RSS

Aung Way – Letters from Michigan – 69

29 May

မစ်ရှီဂန်ကပေးတဲ့စာ – ၆၉

အောင်ဝေး
မေ ၂၉၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း ..
ကျန်းခံ့များလည်းသာပါစ။ ဥတုရာသီများလည်းသာပါစ။ ဒီမှာတော့ ဒီရက်ထဲ၊ သူများတကာတွေရဲ့ အမျိုးသား စိတ်၊ အမျိုးသားမာန်တွေ ကိုကြည့်ရင်း ငေးရင်းပဲ၊ ကိုယ်တွေရဲ့ အမျိုးသားစိတ်၊ အမျိုးသားမာန်အကြောင်းကို စဉ်းစားနေခဲ့မိတယ် ကိုဒေါင်းရေ …။ ကိုယ့်ရေ ကိုယ့်မြေ၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးရဲ့ ဇာတိပုည ဂုဏ်မာနကို၊ ပြန်လည်တမ်းတ အောက်မေ့နေမိတာလို့ ဆိုရင်လည်းမမှားဘူးပေါ့ဗျာ။

ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းစဉ်က ထွက်ပေါ်ခဲ့တဲ့၊ ၀ိုင်အမ်ဘီသခင်တင်ရဲ့ ‘‘တို့ဗမာ”သီချင်း ကနေစပြီး၊ ဒီကနေ့ခေတ် ထူးအိမ်သင်ရဲ့ ‘‘ရာဇ၀င်များရဲ့သတို့သမီး”သီချင်းအထိ၊ အဲဒီလို ဂီတအနုပညာတွေထဲကနေ၊ ကျနော်တို့ လူမျိုးရဲ့ဇာတိသွေး၊ ဇာတိမာန်တွေကို ကြက်သီးဖြန်းဖြန်းထ ခံစားရမယ် ကိုဒေါင်း။

ဒီလိုပဲ၊ သီပေါအရှင် ပါတော်မူစဉ်ကာလက၊ ဆီးဘန်နီဆရာတော်ဘုရားကြီးရေးခဲ့တဲ့ ‘‘ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ သြော်-ကောင်း၏” ဆိုတဲ့ကဗျာလင်္ကာကြီးကနေ၊ ဒီကနေ့ခေတ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ ‘‘တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်မှမခံ၊ ကျောင်းနံရံတ၀ိုက်၊ ဒေါင်းအလံပြန် စိုက်ရမယ်” ဆိုတဲ့ မော်ကွန်းကဗျာအထိ၊ အဲဒီလိုကဗျာတွေ စာတွေထဲကနေ၊ ကျနော်တို့ လူမျိုးရဲ့ဇာတိသွေး ဇာတိမာန်တွေကို၊ နှလုံးသားထဲပူနွေးလာတဲ့အထိ ခံစားရမယ်မဟုတ်လား ကိုဒေါင်းရေ။

ပြီးတော့လည်း တို့ဗမာသီချင်းထဲကစာသားတွေကို ခေါင်းစဉ်ယူထားကြတဲ့၊ အစောပိုင်းကဆရာဦးသိန်းဖေမြင့်ရဲ့ ‘‘အရှေ့က နေ၀န်းထွက်သည့်ပမာ” ၀တ္ထုကြီးကနေ၊ ခုနောက်ပိုင်း ဆရာဒဂုန်တာရာရဲ့ ‘‘တို့ခေတ်ကိုတော့ရောက်ရ မယ်မှာမလွဲပါ” ဆိုတဲ့ မဆုံးသေးတဲ့ဝတ္ထုကြီးအထိ၊ အဲဒီလိုရသစာပေတွေထဲမှာလည်း၊ ကျနော်တို့လူမျိုးရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးသမိုင်း အစဉ်အလာကို ပြန်လည်ထွေးပွေ့ရင်း၊ ဆွေးမြေ့နိုင်ကြမယ်မဟုတ်လား ကိုဒေါင်းရာ။

ကျနော်တို့ဟာ၊ ကိုယ်ရထားတဲ့ဒဏ်ရာကို၊ ကိုယ်ကိုယ်တိုင် မှန်မှန်ကန်ကန်ပြန်ကြည့်လိုက်တဲ့အခါကျတော့၊ ကျနော်တို့ ဘယ်လိုမှ ညာလို့ မရ၊ ငြင်းလို့မရတဲ့အချက်ကတော့၊ ၁၉၆၂ တော်လှန်ရေးကောင်စီ စစ်တပ်က အာဏာ သိမ်းတာကနေ၊ မနေ့တနေ့က ၂၀၁၁ အာဏာသိမ်း နအဖစစ်တပ်ကနေ အရပ်သားအစိုးရဆိုတာကို အာဏာလွှဲပြောင်းပေးလိုက်တာအထိ၊ အဲဒီ နှစ်ပေါင်း (၅၀) လောက်၊ စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့အောက်မှာ၊ ကျနော်တို့လူမျိုးရဲ့ ဇာတိပုည ဂုဏ်မာနတွေ၊ အနည်းနဲ့အများ ထိခိုက်ကျိုးကြေခဲ့ရတာပဲမဟုတ်လား။ ကျနော်တို့ လူမျိုးရဲ့အမျိုးသားစိတ်၊ အမျိုးသားမာန်တွေ အနည်းနဲ့အများ ချိုးနှိမ်စော်ကားခံခဲ့ရတာပဲ မဟုတ်လား။

အဲဒီလို ၁၉၆၂ ကနေ၊ ဒီနေ့အထိ၊ နှစ်ပေါင်း (၅၀) စစ်အာဏာရှင်စနစ်က၊ တတိတတိနဲ့ မသိမသာရော၊ သိသိသာသာပါ ဖျက်ဆီးပစ်လိုက်လို့လည်း၊ ကျနော်တို့လူမျိုးရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးတွေ၊ တိုင်းရင်းသားချစ်ကြည် သွေးစည်းရေးတွေ၊ နှလုံးရည်၊ လက်ရုံးရည်စွမ်းပကား သတ္တိတွေ၊ အနည်းနဲ့ အများပျက်စီးခဲ့ရတာလည်း အမှန်ပဲ မဟုတ်လား။

ပျက်စီးတယ်ဆိုတာ၊ ဖျက်ဆီးခံရလို့ပဲဆိုတဲ့ အယူအဆတရပ်ရှိတယ် ကိုဒေါင်းရေ။ အဆိုးတကာ့ အဆိုးဆုံးကတော့၊ မဆလခေတ်တလျှောက်လုံး၊ န၀တ-နအဖခေတ်တွေတလျှောက်လုံး၊ ကျနော်တို့မျိုးဆက် တဆက်ချင်းတဆက်ချင်းဟာ၊ နိုင်ငံရေးယဉ်ကျေးမှု သားကြောအဖြတ်ခံခဲ့ရတဲ့အချက်ပဲ ကိုဒေါင်း။ ကျနော်တို့ဖျက်ဆီးခံရတဲ့အထဲမှာ အနစ်နာဆုံးကတော့၊ အဲဒီ နိုင်ငံရေးယဉ်ကျေးမှု (Political Culture) သားကြော အဖြတ်ခံရခြင်းပဲ။

ဒါပေမယ့် မျိုးဆက်တိုင်း မျိုးဆက်တိုင်း၊ အထူးသဖြင့် ကျောင်းသားမျိုးဆက်တွေဟာ စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့ ဖိစီးနှိပ်စက်မှုကို၊ ခေါင်းငုံ့မခံ၊ အနိုင်မခံဘဲ၊ ခွပ်းဒေါင်းအလံတလူလူလွှင့်ပြီး၊ ခုခံတိုက်ခိုက်ခဲ့လို့သာပဲ၊ ဒီကနေ့ ကျနော်တို့လူမျိုးဟာ၊ ကျနော်တို့လူမျိုးအဖြစ်နဲ့ဂုဏ်သိက္ခာရှိရှိ နေနိုင်နေသေးတာဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။

အရှင်းဆုံးပြောရရင်တော့ ၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့်သာ၊ ကျနော်တို့လူမျိုးဟာ ကမ္ဘာမှာ လူရာဝင်နေသေးတာပဲ ကိုဒေါင်း။ အဲဒီတော့ ကျနော်တို့လူမျိုးရဲ့တန်ဖိုးဟာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက်၊ လွတ်လပ်ရေးအတွက်၊ စစ်အာဏာရှင်စနစ်ကို မမှိတ်မသုန် တွန်းလှန် တိုက်ခိုက်နေတဲ့၊ တော်လှန်တဲ့ လူမျိုးတမျိုးရဲ့ ဂုဏ်ရည်ပဲလို့ ကျနော် ပြောချင်တယ်။

ဒါ မြန်မာ့ဂုဏ်ရည်ပဲ ကိုဒေါင်းရေ။ ဒီ ဂုဏ်ရည်ကိုကျနော်တို့ထိန်းသိမ်းရမယ်။ စောင့်ရှောက်ရမယ်။ ကျနော်တို့ဟာ၊ ကိုယ့်သမိုင်းကို ကိုယ်ဂုဏ်ယူတတ်ရမယ်။ ကိုယ့်ရာဇ၀င်ကို ကိုယ်တန်ဖိုးထားရမယ်။ ၁၉၆၂ စစ်အာဏာ သိမ်းမှုရဲ့ (၂၆) နှစ်အကြာမှာ၊ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ထွက်လာခဲ့တယ်။ ဒီလိုပဲ ၁၉၈၈ စစ်အာဏာသိမ်းမှုရဲ့ (၁၉) နှစ်အကြာ၊ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ထွက်လာခဲ့ပြန်တယ်။ ဒါတွေဟာ ကမ္ဘာတုန်ခဲ့တဲ့ ကျနော်တို့ လူမျိုးရဲ့ တော်လှန်ရေး ဒီရေလှိုင်းလုံးကြီးတွေပဲ။

ကိုဒေါင်းရေ၊ အခုအချိန်မှာ စစ်အာဏာရှင်အုပ်စုက၊ ကန့်လန့်ကာနောက်ကို ၀င်ပြေးသွားကြပြီ။ စစ်ကျွန်အုပ်စိုးမှုစနစ် တကျဆုတ်ခွာသွားတာ မဟုတ်ဘူး။ သူတို့ ပရမ်းပတာထွက်ပြေးသွားတာပဲ။ ဘာပဲပြောပြော၊ သူတို့ပုဆိုးနဲ့ ခေါင်းပေါင်းနဲ့ အရပ်သားအစိုးရ ဆိုတာကို ခုတုံးလုပ်ထားခဲ့ပြီ။ စစ်ရေးစကားပြောရရင်၊ အဲဒီအရပ်သားအစိုးရကို ကာပစ်ပစ်ပေးဖို့ချန်ခဲ့ပြီး၊ သူတို့စစ်အာဏာရှင်လူသိုက် လစ်ပြေးသွားတာပဲ။

သူတို့လစ်ပြေးသွားပြီ။ ကျနော်တို့ဘာလုပ်မလဲ။ ကျနော်တို့ရှေ့မှာ၊ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက်လုံး၊ မားမားမတ်မတ်ရှိနေပြီပဲ။ ကျနော်တို့ ဘာကိုထောက်လို့ ဘာကိုကြောက်နေရတော့ မှာလဲ။

ကျနော်တို့ အခုလိုနေတာ အမတ်တနေရာ မဟုတ်ဘူး။ ဖက်စပ်အစိုးရ မဟုတ်ဘူး။ ကျနော်တို့လိုနေတာ ပြည်သူ့ထံက ဆင်းသက်တဲ့ အချုပ်အခြာအာဏာ။ ဒါပဲ ကိုဒေါင်း။ နောက်ထပ် တော်လှန်ရေးဒီရေ လှိုင်းလုံးကြီးတလုံး။ နောက်ထပ် လူထုမုန်တိုင်းတခု။ ဒါပဲ ကိုဒေါင်း။

အားလုံး နိုးနိုးကြားကြားရှိကြပါစေဗျာ …။ ။

အောင်ဝေး

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: