RSS

interview with former political prisoner and hiphop star

24 May

Hip Hop အဆိုတော် ဇေယျာသော် ဘာကြောင့် နိုင်ငံရေးလုပ်သလဲ
အင်တာဗျူး
မေ ၂၃၊ ၂၀၁၁

“—ဂီတအနုပညာကို လုပ်ရင်းနဲ့လည်း နိုင်ငံရေးကိုလုပ်လို့ ရတယ်—”

ရန်ရန်ချန်း၊ ဇေယျာသော်၊ သားစိုး။
ထောင်မှလွတ်သည့်နေ့က ရိုက်ကူးထားခြင်း ဖြစ်သည်။
(ဓာတ်ပုံ-ဧရာဝတီ)


ဟစ်ဟော့ အဆိုတော် ဇေယျာသော်ဟာ သူ့နဲ့ အမြင်တူသူ လူငယ်တစု ဖွဲ့စည်းခဲ့တဲ့ Generation Wave မျိုးဆက်သစ် လူငယ်များ အစည်းအရုံး လှုပ်ရှားမှုများကြောင့် ၂၀၀၈ ခုနှစ် မတ်လမှာ ထိန်းသိမ်းခံရပါတယ်။ ထောင်ဒဏ် ၄ နှစ်ကို ကော့သောင်းအကျဉ်းထောင်မှာ ကျခံနေရစဉ် ယခုလ ၁၇ ရက်နေ့ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ထောင်ဒဏ် ၁ နှစ် လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင် လွတ်မြောက်လာပါတယ်။

ဇေယျာသော်က သူ နိုင်ငံရေးနယ်ပယ်ထဲ ဘယ်လို ရောက်သွားသလဲ၊ ဘယ်လို ခံယူချက်ကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တယောက် ဖြစ်သွားသလဲ ဆိုတာကို Yangon Press International ကို ပြောပြထားပါတယ်။

မေး – နိုင်ငံရေးကို ဘယ်လို စိတ်ဝင်စားလာခဲ့သလဲ။ ဘယ်တုန်းက စပြီး စိတ်ဝင်စားခဲ့တာလဲ။
ဖြေ – စာတွေကို ကလေးဘ၀ကတည်းက စ ဖတ်ဖြစ်တယ်။ ၆ တန်း ၇ တန်းလောက်က စပြီး နန္ဒာသိန်းဇံတို့ ဆရာ ဆန်းလွင်ရဲ့ ဖီလော်ဆော်ဖီ ကကြီးခခွေး တို့လို၊ နောက် ဆရာမောင်ကြည်သစ် စတဲ့ ဒဿနနဲ့ ဆိုင်တာတွေကို ဖတ်ဖြစ်တယ်။ အဲဒီကမှ တဆင့် ၆ တန်း၊ ၇ တန်းလောက်မှာ ကျွန်တော့်အရွယ် တခြားကလေးတွေ ဖတ်တာမျိုးထက် နည်းနည်း ပိုမြင့်တယ် ဆိုလို့ရတဲ့ စာအုပ်တွေ လှမ်းကိုင်နေပြီပေါ့။ ဒါပေမယ့် တဖက်မှာ ဖတ်တာကတော့ဖတ်တယ်။ တချို့စာအုပ်တွေကို နားလည်လို့လည်း မဟုတ်ဘူး။ လက်ဖက်ရည်ဆိုင်တွေမှာ သူငယ်ချင်း အချင်းချင်း ငြင်းကြခုန်ကြတဲ့ အခါ အဲဒီစာအုပ်ထဲက စကားလုံးကြီးကြီးနဲ့ ကိုင်ပေါက်ချင်လို့၊ အဲဒီစကားလုံးရဲ့ မူရင်း အဓိပ္ပါယ်တွေကိုတော့ နားလည်ချင်မှ နားလည်မှာပါ။
အဲလိုမျိုးစာဖတ်ရင်း ဖတ်ရင်းနဲ့ မှ အဲဒီစကားလုံးတွေရဲ့ အနှစ်သာရ၊ ဆိုလိုရင်းတွေကို ခံစားမိလာတယ်။ အဲလိုနဲ့ ပိုပြီး ဖတ်ဖြစ်လာတယ်။ စာပေဖတ်တာ နည်းနည်းများလာတဲ့ အခါမှာ အသိဥာဏ် ကြွယ်ဝလာပြီလို့ ကျွန်တော် မဆိုချင်ပေမယ့် အကြောင်းအရာ တော်တော်များများကို ယေဘုယျ အကြမ်းဖျဉ်း သဘောပေါက်လာတယ်။ အဲဒီလိုအချိန်မှာလည်း ကျွန်တော့်အနေနဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွဲမိလာတယ်။ တွဲမိပေမယ့်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်အနေနဲ့ နိုင်ငံရေး မလုပ်ရဲသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထောင်ကျမှာလည်း ကြောက်တယ်။ စစ်ကြောရေး စခန်းမှာ နှိပ်စက် ညှင်းပန်းမှာလည်း ကြောက်တယ်။ ကိုယ့်ရဲ့ဘ၀ ကိုယ့်ရဲ့နေထိုင်တဲ့ ပုံသဏ္ဍန် ဆုံးရှုံးသွားမှာလည်း ကြောက်တယ်။ ဒီလိုကြောက်တယ် ဆိုပေမယ့် နိုင်ငံရေး လုပ်နေသူတွေကိုတော့ လေးစားတယ်။ အားလည်း အားကျတယ်။ အဲလိုနေရင်းနေရင်းက တဆင့် မသိမသာ နဲ့ သူတို့တွေရဲ့ အလုပ်လေးတွေကို ဥပမာဗျာ တစ်ကနေ တရာထိ ရှိတယ် ဆိုရင် ကျွန်တော်က ငါးပြားဖိုးလောက် ဆယ်ပြားဖိုးလောက်လည်း ဖြစ်ရင် ဖြစ်မယ် ကျွန်တော် ကူညီခဲ့ဖူးတယ်။ အဲဒီအချိန်ထိ နိုင်ငံရေး လုပ်မယ်လို့ ယတိပြတ် ဆုံးဖြတ်ထားတာ မရှိသေးဘူး။ အဲဒီကနေမှ တဆင့် ပြီးခဲ့တဲ့ ၂၀၀၇ သြဂုတ်လမှ စက်သုံးဆီဈေးကို မြှင့်တင်လိုက်တယ်။ ပြည်သူတွေ တော်တော် ကြပ်တည်းသွားတယ်။ အဲဒီဟာကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာ ကျွန်တော် မခံနိုင်တော့ဘူးဗျ။ ကျွန်တော် အပြောင်းအလဲတခုခု လိုချင်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ အပြောင်းအလဲ ဆိုတဲ့ဟာ မဖြစ်လာဘူး ဆိုရင် ကျွန်တော် အပါအ၀င် ပြည်သူ ပြည်သားတွေရဲ့ ဘ၀ စုန်းစုန်းမြုပ်တော့မယ်။ ကျွန်တော် အဲလို ခံစားလာရတယ်။
အဲဒါကြောင့် မို့လို့ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒ၊ ကျွန်တော့်ရဲ့ စိတ်ကူး၊ ကျွန်တော် ဖြစ်ချင်တဲ့ နိုင်ငံတော်ပုံစံ ဖြစ်လာရအောင် ကျွန်တော့်ရဲ့ ဆန္ဒကို ကျွန်တော် ထုတ်ဖေါ်ခဲ့တယ်။ အဲလိုဆန္ဒတွေကို ထုတ်ဖေါ်တာက တဆင့် ၀ါသနာတူတဲ့ ကျွန်တော်တို့ သူငယ်ချင်း တစု စုပြီး Generation Wave မျိုးဆက်သစ် လူငယ်များ အစည်းအရုံးကို စတင်ဖွဲ့ဖြစ်ပါတယ်။ ဒါနဲ့ တပြိုင်နက်ထဲ ၂၀၀၇ စက်တင်ဘာလမှာ ရွှေဝါရောင် သံဃာ့အရေးအခင်း ပေါ်လာခဲ့တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အစကို ပြောရမယ် ဆိုရင်တော့ ရွှေဝါရောင် တော်လှန်ရေးကနေ စတယ်လို့ ပြောလို့ရတယ်။

ကိုယ့်ရဲ့ သူငယ်ချင်း အသိုင်းအ၀ိုင်းမှာရော နိုင်ငံရေး လုပ်ကိုင်တာကို ဆန့်ကျင်တာ၊ သဘောထား မတူတာတွေ ရင်ဆိုင်ခဲ့ရလား။
ကျွန်တော့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကျွန်တော် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနေနဲ့ လုပ်နေတယ်ဆိုတာကို မသိသေးပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရိပ်မိသိရှိလာကြတယ်။ ဥပမာ မိဘတွေဆိုရင် အထိန်းသိမ်းခံဖြစ်သွားမှာ စိုးလို့ တားတာတွေတော့ ရှိပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေထဲက ပြောရင်တော့ ရန်ရန်ချန်းဟာ ကျွန်တော်ရဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်သလို ရဲဘော်ရဲဘက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးကို သူကိုယ်တိုင် မပါဝင်ပေမယ့် ကန့်ကွက်ခြင်းလည်း မရှိပါဘူး။

အခုဖြစ်ပျက်တဲ့ အဖြစ်ကို နည်းနည်းပြောပြပေးပါ။
၂၀၀၈ ခုမတ်လထဲမှာ ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက် စုဖွဲ့ပြီး ဆိုင်တဆိုင်မှာ စကား ပြောနေတဲ့အချိန် စရဖ က လာပြီး ဖမ်းသွားတာပါ။ သူတို့လာဖမ်းသွားပြီး ဗဟန်း (ရဲ) စခန်းမှာ ထားတယ်။ အဲဒီမှာ ထားပြီး ညည့်နက်လာတဲ့ အချိန်မှာ မျက်နှာ အ၀တ်စည်းပြီး စစ်ကြောရေး စခန်းထဲကို ခေါ်သွားလိုက်တာပေါ့။ နောက် အဲဒီစစ်ကြောရေး စခန်းမှာ စစ်ဆေးပြီး ရက် အပိုင်းအခြားတခု ကြာသွားပြီးတော့ အင်းစိန်ထောင် ပို့၊ အဲဒီနောက်မှ အပြင်တရားရုံး ထုတ်တာ။

အဲဒီလိုဖြစ်တဲ့အချိန်မှာ ဘယ်လို ခံစားရသလဲ။ ကိုယ်လျှောက်ချင်တဲ့ လမ်း၊ သွားချင်တဲ့လမ်းကို အများကြီး မသွားရသေးခင် ဖြစ်သွားတယ်လို့ ခံစားရသလား။
ကျွန်တော် အကြောင်းအရာတခုကို ပြန်ကောက်ပါရစေ။ စောစောပိုင်းက ကျွန်တော် ပြောဖူးပါတယ်။ စစ်ကြောရေး စခန်းမှာ နှိပ်စက်ညှင်းပန်းမှုတွေ အဖြစ်ခံရမှာ ကြောက်တယ် ဆိုတာကိုရော၊ ထောင်ကျမှာ ကြောက်တယ် ဆိုတာကိုရော လက်ရှိဘ၀ အခြေပျက်မှာကို ကြောက်တယ် ဆိုတာကိုရော ပြောဖူးတယ်။ အဲဒီကမှ တဆင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနေနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်လာတဲ့ အခါမှာ ဘယ်အရာကနေပြီး လှုံ့ဆော်လိုက်မှန်း ကျွန်တော် ကိုယ်တိုင်တောင် မသိဘူး။ ဒါပေမယ့် အဲဒီအကြောက်တရား ဆိုတဲ့ လစ်မစ် လေးတခုကို ကျွန်တော် ကျော်သွားတယ်ဗျ၊ အဲဒီ အကြောက်တရား လစ်မစ်ကို ကျော်သွားတဲ့ အချိန်မှာ ဖမ်းဆီးခံရမယ်၊ ထိန်းသိမ်းခံရမယ် ဆိုတဲ့ အရာတွေ ကျွန်တော့်ခေါင်းထဲမှာ မရှိတော့ဘူးဗျ။ မိမိက မိမိ လုပ်စရာရှိတာကို လုပ်နေတဲ့အချိန်မှာ သူတို့ဟာ သူတို့ လုပ်စရာရှိတာကို လုပ်နေမယ်။ ဒါဟာ ကြုံတွေ့ရမယ့် အရာ တခု လို့ပဲ သတ်မှတ်ထားလိုက်တော့တယ်။ စရဖက စပြီးထိန်းသိမ်းတဲ့ အချိန်မှာ ပထမဦးဆုံး တွေးမိတာက ကျွန်တော့် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ မလုပ်ဖြစ်ရသေးဘဲနဲ့ ထိန်းသိမ်းခံရတာကိုတော့ ကျွန်တော် နည်းနည်း နှမြောမိတယ်။

နောက်တခု ပြောချင်တာက စစ်ကြောရေး စခန်းထဲမှာတော့ သွေးထွက် သံယို ဖြစ်တဲ့ အထိ စစ်ဆေးခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလိုစကား ပြောတယ် ဆိုတာ လူတဦးတယောက်ကို အာဃာတ တရားနဲ့ ပြောတာ မဟုတ်ပါဘူး။ အခုလိုမျိုး နှိပ်စက် ညှင်းပန်းခံခဲ့ရပေမယ့် ပုဂ္ဂိုလ်တဦးချင်းစီပေါ် အာဃာတ မထားပါဘူး။ သို့သော် ကျွန်တော် မုန်းတာတခု ရှိပါတယ်။ မှားယွင်းနေတဲ့ စနစ်ဆိုးကြီးပါ။ ဒီစနစ်ဆိုးကြီး ရှိနေတဲ့ အတွက်သာ သူ့ဘက်ကိုယ့်ဘက် ဆိုပြီး ဘက်တွေ ကွဲသွားတာ။ ကျွန်တော် ဆိုလိုချင်တာက ဒီစနစ်ဆိုးကြီးကို တော်လှန်မယ်၊ ပုန်ကန်မယ်၊ ပြောင်းလဲမယ် ဆိုတဲ့ ဘက်မှာ ကျွန်တော်တို့က ရှိနေသလို ဒီစနစ်ဆိုးကြီးကို ကာကွယ်မယ်၊ ရပ်တည်ပေးရမယ် ဆိုတဲ့ ဘက်မှာ အခြားသူတွေ ရှိနေကြတာ။ အကယ်၍သာ ဒီစနစ်ဆိုးကြီး မရှိဘူး ဆိုရင် ဘက် ဆိုတာလည်း မရှိတော့ပါဘူး။ ဘက် ဆိုတာ မရှိတော့ရင် အာဃာတလည်း မရှိတော့ပါဘူး။ ကျွန်တော့်အနေနဲ့ လူပုဂ္ဂိုလ် တဦးတယောက်ကို အာဃာတမထားပဲ ဒီစနစ်ဆိုးကြီးကိုသာ တိုက်ဖျက်ချင်ပါတယ်။

ရုံးထွက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ကျွန်တော် ရုံးချိန်းထွက်စဉ်က အချုပ်သား တရားခံတွေ ဖိနပ် စီးခွင့်မရဘူးဗျ၊ ဒါဟာ ဘာကြောင့်လဲ ဆိုတာ အဖြေကို ရေရေရာရာ မပေးဘူး။ ကျွန်တော်က ပြောရာမှာ အချုပ်သား တရားခံ ဆိုတာ တရားခံအစစ် မဟုတ်သေးပါဘူး။ တရားလို တဦးဦးက ပြစ်မှု တစုံတရာ ကျူးလွန်တယ်လို့ ထင်မြင် ယူဆတဲ့အတွက် တရားရုံးမှာ စွဲတင်ပြီး တရား စွဲဆိုနေတာပါ။ အဲဒီအရာကို မိမိ ကျူးလွန်သည် မကျူးလွန်သည် ဆိုတဲ့အချက်ကို တရားပြိုင်အဖြစ် ငြင်းဆိုနေတုန်းပဲ ရှိပါသေးတယ်။ အဲဒီတော့ အချုပ် တရားခံတဦး ဆိုတာ လွတ်လပ်တဲ့ လူသားတဦးပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ သူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် အပြုအမူ မပြုသင့်ဘူးလို့ ထင်ပါတယ်။ အဲဒါနဲ့ ကျွန်တော်တင်ပြတယ်။ ကျွန်တော် ဖိနပ်စီးမယ်။ ဘာကြောင့်ဆို စောစောက ပြောတဲ့အချက်တွေကြောင့်၊ အဲဒီမှာ ဖိနပ်စီးခွင့် မပြုဘူး ပြုမယ် ဆိုတာနဲ့ နောက်ဆုံးကျတော့ ကျွန်တော် ဖိနပ်စီးခွင့် မရရင် ရုံးမထွက်နိုင်ဘူးလို့ ပြောလိုက်တယ်။ ကျွန်တော် ရုံးချိန်း ၂ ပတ်လောက် မထွက်လိုက်ရဘူး။ နောက်အပတ်တွေကျတော့ ဖိနပ် စီးခွင့်ပေးလိုက်တယ်။

ဖိနပ်စီးခွင့် မပေးတာ ဘယ်နေရာကနေ ဘယ်နေရာထိလဲ။
အင်းစိန်ထောင်ကနေ ထွက်ကတည်းက ပြန်လာတဲ့အထိပါ။ သူတို့ အကြောင်းပြတာက ဖိနပ်ထဲမှာ သံဖြတ်လွှ ပါလာမလား ဆိုတဲ့ အကြောင်းပြတာပေါ့။ အဲဒီကိစ္စမှာ ကျွန်တော်၊ ကိုဥာဏ်လင်းအောင်၊ ကိုကျော်သူထိုက် တို့ တိုက်ကြတာပါ။ အခြား အခြားသောနေရာမှာလည်း တိုက်တဲ့သူတွေ ရှိရင် ရှိနိုင်ပါတယ်။

အကျဉ်းထောင်နဲ့ ပတ်သက်လို့ ဘယ်လို ခံစားရပါသလဲ။
ထောင်က လူတွေကို အကြောင်းအရာ အမျိုးမျိုး ပြောင်းလဲစေပါတယ်။ ကောင်းတာတွေ ပြောင်းလဲစေတာ ရှိသလို မကောင်းတာတွေလည်း ပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမယ့် အကောင်းပြောင်းလဲမှုကို လက်ခံပြီး အဆိုးပြောင်းလဲမှုကို ပြစ်ပယ်လိုက်ရမှာပဲ။ ကျွန်တော် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူဖြစ်လာတာဟာ အမှန်တရားကို မြတ်နိုးတဲ့ စိတ်၊ မဟုတ်မမှန်တာကို ခေါင်းငုံ့မခံချင်တဲ့စိတ် အဲဒီစိတ်မျိုးနဲ့ ဖြစ်လာတာ၊ ကျွန်တော်ကို နှစ်အပိုင်းအခြား တခု ထောင်ဒဏ်ချချိန်မှာ ကျွန်တော် လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အားလုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်ဖို့ အချိန်ရသွားပါတယ်။ အပြန်ပြန် အလှန်လှန် သုံးသပ်နိုင်တဲ့ အခါကျတော့မှ ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ ပြုပြင် ပြောင်းလဲသင့်တဲ့ အရာတွေ၊ ရှိသင့် ရှိထိုက်တဲ့ လူ့အခွင့်အရေးတွေ အဲဒါတွေကို ခြေခြေမြစ်ဖြစ် သဘောပေါက်လာတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ်ကနေ နိုင်ငံရေးကို ဇောက်ချလုပ်မယ့်သူ တယောက် ဖြစ်လာတာပေါ့ဗျာ။ ကျွန်တော့်အတွက် အပြောင်းအလဲ ဆိုရင် အဲဒီအချက်အလက်ပါပဲ။

အတွင်းမှာ စာတွေ တော်တော်များများ ဖတ်ဖြစ်လား။
အရင်တုန်းကတော့ စာတွေ အတော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာ အနုပညာလည်း လုပ်နေတော့ သီချင်းနားထောင် ရေး၊ တီးခတ်ဖို့ လုပ်နေရတော့ အပြင်တုန်းက စာဖတ်ဖို့ အချိန်နည်းခဲ့ပါတယ်။ အကျဉ်းထောင်ထဲမှာတော့ အပြင်တုန်းက ဖတ်မယ် ဆိုပြီးဝယ်ထားပေမယ့် အပြီးမသတ်သေးတဲ့ စာအုပ်တွေ ဖတ်နိုင်ခဲ့ပါတယ်။

နိုင်ငံရေး ဇောက်ချလုပ်မယ့်သူ တယောက် ဖြစ်လာတော့ အနုပညာကိုရော ဘယ်လို သဘောထားပါသလဲ။
အနုပညာအနေနဲ့ကတော့ ကျွန်တော်ရင်ထဲ ထိခိုက်မှု၊ ခံစားမှု ဒီအရာတွေ အကုန်လုံးကို ဂီတနဲ့ဖြစ်စေ၊ ကဗျာနဲ့ဖြစ်စေ၊ ဆောင်းပါးတပုဒ်နဲ့ ဖြစ်စေ ဖေါ်ထုတ်နိုင်သရွေ့ကတော့ ဖေါ်ထုတ်နေမှာပဲ။ ဒါကို ပရိတ်သတ်ရှေ့ ချပြခွင့် ရမရကတော့ ကွာခြားသွားမှာပါ။
ကျွန်တော်တို့ အရင်တုန်းက သီချင်းဆိုခဲ့တာမှာ ဟစ်ဟော့ဂီတကို မြန်မာနိုင်ငံမှာ ချပြချင်တဲ့စိတ်က အရင်းခံတာပါ။ အဲဒီကနေမှ တဆင့် ကျွန်တော် အဆိုတော်ဖြစ်လာတာ။ အဲဒီတော့ ဂီတနဲ့ နိုင်ငံရေး၊ အနုပညာနဲ့ နိုင်ငံရေး ဒီနှစ်ခုယှဉ်မယ် ဆိုရင်တော့ ပထမအဆင့် ဒုတိယ အဆင့်ရယ်လို့ မဟုတ်ဘဲ နှစ်ခုစလုံးက ပြိုင်ပြီး သွားနေမယ် လို့ ထင်ပါတယ်။

အနုပညာသည်ဘ၀နဲ့ နိုင်ငံရေး ကိုဘယ်လိုစည်းခြားထားလဲ။ အဲဒီနယ်ပယ် ၂ ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ။
အနုပညာအသိုင်းအ၀ိုင်းကလူတွေကတော့ အနုပညာကို ပြန်လုပ်စေချင်ကြတယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းကတော့ အနုပညာနဲ့ နိုင်ငံရေးကို တွဲပြီး ပြန်လုပ်စေချင်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး လုပ်ဖို့အတွက်က ဘယ်သူမှ အတင်းအကြပ် စေခိုင်းလို့ မရပါဘူး။ မိမိရဲ့ စိတ်ဆန္ဒအရသာ လုပ်ကြတာကိုး ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဒီနိုင်ငံတိုးတက်ဖို့ ဒီနိုင်ငံအကျိုးရှိအောင် လုပ်မယ့်သူတွေ အင်မတန် နည်းနေပါသေးတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ကျွန်တော့်ကို နိုင်ငံရေး လုပ်စေချင်တာပါ။ ဒီနှစ်ခုကြားထဲမှာ ဘယ်လို ညီမျှအောင် လုပ်သလဲ ဆိုရင် နိုင်ငံရေး ဟာ အနုပညာနဲ့ မသက်ဆိုင်ဘူး ဆိုပေမယ့် အနုပညာနဲ့ နှီးနွယ်နေတဲ့ အလုပ် ဖြစ်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် စာပေအနုပညာရှင်တွေက များသောအားဖြင့် နိုင်ငံရေးသမားဟောင်းတွေ များပါတယ်။ အနုပညာရှင်တွေထဲကလည်း နိုင်ငံရေး သမားတွေ ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီတော့ ဂီတအနုပညာကို လုပ်ရင်းနဲ့လည်း နိုင်ငံရေးကိုလုပ်လို့ ရတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ မိမိရဲ့ စိတ်ဓာတ်ကိုတော့ ပိုင်ပိုင်နိုင်နိုင် ထိမ်းသိန်း ကိုင်တွယ်သွားဖို့တော့ လိုတယ်လို့ ကျွန်တော် ထင်တယ်ဗျ။

လက်ရှိ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။
ကျွန်တော့်မှာ အစာအိမ် အနာရှိတယ်ဗျ၊ ကျွန်တော် အထိန်းသိမ်း မခံရခင်ကတည်းက အစားအသောက် နည်းနည်းဆင်ခြင်ရပါတယ်။ အဲလို လူမျိုးက အကျဉ်းထောင်ထဲ ရောက်သွားတော့ အစားအသောက်ကို တော်တော်လေး ဂရုစိုက်ရတယ်ဗျ၊ အထိန်းသိမ်းခံနေရစဉ်မှာ အသဲအသန် မဟုတ်ပေမယ့်လည်း အပြင်းအထန် ဆိုတာမျိုး ၂ ခေါက်လောက် ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ကျန်းမာရေး စစ်ဆေးနေတုန်းပါပဲ။ ယေဘုယျ ပြောရရင် ကျန်းမာရေး အသင့်အတင့် ရှိတယ် လို့ပဲ ပြောရမှာပါ။

မိသားစုနဲ့ ပတ်သက်တဲ့ ခံစားမှု ပြောပြပေးပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေး လုပ်မယ်ဆိုရင် ရာခိုင်နှုန်း အတော်များများကတော့ ထောင်ထဲရောက်နိုင်တယ်၊ အကျဉ်း ကျနိုင်တယ် ဆိုတာ နားလည်ပြီးသားပါ။ နားလည်ပြီး စိတ်ပိုင်းဖြတ်ပြီး အကျဉ်းကျခံနေရတာ အထူးအထွေ စဉ်းစားနေစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် နယ်ဝေးထောင်တွေကို ပို့တယ်။ မိမိတင် မကပဲ မိမိရဲ့ မိသားစုတွေကိုပါ အခက်အခဲ အမျိုးမျိုးတွေ့အောင် လုပ်လိုက်တာမျိုးကိုတော့ ကျွန်တော် သဘောလည်း မကျဘူး။ ဒီလိုပုံစံမျိုးဟာ မဖြစ်သင့်ပါဘူး။ အခု ဆိုလို့ရှိရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူက တအိမ်ထဲမှာ တယောက်မကတဲ့ မိသားစုတွေ ရှိပါတယ်။ ဥပမာ မိမိရဲ့ ယောင်္ကျားက တနေရာကို ရောက်နေပြီး သားက တနေရာကို ရောက်နေတာ ဆိုလို့ရှိရင် ဘယ်လို ခံစားရမလဲ ဆိုတာပါ။ အဲဒီလိုပဲ ကျွန်တော့် အနေနဲ့လည်း ကိုယ်တိုင် ခံစားရနိုင်ပေမယ့်လည်း အသက်အရွယ် ကြီးပြီဖြစ်တဲ့ ကျွန်တော့်အမေ ကျွန်တော့်ဆီကို ရောက်အောင် လာဖို့ ကြိုးစားရတဲ့ဟာတွေ မြင်ရတဲ့အခါ ၀မ်းသာရမယ့်အစား ရင်နာမိတာ များတယ်ဗျ။

အပြင်လောကနဲ့ ကင်းကွာနေတဲ့ ၃ နှစ်လောက်ကာလမှာ ဘာတွေပြောင်းလဲသွားတယ်လို့မြင်လဲ။ ဘာတွေကို သတိထားမိလဲ။
အပြင်ပုံသဏ္ဍန်အားဖြင့် ပြောင်းလဲနေတာ တော်တော်များများ တွေ့တယ်ဗျာ၊ ဥပမာအားဖြင့် စောစောက ပြောတဲ့ မိုဘိုင်းဖုန်းကိစ္စလည်း ပါတယ်ဗျာ။ ငါးသိန်းဖုန်း ဆိုတဲ့ဟာတွေကို တော်တော်များများရဲ့ လက်ထဲမှာ တွေ့လိုက်ရတယ်။ ဖုန်းတလုံး ငါးသိန်း ဆိုတာတောင် တော်တော် များနေသေးတယ်။ ဒါတောင် ဒိလောက် လူ အရေအတွက် များများ ကိုင်လာနိုင်တယ် ဆိုရင် ဒိထက်များ ထပ်လျော့ပေါ့နိုင်မယ် ဆိုရင် လူတွေပိုပြီး ကိုင်လာကြမှပဲ။ ဒါကတော့ ပထမမြင်ရတဲ့ အခြေအနေပါ။ ဒုတိယ မြင်ရတာကတော့ ၀တ်ပုံစားပုံ ပြောင်းလဲလာတာ ပြောပုံ ဆိုပုံ ပြောင်းလဲလာတာတွေ တွေ့ရတယ်။ အတွင်း အနှစ်သာရအပိုင်း ပြောင်းလဲသလား ဆိုတာကတော့ နည်းနည်း အချိန်ကြာပြီးမှ ပြောနိုင်မယ် ထင်တယ်။

တခြား အပြောင်းအလဲတွေ အနေနဲ့ရော။
အထိန်းသိမ်းမခံရစဉ်က အခြေအနေနဲ့ အခုအခြေအနေကို ယှဉ်ကြည့်ရင် ဂျာနယ်တွေထဲမှာ ဆိုရင် အရင်တုန်းက ခွင့်ပြုမယ် မထင်တဲ့ ဟာမျိုးလေးတွေ တွေ့လာရတယ်။ နောက်ပြီး စာအုပ်စာတန်းထဲက ဆိုရင် အရင် ကျဖို့တော်တော်ကြာခဲ့တဲ့ စာအုပ်တွေ၊ အရင်တုန်းက ပြန်လည်ရိုက်ခွင့်ပြုမယ် မထင်တဲ့ စာအုပ်တွေ တွေ့ရတယ်။ စာနယ်ဇင်းထဲမှာ အကောင်းဘက် ပြောင်းလဲမှုပေါ့။
အဆိုးဘက် ပြောင်းလဲမှုလို့ ဆိုရင်တော့ စာနယ်ဇင်းထဲမှာ တိကျမှု လျော့လျဲတဲ့၊ တာဝန်ခံမှု လျော့နည်းတဲ့ စာနယ်ဇင်း ဂျာနယ်မျိုးတွေ ထွက်လာတာလည်း တွေ့ရတယ်ဗျ၊ နောက်ပြီး ပေါ့ပေါ့ပါးပါး ရောင်းကုန်ဖြစ်အောင် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း တွေ့ရတယ်ဗျ၊ ဒါကလည်း ကာလတခု ကြာလာတဲ့ အခါ ပရိသတ်က စိစစ်သွားမယ် ထင်ပါတယ်။
ဂီတအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ကျွန်တော်တို့က တိုက်ခန်းနဲ့ နေရတာ ဖြစ်လို့ (အကျဉ်းထောင်အတွင်း တိုက်ပိတ် ခံရသည့်အဖြစ်ကို ဆိုလိုခြင်း ဖြစ်သည်) TV တွေ သီချင်းတွေ နားမထောင်ရလို့ မပြောတတ်ပါဘူး။ အခြားသူတွေ ပြောစကားအရရော ကျွန်တော် ပြန်ထွက်လာတဲ့ အခါမှာ နည်းနည်း ကြားမိသလောက် ပြောရရင် ဂီတကတော့ အခြေအနေ သိပ်မကောင်းဘူး။ အလွယ်တွေကို ပိုပြီး ဖန်တီးနေတယ်။ အနှစ်သာရ ပျောက်နေတယ်လို့ ထင်ပါတယ်။ ဒါကကျွန်တော့် တဦးချင်းရဲ့ အမြင်ပါ။ ကျွန်တော် အထိန်းသိမ်း မခံရခင်ကတည်းက ကျွန်တော် အခြေခံဥပဒေကို လေ့လာခဲ့ဖူးပါတယ်။ မူကြမ်းက ၂၀၀၇ စက်တင်ဘာလောက်မှာ အဆုံးသတ်တာပါ။ အဲဒီတုန်းက မူကြမ်းကို ကြေကြေညက်ညက် မဟုတ်တောင်မှ ထောင့်စေ့အောင်တော့ လေ့လာခဲ့ဖူးပါတယ်။ အဲဒီတော့ ဘာသွားတွေ့သလဲ ဆိုရင် ဒီအခြေခံဥပဒေ အရသာ အစိုးရတရပ် ဖွဲ့စည်းပြီဆိုရင် ဖြစ်ပေါ်လာတဲ့ အစိုးရဟာ အာဏာရှင် တဦးတယောက်၊ အဖွဲ့တဖွဲ့ရဲ့ ကြိုးဆွဲရာကမယ့် အစိုးရ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ အချိန်ထိတော့ အဲဒီတုန်းက ထင်မှတ်ခဲ့တဲ့ အထင်ဟာ အပြောင်းအလဲ မရှိသေးပါဘူး။

ရှေ့ဆက် ဘာလုပ်ဖို့ စိတ်ကူးထားလဲ။
အနုပညာပိုင်းအရ ပြောရမယ် ဆိုရင်တော့ ဂီတ အနုပညာကို ကျွန်တော် ဆက်လက်ဖန်တီး ဖြစ်နေမှာပါ။ နိုင်ငံရေး အရ ပြောရရင်တော့ ကိုယ့်ရဲ့ ယုံကြည်ချက်ကြောင့်၊ ခံယူချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာဖို့ အတွက် ကျွန်တော်ကြိုးစားပြီး ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။

အလေးစားဆုံး နိုင်ငံရေး ခေါင်းဆောင် ဘယ်သူပါလဲ။
ပြည်တွင်းမှာ ဆိုရင်တော့ ကျဆုံးသွားပြီးဖြစ်တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပါ။ ဒုတိယ အလေးစားဆုံး ခေါင်းဆောင်ကတော့ ခုထိ သက်ရှိထင်ရှားနဲ့ နိုင်ငံရေး လုပ်နေတဲ့ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အလေးစားဆုံး ဖြစ်ပါတယ်။

လူငယ်တွေကို ဘာများပြောချင်ပါလဲ။
လူငယ်ဆိုတာ အမှန်တရားကို မြတ်နိုးပါတယ်။ မဟုတ်တာ မမှန်တာတွေ့ရင်လည်း မထောက်ခံပါဘူး။ မတရားတာတွေ့ရင်လည်း ငုံ့မခံပါဘူး။ ဒါဟာ ဘယ်လိုခေတ်ပဲဖြစ်ဖြစ် ဘယ်စနစ်ပဲဖြစ်ဖြစ် ဘယ်အစိုးရပဲ အုပ်ချုပ်သည်ဖြစ်စေ မပြောင်းလဲတဲ့စိတ်ဓာတ်ပါ။ ဒီ တန်ဖိုးရှိလှတဲ့ ရဲရင့်တဲ့ လူငယ်တွေရဲ့ စိတ်ဓာတ် ကိုလူငယ်တိုင်း လူငယ်တိုင်း ရင်ထဲမှာ မွေးထုတ်ကြဖို့ မွေးယူကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။

 
Leave a comment

Posted by on May 24, 2011 in Interview

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: