RSS

Maung Lwan Ni – Sugar coated troubles (9)

24 May

ဒုက္ခကို ပျားရည်ဆမ်း၍ – ၉

မောင်လွမ်းဏီ

မေ ၂၃၊ ၂၀၁၁

“နဖူးကချွေး ခြေမပေါ်ကျရုံမက ဘဝတခုလုံးပေါ် ကျသက်ပျော်ဝင်တဲ့ အလုပ်ပါ။ အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းလေးတွေလည်း ဝါသနာပါရမယ်။ အလင်းအမှောင်နဲ့ အထားအသိုကိုလည်း အကဲခတ်တတ်ရတယ်။ ကွန်ကရစ်လမ်းကလေး၊ ရေနှုတ်မြောင်းလေးကစလို့ အိမ်တဆောင်၊ တိုက်တလုံးမက ဂိုဒေါင်တလုံးကနေ ကြယ်ငါးပွင့် ဟော်တယ်တွေ အဆုံး အခြေခံအကျဆုံးက ပန်းရံလုပ်ငန်း မဟုတ်လား …”

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ဘိလပ်မြေဖျော်စက်ကားတွေပေါ်က တဂျုံးဂျုံး ထစ်ချုံး လည်ပတ် အော်မြည်နေသံတွေကြောင့် လုပ်ငန်းခွင်ကြီးကြပ်နေတဲ့ အလုပ်ကြပ်တွေရဲ့စကားသံတွေကို ကျွန်တော် မကြားနိုင်ပေမယ့် အုတ်စီ အချောကိုင် အခြေခံ ပန်းရံဆရာအဆင့်ရှိသူတိုင်း နားရည်ဝနေပုံရတဲ့အတိုင်း ကိုယ့်အုတ်ရိုးအုတ်လွှာကိုပဲ သံလျက်နဲ့ တဆစ်ချင်း တလွှာချင်း အုတ်သားတက်နေပုံက အထာမသိရင် ဆရာနဲ့ငြိမယ်ဆိုတဲ့ သဘော။ သို့ပေမယ့် အံခွရုံမက အံကျိုးနေအောင် ဒီပန်းရံလောကထဲမှာ ကျင်လည်လာခဲ့တဲ့ နှစ်တွေကို လက်ချိုး မရေတွက်ချင်သူတွေပေါများတဲ့ လုပ်ငန်းနယ်ပယ်လို့ပဲ ပြောရမှာပါပဲ။

ဒီအလုပ်က ပင်ပန်းဆင်းရဲတဲ့ အလုပ်ဆိုပါတော့။ နဖူးကချွေး ခြေမပေါ်ကျရုံမက ဘဝတခုလုံးပေါ် ကျသက်ပျော်ဝင်တဲ့ အလုပ်ပါ။ အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းလေးတွေလည်း ဝါသနာပါရမယ်။ အလင်းအမှောင်နဲ့ အထားအသိုကိုလည်း အကဲခတ်တတ်ရတယ်။ ကွန်ကရစ်လမ်းကလေး၊ ရေနှုတ်မြောင်းလေးကစလို့ အိမ်တဆောင်၊ တိုက်တလုံးမက ဂိုဒေါင်တလုံးကနေ ကြယ်ငါးပွင့် ဟော်တယ်တွေ အဆုံး အခြေခံအကျဆုံးက ပန်းရံလုပ်ငန်း မဟုတ်လား။ ဗိသုကာပညာရှင် ကွန့်မြူးထားတဲ့ ခေတ်မီအဆောက်အအုံတွေကို စနစ်တကျ အကောင်အထည် ဖော်ပေးရတဲ့ ပန်းဆယ်ပွင့်ထဲက လက်မှုလုပ်ငန်းတမျိုးကိုး။ 

ကျွန်တော်ရောက်နေတာက မြေကျင်းတူးလုပ်ငန်းပြီးစီးလို့ သံချည်သံကွေးနဲ့ ပန်းရံလုပ်ငန်းတွေ စတင် လုပ်ကိုင်နေပြီဖြစ်တဲ့ ကုန်လှောင်ရုံ ဂိုဒေါင်ကြီးတွေ ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးပါ။ မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမား ၆၀ ရာခိုင်နှုန်း လုပ်ကိုင်စားသောက်နေကြတဲ့ ဆန်အိုး ထမင်းအိုး အလုပ်အကိုင်ကြီးတွေပါ။ ဒုက္ခကိုပျားရည်စမ်းပြီး ကျင်လည်နေကြသလို ကျွန်တော့် ရေးသား ထုတ်လွှင့်ချက်တွေကို နားမယဉ်ပေမယ့် လူကိုတော့ ရင်းနှီးနေကြပြီဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက အလုပ်သမားကြီးတွေ ဆိုပါတော့။

မြေကျင်းတူးလုပ်ငန်း လုပ်စဉ်ကလည်း ဒီလူ ဒီမျက်နှာတွေချည်းပါပဲ။ ခုလို အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကကပဲ အလုပ်ကို ဆင့်ပွားဖန်တီးပေးနိုင်တာလေ။ မြေကျင်းတူးလုပ်ငန်းက အခြေခံ အကြမ်းထည်လုပ်ငန်းဆိုပေမယ့် အုတ်သယ်၊ မဆလာသယ် သဲကျုံးလုပ်ငန်းကလည်း ခေါင်းနဲ့ ပန်းလို ထူးမခြားနား သီချင်းလို့ ပြောရမှာပေါ့။ ဒီအခြေခံ အဆင့်ကလည်း ပါးကွက်ကြားနဲ့ သက်ထားမေ၊ ရွက်ထားလေ အုတ်တရိုး လို့ စာချိုးရတဲ့ ဘဝတေးသံတွေပါပဲ။

တထပ်တိုက်၊ နှစ်ထပ်တိုက်လောက် ဆောက်ရမယ့် ပန်းရံအဖွဲ့တွေမှာ အနည်းဆုံး အုတ်စီ ကွန်ကရစ်ချောဆရာ ၅ ယောက်နဲ့ အကူလို့ ခေါ်ကြတဲ့ အကြမ်းသမား ၅ ယောက် လိုအပ်ပါတယ်။ ကြီးကြပ်သူ ၂ ယောက်ကလည်း အကြမ်းအလုပ်သမ ၂ ဦး လိုအပ်ပါတယ်။ ဆိုတော့ကာ တိုက်တလုံးအတွက် လုပ်ငန်းဆောင်ရွက်ချိန် ၃ လကြာမြင့်နိုင်တယ်ဆိုတော့ ဒါကိုပဲ ထိုင်းလုပ်ငန်းရှင် ကံထရိုက်တွေက ချိန်ဆတွက်ချက်ပြီး လုပ်ခကို ပေးချေတယ် ပြောရမှာပါပဲ။

ယေဘုယျအားဖြင့်တော့ အုတ်စီ ကွန်ကရစ်ချော အခြေခံဆရာအဆင့် သတ်မှတ်သူတဦးရဲ့ တနေ့ လုပ်ခက ၁၇၀ ဘတ်။ အကြမ်းထည်သမားတွေဖြစ်တဲ့ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းခလေးဖြစ်ဖြစ် သူတို့လေးတွေကတော့ ၁၁၀၊ ၁၂၀ ဘတ်သာ ရကြတာာပါ။ ပန်းရံလုပ်ငန်းနဲ့ တဆက်တစပ်တည်း တည်မှီနေတဲ့လုပ်ငန်းကတော့ သံချည်သံကွေးလုပ်ငန်း ဆိုပါတော့။ တိုက်တလုံးအတွက်ဆိုရင်တော့ သံချည် သံကွေးလုပ်ငန်းကို ပန်းရံဆရာအဖွဲ့တွေကပဲ ကံထရိုက် ပုတ်ပြတ်စနစ်ထဲကနေ လုပ်ကြတာပါ။ တပိုင်တနိုင် လုပ်ငန်းလို့ ပန်းရံလောကသားတွေက ခိုင်းနှိုင်းပြောဆိုကြပါတယ်။ အကြီးစားလုပ်ငန်းကြီးတွေမှာတော့ သံချည်သံကွေးလုပ်ငန်းကို သီခြား ကံထရိုက် ပုတ်ပြတ်ဈေး၊ ပုတ်ပြတ်ကြေးနဲ့ တင်ဒါခေါ်ယူ လုပ်ကိုင်စေတာပါ။

ပန်းရံလုပ်ငန်းရဲ့ အစပျိုးလုပ်ငန်းကတော့ မြေကျင်းတူးပြီးတဲ့ အခင်းအကျင်းကနေ သံချည်သံကွေး အထိုင်ချခြင်းနဲ့ သံကူကွန်ကရစ်တိုင် ထောင်ခြင်းလုပ်ငန်းလို့ ပြောကြပါတယ်။ ၁၀ လက်မ x ၁ လက်မ အထူ သစ်ကြမ်းပြားတွေ၊ ဒါမှမဟုတ် ၈ လက်မ x ၁ လက်မ အထူ သစ်ကြမ်းတွေနဲ့ ဘေရိုက်တဲ့ လုပ်ငန်းအဆင့်ပါ။ ဘေရိုက်ပုံသွင်းထားတဲ့ ဇလား မြောင်းခွက်တွေထဲကို ဘိလပ်မြေအသားချည်း လောင်းထည့်၊ တညအိပ် သိပ်ပြီးမှ နောက်ရက်မှာ အုတ်စီ အလွှာတက်ရတယ်ဆိုပါတော့။ ဒီပန်းရံလုပ်ငန်းအဆင့်နဲ့ တပြိုင်နက်တည်း ဆောင်ရွက်တဲ့လုပ်ငန်းကတော့ အမိုးပြားအတွက် ဒိုင်းမြား သံဂဟေဆော်လုပ်ငန်းပါ။ အမိုးထက်ပေါ်က မီးပွား တဖွားဖွားနဲ့ သံဂဟေဆော်နေသံတွေနဲ့ အောက်က အုတ်နံရံတွေ တလွှာချင်းတက်နေတဲ့ အလုပ်ခွင်က နားဝင်ပီယံ အသံတွေဟာ စည်းနဲ့ဝါးအလား ဒိုရေမီဖာ နိုင်တာပေါ့။

ပန်းရံလုပ်ငန်းရဲ့  ကြီးမားတဲ့ပြဿနာကတော့ အထက်အောက် ပြဿနာပါပဲ။ လူဟောင်းက လူသစ်ကို အနိုင်ကျင့်သလို၊ ပညာသည်ချင်းတူတူ လူရင့်က လူနုကို ဗိုလ်ကျတာပါပဲ။ ထိုင်းကံထရိုက် သဘောခွေ့တဲ့ လူက မြန်မာအချင်းချင်းဖြစ်ပါစေ တဆိုဒ်ထဲ သံလျက် ၂ လက် မရှိရဆိုတဲ့ထုံးဓလေ့က မုန်းမေ့ပါဘူးလို့ပဲ ပြောရလေမလားပါပဲ။ ဒီလုပ်ငန်းနယ်ပယ်ခွင်မှာက ပညာချင်း၊ လုပ်သက်ချင်း၊ ဒေသစွဲချင်း၊ ပန်းရံမလေးနဲ့ ချစ်ခြင်း၊ ထိုင်းကံထရိုက်ရဲ့ ချီးမြှောက်ခြင်း စတဲ့ လေးတော်တင်ခန်းတွေက များမြောင်လှတာနဲ့အညီ စီးချင်းထိုးပွဲတွေကလည်း ရိုးတယ်ကိုမရှိပါ။ ဒီပွဲကွဲပေမယ့် နောက်ပွဲမှာလည်း လက်တွဲနေကြရတာ ကျွန်တော်တို့ ပန်းရံလောကမှာ ကာရန်အဟောဝတပဲ ကိုယ့်လူတဲ့။

နားဆင်တဲ့ ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ

၂၂ – ၁၂-၂၀၁၀

မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese

သရုပ်ဖော် – မောင်မောင်တင်

 
Leave a comment

Posted by on May 24, 2011 in Maung Lwan Ni, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: