RSS

Mar Mar Aye – 381

23 May

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် – အမှတ် ၃၈၁

ရှန်တိနိကေတန်

မာမာအေး

မေ ၂၁၊ ၂၀၁၁

မြန်မာပြည်မြောက်ဖျား မိတ်ဆက်ပွဲမှ ဆရာနတ်နွယ် (ယာ) နှင့် ဆရာပါရဂူ (ဝဲ)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ….

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ဟိုရှေ့မှာ စာရေးဆရာကြီးပါရဂူနဲ့ တွေ့ကြ တရားဝင်လာကြတာတွေ ပြောပြနေခဲ့တာနော်၊ မာအေးက ဆရာနဲ့ မတွေ့သေးခင် မရင်းနှီးသေးခင်မှာ ဆရာ့အကြောင်း နည်းနည်းပါးပါး သိထားခဲ့ပါတယ်။ ဆရာက ဟင်္သာတမြို့နယ်ထဲက “သနွံသနော့ ရွာသား” နာမည်ရင်းက ဦးလှကြိုင် လို့ ခေါ်တယ်။ တကိုယ် တည်းနေတဲ့လူပျိုကြီး … ဆိုတာလောက်ပါ။

ဒါကလဲ သက်သက်လိုက်စပ်စုတာတော့ မဟုတ်ပါဘူး။ မာအေးက ဆရာကြီးဦးသုခ မိဘမေတ္တာတရားတွေ ဟောစမှာ ဟင်္သာတမြို့ကိုသွားတဲ့အခါ အတူလိုက်ခဲ့တော့ ဆရာပါရဂူရဲ့ တူမအိမ်မှာ တည်းကြတာမို့ အလ္လာပ သလ္လာပ ပြောကြဆိုကြရင်း ကြားသိခဲ့ရတာပါဘဲ။ မာအေးလဲ အညာ ဆက်တွေလို ကိုယ့်တိုင်းကလူဆို အကြွားပိုဖို့ တယောက်ရပြီလို့ ကောက်မှတ်ထားလိုက်ပါတယ်။ အကြောင်းမဲ့ တွန်းတင်တာမျိုးလုပ်ရမယ့်သူမှ မဟုတ်တာလေ။ ဆရာနေခဲ့တဲ့ ငါးထပ်ကြီးဘုရားလမ်းက အိမ်ကလေးကလည်း မာအေးတို့ မြောင်းမြဖက်က အဆက်အနွယ်တွေတဲ့။ ဒါနဲ့ ရင်းနှီးသွားတဲ့အခါ စာပေစိစစ်ရေးသွားဖြစ်ရင် ၀င်နှုတ်ဆက်ပါတယ်။

နောင် ဆရာ့တော့်ကပ္ပိယ မောင်မျိုးခင်ကလေး ပုဂံက “ဣသိပည” ကျောင်းတော်ဝင်းထဲမှာ ဇရပ်တွေ လာဆောက်ပေးရင်း “ထန်းရိပ်ညို”ပန်းချီခန်း တည်ထောင်တဲ့အခါ ဖွင့်ပွဲမှာ မောင်နှမတွေ ဆုံကြပါတယ်။ မောင်ကြီးဆရာပါကလည်း ဆရာတော်ရဲ့ ကျောင်းဝိုင်းထဲမှာ စာသင်ကျောင်း ဆောက်လှုမယ့်ဆန္ဒ ထုတ်ပြခဲ့ပါတယ်။ အဲဒါ မဖြစ်မြောက်သွားပါဘူး။ အင်းလေ စာသင်သားက စာအံရင် အသံဆူမှာ၊ တရားစခန်းရှိတဲ့အခါ ပြဿနာရှိနိုင်တာမို့ ထင်ပါရဲ့ရှင်။ ဒါကြောင့် “ရှန်တိနိကေတန်” စာကြည့်တိုက်ဖက် လှည့်သွားတာလည်းဖြစ်နိုင်ပါတယ်။

ဆရာပါရဲ့ ရှင်တိနိကေတန်

မာအေးလည်း ဆရာပါတို့နဲ့တင်မက အားလုံးနဲ့ဝေးခဲ့ရတာ ကြာပြီလေ။ ဆရာမရှိလေမှ မီဒီယာလိုင်းတွေပေါ်မှာဖော်ပြတဲ့ ဆရာ နောက်ဆုံးနေခဲ့တဲ့ တိုက်ကလေးနဲ့ တွဲလျက်တည်ထားတဲ့ “ရှန်တိနိကေတန်” စာကြည့်တိုက်ကို အဝေးက တွေ့နေရပါတယ်။ စာပေ့တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဆရာပါစုထားလေရဲ့။ စာပေ ချစ်တဲ့မြတ်နိုးတဲ့ စာပေ့သားသမီး မြေးမြစ်တွေက ဆက် စောင့်ရှောက်နိုင်ပါစေလို့ မေတ္တာပို့ ဆုတောင်းရပါတယ်။

ဆရာပါ မကျန်းမာဘူးဆိုတာ သတင်းကို မရဘူးတာပါရှင်။ ကောက်ခါငင်ကာ ဖြစ်သွားဟန်ဘဲ။ အသက် ၉၀ ဆိုတော့လည်း အမှည့်လွန်သစ်သီးလို ကြွေကာနီးပေါ့လေ။ လူကောင်းစိတ်ကောင်းတဲ့သူတွေ နေစေချင်သေးတယ်။ ဒီဆရာကြီးတွေလို စာပေရသလည်းပေး၊ သင်ခန်းစာလည်းပေးနိုင်တဲ့လူကြီးတွေ ရှားလာပြီ မဟုတ်လား။ ကာလပေါ်အရေးသမားတွေကတော့ သူ့အခါနဲ့သူပေါ်လာမှာမို့ စာပေလောက ဆိုတာကြီးတော့ ပျောက်မှာမဟုတ်ပါဘူး။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်ဆိုတဲ့ စကားလိုပဲ။ စာဟောင်းပေမွန်တွေ စုဆောင်းလေ့လာဘို့ မမေ့ကြပါစေနဲ့လို့ မေတ္တာပို့ရပါတယ်ရှင်။

မာအေးတို့ရောက်နေတဲ့ အနောက်ဘက်မှာတော့ သူတို့စာရေးဆရာကြီးတွေအတွက် ဂန္တ၀င်စာတွေအတွက် အဖွဲ့အစုတွေနဲ့ ရံပုံငွေထောင်ပြီး ထိမ်းသိမ်းထားတတ်ပါတယ်။ အင်္ဂလန်မှာဆို ရှိတ်စပီးယားရဲ့ ဇာတိမြို့ကလေးဟာ ကမ္ဘာ့ဧည့်သည်များလေ့လာရာ လည်ပတ်ရာ ဖြစ်နေတော့တယ်။ တချို့ပန်းခြံတွေ စမ်းချောင်းလေးတွေဘေးမှာ ရှိတ်စပီးယားရဲ့ပြဇာတ်တွေကို မြတ်မြတ်နိုးနိုးနဲ့ ရွတ်ပြနေသူတွေကို ရှိသေးတာ။ ချား(လစ်)နှစ်ကင်းဆိုတဲ့ စာရေးဆရာကြီးအိမ်ခန်းတောင်မှ ပြတိုက်လို ပိုက်ဆံပေးကြည့်ရတာမျိုးပါ၊ ပညာရှင်အသီးသီးရဲ့ အမှတ်တရပြခန်းတွေကို ရံပုံငွေယူကြ ထူကြ စောင့်ရှောက်ထားကြပါတယ်၊ မာအေးတို့ဆီမှာလည်း အစကတည်းက ကိုယ်ထူကိုယ်ထ များတာပဲဟာ၊ တပိုင်တနိုင် ထိမ်းသိမ်းနိုင်အောင် ကြိုးးစားကြရင် ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်ရှင်။ တကယ်လို့သာ ထောက်ပံ့မယ့်သူ မရှိလာရင် “ရှန်တိန်ကေတန်”ကို ဘယ်လို ဆက်ထိန်းသိမ်းပါ့မလဲလို့လဲ ပူမိနေတယ်။ ကိုယ်ကလည်း သူများနိုင်ငံမှာဖြစ်အောင်နေရတာမို့ စိတ်ပဲကူးနိုင်ခဲ့တာပါ … အားမရပါဘူး။

အထူးတလည် မာအေးရဲ့မောင်ကြီးပါကို မနက်တိုင်း သတိရနေတာ အိမ်က ရုပ်ပွားတော်တဆူ ကြွချီတော်မူကတည်းကပါရှင်။ အတော်လက်ရာမြောက်တဲ့ ပန်းပုရုပ်ပွား သစ်ကနက်သား ကိုယ်တော်ပါ။ အဲဒီရုပ်ပွားဆင်းတုတော်မှာ ဗုဒ္ဓဂါယာဘုရားဖူးသူတိုင်း ရောက်ကြတဲ့ ဖွားတော်မူရာ ဗောဓိပင်နဲ့ ရွှေပလ္လင်ကို အောင်တော်မူတဲ့ ဘုရားဖြစ်တော်မူရာ ဓမ္မစင်္ကြာတရားဦး ဟောကြားတဲ့မုဒြာ၊ ပရိနိဗ္ဗာန်စံတော်မူရာ ကုသိန္နာရုံလျှောင်းတော်မူ ဘုရားပုံတော်တွေပါ ထုဆစ်ထားတာမို့ ဆရာပါ့ကို သတိရမိတာဖြစ်ပါတယ်။ မာအေး ၉၇ တုန်းက ကျေးဇူးရှင် သီတဂူဆရာတော်ဘုရား ကောင်းမှုနဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးရောက်ခဲ့တယ်။ သွားတဲ့ သာသနာ့လမ်းမှာ ကမ္ဘာ့သာသနာပြု ဆရာကြီးဂိုအင်ဂါတို့ ဘုရားစေတီတည်ခွင့်ရလို့ အုတ်မြစ်ချပွဲကျင်းပရာမှာလည်း အသံလှူခဲ့ရတယ်။ ဆရာကြီးတို့ ဗဟို ပင်မကျောင်းတော်က ၁၀ ရက်တာ တရားစခန်းလည်းဝင်ခဲ့ရလို့ ဆရာပါနဲ့တွေ့တုန်းမှာ ပြောပြတော့ နောက်တခါ အိန္ဒိယသွားရင် ဆရာနဲ့သွားကြတာပေါ့၊ အခု ရောက်တာထက်စုံအောင် ဆရာ လိုက်ပို့ပေးနိုင်ပါတယ် လို့ စကားခံထားတဲ့အတွက်ပါ။ ခုတော့လည်း သွားနှင့်ရှာပြီလေ။ သူ ထပ်ပြီး ဘုရားဖူးပို့ဖြစ်ရင် ဒီနေရာတွေလည်း ပြန်ဝင်ပြန်ဖူးရမှာပဲလို့ သတိရတိုင်း ဘုရားကန်ကျောင်းတွေ ရောက်တိုင်း မေတ္တာပို့ရုံရှိတော့တာပါပဲ။

**(ဆည်းလည်းရှိုက်သံမှ)

ဆည်းလည်းလေးများ ပွတ်တိုက်ရိုက်သံလို x x ခေါင်းလောင်းလေးများ ထိုးနှက်ရိုက်သံလို xx ကြားလိုက်တဲ့ အခိုက်အတန့်မှာ အေးငြိမ်းတဲ့ ကျောင်းအရိပ်ဆီ တလှမ်းချင်းပြေးလို့ တွေ့လိုက်ချင်ရဲ့ x x ဆည်းလည်းလေးများ ပြတဲ့တရားသံကို xx စမ်းချောင်းလေးတို့ ဇွဲနဲ့အားမာန်နဲ့ xx ပေါင်းစပ်ပြီးကျင့်ခဲ့ရင် အေးငြိမ်းတဲ့သစ်ရိပ်မှာ စွန့်လွှတ်မှုနဲ့ ခွင့်လွှတ်စဉ် ငြိမ်းသွားလိမ့်မယ်တဲ့ xxx

ဘီဘီစီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအား ပြန်လည်ကူးယူ ဖော်ပြပါသည်။

 
Leave a comment

Posted by on May 23, 2011 in Mar Mar Aye

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: