RSS

Maung Lwan Ni – Sugar coated troubles (10)

30 May

ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၀

မောင်လွမ်းဏီ

မေ ၃၁၊ ၂၀၁၁

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ကောက်နံ့လှိုင်နေတဲ့ ရိုးပြတ်ခင်းတွေရဲ့ ညီညာပြန့်ပြူးတဲ့ ကွင်းပြောင်ကြီးတွေထဲမှာ ကောက်ရိုးပုံကြီးတွေက ဟီးထမို့မောက်နေတာ တွေ့မြင်နိုင်ပါတယ်။ ရိုးပြတ်လယ်ကွင်းတွေက တမျှော်တခေါ် မျက်စေ့တဆုံး၊ ဟို့အဝေးမှာက ဆောင်းမြူလွှမ်းခြုံနေတဲ့ တောင်တန်းမှိုင်းမှိုင်း။ ပြောက်တိပြောက်ကျား ဆောက်လုပ်ထားတဲ့ လူနေတိုက်တာ ဖြူဖြူမြင့်မြင့်တွေနဲ့ အုတ်မိုးနီညိုရောင်တွေက ရိုးပြတ်ကွင်းတွေရဲ့ မနီးမဝေးတွေမှာ ထီးထီးမားမား။ ဆရာ ဒဂုန်တာရာ ရေးသားဖွဲ့သီခဲ့ဖူးတဲ့ စက်ရုံကျေးလက်ကဗျာ ရုပ်ပုံလွှာကို ပြန်ပြောင်းခံစားရမိသလိုပါပဲ။

ခြောက်သွေ့တင်းမာနေတဲ့ လယ်ကန်သင်းရိုးဘေးက ယာယီကားလမ်းလေးကတော့ ကောက်ကောက်ကွေ့ကွေ့နဲ့ပေါ့။ ကားလမ်းဆိုပေမယ့် ခါတော်မီ ထော်လာဂျီလမ်းလေးလို့ပြောရင် ရပါလိမ့်မယ်။ ခြွေထားတဲ့ စပါးပုံတွေကို အမိုးအကာအောက်ရောက်အောင်  ထော်လာဂျီကားလေးတွေက သယ်ဆောင်မောင်းနှင်တဲ့ လမ်းကလေးမဟုတ်လား။

အသက် ၂၀ အရွယ် လူငယ် ၅ ယောက်နဲ့ ၁၀ နှစ် ၁၂ အရွယ် ကလေး ၅ ယောက်အသိုက်နဲ့ ဒီကားလမ်းလေးအတိုင်း သူတို့ခေါ်ရာ ကျွန်တော် လိုက်လာခဲ့တာပါ။ ပူပြင်းတောက်လောင်နေတဲ့ နေရောင်အောက်မှာ သူတို့သွားမယ့်နေရာက တမိုင်ကျော် ၂ မိုင်လောက်ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ငယ်သူတို့ခေါင်းပေါ်မှာက ဆန်အိတ်ခွံကိုယ်စီ ခေါင်းစောင်းထားကြပါတယ်။ လူငယ်တချို့ကတော့ မန်ချက်စတာယူနိုက်တက် ဘော်လုံးတံဆိပ်ပါ ဦးထုပ်နဲ့ ဟစ်ဟော့အဆိုတော်လူငယ်တွေ စောင်းတဲ့ ဦးထုပ်မျိုးကို ခေါင်းမှာ ဆင်ယင်ထားကြပါတယ်။

ပူလောင်နေပေမယ့် သူတို့ကတော့ နဖူးက ချွေးကလေးတွေကို လက်မောင်းလေးနဲ့ တို့သုတ်လိုက်၊ စကားလေးတွေ ပြောလိုက်။ သူတို့ပြောပြတဲ့ စကားလေးတွေကိုလည်း ကျွန်တော့်လက်ဖဝါးတွေပေါ်ကို တေးမှတ် ရေးခြစ်နေရတာပေါ့။ တယောက်ပြီးတယောက် ပြောနေတဲ့ ရောက်တော့မှာပါဆိုတဲ့ စကားက လူစေ့လောက်ပါပြီ။ ပန်းတိုင်က ရှေ့တခေါ် အော်တိုင်းဝေးလို့ ဆိုရလေမလား။ သူတို့အသိုက်က ၁၀ ယောက်။ ပျော်ရွှင်တက်ကြွနေကြပုံက တယောက်ကိုတယောက် ကော်ပီကူးထားသလား မှတ်ရတယ်။

“ဒီနှစ် စပါး တအားထွက်တယ်။ ကျွန်တော်တို့လည်း အဖေတို့ အမေတို့နဲ့ စပါးရိတ်လိုက်ကြတာပေါ့။ ကျွန်တော်တို့က ကျောင်းနေကြတော့ ကျောင်းပိတ်ရက်ပဲ လိုက်တယ်။ တချို့သူငယ်ချင်းတွေက နေ့တိုင်း လိုက်သွားကြတယ်”။

သူတို့လေးတွေက မြန်မာပြည်က လာရောက်လုပ်ကိုင်ကြတဲ့သူတွေလို နေ့စား စပါးလိုက်ရိတ်ကြသူတွေ မဟုတ်ပါဘူး။ ဒီနှစ်က တံတားပိတ်တာ၊ ဂိတ်ပိတ်တာတွေအပြင် တိုက်ပွဲတွေ ဖြစ်နေလို့ လာလုပ်ကိုင်သူတွေ နည်းတယ်လေ။ မဲဆောက်ပတ်ဝန်းကျင်က ကျဘမ်း ပျံကျမိသားစုတွေ အများစုပဲ တနင့်တပိုး လုပ်ကိုင်ကြတယ်လို့ ပြောရမှာပေါ့။ ဒီနှစ်က စပါးအငှားရိတ်လိုက်သူတွေနည်းတော့ နေ့စားခ ပိုပေးပြီး လယ်ရှင်သူဌေးတွေက အပြိုင်အဆိုင်ခေါ်ကြတဲ့နှစ်ပေါ့။ တချို့လယ်ရှင်တွေက ၁၅၀ ဘတ် အထိပေးပြီး တချို့လယ်ရှင်တွေကတော့ ၁၇၀ ထိပေးကြတယ်လေ။

ဒါပေမယ့် မဲဆောက် ပတ်ဝန်းကျင်၊ တတ်ခ်ခရိုင်အတွင်း နေရာချင်း ဒေသချင်း လယ်ရှင် သူဌေးချင်း ပေးကြရကြတဲ့ ဈေးနှုန်းက မတူကြပါဘူး။ ခါတိုင်းနှစ်တွေက တဧကကို ပုတ်ပြတ်ရိတ်ရင် ၁၅၀၀ ပေးတာ ကနေ ဒီနှစ်တော့ ၂၀၀၀ အထိ ဈေးမြင့်ပေးကြတယ်။ တံဇဉ်ငှားခကတော့ မတက်ပါဘူး။ ခါတိုင်းနှစ်တွေလိုပဲ တလက် ၅ ဘတ်ပဲလေ။ လယ်ရှင်တွေက အခါမဲ့မိုးဘေးဒဏ်ကိုလည်း စိုးရိမ်ကြတော့ မြန်မြန်ရိတ်သိမ်းပြီး၊ မြန်မြန်ဂိုထောင်ထဲသွင်း၊ မြန်မြန် စပါးကြိတ်ခွဲနိုင်မှ ဆန်ဈေးကွက်မှာ မြန်မြန်ငွေပေါ်မှာ မဟုတ်လား။ အထူးသဖြင့် ထိုင်းနိုင်ငံက ဆန်အရည်အသွေးနဲ့ ဆန်တင်ပို့မှုက ကမ္ဘာ့တန်းဝင်နိုင်ငံဖြစ်နေတာရယ်၊ ဆန်ကိုလည်း အဓိက စိုက်ပျိုးသီးနှံအဖြစ် သတ်မှတ်စိုက်ပျိုးကြတာကိုး။

စပါးရိတ်သိမ်းတဲ့လုပ်ငန်းက ပြီးစီးတာ သီတင်း ၂ ပတ်တောင် ကျော်ခဲ့ပါပြီ။ သူတို့အသိုက်မှာ လူငယ်တွေက စပါးထမ်းသွားကြမယ့်သူတွေဖြစ်ပြီး၊ ကလေးငယ်တွေက စပါး ကောက်သင်းကောက် လိုက်လာကြတာပါ။ အပိုအရံလုပ်ကြမှာကတော့ မနေ့က ထောင်ထားတဲ့ ကြွက်ထောင်ခြောက်တွေကို ကြွက်မိ မမိ လိုက်ဖော်ကြမှာပါ။ ကြွက်ဈေးကွက်မရှိပေမယ့် အိမ်ဟင်းစားအဖြစ် ကြွက်ထောင်ကြတာ ဆိုပါတော့။ စပါးအိတ်ထမ်းတဲ့အလုပ်က နေ့စားအလုပ်ပါပဲ။ စပါးရိတ်ခလိုတော့ မရပါဘူး။ ၁၃၀ ပဲ ရတာလေ။ ချွေထားတဲ့ စပါးပုံကြီးတွေက စပါးတွေကို အိတ်တွေမှာထည့်ပြီး ထော်လာဂျီပေါ် ထမ်းတင်ပေးရတဲ့ အလုပ်ပါ။ တချို့လယ်ရှင်တွေတော့ ပစ်ကပ်ကားတွေ၊ ဒိုင်နာကားတွေ သုံးတဲ့လူလည်း သုံးတယ်ပေါ့။ ဒါပေမယ့် ဒီအလုပ်က သစ်မရောက်ခင် ဝါးကူဆိုတဲ့ စကားလိုပဲ အလုပ်တခု ရှာမရခင် ရတဲ့အလုပ်ကို ရှာလုပ်ရတဲ့ သဘောလို့ပဲ ပြောရမှာပါ။ အလုပ်ကလည်း လူအင်အားများရင် များသလောက် မြန်မြန်ပြီးစီးတဲ့အလုပ် မဟုတ်လား။ တင်း ၅၀၀၊ ၆၀၀ စပါးပုံဟာ တခါတလေ မွန်းမလွဲခင် ပြောင်တလင်းခါသွားတတ်ပါတယ်။

“သားတို့က စပါးပုံကြီး မြန်မြန်ကုန်အောင် သယ်သွားတာကို ကြိုက်တယ်။ စပါးပုံကြီး မကုန်မချင်း ရိုးပြတ်ခင်းထဲမှာ စပါးစေ့ကောက်ရတာ တအားခက်တယ်၊ တစေ့ချင်း တခက်ချင်း ကောက်ရတာ၊ ကုန်ဆုံး ပျောက်ကွယ်သွားတဲ့ စပါးပုံကြီးနားမှာ ကောက်ရတာက စပါးတွေ အများကြီး လွယ်လွယ်ကောက်လို့ ရတယ်လေ” လို့ပြောပြနေတဲ့ ကလေးတွေရဲ့ ကောက်သင်းကောက်တေးသံက လယ်ကွင်းရိုးပြတ်တောမှာ လွင့်မျော ဝေစီနေသလို လူငယ်တွေရဲ့ ကျောပြင်ထက်က ဒုက္ခချွေးစီးတွေထဲမှာ ပီတိပျားရည်စက်တွေ တစက်ချင်း တပွင့်ချင်း စီးဆင်းဖြန်းပက်နေတာ မြင်ယောင်မိရင်တော့ နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကိုပဲ ပြောရမှာပဲမဟုတ်ပါလားခင်ဗျာ။

 

မောင်လွမ်းဏီ

၈-၁၂-၂၀၁၀

 

မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese

သရုပ်ဖော် – မောင်မောင်တင်

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: