့ နာမည်လေးနဲ့၊ ကိုင်း……..ကိုယ့်အဖြစ်က ဘယ်လောက်များ အလှူခံပုဂ္ဂိုလ် ပီသလိုက်သလဲ၊ ကိုယ့်လာပြီး အလှူခံသူကိုတောင် လာလှူသူထင်ပြီး ဆက်ဆံပြလိုက်တာ၊ “ယူပက္ခန္ဓာသမား” ပီသပါပေရဲ့ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရယ်နေမိတယ်၊ ခုနကလူ ချက်ချင်း ထွက်မသွားတဲ့ အကြောင်းကို အခုမှ ရိပ်မိတော့တယ်။

ဒီလိုပဲ ကိုယ်ဒီမြို့ကိုရောက်ပြီး သုံးလအကြာမှာပေါ့၊ ဘဲလ်တီးသံကြားလို့ တံခါးဖွင့်ပေးလိုက်တော့၊ ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ အမေရိကန်ပျိုဖြူတစ်ယောက်၊ နှစ်ဆယ်မက သုံးဆယ်မကျော် အရွယ်၊ သူမက သူ့ကိုယ်သူ “ နိုရာ” လို့ မိတ်ဆက်လာတော့ ကိုယ်ကလည်း “ ဟိုင်း နိုရာ”  ပေါ့၊ သူ့နံဘေးက ကလေးမလေးကို ကိုယ်က၀မ်းသာ အားရနဲ့ ဒို့ပြည်ဖွား တိုင်းရင်းသူလေးမဟုတ်လားလို့ မေးမိတော့၊ နိုရာက ဟုတ်တယ် သူကတိုင်းရင်းသူပဲတဲ့၊ တိုင်းရင်းမျိုးနွယ် အမည်ကိုလည်း လျှာလိပ်သံနဲ့ အသံထွက်ပြလိုက်သေး၊ ကလေးမလေးကတော့ မြန်မာလိုမတတ်လို့လားတော့မသိ ဘာစကားမျှ မဆို၊ နိုရာကသာ မြန်မာဒုက္ခသည်တွေကို ဘုရားသခင်ရဲ့ ကရုဏာနဲ့ အညီ ကူညီစောင့်ရှောက်နေတာတဲ့၊ ကိုယ်က ကျေးဇူးတင်ပါကြောင်းပြောလိုက်တယ်။

သူမက ပုံတစ်ခုထုတ်ပေးပြန်တယ်၊ ဗူးသီးခြောက်လေးရှေ့ချပြီး အဟာရချို့တဲ့ အသွင်နဲ့ထိုင်နေတဲ့ လူတစ်ယောက်ပုံ၊ ရိုဟင်ဂျာ လို့ ကိုယ်ထင်မိတယ်၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် လူမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ သူမက မြန်မာလို့ အတိအကျ ငြင်းတယ်၊ ကိုယ်က ဆက်မပြောတော့ပါဘူး၊ ဒါကအရေးမှ မကြီးတာ၊ ဒုက္ခသည် ဆိုရင် ဘယ်လူမျိုးကို မဆိုကူညီရမှာ မဟုတ်လား၊ အရေးကြီးတာက အဲဒီပုံမှာပါတဲ့ စာ၊

“ လူတွေကံမကောင်းလို့ ဒုက္ခရောက်ရတယ်ဆိုတာ မမှန်ကြောင်း၊ ကံဆိုတာ ဘယ်သူမှ မြင်နိုင်တာ မဟုတ်ကြောင်း၊ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ဖွဲ့တစ်သင်းရဲ့ စာနာမဲ့မှု စတာတွေကြောင့်သာဖြစ်ရကြောင်း …”

ဆိုတဲ့ ကမ္မ၀ါဒကို ငြင်းဆိုထားတဲ့ စာသားတွေပါပဲ။

ဒီအတွက်လည်း ကိုယ်သူ့ကို ဘာမှပြောစရာမရှိပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တို့ဘုရားရှင်က အရာရာကို ကံကြောင့်ချည်းလို့ မှ မဟောခဲ့တာ၊ တစ်ချို့ အရာတွေက “ ပယောဂ” ကြောင့်ဆိုတာ အတိအလင်း ဟောခဲ့တာပဲ။

ဒါကိုပဲ မဃဒေ၀လင်္ကာမှာ

“ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူဋ္ဌာန်၌၊ ဥာဏ်ဝီရိယ၊ ပယောဂတည်း”

လို့ ဆိုထားတယ်လေ၊

“ ကံကိုယုံ ဆူးပုံမနှင်းရာ”

ဆိုတဲ့ ဆိုရိုးဟာလည်း တို့ဝန်းကျင်မှာ ဟောင်းမျဉ်းလှပေါ့၊ ဒါတွေကို သူ့ကို ရှင်းမပြလိုက်နိုင်ခဲ့ဘူး၊ သူတို့စကားမကျွမ်းကျင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဖြစ်ရတယ်။

သူမကတော့ သူတို့ကသာ ကယ်တင်ရှင်တွေဆိုတဲ့ ဂုဏ်ယူဟန်အပြည့်နဲ့ ကြည့်နေလေရဲ့၊ ကိုယ့်အကြည့်မှာလည်း တစ်စုံတစ်ခုကြောင့် တောက်သွားမယ်ထင်ရဲ့၊ တစ်ခဏအကြာတော့ သူမက နှုတ်ဆက်တယ်၊ သူတို့ဘုရားကျောင်းကိုလည်း လာဖို့ဖိတ်တယ်၊ ကိုယ့်ဆီကိုလည်း မကြာခဏလာပါအုံးမယ်လို့ ဆိုသွားတယ်၊ ကိုယ်ကလည်း လာလည်နိုင်ပါတယ်ပေါ့၊ ဒါပေမဲ့ ခုချိန်ထိ တစ်ခါမှ သူမ ပေါ်မလာတော့ပါဘူး၊ Monastery မှန်းသိလျက်နဲ့ လာခဲ့တဲ့ သူမ ဟာ ဗုဒ္ဓသားတော်တစ်ပါးရဲ့ ပင်ကိုယ်စိတ်အခံကို မြင်သွားလို့လေလား။

ဒါမှမဟုတ်………..။

ဒါမှမဟုတ်………………..။

ရင်ထဲမှာ ပုံရိပ်တစ်ခု ဖျပ်ကနဲ ပေါ်လာတယ်၊ သူမလိုတစ်ယောက်၊ ဟိုးလွန်ခဲ့တဲ့ ရှစ်ဆယ်ခုလွန်နှစ်တွေ အတွင်းကပေါ့၊ အမိမြေမှာ ဆရာမတစ်ဦးရဲ့ မိတ်ဆက်ပေးမှုနဲ့ ရင်းနှီးခဲ့ရသူ၊ နှစ်နာရီခန့် ကားစီးရပေမဲ့ တနင်္ဂနွေနေ့တိုင်း ရောက်လာတတ်သူ၊ စကားနည်းပေမဲ့ ရယ်ရယ်ပြုံးပြုံးနဲ့ သူတို့ဘာသာအကြောင်းတွေနဲ့ သခင်ယေရှု အကြောင်းပြောပြတတ်သူ၊ ဓမ္မသစ် ဓမ္မဟောင်း နှစ်အုပ်လုံးကို ပေးဖတ်သူ၊ ရှင်မဿဲ ရှင်ပေါလုတို့ရေးတဲ့ ထဲက စာသားလေးတွေကို ကိုယ်ရွတ်ပြတဲ့အခါ မျက်လုံးတောက်တောက်လေးတွေနဲ့ ရယ်ပြုံးနေတတ်သူ၊ နောက်ဆုံးညစာ စားပွဲမှာ ခရစ်တော်ကို နမ်းပြတဲ့ ယုဒ အကြောင်းကို ပြောတဲ့အခါ “သစ္စာဖောက် …” လို့ နှုတ်ခမ်းလေးကိုက်ကာ ဆိုတတ်သူ။

နောက်တော့ … … … … နောက်တော့ … … …

ဘာကြောင့်ရယ်မသိ၊ ဓမ္မဟောင်းကျမ်းလေးကိုသာ လူကြုံနဲ့ပြန်တောင်းပြီး ပျောက်ကွယ်သွားလိုက်တာ၊ ဓမ္မသစ်ကျမ်းလေးကတော့ ကိုယ့်စာအုပ်ဗီရိုထဲမှာ ရှိနေဆဲပါ။

“ ယုဒက ခရစ်တော်ကို နမ်းသလိုမျိုး၊ ကိုယ့်အဖမြတ်စွာကို ကိုယ်မနမ်းနိုင်ဘူး”

လို့ပြောခဲ့တဲ့ ကိုယ့်နှလုံးသားကို သူတွေ့မြင်သွားလို့နေမှာပါလေ။ ဒါဆိုရင်တော့ ကျေးဇူးပါကွယ်။

၎၊ ၂၇၊ ၂၀၁၁ ( နံနက် ၃နာရီ ၄၀ )

 
Leave a comment

Posted by on May 21, 2011 in Kan Tun Thit, Thoughts

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: