RSS

Daw Khin Hnin Yuu – Maung Swan Yi

30 May

ဒေါ်ခင်နှင်းယု (ခင်မင်ရပါတဲ့ မမစု)
မောင်စွမ်းရည်
မေ ၃၀၊ ၂၀၁၁

ခုတလော ၀တ္ထုတွေဖတ်ရတာ အားမရလှပါဘူး။ ၀တ္တုအသစ်တွေလဲ သိပ်မထွက်လှပါဘူး။ ထွက်သမျှကလဲ သိပ်ပြီးခံတွင်းမတွေ့လှပါဘူး။ စာပေဆုရ၀တ္တုတွေကလဲ သိပ်မဟန်ဘူး။ တချို့ကလဲ စာပေလွတ်လပ်ခွင့်မရှိတာကိုပဲ ဆင်ခြေပေးလား ပေးကြရဲ့။ ဒါပေမယ့် ‘‘မစွမ်းရင်းကလဲရှိ ကန်းစွန်းခင်းကလည်းငြိ’’ ဆိုတဲ့စကားလိုပဲ ကိုယ်စွမ်းကိုယ်စနည်းတာလဲ ပါမှာပေါ့။

ပြည်မပမှာ လွတ်လပ်နေတဲ့လူက ကိုယ်ချင်းမစာပြောတာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကဗျာဆရာတွေက တော်တော်လေး ပရိယာယ်ကြွယ်တာကို သတိပြုမိပါတယ်။ ပရိယာယ်ကြွယ် လွန်းတော့ ပဟေဠိဖက်ပြီး စကားထာဝှက်သလို ဖြစ်နေတာတွေလဲ ရှိရဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့ နည်းရှာကြရမှာပေါ့။ မနှစ်တုန်းကတော့ ခင်ခင်ထူးရဲ့ ‘‘မအိမ်ကံ’’ ၀တ္တုကို ဖတ်လိုက်ရတော့ အတော်လေး သဘောကျမိလိုက်ရဲ့။ သူ့ဘ၀ သူထင်ဟပ်တာဖြစ်မယ် ထင်ပါတယ်။ အညာကျေးလက် အထက်တန်းလွှာရဲ့ဘ၀ကို ထပ်ဟပ်ထားတာပါ။ အထူးသဖြင့်တော့ ဝေါဟာရကြွယ်တာကို သတိထားလိုက်မိပါတယ်။

ခင်ခင်ထူးရဲ့ ၀တ္ထုကို စိတ်ထဲဝေဖန်သုံးသပ်ရင်း ကွယ်လွန်သူ စာရေးဆရာမကြီး (ဒေါ်) ခင်နှင်းယုရဲ့ ၀တ္တုတွေကို ပြန်လည်သတိရမိလိုက်ပါတယ်။ ဒေါ်ခင်နှင်းယုရဲ့ ၀တ္တုတွေအများစုကလဲ ကျေးလက်မြေရှင်ကြီးဘ၀ကို ထင်ဟပ်ထားတာ များပါတယ်။ ကျေးလက်အလုပ်သမား၊ လယ်သမားတွေနဲ့ အိမ်ကျွန်တွေ၊ လယ်ကူလီတွေအပေါ်မှာ မြေရှင်သူတော်ကောင်းတွေက စေတနာထားကြပုံတွေကို ရေးလား ရေးတတ်ရဲ့ကို ကျနော်က ခပ်ငေါ့ငေါ့ ဝေဖန်ခဲ့ဖူးပါတယ်။

ဒေါ်ခင်နှင်းယုရဲ့ ၀တ္ထုတွေက တကယ်တမ်းပြောရရင် ‘‘ရင်တွင်းဖြစ်’’ တွေများတယ်လို့ ခုခေတ် လူငယ်တွေရဲ့စကားနဲ့ ပြောရပါမယ်။ တကယ်တမ်း ရင်းတွင်းခံစားမှုနဲ့ ရေးတာတွေဖြစ်တယ်လို့ ယုံကြည်ပါတယ်။ သူ့ဘ၀နောက်ခံသာမက တခါတရဲ့ ဦးကြာယုံတို့လို ပုံဂံက ဘုရားကျွန်တို့လို ဘ၀များကို ကရုဏာသက် ရင်သက် သလို ထပ်ဟပ်တာမျိုးလဲရှိပါတယ်။ အမျိုးသမီးစာရေးဆရာတွေမှာ ထိပ်ဆုံးပါပဲ။

ကျနော် ဒေါ်ခင်နှင်းယုရဲ့ ၀တ္ထုတွေထဲက ပထမဆုံးဖတ်မိတဲ့ဝတ္တုက ‘‘ဆောင်းတွင်းပန်း’’ ဖြစ်ပါတယ်။ အင်းဝတံတားဦးနောက်ခံ ၀တ္ထုပါ။ အဲ့ဒီဝတ္ထုမှာ အဓိကဇာတ်ဆောင်တွေက ကိုဘစံနဲ့ မသီတာဆိုတာကိုလဲ စွဲမှတ်နေမိဆဲပါ။ ၁၉၅၄ – ၅၅ လောက်က မန္တလေး အထက (၁) မှာဖွင့်လှစ်ခဲ့တဲ့ အကြိုဆေးသင်တန်း (Pre-Medical class) ကိုတက်နေတုန်းက ဖြစ်ပါတယ်။ ကျနော်တို့ ဘော်ဒါဆောင်မှာ ထင်းရှူး သေတ္တာကြီးတလုံးထားပြီး စာဖတ်အသင်းလုပ်ကြပါတယ်။ ဘော်ဒါဆောင်မှာ ခုတော့ လော့စ်အိန်ဂျဲလိစ်ကိုရောက်နေတဲ့ ဆရာဝန် ဦးအောင်ခင်နဲ့ မလေးရှား (သြစတြေးလျား?) ရောက်နေတဲ့ ဒေါက်တာမောင်မောင်ညိုတို့ အတူနေကြပါတယ်။ မောင်မောင်ညိုနဲ့ ကျနော်တို့ ဒီ ဆောင်းဦးပန်းကို အလုအယက်ဖတ်ပြီး တသသဖြစ်ခဲ့ကြဖူးပါတယ်။

အစ်ကိုဘစံ ပဒုမ္မာကြာသည် စန္ဒာနဲ့မှ တင့်တယ်ပါသည်။ လကလဲ မသာပါ။ ကြာကလဲ မပွင့်ပါ။
အချိန်လင့်လျှင် ကြာရင့်မှာစိုးရပါသည်။

အဲ့ဒီစာကလေးကို ကျနော်ခုထိမှတ်မိနေတုန်းပါ။ အဲ့ဒီဝတ္တုထဲက စာသားကို ဒေါ်ခင်နှင်းယုရှေ့မှာ ရွတ်ပြဖူးပါ တယ်။ ‘‘ကျနော်တို့ကနော် မမစုရဲ့စာတွေကို စကားပြေတောင်အလွတ်ရတာ’’ လို့ ပြောလိုက်တော့ စာရေး ဆရာတို့ရဲ့ဓမ္မတာအတိုင်း သူ့စာကို အလွတ်ရတယ်ဆိုတာ ၀မ်းသာရှာတာပေါ့။ ဒေါ်ခင်နှင်းယုက ကဗျာလဲကောင်းကောင်းရေးနိုင်ပါတယ်။ စာရေးဆရာ သန်းဆွေနဲ့ ဒဂုန်တာရာတို့ကို အမှတ်တရကဗျာများ ရေးဖူးတာကို ဖတ်ရဖူးပါတယ်။ စိတ်ကူးလှလှ၊ စကားလုံးလှလှနဲ့ ရေးနိုင်တာပါ။ (ဒေါ်ခင်နှင်းယုရဲ့ အမည်ရင်းက ဒေါ် ခင်စုဖြစ်လို့ ဒေါ်ကလျာတို့၊ ဒေါ်ခင်ဆွေဦးတို့တွေက ခေါ်သလို ကျန်လူတွေကပါ မမစု ခေါ်ကြတာပါ။)

ဒေါ်ခင်နှင်းယုက ၀န်ကြီးချုပ်ဦးနုရဲ့ နှမတ၀မ်းကွဲပါ။ ဦးနုလိုပဲ ၀ါးခယ်မဇာတိပါ။ အဖ ကျောင်းဆရာ ဦးဘ၊ အမိ ဒေါ်သိန်းတင် တဲ့။ အမေ လူထုဒေါ်အမာထက် (၁၀) နှစ်ငယ်တာကြောင့် သူ့ အသက်တွက်ရင် အမေလူထုရဲ့ မွေးနှစ်ကို ပြန်ခေါ်ရပါတယ်။ အမေလူထုက ၁၉၁၅ (ဒေါ်ခင်မျိုးချစ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ကလဲ ၁၉၁၅ မှာ ဖွားပါသတဲ့။) ဆိုတော့ ဒေါ်ခင်နှင်းယုက ၁၉၂၅ ခုဖွားဖြစ်ပါမယ်။ ၁၉၂၅ စက်တင်ဘာ (၇) ရက်ဖွားသူ ဖြစ်ပါတယ်။ နာမည်ရင်းရော ကလောင်အမည်ပါ ‘‘ခင်’’ နဲ့စလို့ တနင်္လာသမီးဆိုတာလဲ မှတ်မိပါတယ်။ ၂၅ ကို ပြောင်းပြန်လှန်လိုက်ရင် ၅၂ ပါ။ ၁၉၅၂ (အသက် ၂၇) ရှုမ၀မဂ္ဂဇင်းမှာ သူ့ရဲ့ပုံနှိပ်စာ စတင်ပါဖူးတယ်ဆိုတာလဲ တဆက်တည်း မှတ်သားမိပါတယ်။ သူ့ခွင်ပွန်းကတော့ ဗိုလ်မှူးကျော်သောင်း တဲ့။ မြ၀တီမဂ္ဂဇင်းမှာ အယ်ဒီတာချုပ်လုပ်ခဲ့ဖူးတယ်လို့ မှတ်သားထားမိပါတယ်။ နည်ကျော် ခေတ်စမ်းစာဆို မောင်သုတ ခေါ် ဗိုလ်မှူးဘသောင်းနဲ့ နာမည်ဆင်လို့ မှတ်မိနေတဲ့ နာမည်ပါ။ မြေရှင်မျိုး၊ ဗိုလ်မှူးမျိုး၊ ၀န်ကြီးမျိုးဆိုတော့ ဆွေကြီးမျိုးကြီးထဲကလို့ ဆိုနိုင်ပါမယ်ထင်ပါတယ်။ ဒါပေမဲ့ သူ့ဘ၀မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရုန်းကန်ခဲ့ရတယ်လို့ ဆိုဖူးပါတယ်။

ဒေါ်ခင်နှင်းယုက ရန်ကုန်၊ ကျနော်တို့က မန္တလေးဆိုတော့ အနေဝေးလို့ တဦးနဲ့တဦး တွေ့ဖို့ ဆုံဖို့ ရင်းနှီးကျွမ်း ၀င်ဖို့ဆိုတာ မလွယ်ပါဘူး။ မတွေ့ဖူးပေမယ့် သူ့စာတွေဖတ်တုန်း စိတ်ထဲမှာ သိဟောင်းကျွမ်းဟောင်းလို ရင်းနှီးနေခဲ့ပါတယ်။ စသိတာကတော့ ဒေါ်ခင်နှင်းယု တက္ကသိုလ် ဆေးရုံတက်တုန်းကပါ။ ဘာရောဂါနဲ့မှန်းတော့ မသိပါဘူး။ ကဗျာဆရာ တင်မိုးနေတဲ့အိမ်နဲ့ ဆေးရုံ နီးပါတယ်။ ကျနော် တင်မိုးတို့ အိမ်ရောက်တုန်းမို့ ဆေးရုံကို သွားတွေ့ခဲ့ပါတယ်။ လူနာကုတင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စကားပြောပါတယ်။ မပြုံး မရယ်ပါဘူး။ မျက်လုံးပြူးပြီး အရောင်လက်တာကို သတိပြုမိခဲ့ပါတယ်။

ကိုဘဂျမ်း (တင်မိုး) က ၁၉၆၀ လောက်မှာ ကျနော်နဲ့အတူလာပြီး အိပ်စားနေလေ့ရှိပါတယ်။ မန်းတက္ကသိုလ်တက်နေတဲ့ ၁၉၆၀ လောက်ကပါ။ သူက သူ့ရည်းစားဆိုပြီး ဓာတ်ပုံငယ်လေးတပုံကို ပြတယ်။ ကျနော်က မကြည့်ဘဲနေတော့ ‘‘ဒေါ်ခင်နှင်းယုနဲ့ ဆင်တယ်’’ ဆိုတာနဲ့ ကြည့်လိုက်ပါတယ်။ နှစ်ယောက်လုံးကို လူကိုယ်တိုင်မြင်ရတော့ မျက်နှာပေါက်ချင်း ဆင်တူသလိုလိုပဲလို့ ထင်ပါတယ်။ တူတယ်လို့တော့ မပြောနိုင်ပါဘူး။ ကိုဘဂျမ်း (တင်မိုး) ကို ‘‘ကိုယ့်လူက ဒေါ်ခင်နှင်းယု မြင်ဖူးလို့လား’’ မေးလိုက်မိတော့ မြင်ဖူးသိကျွမ်းဖူးပုံကို ပြန်ပြောပြပါတယ်။ ဟုတ်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ ဖန်မီးအိမ်ကဗျာနဲ့ ကိုဘဂျမ်း စာပေဗိမာန်ဆုရတုန်းက ရန်ကုန်သွားပြီး ဆုယူရတယ်။ အဲ့ဒီတုန်းက ‘‘ထောင်ဆု’’ ပါ။ ငွေ တစ်ထောင်ပေးပါတယ်။ ရှုမ၀တိုက်မှာလဲ အမည်မဖော်လိုတဲ့ စာဖတ်သူတဦးက အနှစ်သက်ဆုံး ၀တ္ထုရေးဆရာတဦးနဲ့ ကဗျာစာဆိုတဦးအဖြစ် ‘‘ ဒေါ်ခင်နှင်းယု’’ နဲ့ ‘‘တင်မိုး’’ တို့ကို ရွေးချယ်ပြီး ဆုပေးပွဲလုပ်ဖူးပါတယ်။ အဲဒီအခါကလဲ တထောင်စီပဲ ဆုပေးပါတယ်။ အဲဒီတုန်းက ကိုဘဂျမ်း (တင်မိုး) က ဒေါ်ခင်နှင်းယုကို မြင်ဖူးခဲ့တာလို့ သိရပါတယ်။ ကျက်သရေရှိတယ်လို့ ပြောပါတယ်။

ကျနော် ရန်ကုန်ကို ၁၉၇၂ အပြီးပြန်လာတော့ ကမာရွတ်ထဲက မဂ္ဂီရပ်ကွက်ထဲမှာ နေပါတယ်။ ကျနော်တို့ ရပ်ကွက်ထိပ်က တိုက်ကြီးတလုံးမှာ မျက်စိဆေးရုံတခု ဖွင့်ထားပါတယ်။ ဒေါ်ခင်နှင်းယုက အဲဒီမှာ မျက်စိခွဲစိတ်ကုသဖို့ လာဖူးပါတယ်။ အဲဒီမှာလဲ ကျနော် သွားမေးဖူးပါတယ်။ နှစ်ခါလုံး တဦးတည်းသွားတာဆိုတော့ မိတ်ဆက်ပေးသူမပါဘဲ ကိုယ့်ဘာသာ မိတ်ဆက်ရတာကြောင့်လား မသိ၊ ဖော်ရွေရင်းနှီးမှု မရခဲ့ပါဘူး။ နောင်အခါ ဒေါ်ကလျာ၊ ဒေါ်ခင်ဆွေဦးတို့နဲ့ ဒေါ်ခင်နှင်းယုနဲ့ တစည်းတလုံး တပူးတွဲတွဲနေတာများလာတော့မှ ကျနော်နဲ့လဲ အတွေ့များပြီး ရင်းနှီးလာခဲ့ပါတယ်။ သုဝဏ္ဍထဲမှာ ၀ယ်ထားတဲ့ လုံးချင်းအိမ်လေးမှာ (ဒေါ်ကလျာနဲ့ မနီးမဝေး) မှာ မွေးနေ့လုပ်တော့ ဖိတ်ပါတယ်။

အထူးရင်းနှီးလာတာက အမေ လူထုဒေါ်အမာရဲ့မွေးနေ့တွေကို အတူတူသွားကြလာကြတော့မှ မောင်နှမတွေလို ရင်းနှီးလာခဲ့ကြတာဖြစ်ပါတယ်။ ဒေါ်ခင်နှင်းယုနဲ့ ရင်းနှီးခွင့်ရဖို့ဆိုတာ မလွယ်ပါလားလို့ ပြန်တွေးမိလို့ ဒါတွေ ပြန်ရေးမိတာပါ။ တခြားလူတွေနဲ့လည်းပဲ ဒီလိုပဲလား မသိပါ။ ဒါပေမယ့် ကျနော်မို့ ဒီလိုဖြစ်ရသလားလို့လဲ စဉ်းစားမိပါတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ မလုံမလဲဖြစ်မိတာပဲလား မသိပါ။ ကျနော်က သူ့စာတွေ ဝေဖန်ခဲ့ဖူးလို့များလားလို့ ထင်စရာပါပဲ။ ဒီလိုထင်ရရင်လဲ မမစုကို သဘောထားသေးသူအဖြစ် တွေးမြင်ရာကျပါတယ်။ အမှန်က ကြားလူမပါတာရယ်၊ ဆေးရုံမှာ လူမမာမေးသလို သွားမိတာရယ်ကြောင့်ပဲဖြစ်မယ် ထင်ပါတယ်။ ကျနော်ကတော့ စာပေဝေဖန်သူတဦး အနေနဲ့မဟုတ်ဘဲ စာဖတ်သူတဦးက ကိုယ်လေးစားချစ်ခင်တဲ့ စာရေးဆရာကို သွားရောက် မိတ်ဆက်တွေ့ဆုံတဲ့သဘောနဲ့ သွားတွေ့ခဲ့တာပါ။ ကျနော်က မမစုစာတွေကို နှစ်သက်လွန်းလို့ အားလုံး မလွတ်တမ်း ဖတ်ခဲ့တာပါ။ စာပေဝေဖန်ရေးအတွက်ကိုတော့ နှစ်သက်လို့ဖတ်ရတာမျိုးမဟုတ်ဘဲ ဝေဖန်ရေးအမြင်နဲ့ အားလုံးကိုဝေဖန်ရတာပါ။ မမစုရဲ့ ၀တ္တုတွေကို အစောဆုံးရေးခဲ့တဲ့ ဆောင်းတွင်းပန်း ကနေ ကလျာမဂ္ဂဇင်းမှာ အခန်းဆက်ရေးတဲ့ ‘‘မြကြာဖြူ’’ (၁၉၉၅) အထိ မနှစ်သက်တာရယ်ကို မမှတ်မိပါဘူး။ မွှေး၊ ပန်းပန်လျက်ပါ၊ စိမ်းသင့်မှ စိမ်း၊ ရေချိုကွင်း စတဲ့ဝတ္ထုရှည်များကို အမှတ်တရဖြစ်ရပါ တယ်။ မွှေးနဲ့ ပန်းပန်လျက်ပါတို့ကို ရုပ်ရှင်ရိုက်တော့လဲ စွဲစွဲလန်းလန်း အမှတ်တရ ဖြစ်နေမိပါတယ်။ ‘‘ပန်းပန်လျက်ပါ’’ ရုပ်ရှင်ကတော့ ၀တ္ထုက ခင်နှင်းယု၊ သရုပ်ဆောင်တွေက မြတ်လေး၊ ကောလိပ်ဂျင်နေ၀င်း၊ ကြည်ကြည်ဌေး၊ ကဗျာက ဇော်ဂျီ၊ အတီးက စန္ဒရားချစ်ဆွေ။ ထိပ်တန်းကောင်းတွေ စုသွားခဲ့တာဆိုတော့ ထူးထူးခြားခြား ကောင်းလှပါတယ်။ တခြားဝတ္တုတော်တော်များများကလဲ ရုပ်ရှင်ရော၊ ဗွီဒီယိုပါ ရိုက်ဖူးကြတာ များပါတယ်။ မြကြဖြူ ၀တ္ထု အမျိုးသားစာပေဆုရတာကိုလဲ ထူးထူးခြားခြား ကောင်းတဲ့ဝတ္ထုတို့ သတိရနေမိပါတယ်။ ငွေတာရီစာအုပ်ကနေ ၀တ္ထုတိုပေါင်းချုပ်တအုပ်လဲ ထွက်ဖူးတယ် ထင်ပါတယ်။ ဆုရတယ်လို့လဲ ထင်ပါတယ်။ အဲ့ဒါတော့ ခပ်မေ့မေ့ပါပဲ။

မမစုနဲ့ပတ်သက်ပြီး အထူးသတိရနေတာတခုက အလွန်အလုပ်ရှုပ်တဲ့ကြားထဲက ဘီအေဘွဲ့ ယူခဲ့တာပါ။ အဲဒီတုန်းက ၀န်ကြီးချုပ်အကိုကြီး ဦးနုရဲ့ အပါးတော်မြဲလုပ်နေတုန်းပဲနဲ့ တူပါတယ်။ ဖဆပလ အာဘော် ဂျာနယ်တစောင် တည်းဖြတ်ထုတ်ဝေနေရတယ်နဲ့ တူပါတယ်။ ဒီကြားထဲက ဘွဲ့ယူခဲ့ရာမှာ သမိုင်းကို အထူးပြုခဲ့ဖြစ်လို့ ရာဇ၀င်ဝတ္ထုတချို့ ရေးဖြစ်ခဲ့တယ် ထင်ပါတယ်။ သမိုင်းဆောင်းပါးတွေလဲ ရေးခဲ့ပါတယ်။ မမစုဟာ အကိုကြီး ဦးနုနဲ့ ခင်ပွန်း ဗိုလ်ချုပ်ကျော်သောင်းတို့ကြားမှာ နှမထွေးလေးလို နေခဲ့ရတော့ အထူးဂရုစိုက်တာတွေ ခံခဲ့ရပြီး အနေကျပ်ခဲ့ရဟန်လဲ တူပါတယ်။

ဒါပေမယ့် ခင်ပွန်းဖြစ်သူက အစောကြီး ကွယ်လွန်ခဲ့ရုံမက နိုင်ငံရေးအခြေအနေ ရှုပ်ထွေးတွေကြောင့် အကိုကြီး ဦးနုနဲ့လည်း အနီးကပ်မနေရတော့ သူ့ဘ၀မှာ အထီးကျန်ဆန်ခဲ့ပုံရပါတယ်။ အမေ လူထုဒေါ်အမာကတော့ ‘‘မုဆိုးမ ညီအစ်မ’’ အဖြစ် ဆွေမျိုးစပ်ပြီး ချစ်မဆုံး ခင်မဆုံး ဖြစ်နေခဲ့ပါတယ်။ ဒေါ်ကလျာ၊ ဒေါ်ခင်ဆွေဦး (ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့ရှာသူတဦး) တို့၏ ဦးဆောင်တဲ့ သန်းမြင့်အောင်၊ မိချမ်းဝေ စတဲ့ စာရေးဆရာမများအဖွဲ့က မခွဲမခွာတမ်း အနီးကပ် ဖက်လှဲတကင်းနေပေးကြလို့ မမစု ဘ၀နောက်ပိုင်းမှာ စိုပြေလန်းဆန်းခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ သူတို့က ကာယကံရှင် ခွင့်ပြုပြု မပြုပြု မွေးနေ့ပွဲတွေလဲ လုပ်ပေးကြပါတယ်။ တီးကြ မှုတ်ကြ၊ သီကြ ဆိုကြ၊ ကကြခုန် ကြနဲ့ ‘‘ပျော်တော်ဆက်’’ ခဲ့ကြတယ်လို့ ဆိုရပါမယ်။ သူတို့အားလုံးကလဲ ပျော်တတ်သူတွေချည်းပါ။

သုဝဏ္ဏက မမစုရဲ့အိမ်မှာလုပ်တဲ့ ‘‘ခင်နှင်းယု မွေးနေ့ပွဲ’’ တခုမှာ စာအုပ်တွေ မဲဖောက်ပေးတဲ့ ပျော်ရွှင်ပွဲလေးလဲ လုပ်တယ်။ စာပေမိသားစုတွေ ကြမ်းပြင်ပေါ်မှာ သင်ဖျူးတွေခင်းပြီး ဒူးတိုက်ပေါင်တိုက် ထိုင်ရင်း ဟေးလားဝါးလားလုပ်ကြတဲ့ ပွဲလေးပါ။ အားလုံး ရွှင်မြူးနေကြပါတယ်။ ကျနော် မဲနှိုက်တော့ ဗလာမဲပါ။ ဒါပေမယ့် ကျနော်လိုချင်တဲ့ စာအုပ်အမည်ကိုအော်ဟစ်ပြီး မဲမပေါက်ပဲ ရယူခဲ့ပါတယ်။ ဒီလို ကျနော် နောက်တောက်တောက်လုပ်ခဲ့တာကို မမစုတို့ သိလိုက်ပုံမရပါ။ ကျနော့်ကို နောက်တတ်မယ် မထင်လို့လဲ ဖြစ်နိုင်ပါတယ်။ မသိယောင်ဆောင်တာလဲ ဖြစ်နိုင်ပါတယ်။

ကျနော် လိမ်ယူခဲ့တဲ့စာအုပ်က မွန်ဘာသာကနေ မြန်မာလို တိုက်ရိုက်ပြန်ဆိုထားတဲ့ ‘‘ရာဇာဓိရာဇ် အရေးတော်ပုံ’’ ကျမ်း စာအုပ်ကြီးပါ။ မူရင်း ရေးသူ ဗညားဒလ၊ ဘာသာပြန်သူက နိုင်ပန်းလှပါ။ ဂျပန်ပြည်က တက္ကသိုလ်တခုမှာ မွန်စာပို့ချနေရာက ပြန်လာပြီဖြစ်တဲ့ နိုင်ပန်းလှလဲ မွေးနေ့ပွဲမှာ ပါဝင်ပါတယ်။ သူ့စာအုပ်ကို ဒေါ်ခင်နှင်းယုရဲ့ စာအုပ်တွေနဲ့ရောပြီး မဲဖောက်ပေးဖို့ လှူတာပါ။

နိုင်ပန်းလှ ဂျပန်မှာနေတုန်းက အမေလူထုဒေါ်အမာ ရုပ်ရှင်မင်းသမီး အဆိုတော် ဒေါ်မေရှင်နဲ့ ဒေါ်ခင်နှင်းယုတို့ကို ငွေတသိန်းစီပေးပို့ပြီး ဂုဏ်ပြုပူဇော်ရင်း ဖုန်းဆက်လေ့ရှိတယ်။ ဖုန်းဆက်တာကတော့ တခါခါလာ၊ အကြာကြီး စကားပြောလေ့ရှိသတဲ့။ အမေ လူထုဒေါ်အမာက ‘‘ဆရာရေ ခုလို သတိတရရှိတာ ၀မ်းသာပါရဲ့။ ဒါပေမယ့် အကြာကြီး စကားမပြောပါနဲ့’’ လို့ မေတ္တာရပ်ခံခဲ့ရဖူးသတဲ့။ ဒေါ်ခင်နှင်းယု မန္တလေး လာတော့လဲ ‘‘မစုရေ ညည်းလဲ ကိုနိုင် ကိုနိုင်နဲ့ သိပ်ပြီး သည်းခံမနေနဲ့နော’’လို့ သတိပေးဖူးကြောင်း ကျနော့်ကို ရယ်ရယ်မောမော ပြောဖူးပါတယ်။ မွန်ပဏ္ဍိတ် နိုင်ပန်းလှက ဒီအမျိုးသမီးကြီးတွေကို သူ ငယ်စဉ်ကတည်းက ခင်မင်ချင်ခဲ့တာ၊ ခုမှ ခင်မင်ခွင့်ရလို့ အားပါးတရ စကားပြောတာလို့ ဆိုဖူးကြောင်းကိုလဲ ကြားရဖူးပါတယ်။ ဂျပန်က ပြန်လာတော့ ဒေါ်ခင်နှင်းယုနဲ့ လူကိုယ်တိုင်တွေ့ပြီး အကျွမ်းတ၀င်နေပါတယ်။ မွေးနေ့မှာတော့ လူရော၊ စာအုပ်တွေပါကူညီလို့ သူ့စာအုပ် ရောပါနေတာပါ။ သူ့စာအုပ်ကိုတော့ ကျနော် မဖတ်ရ၊ မ၀ယ်ရသေးလို့ ပျော်ပျော်ပါးပါးနဲ့ ‘‘လိမ်’’ ယူခဲ့တာပါ။

မမစုက ၂၀၀၃ ခုနှစ်၊ အသက် (၇၈) နှစ်မှာကွယ်လွန်တော့ အဝေးက မောင်နှမတွေအနေနဲ့ ကျနော်တို့လဲ ၀မ်းနည်းကြေကွဲကြရပါတယ်။ မမစု အသက် (၈၀) ပြည့်အထိမ်းအမှတ်ကိုတော့ မန္တလေး၊ တောင်သမန် အင်းစောင်း ဦးပညာဇောတရဲ့ တောင်လေးလုံးကမ်းမှာ အမှတ်တရပွဲ တခုပြုလုပ်ခဲ့ကြတော့ ရန်ကုန်က စာပေညီမတွေလဲ တစုတဝေး ရောက်လာကြသတဲ့။ စာတမ်းဖတ်ကြ၊ ဟောကြ၊ ပြောကြလဲ လုပ်ကြသေးကြောင်း သိရပါတယ်။

မမစုဟာ ဗိုလ်မှူးကတော်ဖြစ်ပေမယ့် အနုပညာရှင်ပီပီ စစ်ဝါဒီအာဏာရှင်တွေကို ဆန့်ကျင်သူ၊ ဒီမိုကရေစီပြယုဂ်တဦးပါ။ ဒါကြောင့် အမေ လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲတွေကို ဦးဆောင်ဆင်နွှဲနေခဲ့တာပါ။ မမစုရာပြည့်ပွဲကိုတော့ ကျနော်တို့အဝေးရောက်တွေပါ ပါဝင်ဆင်နွှဲခွင့် ကြုံရပါစေလို့ ကြိုတင် ဆုတောင်းလျက်ရှိပါကြောင်း။

 

 
Leave a comment

Posted by on May 30, 2011 in Maung Swan Yi, Memories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: