RSS

Translated by May Ka on “Twilight over Burma by Inge Sargent ” # 10

25 May

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၁၀

မေခ

မေ  ၂၅၊ ၂၀၁၁

မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု

(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)

အခန်း၆

ဧပြီနွေဦးဖြစ်သည်။နမ့်ပန်း တောင်ကြောတခုလုံး ပူလောင်နေတော့သည်။ ပင်ပန်းနွမ်းနယ်နေကြသောလူများ ရေငတ်နေကြသောတိရစ္ဆာန်များ နှင့် ညှိုးခြောက်နေကြသော အပင်များသည် ဝေးကွာလှသော ပထမဆုံးသော မုတ်သုတ်မိုးကိုမျှော်နေကြလေသည်။ တောင်တန်းတွေပေါ်က လတ်ဆတ်သောလေသန့်လေးတွေကို သုစန္ဒာ သတိရနေမိတော့လေသည်။

တောမီးတွေက မီးခိုးနံ့ကို သူမ မကြိုက်ချေ။ ထိုတောမီးတွေလောင်နေတာ ရက်အပတ်ပေါင်းများစွာရှိနေလေပြီ။ စ၀်ကတော့ တောင်ပေါ်က တောင်ယာစိုက်သူများအား တောမီးရှို့သော ရိုးရာ ဓလေ့ကို နည်းသစ်များဖြင့် အစားထိုးဖြည့်စွက်သွားဖို့ တောင်သူတွေကို သင်ကြားပေးဖို့သူ့မှာ အစီအစဉ်ရှိလေသည်။ နည်းသစ်သည် သီးနှံပိုထွက်ပြီး အန္တရာယ်လည်း နည်းသည်။ အခုတော့သူသည်တောင်ထိပ်တွေဆီ ပြေးတက်သွားလိုက်ချင်သည်။ သူသည် ကိုလိုရာဒိုက အေးစိမ့် ရှင်းသန့်သောလေကို သွားအမှတ်ရစေသည်။

‘ မနက်ဖန်ကျရင် မောင်တို့ စိမ်းလဲ့အေး ကိုသွားလည်ကြမယ် အဲဒီမှာပဲ အချိန်ဖြုန်းကြရအောင်’

စ၀်ကကြေငြာလိုက်သည်။ အိပ်ချင်မူးတူးဖြစ်နေကြသော စံအိမ်တော်ကလူတွေကို နိုးစက်ပေးလိုက်သလိုနေသည်။ စားဖိုမှူးမဟာသည် သူ့စက်ဘီးဖြင့် ဈေးသို့ပြေးပြီး ကြက်နှင့်အခြားလိုအပ်သောပြင်ဆင်စရာအသီးအနှံတို့ကိုဝယ်လေသည်။

မက္ကနစ်ဘအေးကတော့သူ့စက်ပစ္စည်းတွေကိုစစ်ဆင်ရေး တခုဝင်တော့မည့်အလား စစ်ဆေးလေတော့သည်။         ကိုယ်ရံတော်တပ် ခေါင်းဆောင်ဘူကေါင်းသည် လက်နက်ခဲယမ်းများကို ပြင်ဆင်တိုက်ချွတ်ဖို့ ဘွတ်ဖိနပ်တွေကိုပြောင်နေအောင်တိုက်ဖို့ အမိန့်ပေးတော့၏။

‘ အချစ်ဖိတ်ချင်တဲ့လူတွေလည်း ဖိတ်လိုက်ဦးလေ ‘

စ၀်က သုစန္ဒာကိုပြောလိုက်သည်။သုစန္ဒာကသူတို့၏ဒါဇင်ဝက်မျှရှိသော ဆွေမျိုးတွေအား သူတို့ပါတီပွဲလေးမှာပါဝင်ပျော်ပါးကြဖို့ ဖိတ်တာကို စ၀်က အလွန် သဘောကျလေသည်။

စံအိမ်တော်ဟောင်းစိမ်းလဲ့အေးကို သွားလည်တာ စ၀်သိပ်ကြိုက်သည်။ သူက သိုက်သိုက်ဝန်းဝန်းပေါင်းဖော် နေကြတာမျိုးကို ပိုလို့ သဘောတွေ့လေသည်။ သူငယ်ငယ် ဒုတိယကမ္ဘာစစ်အတွင်းက သူအကြိုက်ဆုံး ဆူညံအော်ဟစ် ပျော်မြူးခဲ့သော ဟောနေရာ အဖြစ် သတိရစရာဖြစ်ပြီး ခမ်းနားကြီးကျယ်သောစံအိမ်တော် ကို စွန့်ပစ်ထားခဲ့လေသည်။စ၀်က သုစန္ဒာအား  စိမ်းလဲ့အေး  ကို ကြိုက်နှစ်သက်ပြီး စိတ်ထဲစွဲနေစေချင်မိပြန်သည်။ ဖြစ်နိုင်လျှင်ဒီနှစ်တွေမှာ သူတို့သည် နေရာဟောင်းမှာလာနေလိုက်ချင်မိလေသည်။တနေ့မှာသူသည် ပြည်နယ်ကိုကြာရှည်စွာ မအုပ်စိုးရတော့လျှင် သူ့အတွက် စီးပွားရေးလုပ်ဖို့အချိန်တွေအများကြီးရနိုင်လေသည်။

ယခုအချိန်သည် မိန်းတိုင်းကို သီးခြား ပြည်နယ်တခုအဖြစ် ချုပ်ရမည့်ခေတ်မဟုတ်တော့မှန်းသဘောပေါက်လေသည်။ သူနှင့် အခြား ခွန်မိန်းများသည် အချိန်ကုန်မခံနေပဲ ခွန်မိန်းအာဏာကိုစွန့်လွှတ်လိုက်ကြပြီး မြန်မာနိုင်ငံအတွင်း မိန်းတိုင်းနယ်ဗဟိုအုပ်ချုပ်ရေးအတွက် ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက် တင်မြှောက်ခံရသောလူက မိန်းတိုင်းနယ်ကို အုပ်ချုပ်ရမည်ဖြစ်လေသည်။

စ၀်က လင်းရိုဘာကို သူကိုယ်တိုင်မောင်းသည် ။သူ့ဘေးမှာ သုစန္ဒာကထိုင်ပြီး ကိုယ်ရံတော်တွေက နောက်မှနေ၍ဂျစ်ကားဖြင့် လိုက်လာကြလေသည်။ ကမ္ဘာ့ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်ရံတော်မပါပဲသွားဖို့ အကြံမပေးသင့်ကြောင်း သူကသူမကို သဘောပေါက်ဖို့ရှင်းပြနေစရာမလို ဟု သူထင်လေသည်။

အဝေးပြေးကားလမ်းမပေါ်တွင်မြန်မာကုလား ဓါးပြများသည် ဓါးပြတိုက်လေ့ရှိကြသည်မှာ ရာစုနှစ်နှင့်ချီ၍ရှိခဲ့ပေလေပြီ။လွန်ခဲ့သောနှစ်ပတ်လောက်က  တောင်ရှင်ခွန်မိန်း နှင့် မဟာဒေ၀ီတို့ နမ့်ပန်းမြောက်ဘက်နားလမ်း ဖြောင့်ဖြောင့်ကြီးပေါ်တွင် ဓါးပြတိုက်ခံခဲ့ရသည်။ လုံခြုံရေးမပါပဲ သူတို့နှစ်ယောက်သား မေမြို့မှ နမ့်ပန်းသို့ ကားဖြင့် လာကြရာလမ်းတွင် ဓါးပြ ၃ယောက်က ဓါးပြတိုက်ခဲ့ကြသဖြင့် ရွှေငွေလက်ဝတ်ရတနာတို့ပေးခဲ့ကြရသည်။

သူတို့နှစ်ယောက်သားကားနောက်ခုံတွင် ငိုက်နေခဲ့ကြရာ ကားဒရိုင်ဘာ၏ အလန့်တကြားဖြင့် ဘရိတ်အုပ်လိုက်သံ အော်သံတို့ကြောင့် သူတို့ နိုးသွားခဲ့ရသည်။ သူသည် ကားကို ကွေ့ချလိုက်သောအခါ တိုင်းယိုင်ဓါးပြနှစ်ယောက်သည် ကားရှေ့မှာရပ်လိုက်ပြီး လေကာမှန်ကို သေနတ်ဖြင့် ချိန်ထားလိုက်ကြသည်။

တတိယလူသည် ကားဒရိုင်ဘာကို ပါလာတဲ့လူတွေက ဘယ်သူလဲဆိုတာ ခပ်သွက်သွက်ပဲမေးတော့သည်။တောင်ရှင်ခွန်မိန်းသည် သူ့ကိုယ်သူ လာရှိုးမှလာသော ကုန်သည် ဟု လိမ်ပြီး သူခွန်မိန်းဖြစ်ကြောင်းကို ဖုံးကွယ်ထားလိုက်သည်။ ဓါးပြတောင်းသော လမ်းဖြတ်ခငွေပေးလိုက်သည်။ ခွန်မိန်းသည် သူ့ပိုက်ဆံအိတ်ထဲက အကုန်ဖြစ်သောငွေငါးရာကျပ်ကိုထုတ်ပေးလိုက်သည်။ ဓါးပြလည်းကျေနပ်သွားခဲ့သည်။

ပြီးနောက် မဟာဒေ၀ီ၏ လက်လက်တောက်ထနေသော အင်္ကျီံကြယ်သီးများကို ဓါးပြခေါင်းဆောင်က မြင်လိုက်တော့သည်။

ဓါးပြတွေက မဟာဒေ၀ီ၏အင်္ကျီံကြယ်သီးများကို ဖြုတ်ယူရမှာကို အားနာဟန်ရှိသည်ဟုခွန်မိန်းထင်လိုက်သည်။ သို့သော် ကံမကောင်းစွာပဲ သူတို့က ကြယ်သီးတွေကို မဟာဒေ၀ီ၏အင်္ကျီံပေါ်မှ ကိုယ်တိုင်ကိုပဲ ဖြုတ်ခိုင်းလိုက်လေသည်။

ထို့နောက်သူတို့သည် တနာရီခွဲကြာသောအခါ အရှေ့စံအိမ်တော်သို့ရောက်လာခဲ့ကြသည်။ သူမ၏ အိမ်နီးနားချင်း မဟာဒေ၀ီသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် သူမ၏ အင်္ကျီံကိုဆုတ်ကိုင်ထားသည်ကို သုစန္ဒာတွေ့လိုက်ရသောအခါ သူမ အတွက် ဘာလိုအပ်နေသလဲဆိုတာ ချက်ခြင်းပင် သိလိုက်လေသည်။

သူမသည် လက်ဝတ်ရတနာသေတ္တာထဲက နီလာ ကြယ်သီးငါးလုံးကို တောင်ရှင် မဟာဒေ၀ီအတွက် ငှားပေးဖို့ မွိုင်းကို သွားယူခိုင်းလိုက်သည်။ တောင်ရှင်မဟာဒေ၀ီသည်ထို နီလာကြယ်သီးကို ၀တ်ဆင်ပြီး နမ့်ဆန်သို့ပြန်ရန်ဖြစ်လေသည်။

တောင်ရှင်ခွန်မိန်း စ၀်ခွန်ပန်းစိန်သည် သူ့ကိုယ်ရံတော်မပါပဲ သူ့အိမ်ကနေ ဘယ်တော့မှ မထွက်တော့ပါဟု ထုံးစံနှင့် အညီ ကတိသစ္စာပြုခဲ့လေတော့သည်။

ခရီးလမ်းဆုံးလို့ စိမ်းလဲ့အေးသို့ရောက်သောအခါ ကားဒါဇင်ဝက်နှင့် ဂျစ်များပေါ်တွင် လိုက်ပါလာကြသည့် စိတ်လှုပ်ရှားနေကြသော ဆွေမျိုးသားချင်းများ ပြည်နယ် အရာရှိများ နှင့် နောက်လိုက်နောက်ပါများဖြင့် ၀င်းအတွင်း ပြည့်နက်သွားတော့လေသည်။

မန္တလေးသို့သွားသော ကားမကြပ်သည့် ကတ္တရာလမ်းရှင်းရှင်းပေါ်မောင်းရတာ စ၀်က ပျော်နေလေသည်။သူသည် သီချင်းညီးရင်းက ကားရေဒီလိုင်းကိုစမ်းညှိကြည့်နေသည်။ ထပ်ဆင့် ထုတ်လုပ်ရေး စင်မရှိပါပဲ အသံလှိုင်းကြည်ကြည်ဖမ်းလို့ရသည်။

သူသည်လမ်းဘေးက မြေကွက်နှစ်ခုနေရာမှာကားကိုရပ်လိုက်သည်။ ဒီနေရာမှာ သူက သီးနှံများကို စမ်းသပ်စိုက်ပျိုးခဲ့သည်။

‘ ဒီနေရာမှာ မောင်တို့ နာနတ်သီးစိုက်မယ် ‘

သူသည် သုစန္ဒာကိုလှည့်ပြောရင်းက လွိုင်ကော်ရွာအနီးကတောင်တောဘေးရှိနေရာကို လက်ညှိုးထိုးပြသည်။ စ၀်သည် စိတ်ကူးဖြင့် အတန်းလိုက် နာနတ်ခင်းကြီးကို မျက်စိတဆုံးမှန်းကြည့်လေသည်။  ပိတ်ထူနေသော ခြုံနွယ်ခြုံပုပ်များကြောင့်တော့ သူစိတ်အားလျော့မသွားပါ။ အခုတော့ မိုးငတ်နေသေးသည်။ လုံ့လ၀ိရိယရှိသော အလုပ်သမား တဒါဇင်လောက်ဖြင့် ဒီကိစ္စပြီးနိုင်လေသည်။ လမ်းအောက်ဘက် ခပ်ဝေးဝေးနေရာကို စ၀်ကသုစန္ဒာကို လက်ညှိုးထိုးပြပြန်သည်။ ထိုနေရာတွင် ကော်ဖီနှင့် ဂျင်း စမ်းသပ်စိုက်ပျိုးဖို့ သူ စီစဉ်ထားလေသည်။

သူတို့သည် စိုက်ပျိုးဖို့ ရာထားချက်များကို မှန်းဆတွေးကြည့်ကြပြီးနောက် အိပ်ချင်စရာ ရွာလေးတွေကို ဖြတ်ကျော်လာခဲ့သည်။ သုစန္ဒာက စ၀်ဘက်လှည့်ပြီး

‘ ကျမကို စိမ်းလဲ့အေးအကြောင်းနည်းနည်းလောက်ပြောပြပါလား ။ အဲဒီနေရာက ရှန်ဂရီလာ လား ‘

‘  အင်း ဟုတ်နိုင်တာပေါ့ ‘

စ၀်က စိတ်အားထက်သန်စွာဖြင့်

‘ အဲဒီနေရာကလေ နိဗ္ဗာန်ဘုံလေးလိုပဲလေ ။ မောင် မျှော်လင့်တာပဲ ။ အဲဒီကို မောင့်အကို စ၀်ခွန်ကြာနဲ့ သွားနေကျပဲ  သူတို့အတွက် အပျော်ဆုံးနေ့ရက်တွေပေါ့ ။ မောင်ရောပေါ့။  သူရယ် မောင့် ဦးလေး ဆာစ၀်ထယ်ရယ် ။သူတို့က အင်္ဂလိပ် အတိုင်းလိုက်လုပ်တာပဲ ။ အင်္ဂလိပ်တွေက အပူဒါဏ်ကို မခံနိုင်ကြဖူးလေ။ နွေဆို သိပ်ပူတော့ အင်္ဂလိပ်အစိုးရကတောင်ပေါ်တွေမှာ သူတို့ စခန်းတွေဆောက်ကြတာပဲ ။ အင်္ဂလိပ်တွေရဲ့ စခန်းနဲ့နီးတယ်လေ အဲဒါ မေမြို့ပေါ့ ။ ဒီနေရာလမ်းအောက်ဘက်ကနေ မိုင်၆၀လောက်ပဲဝေးတော့တယ် ‘

‘ ကျမတို့ မေမြို့ပေါ်ကနေလေယာဉ်နဲ့  ဖြတ်သွားဖူးတယ်လေ ကျမ မှတ်မိတာပေါ့ ‘

သုစန္ဒာပြောလိုက်သည်။

‘ ဘယ်လိုပဲဖြစ်ဖြစ်ပေါ မောင့် အရင်ခွန်မိန်းတွေက နမ့်ပန်းကနေ ဒီနေရာ စိမ်းလဲ့အေးမှာ နန်းစိုက်ကြတယ် ။ အဲဒါ သိပ်ကြီးမားတဲ့ အောင်မြင်မှုပေါ့ ။ လူတိုင်း ဒီနေရာကိုကြိုက်ကြတယ် ။ စံအိမ်တော်က ကြီးလည်းကြီး ကျယ်လည်းကျယ်တယ်။ လှလည်းလှတယ်။ လူတွေက မိုင်ပေါင်းအဝေးကြီးကနေ ဒီနေရာ လာနေကျပဲ ။ ဒါကြောင့် အမြဲပဲ လူတွေ ဧည့်သည်တွေ ပြည့်နေတာပဲ ။ ‘

စ၀်က စိတ်ပါလက်ပါဖြင့် အောက်မေ့ဖွယ်များကိုပြောပြနေလို့ ကွေ့ရမည့် လမ်းလေးကိုကျော်သွားခဲ့သည်။ မတ်စောက်သော ကျောက်စရစ်လမ်းကို သတိထားပြီးဆင်းရသည်။သည်ရက်တွေမှာ  လမ်းတွေကပို ကောင်းနေသည်။ လမ်းကကျယ်ပြီး ပုံဖော်ထားသည်။သို့သော်လည်း လမ်းပေါ်မှာ ခြုံပင်ပေါင်းပင်တွေပေါက်နေသည်။ ထို့ကြောင့် ကားတာယာဖိနင်းသောအခါ ချွတ်ချွတ် မြည်နေတော့သည်။

ကားသည် တဖြည်းဖြည်း ခုန်မြောက် ဆောင့်အောင့်လာသည်။ သုစန္ဒာမမေးခင်မှာ စ၀်က ‘ ငါးမိုင်လောက်ပဲလိုတော့တယ် ။ ဘာလို့ တန်ဖိုးရှိတာလဲဆိုတာ အချစ်မြင်ရလိမ့်မယ် ‘ သူတို့ ကားသွက်သွက်လေး တက်ရသည်။ မြေကြီးအရောင်က စပြောင်းလာနေလေသည်။ လေညှင်းပြေက စိမ့်လာသည်။ တောနံ့တောင်နံ့ရသောအခါ သူမအဖေနှင့်အတူ အမြဲစိမ်းသစ်တောအတွင်း ငယ်ငယ်ကသွားခဲ့ဖူးတာကို အောက်မေ့ရလေသည်။

‘ ကြည့်စမ်း  ထင်းရှူးပင်တွေ ။ ‘

သုစန္ဒာစိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

‘ ကျမ မြန်မာပြည်ရောက်ကတည်းက တခါမှ မမြင်ဖူးသေးဖူး ‘

‘ မောင်သိနေတယ်လေ အချစ်သဘောကျမယ်ဆိုတာ ‘

စ၀်က ရယ်ရင်းကပြောသည်။

‘ ပြီးတော့ ဒီထက်ပို အံ့အားသင့်စရာတွေ ရှိသေးတယ်။’

သူမ သစ်ပင်တွေကို ဘယ်လောက်သဘောကျသလဲဆိုတာ သူသိလေ၏။ တခါတုန်းက သူတို့ ၀ရံတာမှာ ထိုင်စကားပြောကြစဉ် သူမက သစ်ပင်တွေမှာ အသက်ရှိတယ် ဒါကြောင့် သူတို့ကို ကိုယ်က တခြား သက်ရှိတွေလိုပဲ တန်ဖိုးထား လေးစားရမယ် ဟု ပြောဖူးလေသည်။ တောင်ထိပ်ရောက်သောအခါ မြေပြန့်ခုံးလေးဖြစ်လာသည်။ ထိုနေရာတွင် ကြီးမားသောသစ်ပင်ကြီးများနှင့် ရောနှောလျက် စိန်ပန်းပင်များ ၊ငွေဝက်သစ်ချပင်များ ၊ထင်းရှူးပင်များ ၊ တရုတ်ချယ်ရီပင်များ ၊ သဖန်းပင်များကို နေရာအနှံ့တွေ့ရလေသည်။ ကြီးမားခန့်ညားထည်ဝါသော သစ်ပင်ကြီးတွေအောက်ကသူတို့ဖြည်းဖြည်းဖြတ်ကျော်လာပြီးသောအခါ သုစန္ဒာသည်စ၀်ကို သူတို့ လမ်းဆင်းလျှောက်ပြီး သစ်ပင်ကြီးတွေအနားကပ်ကြည့်ရအောင်ဟု ပြောလေသည်။

နောက်ဆုံးမတော့ စံအိမ်တော်ကို မြင်ကွင်းထဲမှာတွေ့လိုက်ရလျှင် စ၀် ရုတ်တရက်ရပ်လိုက်သည်။ နို့နှစ်ရောင် ရှေး ဂရိ ရောမဟန် အဆောက်အဦးကိုမြင်လိုက်ရသောအခါ အီတလီ မြောက်ပိုင်းတောင်ပေါ်ကအဆောက်အဦးတွေကို သွားအတွေး ရစေလေသည်။ စံအိမ်တော်၏ အလယ် ကလှေခါးထစ် မာဘယ်လ်ကျောက်ပြားများသည် တကယ်တော့ မက်ဒီတာရိန်းနီးရမ်း မှလာသည်။ ကြီးမားသော ပြတင်းပေါက်များ ၊ မြင့်မားသော တိုင်လုံးများ ၊ ကျယ်ဝန်းသော မြေပြင်ပြန့်ခုံးတို့သည် အဆောက်အဦးကို အလင်းရောင်ကောင်းကောင်းရစေလေသည်။ အဆောက်အဦး၏အလယ်ပိုင်းသာ သူ့နဂို မူရင်းအမိုးအတိုင်းရှိနေသည်။  ညာဘက်တောင်ပံ အမိုးကို ပြန်လည်ပြုပြင် ပြီး ကွန်ကရစ်ပြားမိုးထားသည်။ ဘယ်ဘက်တောင်ပံ တွင်မူ အမိုးနှင့် မျက်နှာကျက်များ ကင်းမဲ့နေသည်။ ဟာလာဟင်းလင်းဖြစ်နေသည်။

စစ်၏ အြွကင်းအကျန်အဖြစ် သက်သေခံနေလေတော့၏။မြင်သာသော အပျက်အစီးတွေအစား ရိုးစင်း လှပသော စံအိမ်တော်က စ၀်နှင့် သူ့နောက်တော်ပါးတွေကို စွဲမက်စေလေသည်။

သည်မြင်ကွင်းတွေမှ စ၀်အတွက် အပျော်များဖြင့်ပြည့်လျံနေသော  စိတ်အချမ်းသာဆုံး ခံစားမှုတို့အတွေ့အကြုံများကို ထွက်ပေါ်လာချင်မိလေသည်။ သည်နေရာသည် သူ့အတွက် နှစ်ပေါင်း၃၀အတွင်း အပျော်ဆုံးနေထိုင်ခဲ့သောနေရာလည်း ဖြစ်သည် ။

သူသည် သူ့အဖေအိမ်တွင်နေထိုင်ရစဉ်က စိတ်ဆင်းရဲခဲ့ရတာတွေကို မေ့ပစ်နိုင်ခဲ့လေသည်။သူဒါဂျီလင်ကျောင်းမှပြန်လာပြီး စိမ်းလဲ့အေးတွင်နေရစဉ်က  အခန်းကျယ်ကြီးတွေတွင် ပျော်ရွှင်စွာ လွတ်လွတ်လပ်လပ် ရယ်မောနေနိုင်ခဲ့သည်ကို အမှတ်ရမိလေသည်။  သည်နေရာတွင် သူသည် ပထမဆုံး အချစ်ဦးကိုတွေ့ရှိခဲ့ရသည်။ သူသည် အတိတ်က အကြောင်းလေးတွေပြန်တွေးသတိရမိသော်လည်း ထိုမိန်းကလေးနှင့် ပတ်သက်သော အချစ်အကြောင်းတော့ မဟုတ်ချေ။ ကောလိပ်က ပညာရေးကို ကောင်းကောင်းသင်ကြားလာခဲ့ပြီး သူ့ဆုံးဖြတ်ချက်ဖြင့် အောက်စ်ဖို့မှ အမ်အေ ဘွဲ့ရလာခဲ့သော သူ့အကို တ၀မ်းကွဲ စ၀် အုံလောင် နှင့် စကားတွေ အများကြီးပြောခဲ့ဖူးတာကို သိသည်။

သူတို့ လင်းရိုဘာကားသည် စံအိမ်တော်ရှေ့က ဆင်ဝင်နေရာရောက်လာသောအခါ သူတို့၏ အစောင့်အရှောက်များနှင့် ဆွေမျိုးအပေါင်းတို့သည် ပန်းစည်းများအပြုံးများဖြင့် ရပ်စောင့်နေကြသည်ကိုတွေ့လိုက်ရလေသည်။ စ၀်ကားတောင်ပေါ်တက်လာသည့် ကားသံကိုကြားကတည်းက သူတို့ကြိုစောင့်နေကြခြင်းဖြစ်သည်။ စ၀်က သူငယ်ငယ်ကပြေးဆော့ကစားခဲ့သော မြေပြင်ကိုမြင်လိုက်ရသောအခါ ကျောင်းသားလေးတယောက်လို စိတ်တွေ လှုပ်ရှားနေတော့သည်။ သို့သော်လည်း စ၀်သည် သူ့အလုပ်သမားတွေရှေ့မှာအရိုအသေတန်မည်စိုးသဖြင့်သာ သူ့စိတ်တွေကို ထိန်းချုပ်ထားရသည်။ သူတို့တွင် များစွာသော တောင်းဆိုချက်တွေနှင့်သူတို့ အရှင်သခင်အပေါ် တင်ပြစရာများရှိနေကြသည်။ တခါက သူ့တာဝန်အတွက် သူ့ဟာသူအပြစ်ကို ခွင့်လွှတ်ခဲ့ဖူးသေးလေသည်။

စ၀်သည် သုစန္ဒာ၏လက်ကိုဆွဲပြီး အထူးမွမ်းမံပြင်ဆင်ထားသော ပလ္လင်အခန်းနှင့် ဆက်ရက် ခန်းမကြီးများဆီခေါ်ဆောင်သွားလေသည်။  အခန်းကျယ်ကြီးကိုဆက်လက်ထိန်းသိမ်းထားပြီး ရှုပ်ထွေးလှပသော ပါကေးများဖြင့် ခင်းထားသည်။ တခါက စင်ခုံမြင့်လေးပေါ်တွင် ပလ္လင်ရှိ နေခဲ့ဖူးသည်။ ပလ္လင်၏အနားသပ်တွေကို ခမ်းနားလှပအောင်ပြင်ဆင်ထားသည်။ ပန်းပုလက်ရာများလည်းပါရှိသည်။ တောက်ထိန်ဝင်းလက်နေသော ရွှေသစ်ရွက်လေးတွေက တဖိတ်ဖိတ် လင်းနေရာ မနေ့ကတည်းက ပြင်ဆင်ထားခဲ့ပုံရလေသည်။ ကြီးမားကျယ်ပြန့်သော ပြင်သစ်ဟန်မှန်တံခါးမကြီးကိုဖွင့်ထားလေရာ ဆင်ဝင်မှ ပြင်ပကမြင်ကွင်းကျယ်ကြီးကို လေတ၀ရှူပြီးမြင်နေနိုင်လေသည်။ သစ်တောတောင်တွေ တတောကိုတတောထပ်လျက် ဟိုးအဝေးမှာမြင်နေရသည်။

တောင်စွယ်တောင်စွန်းများသည် တတောင်ကို တတောင်က ထိုးတက်မြင့်မားနေကြသည်။  အလှအပတွေကိုဖျက်ဆီးစေသော ရွာတွေမရှိ လယ်ယာတွေမရှိ သော သဘာဝအလှကို ဘယ်သူမျှ တည်ဆောက်နိုင်မည်မဟုတ်ချေ။

‘ဘယ်လောက်များလှလိုက်သိမ်မွေ့လိုက်လဲ အယ်လ် ဒါမှ မဟုတ် ရော့ကီးတောင်တန်းတွေနဲ့ ကွာလိုက်တာနော် ‘

သုစန္ဒာသည် သူ့ဟာသူ တိုးတိုးလေး ရေရွတ်နေမိတော့သည်။သူတို့နေထိုင်ဖို့ ပြင်ဆင်ထားသော စံအိမ်တော်အတွင်းကကိုယ်ပိုင်အခန်းကျယ်ကြီးထဲကို စ၀်က လက်ဆွဲလျက် လိုက်လံပြသနေရာ သုစန္ဒာက လှည့်ပတ်ကြည့်နေလေသည်။ ဘယ်သူမှ စကားမပြောမိကြ။ သူတို့ခြေထောက်တွေ ပါကေးကြမ်းခင်းပေါ်လျှောက်သွားနေသံသည် ဟိုးအဝေးမှ စကားပြောသံတွေလို ကြားနေရသည်ဟု သူထင်မိသည်။

စံအိမ်တော်၏ဘယ်ဘက်အဆောင်တွင် ဧည့်ခန်းနှင့် ရုံးခန်းရှိသည်။ထိုနှစ်ခန်းသည် စံအိမ်တော်၏ အပြင်ဘက်ပိုင်းတွင်ကျနေပြီး ဂျပန်ခေတ်ကမီးလောင်သွားခဲ့လေသည်။ ထိုနေရာသည် ပြည်နယ် ပြည်ထဲရေးရုံး၊အဖြစ်သုံးခဲ့သလို   ဆွေမျိုးများနှင့် အစေခံများလည်းနေခဲ့ကြသည်။

‘ဘာလို့အလကားပစ်ထားလိုက်တာလဲ’

သုစန္ဒာပြောလို့စ၀်သည် သူမကိုမီးလောင်ထားသောနေရာမှ ဆွဲခေါ်ထွက်လိုက်သည်။

‘ ဂျပန်တွေက တမင်သက်သက် မီးရှို့ခဲ့တာလား ဒါမှမဟုတ် တိုက်ပွဲကြောင့်လား ‘

‘ အဲဒါ တိုက်ပွဲကြောင့်တော့ မဟုတ်ဖူး ။ ဂျပန်တွေ မဆုတ်ခင်ကတည်းက ဖြစ်ခဲ့တာပဲ ။ ဘယ်သူမှ အတိအကျမပြောနိုင်ခဲ့ကြဖူးလေ သူတို့ပဲ တမင်သက်သက် မီးရှို့ခဲ့တာလား ၊ မတော်တဆ မီးလောင်ခဲ့တာလားဆိုတာလေ။ ရွာသားတွေက မီးညွှန့်တွေမြင်တော့မှ သိရတာ သူတို့လည်း ဘယ်လိုငြိမ်းရမှန်း မသိကြဖူးဖြစ်နေတယ် မီးလောင်နေတာကိုပဲ ကြည့်နေကြရတယ်။ ထူးဆန်းတာက  ပလ္လင်ရှိတဲ့ အခန်းရောက်တော့ မီးသူ့အလိုလို ငြိမ်းသွားတယ်။ ‘

စ၀်သည် သုစန္ဒာကို မာဘယ်လ်ကျောက်တုံးများ ပတ်ပတ်လည် ထိပ်ထိ အဆင့်ဆင့်စီလုပ်ထားသော ဆင်ဝင်ဆီခေါ်သွားလိုက်သည်။သူမ၏စိတ်ထဲ တခါလောက်ထပ်ပြီး စိမ့်ဝင်ခံစားပြီး မြင်ဖူးလိုက်ရန် သူမျှော်လင့်မိလေသည်။

သည်အစားသူမ၏ လက်တွေ့ကျသော မေးခွန်းကြောင့် သူအံ့သြရလေသည်။

‘ ဒီနေရာက သိပ်လှတာပဲ ဘာလို့ မောင်က ပြန်မဆောက်ရတာလဲ ‘

‘ မောင်လည်း ဒါကို စဉ်းစားခဲ့ဖူးတာပဲ အချစ်ရဲ့ ။  ဂျပန်တွေ ထွက်သွားပြီး ၁၉၄၅ ကတည်းက ဒီကိစ္စက သိပ်မလွယ်လှဖူး ။ အင်္ဂလိပ်တွေပြန်ဝင်လာတယ်။ သူတို့ က နမ့်ပန်းမှာ အုပ်ချုပ်ရေး ဆက်လုပ်တယ် နှစ်နှစ်ဆက်တိုက်ပဲ ။ မောင် နန်းတက်ရတာပဲ ။ ဒါပေမဲ့ မောင်လည်း နမ့်ပန်းပြည်နယ်ကို အစွမ်းကုန် ကာကွယ်ရတော့တာပဲ ။ ဘာလို့လဲဆိုတော့ ကွန်မြူနစ်တွေက ၀ိုင်းထားတယ်လေ ။ သူတို့က လားရှိုးနဲ့ မေမြို့ကို သိမ်းထားတယ်။  မောင်တို့ကသူတို့ကို နမ့်ပန်းနယ်ကနေ မောင်းထုတ်ရတယ်။ ‘

‘ ဒီနေရာမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတာ ကျမ စိတ်ကူးနဲ့မှန်းကြည့်လို့မပေါ်ဖူး ။ ကျမစိတ်ထဲ အေးချမ်းတယ်လို့ ခံစားရတဲ့ ဒီလိုနေရာမျိုး တခါမှ မရောက်ဖူး ဘူး။   ‘

သုစန္ဒာပြောလိုက်တော့ သူသည် ခဏငြိမ်နေပြီး သူ့ မျက်မှန်ကို ညီမညီ ကြည့်နေလေသည်။

‘ ဟုတ်တယ် အခြေအနေတွေကကောင်းလာခဲ့တယ်။ မောင် အမေရိကန်ကိုသွားခဲ့ရတယ်။ မိန်းတိုင်းနယ်အုပ်ချုပ်ရေးမှူး ဦးလတ်က အုပ်ချုပ်ရေးကိုတာဝန်ယူပေးခဲ့တယ်။ ဒါကြောင့်လေ သဘောပေါက်တယ် မဟုတ်လား ။ စိမ်းလဲ့အေးကိုပြန်ပြင်ဖို့ ကိစ္စ ကိုသပ်သပ်  ဦးစားပေး မဖြစ်ခဲ့ဖူးလေ။ အခုလည်းမောင့် တိုင်း သတ္တုတူးဖော်ရေး ကုမ္ပဏီက ပြည်နယ်အတွက်မအောင်မြင်မခြင်း ဒီစံအိမ်တော်ကိုပြန်ပြင်ဖို့ လုပ်နိုင်မယ်လို့ မထင်ဖူး ‘

‘ ကျမတော့လေ ကျမတို့ သားသမီးတွေကို ဒီနေရာမှာကြီးပြင်းစေချင်တယ် ‘

စ၀်က သူမမျက်နှာကို လက်ဖြင့်ဆွဲယူပြီး ဖွဖွလေး မနမ်းလိုက်ခင်မှာ သူမ ပြောလိုက်လေသည်။

‘ လာ ‘

စ၀်က ဆင်ဝင်နေရာမှ သုစန္ဒာကိုခေါ်သွားပြန်သည်။

‘ ပန်းခြံထဲဖြတ်တဲ့အခါကျမှ မောင့်မှာအခုထိ အချစ်ပေါ်အြွေကးကျန်နေသေးတယ် ‘

သူတို့သည် ပန်းခြံထဲ အပျင်းပြေထွက် လမ်းလျှောက်ကြသောအခါ ညီညီညာညာ ဖြတ်ထားသော မြက်ခင်းအဟောင်းတွေ နှင်းဆီပန်းဥယျာဉ်တွေ စတောဘယ်ရီးခင်းတွေ အဖိုးတန် သစ်ပင်တွေကိုဖြတ်သွားကြသည်။ သူတို့က ဖိတ်ခေါ်နေလေသည်။ လေက လတ်ဆတ် ရှင်းသန့် နေသည်။ စ၀်ကတော့ အမှတ်ရနေမိပြန်သည်။ သို့သော် သူတို့သည် ပေလေးထောင်ကျော်မြင့်သော အပေါ်စီးနေရာမှ အောက်ကို ငုံကြည့်လိုက်သောအခါ မြူခိုးတိမ်လိပ် များ ရောယှက်လျက် မှုန်ရီမှိုင်းပျသော တောင်တန်းတွေကို သာမြင်ရလေသည်။

‘ ကျမတို့ ဒီမှာ ရက်နည်းနည်းလောက်နေကြရအောင် ‘

သုစန္ဒာပြောရင်းက ကျောက်တုံးရှည်ခုံတန်းတခုပေါ်ထိုင်ချလိုက်သည်။ တရုတ်ချယ်ရီပင်ရိပ်တွေက ကွက်တိကွက်ကြား ထိုးကျနေလေသည်။

‘ တနေ့တော့ ဖြစ်လာမှာပါ။ ‘

စ၀်က သူနှစ်သက်သလို သုစန္ဒာကလည်း စိမ်းလဲ့အေးကို နှစ်သက်သဖြင့် ပျော်မိလေ၏။

သူလည်း သူမဘေးမှာ ထိုင်ချလိုက်သည်။ သူတို့နှစ်ယောက်သား ဒန်ဗားက စီးတီး ပန်းခြံတွင် နောက်ဆုံးထိုင်ခဲ့တုန်းကလို စိတ်ကို လျော့ချလိုက်ပြီး စိတ်လွတ်ကိုယ်လွတ် ပေါ့ပါး အေးငြိမ်းနေတော့သည်။ သည်လို အေးချမ်းတိတ်ဆိတ် ငြိမ်သက်နေသော နေရာမှ ဘယ်သူမျှ ထွက်မသွားချင်ကြချေ။

‘ ဘယ်သူက ဒီနေရာမှာ နွေရာသီ စံနန်းဆောက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ   မောင့် အဖိုးလား ‘

‘ မဟုတ်ဖူး ။မောင့် ဦးလေး ဆာစ၀်ထယ် ကဒီ စိမ်းလဲ့အေးကိုဆောက်ခဲ့တာ ။ သူက သူ့မယားလေးဆယ်ရယ်  သူ့ကလေးလေးယောက်အပြင် နောက်ထပ် မွေးစားတဲ့ ကလေး ဒါဇင်လောက်ရယ် နေဖို့ နေရာ ကျယ်ကျယ်လိုတယ်လေ။ ‘

‘ ကျမ သိပ်ဝမ်းသာတာပဲ မောင်က သူ့ခြေရာ မနင်းလို့လေ ‘

သုစန္ဒာကရယ်သံလွင်လွင်ဖြင့် ပြောလိုက်သည်။

‘ သူအဆင့်မြင့်မြင့် စတိုင်နဲ့နေမှာ သေချာတယ် ‘

‘ သူ့မှာ အဆင့်မြင့်မြင့်စိတ်ကူးရှိတာပေါ့ သူက သီပေါမင်းရှိစဉ် မန္တလေးနန်းတော်က ပုံစံယူလာပြီး ဆောက်တာ။ သူက အင်္ဂလန်နဲ့ သြစတေးလျလည်းရောက်ခဲ့ဖူးတယ်။ သူ့ကို မှတ်မိချင်လိုက်တာ။ သူသေတော့ မောင်က လေးနှစ်သားပဲရှိသေးတာလေ။ ဒါပေမဲ့ အန်တီ ကြီးဘုရားက သူ့အကြောင်းတွေ အများကြီးပြောပြခဲ့ဖူးတယ်လေ။ အချစ် အန်တီကြီးဘုရားကို မေးကြည့်သင့်တယ်။သူက သိပ်ပြောပြချင်တာလေ။ ‘

သုစန္ဒာ ကသူမအတွက် ညှို့လိုက်သော စကားကို ကြားလိုက်သည်ဟုထင်လိုက်မိလေသည်။

‘ ဘယ်သူမှ ဒီအကြောင်းတွေကို စာနဲ့ မရေးခဲ့ကြဖူးလား’

သူမမေးလိုက်သည်။

‘ အခုထိတော့ မရေးကြသေးဖူး။ တနေ့ကျရင် အချစ်ပဲ ရေးဖြစ်မယ် ထင်တယ်  ‘

စ၀်က သူ့လက်ပတ်နာရီကိုကြည့်ပြီး ထခုန်လိုက်သည်။

‘ မောင်တို့ ဒီမှာ အကြာကြီးထွက်မနေသင့်ဖူးထင်တယ် ပစ်ကနစ်ပါတီက မောင်တို့ကို အကြာကြီးစောင့်နေရပြီထင်ပါရဲ့ ‘

လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်ကပေါက်ခဲ့ ကြသော ကြီးမား ခန့်ထည်သည့် ဒါဇင်ကျော်သစ်ပင်ကြီးများအောက်မှ သူတို့ ဖြည်းဖြည်းလေး လျှောက်ပြီး စံအိမ်တော်ဆီသို့ ပြန်ခဲ့ကြလေသည်။ စိမ်းညို့နက်မှောင်နေသော ထင်းရှူးပင်ကြီးများသည် ထီးပုံလဗင်ဒါရေမွှေးနံ့ပန်းလေးတွေကို အုပ်မိုးပေးထားသည်။ ထို့နောက် သင်္ဘောမယ်ဇလီပင် ၊ငုပင်အုပ်တို့၏ အကိုင်းအခက်အရွက်များသည် ပန်းနုရောင်ပန်းလေးတွေကိုအရိပ် ဖုံးပေးထားသည်။ သူတို့၏ တောက်ပြောင်လှပသော ပန်းနုရောင်အခက်များသည် အစိမ်းရောင် အရွက်များအတွင်းမှ ထိုးထွက်နေကြသည်မှာ ပန်းကုံးတွေလိုဖြစ်နေပြီး သဘာဝမိခင်ကြီးအတွက် အလှဆင်ပေးနေသကဲ့သို့ရှိနေ၏။

စ၀်နှင့်သုစန္ဒာတို့နှစ်ယောက်သား ရုတ်တရက် ညင်သာသာလေး တုန့်ရပ်လိုက်သည်။ တောင်ပေါ်ကဖြတ်တိုက်လာသော လေပြေညှင်းကသစ်ရွက်လေးတွေအား တိုးတိုက်သံကို နားထောင်ကြလေသည်။ သစ်ပင်ကြီးတွေထိပ်ကသစ်ကိုင်းသစ်ရွက်များကို ဖြတ်ဝင်လာသောနေခြည်မျှင်လေးတွေနှင့် ခြောက်သွေ့နေသောမြက်ခင်းလမ်းလေးပေါ် ထိုးကျနေသော အရိပ်လေးတွေ ကို သူတို့ငေးကြသည်။

‘ ဒီနေရာက ပန်းခြံနဲ့မတူတော့ဖူးတောအုပ်လေးဖြစ်နေပြီ ‘

သုစန္ဒာပြောလိုက်တာကို စ၀်ကြားလိုက်စဉ် သူတို့နှင့် ပေ၂၀၀အကွာ ဘယ်ဘက်တွင် အပြောက်အကွက်များဖြင့် ကျားသစ်တကောင်ကိုရုတ်တရက် တွေ့လိုက်ရလေသည်။  သူသည် သူ့ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်မိပြီး ချက်ခြင်းရပ်လိုက်သည်။

ကျန်လက်တဖက်က ကျားသစ်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

သူတို့နှစ်ယောက်သား ကြက်သေသေသွားကြသည်။   ထွက်မပြေးသေးပဲ သူတို့ကိုကြည့်နေသော ကျားသစ်ကိုမြင်လိုက်ရသောအခါ အသက်ပင်မရှုနိုင်ဖြစ်နေသည်။ ကျားသစ်က လုံးဝမလှုပ်ပဲ သူတို့နှစ်ယောက်ကို စူးစူး စိုက်ကြည့်နေသည်။ သည်နေရာတွင် ခန့်ညားထည်ဝါသော တိရစ္ဆာန်တကောင်နှင့် တည့်တည့်ရင်ဆိုင်တွေ့လိုက်ရသောအခါ စ၀်သည် တုန်လှုပ် ရင်ဖိုနေမိတော့သည်။ ကျားသစ်၏ညာဘက်ခြမ်းသည် ပြောင်လက်တောက်ပနေပြီး ရှည်လျားလှသော ကိုယ်ကို ရှင်းရှင်းမြင်နေရသည်။ ခေါင်းကသူတို့ဘက်ဆီ လှည့်ထားသည်။ ထောင်နေသော နားရွက်မှ ခေါက်နေသော အမြီးထိ အသားရေသည် နေရောင်တွင် အရောင်တလက်လက်ဖြင့် ရွှေရည်များလဲ့ထ နေသလိုထင်ရလေသည်။ သူသည် ရေမြေတောတောင်ပိုင်နက်၏အရှင်သခင်ဖြစ်ကြောင်းကိုပြသဖို့ ငြိမ်သက်နေခြင်းဖြင့် သူ၏ စွမ်းအင်နှင့် အင်အားများကို ထိန်းထားနေပုံရသည်။

စ၀်က သတိပေးခြောက်လန့်သည့်အနေဖြင့် လေထဲကို သေနတ်ထောင်ဖောက်ရန်အတွက် သူ့သက်တော်စောင့်နှစ်ယောက်ကို အချက်ပြဖို့ ဆုံးဖြတ်လိုက်သည်။ ကျားသစ်သည် သတိပေးခြောက်သံကိုကြားလိုက်သည့်အတွက် လှပခန့်ညားစွာ အင်အားရှိစွာဖြင့် အဝေးသို့ အဟုန်ဖြင့် ခုန်လွှားပြေးထွက်သွားလေသည်။

စိမ်းလဲ့အေးစံအိမ်တော်ကို ပတ်ပြီးလှည့်လည်သွားသောနေကြသော ကျားနှင့် ကျားသစ်များရှိသည်ဟု အစောင့်တွေကဆိုလေသည်။  သို့သော် လူတယောက်ကိုမျှ သူတို့က အန္တရာယ်မပေးပဲ သူတို့ကိုလည်း လူတွေက မသတ်ဖြတ်ကြချေ။

စံအိမ်တော်ရှေ့ဆင်ဝင်နေရာ မာဘယ်လ်ကျောက်ပြားပေါ်၌ ယွန်းစားပွဲ ၀ိုင်းဝိုင်း ပုပုလေးပေါ်တွင် အစားအသောက်များတင်ပြီး စားသောက်ကြရင်းကပြောဆိုကြသော ပစ်ကနစ်၏အဓိအကြောင်းအရာသည်       ကျားသစ်ကိုတွေ့လိုက်သော အကြောင်းပင်ဖြစ်တော့သည်။

စားဖိုမှူးက မွှေးကြိုင်အရသာရှိသော ဟင်းမျိုးစုံနှင့် အနေတော် ထမင်းပေါင်းအပုံလေးတွေကိုပြင်ဆင်ထားလေသည်။နူးညံ့သော မကျည်းရွက်နုနုများကို နံနက်စောစောတွင် အရှေ့စံအိမ်တော်ပတ်ပတ်လည်ရှိ မကျည်းပင်တွေပေါ်က တက်ခူးလာခဲ့ကြသည်။ဆလပ်ရွက်လတ်လတ်ဆတ်ဆတ်နှင့် မြေပဲ၊ ချိုမြသောကြက်သွန်န၊ီ ကြက်ဥအကျက်ပြုပ်၊ သံပုရာရည်၊ နှမ်းဆီတို့ကိုရောနယ်သုပ်ထားသည်။ အချဉ်ဖောက်ထားသော သမင်သားကို မီးသွေးမီးဖြင့် ကင်နေရာ တစီစီမြည်နေပြီး မွှေးပံျ့သော ချဉ်တူးတူးနံ့လေးက အရသာရှိမည့်ပုံရလေသည်။

ရိုးရိုး ကြက်သားဟင်း ၊ များလှစွာသော ဟင်းသီးဟင်းရွက်ဟင်းများ ၊ တိုင်းယိုင်အစာများဖြစ်သော ဆီတိုဟူး၊ မှုန်ညှင်း ချဉ် ကြက်သွန်ချဉ် ၊တိုဖူး၊ ဆွန်တန်ဟင်းချို ၊ နွားနို့ခြောက်ကြော် များဖြင့် ပြည့်စုံနေတော့သည်။  ငြုပ်သီးအစိမ်းအနီ ၊တို့ရောနှောလျက် တို့စားစရာအချဉ် အမယ်အမျိုးမျိုး၊သံပုရာသီးခြမ်းများ ကိုပန်းကန်ပြားထဲထည့်ပေးထားသည်။

‘ တိုင်းယိုင်တွေစတိုင် လက်ချောင်းလေးတွေနဲ့မောင်တို့လိုစားစမ်းပါ။ ငွေဇွန်းတွေဘာတွေနဲ့လုပ်မနေစမ်းပါနဲ့ ‘

သုစန္ဒာ စဉ်းစားကြည့်သည်။

စ၀်သည် အိမ်မှာတုန်းက တခါမှ မပြောဖူးပါပဲ အခုမှ ပြောနေရာ သူသည် အားလုံးနှင့် တသားတည်း ပေါင်းစည်းသွားလို၍ဖြစ်မည်ဟု သူမတွေးပြီးလက်ခံလေသည်။ သုစန္ဒာအား သူ့ဘေးမှာထားပြီး လက်ဖြင့် စားပုံကိုလက်တွေ့သင်ပေးသည်။ သူက လက်ဖြင့် ပယ်ပယ်နယ်နယ်စားခြင်းဖြင့် ပိုအရသာရှိစေချင်မိသည်။ အခိုင်းစေတွေက ဇလုံများ ယွန်းခွက်များဖြင့် ရေများသယ်ဆောင်လာပေးသည်။ သူတို့သည် အစာမစားခင်၊ စားနေစဉ်  နှင့် စားပြီးသည့်အခါ လက်ကိုဆေးကြောကြရန်ဖြစ်သည်။ သုစန္ဒာကသူတို့လို လိုက်ပြီး စားဖို့ ကြိုးစား နေတာကို အားလုံးက စူးစိုက်ကြည့်နေကြလေသည်။ လက်တွေကို စင်ကြယ်သန့်နေအောင်ဆေးကြောပြီးမှ အစာကိုလက်ဖြင့်ထိကြလေသည်။

သုစန္ဒာမှာတော့ လက်ချောင်းများ ၊ လက်မောင်း ၊တဒေါင် တို့အားလုံး ကို အစာပေါ်မူတည်ပြီးလှုပ်ရှားနေရရာ စားပွဲပေါ်ကရေခွက်ပြုတ်ကျသွားရသည်အထိဖြစ်လေသည်။

ဆင်ဝင်အောင်ခြေတွင် လေးလံကြီးမားသော မာဘယ်လ်ကျောက်တုံးကြီးနှစ်တုံးချထားသည်။ ထိုကျောက်တုံးကြီးသည် ပစ်ကနစ်အတွက် အတော် အသုံးတည့်လေသည်။

‘ဒီကျောက်တုံးကြီးက ပစ်ကနစ်အတွက် ချထားတာလား ။ ဘာအတွက်လဲ ‘

သုစန္ဒာ က စားနေစဉ်မေးလိုက်သည်။

‘ တခြား ကိစ္စတွေအတွက်လည်း သုံးမှာပေါ့ ‘

‘ အချစ်ပြောတာမှန်တယ် ။ ‘

စ၀်ပြန်ဖြေသည်။ ‘ ပြီးတော့လေ တခြားရည်ရွယ်ချက်နှစ်ခုရှိသေးတယ် ။ ဒါပေမဲ့ ဒါကိုပြောရရင် အရှည်ကြီးပဲ ‘

‘ တော်ပါပြီ ‘ သုစန္ဒာကပြန်ပြောသည်။ ‘ ကျမ တိုင်းယိုင်လို စားနေရင် မောင် သင်ပေးနော် ‘

စ၀်က

‘ မောင့် ဦးလေးက ဒီနွေရာသီ စံအိမ်တော်ကြီးစဆောက်တော့ စံအိမ်တော်ကြီးကိုစောင့်ရှောက်ကာကွယ်ဖို့ ကြေးရုပ်လေးခု ရဲ့ ၀ိညာဉ်တွေကို အမိန့်ပေးတယ် ။’

‘ ဒါ ဗုဒ္ဓဘာသာရဲ့ ဓလေ့တခုလား ‘ သုစန္ဒာကမေးလိုက်သည်။

‘ မဟုတ်ပါဖူး ။ဒါက ဗုဒ္ဓဘာသာနဲ့ ဘာမှ မဆိုင်ဖူး ။ဝိညာဉ်တွေကို ယုံကြည်တာက ဘာသာရေးထက်ပို ရှေးကျတယ် ။ လူတွေကလေ အိမ်တိုင်းမှာ အစောင့်အရှောက်တွေရှိတယ်လို့ ယုံကြည်ကြတယ်။ သူတို့က စောင့်ရှောက်ပေးတယ်လို့ယုံကြည်ကြတယ်။   စိမ်းလဲ့အေးမှာ ကြေးရုပ်ထု ဘီလူးရုပ်လေးရုပ်ရှိတယ် ။ဒီအရုပ်ကြီးတွေကို အခု ဒီမာဘယ်လ်ကျောက်တုံးကြီးတွေပေါ်မှာ တင်ထားတာ။ မောင့် ဦးလေးက ဒီဘီလူးကြေးရုပ်ကြီးတွေကို စောင့်ရှောက်ဖို့တာဝန်ပေးထားတယ် ။အမိန့်ပေးထားတာပေါ့ ။ ပြန်ပြီး သူတို့ကို တပတ်တခါ အသားကျွေးရတယ်။ ဦးလေး ဆုံးသွားပြီး သူ့သား စ၀်အုံဆိုင်က ၀ိညာဉ်တွေကို အသားကျွေးတာ ရပ်လိုက်တယ်။ သူက အင်္ဂလန်မှာ ပညာသင်ခဲ့တယ်လေ အချစ်နားလည်တယ်မဟုတ်လား ။ဒီယုံကြည်မှုတွေက အဓိပ္ပါယ် မရှိဖူးလို့ ထင်တယ်။ ဒီတော့ ၀ိညာဉ်တွေက ညစ်ပတ်တဲ့အနေနဲ့ ပြန်ကလဲ့စားချေတဲ့အနေနဲ့ စံအိမ်တော် မှာရှိတဲ့ အစောင့်တွေ အလုပ်သမားတွေကို ဖျားအောင်လုပ်တော့တာပဲလေ။ ‘

‘ နောက်တော့ရော ဘာတွေဆက်ဖြစ်လဲ ‘

လက်ထဲက ပန်းကန်ပြားကို အောက်ချလိုက်ရင်း ကသုစန္ဒာသည် စူးစူးစိုက်စိုက်ဖြင့်မေးလိုက်သည်။

‘ နောက်တခုက အလုပ်သမားတယောက်က ဒီကြေးရုပ်ထုကို လက်နဲ့ မရိုမသေ ထိလိုက်ရင် ဒီအလုပ်သမားလက်က ရက်အတော်ကြာကြာ ရောင်ကိုင်းပြီး ကိုက်ခဲနာလာတော့တာပဲတဲ့ ။ ထမင်းချက်တယောက်က ဘီလူးခေါင်းကိုလက်နဲ့ ပုတ်လိုက်လို့ ဒီ ထမင်းချက် တခါတည်း ကယ်ပါယူပါနဲ့ အကြီးအကျယ်ဖျားတော့တာပဲ နောက်ဆုံးဆေးရုံပေါ်မှာဆုံးသွားတယ်။မောင့် ၀မ်းကွဲအကိုက လုပ်ထားခဲ့တာမို့ ဒီမှာ အလုပ်လုပ်ကြတဲ့ လူတွေ သိပ်ကြောက်ကြရတယ်။  သူနဲ့ သူ့ မဟာဒေ၀ီ နှစ်ယောက်ပဲ ဘာမှ မဖြစ်ဖူး ‘

‘ ဘာလို့လဲ ‘

‘ ဘာလို့ဆို သူတို့က ၀ိညာဉ်တွေရဲ့ အရှင်သခင်လေ။ သူတို့အပေါ်တော့ ဘာအန္တရာယ်မှ မကျရောက်ဖူးပေါ့။ ဒါကြောင့် အကိုက ဆုံးဖြတ်လိုက်တယ်။ ၀ိညာဉ်တွေကို အစာပြန်ကျွေးမယ် ဒါပေမဲ့ စံအိမ်တော်မှာ မဟုတ်ပဲ အပြင်မှာပေါ့ ။ သူက ဒီဘီလူးကြေးရုပ်တွေကို နောက်ထပ် မကောင်းတဲ့ အပြုအမူတွေမလုပ်ရဖူးလို့ အမိန့်ပေးပြီး မူထွီဘုရားကိုစောင့်ရှောက်ပို့ ဒီကနေ ပို့လိုက်တယ်လေ။ အခုထိ ဘီလူးရုပ်လေးရုပ်က မူထွီဘုရားစောင့်ရှောက်ပေးနေရတယ် နောက်ထပ်ဘာဒုက္ခမှ မပေးတော့ဖူး ။ဘာပြဿနာမှ မဖြစ်တော့ဖူး ။’

‘ မောင်ဒါတွေ အားလုံးကို တကယ်ယုံလား ‘

သုစန္ဒာက မယုံမကြည်ဖြင့်မေးလိုက်သည်။

‘ မောင်ပြောပြတာက မျက်မြင်သက်သေတွေက သူတို့ မြင်တာကိုပြန်ပြောပြတာ ၊ကြားရတာတွေပဲလေ။ မောင်တို့ နမ့်ပန်းကိုပြန်ရင် မူထွီဘုရားကိုဖြတ်သွားရမှာ အချစ် ဒီဘီလူးရုပ်တွေကို အနီးကပ်သေချာကြည့်လေ ‘

နမ့်ပန်းသို့အပြန်ခရီး၌ လမ်းတွင် မူထွီဘုရားရှေ့ရောက်သောအခါ ကားရပ်လိုက်ပြီးနောက် တံခါးလေးပေါက်တွင် အစောင့်အဖြစ်ရှိနေသော ဘီလူးကြေးရုပ်လေးရုပ်ကို သုစန္ဒာအား သွားကြည့်ခိုင်းလိုက်လေသည်။

အရှေ့ဂိတ်ပေါက်ဝတွင်ရှိသော ၀ိညာဉ်ဘီလူးကြေးရုပ်သည် ၅ပေ အမြင့်ရှိပြီး   ထူးထူးခြားခြားပင် သူတပါးကို ဒုက္ခရောက်အောင် ပြောင်ချော်ချော် လုပ်တတ်သော မျက်နှာမျိုးဖြစ်နေတာ တွေ့ရလေသည်။ သူ့မျက်လုံးတွေသည် သူ့ကိုတယောက်ယောက်က သတိထားကြည့်တာ ခံနေရသလို  နောက်ကလိုက်နေသည်။ သူ့မျက်လုံးက ပြောင်လှောင်သလို မခိုးမခန့်ပြောင်းသွားတတ်လေသည်။

စ၀်သည် စိမ်းလဲ့အေးတွင် တာဝန်ဖြင့်နေစဉ်က  သူသည် သံသယစိတ်ဖြင့်  အပြစ်တခုကိုပြင်းပြင်းထန်ထန် ကျူးလွန်ထားခဲ့ဖူးသည့်အတွက်သူကတော့ ၀ိညာဉ်ကိုအသေအချာယုံကြည်ထားလေသည်။

လအနည်းငယ်ကြာသောအခါ ဖြစ်လေ့မရှိသော အဖြစ်အပျက်တခုက ဖြစ်လာရပြန်လေသည်။နေကြတ်ခြင်း။

စ၀်ရော သုစန္ဒာပါ တခါမှ သည်လိုအဖြစ်မျိုးကိုကြုံဖူးခဲ့ခြင်းမရှိချေ။ သူတို့သည်ဒီအဖြစ်အပျက်ကို အလွန် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ ဗေဒင်နက္ခတ်ဆရာများ၏သြဇာသည် တိုင်းယိုင်လူ့အဖွဲ့အစည်းပေါ်တွင် အလွန် သက်ရောက်မှုရှိလေသည်။

သူတို့ကနောင်ဖြစ်လာမည့် အနာဂတ်ကိုကြိုတင် နိမိတ်ဖတ် ဟောကိန်းထုတ်တတ်ကြလေ၏။သူတို့က လွန်ခဲ့သောနှစ်ပေါင်း ထောင်ပေါင်းများစွာက ရိုးရာအဖြစ်အပျက်များအရ တွက်ချက်ပြီး ကြိုတင်ဟောကြသည်။

စ၀်ကတော့ မျက်လုံးကိုထိခိုက်မှာကိုတွေးပူသည်။ ထို့ကြောင့် သူ့လူထုကို နေကြတ်လျှင် နေကိုတိုက်ရိုက်မကြည့်မိကြဖို့သတိပေးထားသည်။ သူသည် ကျောင်းက ဆရာများကို ခေါ်ယူပြီး အစည်းအဝေးလုပ်သည်။ နေကြတ်တာကိုကြည့်ဖို့ ပင်းအပ်အပေါက်လေးဖောက်ထားသော ဂျပ်ဗူးဖြင့် ကြည့်နည်းကို ကိုယ်တိုင်လုပ်ပြီးပြသသည်။

မိုးရာသီကြီးမှာတောင်မှ တိမ်ကင်းစင်သည့်ပူပြင်းသောနေထွန်းလင်းနေသောနေ့တွင် နေစတင်၍ ကြတ်လေတော့သည်။

ထိုနေ့ တိတ်ဆိတ်နေသောနံနက်ခင်းတွင်ဖြစ်သည်။လေသည် ထူးထူးခြားခြား မတိုက်ပဲ ငြိမ်နေသည်။သုစန္ဒာကတော့ ဆူညံပွက်လောရိုက်နေတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းခြင်း အလင်းရောင် မှိန်သွားတာမျိုးဖြစ်စေချင်မိသည်။

စ၀်က ဆင်ဝင်တွင် နေကြတ်တာကြည့်ဖို့ အရိပ်သေတ္တာလေးကိုပြင်ဆင်နေသည်။ ဒါမှ နေအလင်းရောင်ကို လက သွားပိတ်ဆို့သွားပုံ အဆင့်ဆင့်ကို လေ့လာတွေ့ရှိရမှာဖြစ်သည်။စ၀်က နေစတင် ချိုင့်ခွက်သွားပုံကို သုစန္ဒာအားပြလိုက်သည့်အချိန်တွင် မရေတွက်နိုင်သော ဆူညံသံများ စတင်ထွက်ပေါ်လာတော့သည်။ အမြောက်ပစ်သံလိုပေါက်ကွဲသံ ရာပေါင်းများစွာသော ဗုံတီးသံတွေတုန်ခါမြည်ဟီးသံ အိုးခွက် ဇလုံတွေ အစုလိုက်တီးခတ်သံ များသည် နမ့်ပန်းတမြို့လုံး နားကွဲလုမတတ် ဆူညံ ပွက်ပွက်ထနေတော့လေသည်။

သုစန္ဒာသည်လက်ထဲကသေတ္တာလေးကိုပစ်ချလိုက်ပြီး စ၀်ဘက်လှည့်လိုက်သည်။ လုံးဝကို ရှုပ်ထွေး နေတော့သည်။

‘ ဘာတွေဖြစ်တာလဲ ။တတိယ ကမ္ဘာစစ်ဖြစ်ပြီလား ‘

‘မောင်အချစ်ကိုဒီအကြောင်းပြောပြဖို့မေ့သွားတယ်’

ဆူညံပွက်လောရိုက်နေသောအသံကြားသူမကြားရအောင်သူအော်ပြောလိုက်သည်။

‘မောင့်လူထုကကြောက်လို့နဂါးလက်က လွတ်ဖို့ကြိုးစားနေကြတယ်  ‘

‘ ဘာနဂါးလဲ ‘

‘ ဟုတ်တယ်။ အဲဒီတခုက နေကို မျိုချဖို့ကြိုးစားနေတယ် ‘

‘ ကျမ သဘောပေါက်ပြီ ‘

သုစန္ဒာနောက်ဆုံးမတော့ နားလည်လာလေသည်။

‘ ဒီလိုအဖြစ်မျိုးပဲ နောက်တခါကျ လငပုပ်ဖမ်းရင်ဖြစ်လာမှာ။ ရှေးကအဖြစ်အပျက်တွေက ဘယ်တော့မှ မဆုံးဖူး ‘

နေ့ အလင်းသည် မှိန်ဖျော့သွားသည်။ ဆူညံသံများ ငြိမ်သက်သွားသည်။

‘ သူတို့ အရှုံးပေးလိုက်မှာလား ။ ဒီအဖြစ်က ရုန်းထွက်မှာလား ‘

သုစန္ဒာက စ၀်ကိုမေးလိုက်သည်။

‘ မောင်ထင်တယ် နည်းနည်းစီ … ဒီလောက်ကြာလိမ့်မယ်လို့ သူတို့ ဘယ်ထင်ပါ့မလဲ ‘

တဖြည်းဖြည်းနှင့် အလွန်မှောင်မိုက်သွားသည်။ အလွန်တိတ်ဆိတ် ငြိမ်သက်သွားသည်။ ဆယ်မိနစ်လောက် ညကိုရောက်သွားတော့သည်။ အိပ်ဖို့ပဲရှိတော့သည်။ နှံကောင်တွေ ကျိုင်းကောင်တွေ ပိုးမွှားကောင်တွေ ငှက်တွေ နှင့် တိရစ္ဆာန်တွေ အားလုံး အိပ်လိုက်ကြတော့သည်။ ဇရက်လေးတွေ ငြိမ်နေသည်။ ယဉ်နေသော ဒေါင်းနှစ်ကောင် မြက်ခင်းရှေ့မှာ ငိုက်မြည်းနေသည်။

ရုတ်တရက် ချက်ခြင်းပင် ပျောက်ကွယ်သွားသော နေ့အလင်းရောင်နှင့် ဆူညံသံများ ကြောင့် စ၀်နှင့် သုစန္ဒာတို့သည် အစကဆူညံသံများထက်ပင် ပို၍ အံ့အားသင့် လန့်ဖျပ်သွားကြသည်။

သဘာဝတရား၏လှည့်ဖြားမှုကြောင့်ပြောင်းလဲသွားရသောအဖြစ်အပျက်ကို ကြောက်ရွံ့တုန်လှုပ်ပြီး မကောင်းသောအဖြစ်တခုခု ကျရောက်တော့မည်ဟု တွေးထင်မိကြလေသည်။ နေစင်္ကြာဝဠာကြီး၏ ပတ်လမ်းတလျှောက် ရှားပါးစွာဖြင့် လနှင့်လမ်းကြောင်းတထပ်ထည်း  သွားကျသောအဖြစ်ကြောင့်သူတို့သည် ဆောက်တည်ရာမရ ကယ်သူမဲ့ဖြစ်ကြရတော့သည်။

တဖြည်းဖြည်း နေ၏အလင်းရောင် ပြန်လည်တောက်ပလာသောအခါမှသာ ဘ၀သည် ပြန်လည်အသက်ဝင်လာလေသည်။ ထိုအခါ ယုံကြည်မှုများအပြည့်အ၀ဖြင့် ဆူညံသံလုပ်သူများ တဖန်ပြန်ပေါ်လာကြပြန်သည်။  သူတို့သည် အားသစ်မာန်သစ်ဖြင့် ပြန်လည် ဖွဲ့စည်းပြီး နောက်ဆုံးတော့သူတို့ အောင်မြင်မှုရခဲ့လေသည်။  နေလုံးကြီးကို လုံးဝ မျိုချပြီးသွားသောအခါ နဂါးကြီးသည် တဖန်ထွက်ခွာသွားပြီး နောက်ထပ်တကြိမ်မတိုင်ခင်ထိတော့ ဆုတ်ခွာနေဦးမည်ဖြစ်ပေသည်။

(ဆက်လက်ဖော်ပြပါမည်)

 
Leave a comment

Posted by on May 25, 2011 in May Ka, Serial Translation

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: