RSS

Shwe Zigwe – Beauty of oneself

29 May

ခန္ဓာများနဲ့ ကျွန်မ

ရွှေဇီးကွက်

မေ ၃၀၊ ၂၀၁၁

မိန်းမချော မိန်းမလှစာရင်းထဲမှာ ကျွန်မ မပါပါ။ မျက်နှာပေါက် မလှသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်မကောင်းပါ။ ဒါပေမယ့် မိန်းမသားစစ်စစ်လည်းဖြစ်၊ ပုထုဇဉ် စစ်စစ်လည်းဖြစ်တဲ့ကျွန်မ အလွန်ပဲ လှချင်ပချင် ခဲ့ပါတယ်။ မိန်းကလေးများ လှချင်ပချင်လာတတ်ကြတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ကျွန်မကိုယ် ကျွန်မ လှအောင်ပအောင် အမျိုးမျိုး ကြိုးစားပြင်ဆင်ခဲ့ပါသည်။

အိမ်ထောင်ကျပြီးမှ ပိုဆိုးလာပါတယ်။ ကျွန်မရဲ့ အိမ်ထောင်ဘက်ဟာ အချောဆုံး၊ အလှဆုံးဆိုတဲ့ မင်းသမီးတွေနဲ့ တွဲဖက် သရုပ်ဆောင်နေရတဲ့ နှုတ်ခမ်းနီ၊ ပါးနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ နိုင်ငံကျော်သရုပ်ဆောင်တဦးဖြစ်လာတော့ ကျွန်မလည်း ကျွန်မရဲ့အိမ်ထောင်ဖက်နဲ့ လိုက်ဖက်ညီအောင် ပိုပြီးလှချင်ပချင်ခဲ့ပါတယ်။ ကလေးနှစ်ယောက် မိခင်တဦးအနေနဲ့ ပုံပျက်ပန်းပျက် ဖြစ်မသွားအောင် ကျွန်မကိုယ် ကျွန်မ အထူးဂရုစိုက်ပြုပြင်ခဲ့ပါတယ်။

ကျန်းမာရေး အကြောင်းပြပြီး နဂိုထဲက ကြည့်မကောင်းတဲ့ ကိုယ်ခန္ဓာကို ကြည့်ကောင်းအောင်လို့ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ရတာလဲ အမောပါပဲ။ အစားအသောက်ကိုလည်း သင့်တင့်မျှတအောင် သတိထားပြီး ကြိုးစား စားသောက်ရတာလည်း တာဝန်ကြီးတခုပါပဲ။ ကိုယ်နဲ့လိုက်ဖက်မယ့်၊ ကြည့်ကောင်းမယ်ထင်တဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ အသုံးအဆောင်တွေအတွက် ကြောင့်ကြအားစိုက်ခဲ့ရတာလည်း မသက်သာပါဘူး။

ကျန်းမာရေးအတွက်ရော နုပျိုမှုအတွက်ရော အားဆေးတွေ၊ နုပျိုဆေးတွေ ဝယ်သောက်ခဲ့ရတာလည်း အလုပ်ကြီးတလုပ်ပါပဲ။ အသားအရေတို့ ဆံပင်တို့ ကြည့်ကောင်းအောင် ပြုပြင်ဖို့ရာအတွက် အလှပြင်ဆိုင်တွေ သွားရတာလည်း အကြိမ်ကြိမ်ပါပဲ။ မျက်နှာကလေး ကြည့်ကောင်းအောင်လို့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီတွေနဲ့ ရောင်စုံချယ်သခဲ့ရတာလည်း တရားလွန်ပါပဲ။ ခန္ဓာကိုယ်တခုလုံး မွှေးကြိုင်သင်းပျံ့နေအောင်လို့ ဆပ်ပြာမွှေး၊ ခေါင်းလျှော်ရည်မွှေးက အစ၊ ကိုယ်လိမ်းအလှဆီ အလယ်၊ ရေမွှေးအဆုံး အမွှေးအကြိုင်မျိုးစုံ သုံးစွဲခဲ့ရတာလည်း တပင်တပန်းပါပဲ။

ကျွန်မပြောချင်တာက ဒီအလှအပအကြောင်းတွေ မဟုတ်ပါဘူး။ ကျွန်မအမေက မွေးဖွားပေးခဲ့လို့ မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် ဆိုတဲ့ ခန္ဓာကိုယ်ကို ကျွန်မ ဘယ်လောက်အထိ မြတ်နိုးခဲ့၊ နှစ်သက်ခဲ့၊ ဂရုစိုက်ခဲ့၊ ပြုစုခဲ့၊ ယုယခဲ့သလဲ ဆိုတာကိုပါ။ ဒီခန္ဓာကိုယ်ကိုပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မရဲ့စိတ်အလိုကိုလည်း ကျွန်မအမြဲပဲ လိုက်လျော အလိုဖြည့်ခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ဆန္ဒက ဘာဖြစ်ချင်သလဲ။ ကျွန်မအဆင်သင့် ဖြည့်ဆည်းပြီးသားပဲ။

ပျော်ချင်ပါးချင်သလား။ ရုပ်ရှင်ကလေးကြည့်လိုက်၊ သီချင်းလေးနားထောင်လိုက်၊ ဝတ္ထုကလေး ဖတ်လိုက်၊ ပျော်ပွဲရွှင်ပွဲသွားလိုက်၊ သူငယ်ချင်းတွေနဲ့ ဟီလာတိုက်လိုက်၊ ချစ်သူနဲ့ရင်ခုန်လိုက်နဲ့ ပျော်ပြီးသားပဲ။ ပေါက်ကွဲချင်သလား။ ရှေ့နောက် အကျိုးအကြောင်းတွေ ဆင်ခြင်မနေဘဲ မီးကုန်ရမ်းကုန် ပေါက်ကွဲပြီးသားပဲ။ ကျွန်မရဲ့စိတ်ကို ရှိရှိသမျှ စေတသိတ်တွေ၊ အထူးသဖြင့် အကုသိုလ်စေတသိတ် ၁၄ ပါးရဲ့ ခြယ်လှယ်နေသမျှကို ကျေကျေနပ်နပ် နှစ်နှစ်ခြိုက်ခြိုက်ကြီး လက်ခံခဲ့ပါတယ်။ ဒီလို အမေ့မေ့ အလျော့လျော့နဲ့ လူ့ဘဝကြီးကို ဖြတ်သန်းခဲ့တာဟာ ဆယ်စုနှစ် ၃ စုကျော် ၄ စုနီးပါး ရောက်ရှိလာတဲ့အထိပါပဲ။

အသက် ၄၀ နားနီးလာတော့ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတွေကို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တဦးအဖြစ်ထက် ပိုပြီးနက်နက်ရှိုင်းရှိုင်း လေ့လာချင်တဲ့ဆန္ဒကြောင့် ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေ ဟောကြားရေးသားထားတဲ့ တရားတော်တွေကို လေးလေးနက်နက် နာကြားဖတ်ရှုပါတယ်။

ယောဆရာတော်ဘုရားကြီးရဲ့ သတဝ၀ါတိုင်းအတွက် မိမိတို့ရရှိထားတဲ့ ခန္ဓာကိုယ်၊ ပစ္စည်းဥစ္စာ၊ ဆွေမျိုးသားချင်း၊ ဘွဲ့အတတ်ပညာ၊ ရာထူး၊ ဂုဏ်ထူး၊ လုပ်ပိုင်ခွင့်၊ အာဏာအစရှိတဲ့ မိမိတို့နဲ့ ဆက်စပ်သက်ဆိုင်သမျှ အရာအားလုံးဟာ တဘဝစာ တခဏသာ အငှားရထားကြတာတွေ ဖြစ်တယ်။ ခန္ဓာကိုယ်ဆိုတာလည်း သူတပါးဆီက ခဏငှားလာတဲ့ ခိုင်းနွားကြီးတကောင်လိုပါပဲ။ အဲဒီလို ခဏသာငှားပြီး ပိုင်ဆိုင်ခွင့်ရှိတဲ့ ခိုင်းနွားကြီးကို သူ့စိတ်ကြိုက် ကျွေးမွေး၊ ပြုစု၊  အလိုလိုက်ပြီး ပြန်ပေးချိန်တန်တော့ ပြန်ပေးလိုက်မှာလား။

ဒါမှမဟုတ် ခိုင်းပိုင်ခွင့်ရတဲ့ အချိန်ကလေးမှာ ကိုယ့်အတွက်ရော၊ အများအတွက်ရော အကျိုးအမြတ်ရအောင် ခိုင်းပြီး၊ အသုံးချပြီးမှ ပြန်ပေးမှာလားဆိုတဲ့ အမေးကြောင့် ကျွန်မလည်း လူ့ဘဝ တဘဝစာ အငှားရထားတဲ့ ကျွန်မရဲ့ လူ့ခန္ဓာကိုယ်နဲ့ လူ့စိတ်ကို ဆက်ပြီး အလိုလိုက် အကြိုက်ဆောင်မနေတော့ဘဲ  ကျွန်မရဲ့ သံသရာအတွက် အကျိုးများတဲ့ ကိစ္စတွေမှာသာ အသုံးပြုဖို့သင့်ကြောင်း အမြင်မှန်ရလာခဲ့ပါတယ်။

သစ္စာလေးပါးကို ထိုးသွင်းသိနိုင်ဖို့ရာ ကမ္မဋ္ဌာန်းတရားရိပ်သာတွေမှာ တရားအားထုတ်နည်းတွေကို လေ့လာသင်ယူရင်း စခန်းဝင် တရားထိုင်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ ကျွန်မပိုင်တဲ့ အချိန်တွေကိုလည်း အများပြည်သူလည်း အကျိုးရှိမယ့် မြတ်ဗုဒ္ဓဘုရား ကိုယ်တော်တိုင်လည်း နှစ်သက်တော်မူပြီး လေးအင်္သချေနဲ့ ကမ္ဘာတသိန်းလုံး ပါရမီဖြည့်ဆည်းရင်း လုပ်ဆောင်ခဲ့တဲ့ ပရဟိတ လုပ်ငန်းတွေကိုလုပ်ဖို့ ဆုံးဖြတ်တဲ့အချိန်နဲ့ ဘဘ ဦးသုခတို့ကလည်း ရန်ကုန် နာရေးကူညီမှု အသင်းကို စတင်တည်ထောင်ဖို့ ပြင်ဆင်နေကြတဲ့အချိန်နဲ့ တိုက်ဆိုင်လို့ ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦးစလုံး အလှူငွေထည့်ဝင်လှူဒါန်းရင်း လုပ်အားပေးကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီမှာ . . . ဈာပနပေါင်းများစွာကို (အခမဲ့) ကူညီလုပ်ကိုင်ပေးကြရင်းနဲ့ ကျွန်မလေ သက်မဲ့ခန္ဓာကိုယ်ပေါင်းများစွာကို တွေ့မြင်ခဲ့ရပါတော့တယ်။

အသက်အရွယ် ကြီးရင့်သူရော၊ ငယ်ရွယ်သူရော၊ ဓနဥစ္စာကြွယ်ဝသူရော၊ မွဲတေသူရော၊ မျိုးရိုးဂုဏ်အဆင့် မြင့်မြတ်သူရော၊ နိမ့်ပါးသူရော၊ ရာထူးအာဏာကြီးမြတ်သူရော၊ နိမ့်ကျသူရော၊ ကျန်းမာရေးကောင်းမွန်သူရော၊ ညံ့ဖျင်းသူရော၊ ရုပ်ရည်ချောမောလှပသူရော၊ အရုပ်ဆိုး အကျည်းတန်သူရော၊ ကိုယ်ကာယ တောင့်တင်းသူရော၊ ချည့်နဲ့သူရော၊ ဉာဏ်ပညာ ကြီးမားသူရော၊ နည်းပါသူရော အားလုံးအားလုံးဟာ တချိန်ချိန်မှာ တနည်းနည်းနဲ့ တယောက်ပြီးတယောက် သေဆုံးနေကြပြီး သူတို့ရဲ့ ကျန်ရစ်တဲ့ရုပ်ကလပ် ခန္ဓာကိုယ်တွေကို ကျွန်မတို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများက သယ်ယူသင်္ဂြိုဟ်ပေးနေကြရတာတွေကို နေ့စဉ်ကြား သိမြင်တွေ့နေရတော့ ကျွန်မလေ ဒီခန္ဓာကိုယ်ကြီးရဲ့ အစိုးမရပုံ၊ အနှစ်သာရမရှိပုံကို ပိုပိုပြီး သိမြင်လာရပါတယ်။

မကြာခဏ တရားရိပ်သာဝင်ပြီး တရားအားထုတ်ဖို့ အချိန်သိပ်မပေးနိုင်ပေမယ့် နေ့စဉ် သံဝေဂရစရာတွေကို မြင်တွေ့နေရတဲ့ ကျွန်မ၊ ကျွန်မရဲ့စိတ်သဏ္ဍာန်မှာ လောဘ၊ ဒေါသ၊ မောဟ ဦးစီးတဲ့ အကုသိုလ် စေတသိတ်တွေ ဝင်ရောက်နှောက်ယှက် ခြယ်လှယ်ခွင့်မရှိအောင်တော့ အတတ်နိုင်ဆုံး သတိနဲ့ ထိန်းသိမ်းပြီးနေဖြစ်ပါတယ်။ သတိလက်လွတ် နေခဲ့စဉ်တုန်းက ဒေါသဖြစ်ရင်လည်း အထိန်းအကွပ်မရှိ ဝုန်းဒိုင်းကျဲပေါက်ကွဲခဲ့ပြီး တငွေ့ငွေ့နဲ့ မပြီးနိုင် မဆုံးနိုင် လောင်ကျွမ်းနေတတ်ခဲ့တဲ့ ကျွန်မ၊ အခုတော့ သတိလက်လွတ်လို့ အာရုံတစ်ခုကို ဒေါသဖြစ်စရာအာရုံအဖြစ် မြင်မိပြီး ဒေါသဖြစ်လိုက်မိပေမဲ့ သတိချက်ချင်း ပြန်ဝင်လာပြီး ဒေါသကို ဝုန်းဒိုင်းကျဲ မပေါက်ကွဲဖြစ်အောင်၊ တငွေ့ငွေ့ မလောင်ကျွမ်းဖြစ်အောင် ချက်ချင်းပြန်ပြီး ထိန်းသိမ်းနိုင်နေပါပြီ။ ဒီလိုပါပဲ အာရုံတခုကို လောဘဖြစ်စရာ အာရုံအဖြစ် သတိလက်လွတ်မြင်မိပြီး အဲဒီအာရုံကို လောဘတကြီး စွဲစွဲလမ်းလမ်း တမ်းတမ်းတတနဲ့ အငမ်းမရ မဖြစ်အောင် ထိန်းသိမ်းနိုင်နေပါပြီ။

အများပြည်သူလည်း အကျိုးများ ကျွန်မအတွက်လည်း သတိသံဝေဂရခွင့် အမြဲရှိနေတဲ့ ဒီလူမှုရေးလုပ်ငန်းမှာပဲ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ စိတ်အား၊ ကျွန်မရဲ့ ကိုယ်အားတွေကို မြှုပ်နှံထားဖြစ်လို့ တရားရိပ်သာကိုမရောက်တာ ၄/၅ နှစ် ကြာခဲ့ပြီးမှ ၂၀၀၉ ခုနှစ် သင်္ကြန်တွင်း နေ့ယောဂီတရားစခန်းရိပ်သာမှာ တရားသွားထိုင်ဖြစ်ခဲ့ပါတယ်။

သင်္ကြန်တွင်းကလည်းဖြစ်ပြန် ဘုန်းကြီးကျောင်းကလည်း လူနေထူထပ်တဲ့အရပ်မှာဆိုတော့ အသံတွေဆူညံနေလို့ ကြားနေရတဲ့ အသံတွေကိုပဲ တခုပြီးတခု သတိလိုက်ကပ်နေရလို့ ဧကဂ္ဂထာသမာဓိကို မထူထောင်နိုင်လို့ ကျွန်မကိုယ် ကျွန်မ အားမလိုအားမရ ဖြစ်မိပါတယ်။

ကျွန်မရဲ့ သဏ္ဍာန်မှာ လောဘနဲ့ဒေါသ တခုခုဝင်လာရင် ပူလောင်လာတတ်တာကို သတိနဲ့ ရှုမှတ်ပယ်ဖျောက်ကျင့်ရှိနေတဲ့ ကျွန်မ တရားထိုင်နေရင်း ကိုယ့်ကိုယ်ကို အားမရ၊ မကျေနပ်တဲ့ဒေါသကြောင့် ပူလောင်လာတာကို သတိထားမိပါတယ်။ ကျွန်မကို ကျွန်မလည်း အတော်အသုံးမကျတဲ့ ‘ငါ’ ဆိုပြီး အပြစ်တင်လိုက်မိတဲ့ ခဏမှာပဲ ကျွန်မရဲ့ ဝိပဿနာရှုမှတ်နေတဲ့ ‘ဉာဏ်’ က ‘ငါ’ ဆိုတာ မရှိဘူးဆိုတာ ချက်ချင်း သတိပြုလိုက်မိပါတယ်။

ရူပက္ခန္ဓာ၊ ဝိညာနက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ သညာက္ခန္ဓာဆိုတဲ့ ခန္ဓာ ၅ ပါး ဓမ္မသဘောတွေ ဓမ္မဗျာပါရသက်သက်နဲ့ သူ့အလုပ် သူလုပ်နေကြတာကို သိမြင်လိုက်ရပါတယ်။ အဲဒီထဲမှာ ရွှေဇီးကွက်လည်း မပါ။ မြင့်မြင့်ခင်ဖေလည်း မပါ။ ငါလည်း မပါ။ ကျွန်မလည်း မပါတာကို သိမြင်လိုက်ရတော့မှ ဒီခန္ဓာ ၅ ပါးနဲ့ ကျွန်မနဲ့ဘာမှ မပတ်သက်တာကို ကောင်းကောင်းကြီး သဘောပေါက်မိပါတော့တယ်။ ကျွန်မထင်နေသလို ဒါတွေဟာ ကျွန်မ မဟုတ်ဘူး ဆိုတာကိုလည်း ကွဲကွဲပြားပြား နားလည်လိုက်ပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့တဲ့ ‘ကံသည် အနတ္တသဘောတရားဖြစ်ပုံ’ တရားတော်မှာ ခန္ဓာ ၅ ပါးရဲ့ အစိုးမရပုံ၊ အားကိုးမရပုံ၊ ကြောက်ရွံ့စရာကောင်းပုံ၊ ရွံ့မုန်းစရာကောင်းပုံတွေ ဟောထားတာတွေကို ကြားနာမိရာက ရန်သူမျိုး ၅ ပါး ဆိုတဲ့ မီး၊ ရေ၊ ခိုးသူ၊ မချစ်မနှစ်သက်သူ၊ မင်းဆိုတာတွေဟာ အဝေးရန်သူများသာဖြစ်ပြီး၊ ခန္ဓာ ၅ ပါးဟာ သူသတ်သမားဖြစ်တယ်။ ခန္ဓာကိုယ်ကြီးကို ပြုစုစောင့်ရှောက်နေခြင်းဟာ သူသတ်သမားကို ပြုစုစောင့်ရှောက်နေခြင်းသာ ဖြစ်ပါတယ်။

ဘဝအကြိမ်ကြိမ် ရနေခြင်းဟာ သူသတ်သမား ယောက်ျားခန္ဓာ ၅ ပါး၏ အကြိမ်ကြိမ်သတ်ဖြတ်ခြင်းကို ခံရန်သာ ဖြစ်တယ်။ သတ္တဝါတိုင်းသာ ကိုယ့်အသုဘ၊ ကိုယ်မသာ ကိုယ်ထမ်းပြီး သွားလာလှုပ်ရှားနေခြင်းသာဖြစ်တယ်။ လောကအားလုံးကို အောင်နိုင်တော်မူခဲ့တဲ့ မြတ်စွာဘုရားသော်မှ မိမိခန္ဓာကိုယ်ကိုတော့ မအောင်နိုင်ခဲ့ပါ စသည်ဖြင့် ဟောကြားသွားတာတွေကို နာကြားလိုက်ရတော့ နဂိုကမှ တဖြည်းဖြည်းခြင်း သံယောဇဉ်နည်းပါးနေပြီဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို ကြောက်ရွံ့၊ ရွံ့မုန်းလာမိပါတော့တယ်။ သံသရာကို ကျွန်မတို့သတ်မှတ်ထားတဲ့ မရပ်မနား အစဉ်တန်းဖြစ်ပျက်နေတဲ့ အကျိုးခန္ဓာ ၅ ပါး၊ အကြောင်းခန္ဓာ ၅ ပါးတို့ချုပ်ငြိမ်းရာ၊ ခန္ဓာတဖန် ပြန်မဖြစ်ရာ နိဗ္ဗာန်ကို ဒီဘဝ နောက်ဆုံးထားပြီး မျက်မှောက်ပြုပိုင်ခွင့်ရလိုတဲ့ဆန္ဒတွေ တဖွားဖွား ပေါ်ပေါက်လာမိပါတော့တယ်။

မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) ဖေ့ဘုတ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

 

 

 
Leave a comment

Posted by on May 29, 2011 in Essay

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: