RSS

Maung Yit – Internet Activism in Burma and Challenges

31 May


မြန်မာပြည်က အင်တာနက်ထကြွ လှုံ့ဆော်မှု နဲ့ စိန်ခေါ်မှုများ

မောင်ရစ်

မေ ၃၁၊ ၂၀၁၁

(သတင်းအင်တာဗျူးတခုအတွက် ပြင်ဆက်ထားတဲ့ အင်္ဂလိပ်ဘာသာစာတန်းကို မြန်မာဘာသာအဖြစ် ပြန်လည်တင်ဆက်လိုက်ပါတယ်)

 မြန်မာပြည်မိတ်ဆက်

မြန်မာပြည်ဟာ လူဦးရေ ၅၆ သန်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်နဲ့ အဖိနှိပ်ဆုံး၊ အနှိပ်စက်ဆုံးနဲ့ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့နည်းကို ကိုင်စွဲပြီးတော့ မိမိယုံကြည်ချက်တွေကို ဖော်ထုတ်ခြင်း၊ ကျင့်ကြံခြင်းတို့တွေ ဆောင်ရွက်တဲ့ဆီမှာ စစ်အာဏာပိုင်တွေနဲ့ သဘောထားခြင်း မတူညီတာနဲ့တင်ကို ထောင်ချတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ အစီရင်ခံစာများရဲ့ ထုတ်ပြန်ချက်များအရ မြန်မာပြည်ဟာ ကမ္ဘာမှာ စာနယ်ဇင်း လွတ်လပ်ခွင့် အနိမ့်ဆုံးတိုင်းပြည် ဖြစ်တယ်။ ကမ္ဘာမှာ ဘလော့ဂါတွေ၊ စာနယ်ဇင်းသမားတွေကို ထောင်အချဆုံး တိုင်းပြည်ဖြစ်ပါတယ်။

ဥပမာအားဖြင့် – ကိုနေဖုန်းလတ်ကို ၂၀၀၈ ကတည်းက ထောင် ၁၂ နှစ်၊ ကိုသက်ဇော်ကို ၂၀၀၇ ကတည်း ထောင် ၆၅ နှစ်၊ ကိုဇာဂနာ ၂၀၀၈ ထောင် ၃၅ နှစ်၊ ကိုသားကြီးမောင်ဇေယျနဲ့ သား စည်သူဇေယျ ၂၀၁၀ ခုနှစ်၊ ထောင် ၁၃ နှစ်နဲ့ ၈ နှစ် အသီးသီး ပြီးတော့ ကိုနေမျိုးဇင်၊ ၂၀၁၁ မှာ ဖမ်းဆီးချုပ်နှောင်ခံရဆဲ ထောင်မချသေးတို့ ဖြစ်ပါတယ်။

စရိတ်နဲ့ ဂဏန်းများ

မြန်မာပြည်ကို တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဆက်သွယ်ရေးဆိုင်ရာ စရိတ် နဲ့ ဝန်ဆောင်မှု ဈေးအကြီးဆုံးနဲ့ အရှားပါးဆုံးဖြစ်တယ်။ လက်ကိုင်ဖုန်းတလုံးကို အမေရိကန်ဒေါ်လာ ၇၅၀ ကနေ ၃၀၀၀ ပေးရတယ်။ တမိနစ်ကို အမေရိကန်ဒေါ်လာ ၅ ပြားနှုန်းပေးပြီး ပြောရတယ်။ မြန်မာပြည်က သာမန် လက်လုပ်လက်စားတဦးရဲ့ လခဆိုတာက အမေရိကန်ဒေါ်လာ ၅၀ ကနေ ၁၀၀ လောက်ပဲ ရှိတယ်။ အင်တာနက် အကောင့်တခုလိုချင်ရင် ဒေါ်လာ ၈၀၀ ပေးပြီး လျှောက်ရတယ်။ တလကို ဒေါ်လာ ၃၀ ပေးဆောင်ရတယ်။ ဒါတောင်မှ ထောက်လှမ်းရေးက နိုင်ငံရေးကင်းရှင်းကြောင်း စစ်ဆေးပြီးမှ အင်တာနက်လိုင်းရတာ ဖြစ်ပါတယ်။ ပြီးရင်လည်း အင်တာနက်ကနေပြီး စစ်အစိုးရကို ဆန့်ကျင်တာတွေ မလုပ်ပါဘူးလို့ ခံဝန်ချက်ကို လက်မှတ်ထိုးပေးထားရပါသေးတယ်။ အင်တာနက်ဆိုင်တွေမှာ ကွန်ပျူတာသုံးရင် တနာရီကို အမေရိကန်ဒေါ်လာ ပြား ၅၀ ပေးရတယ်။ ပြီးတော့ အမြန်နှုန်းကလည်း ဟိုးခေတ်က မိုဒန် ၅၆ ကေဘီပီစက်နှုန်းနဲ့ ပြီးတော့ ပိတ်ဆို့တားဆီး ခြိမ်းခြောက်ထားတာတွေကို ကျော်ဖြတ်ပြီးမှ သုံးကြရတာ ဖြစ်ပါတယ်။

သည်လိုမျိုး စရိတ်တွေ မည်မျှ ကြီးမား ခက်ခဲပါစေ၊ မည်မျှ နှေးကွေး ပိတ်ဆို့နေပါစေ၊ မြေအောက်လိုဏ်ခေါင်းလို ပရော့ဆီတွေနဲ့ တွားသွားချီတက်ပြီး အပြင်လောကအစစ်ကြီးကို အင်တာနက်အစစ်ကြီးကနေ အရောက်သွားပြီး ကြည့်ရှုခံစားရတယ်ဆိုတာဟာ အမည်မဖော်လိုတဲ့ ပြည်သူ့စာနယ်ဇင်းသမားတွေ၊ အညတြ ဘလော့ဂါတွေအတွက် နေ့စဉ် ထိုက်တန် အဖိုးမဖြတ်နိုင်တဲ့ စွန့်စားခန်း ဖြစ်တယ်။ ဆုလာဘ် ဖြစ်တယ်။ ဦးရေ ၅ သိန်းလောက်ရှိတဲ့ မြန်မာပြည်က အင်တာနက်သုံးစွဲသူတွေထဲမှာ ဘလော့ဂါနဲ့ အင်တာနက်သူပုန် ဆိုလို့ ထောင်ဂဏန်းပဲ ရှိပါတယ်။ သူတို့တတွေဟာ အင်မတန် စွန့်စားပြီးတော့မှာ သူတို့ဆီက သတင်းတွေ၊ လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်မှာ တင်ဆက်နေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်တွေက ၂၀ ကနေ ၄၀ လောက် ရှိကြတယ်လို့ ပြောနိုင်ပါတယ်။

ထကြွလှုံဆော်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ

သူတို့တွေထံကနေ သတင်းတွေ၊ အမြင်တွေ၊ လှုပ်ရှားမှုတွေကို အင်တာနက်အပေါ်ကို အရောက်ပို့ကြတဲ့နေရာမှာ မည်မျှခက်ခဲပါစေ အန္တရာယ်များပါစေ၊ သူတို့တွေ (ပြည်သူ့သတင်းသမားတွေနဲ့ ဘလော့ဂါတွေ) ဟာ နေ့စဉ် စာပေါင်း ၁၀၀ ကျော်ကို အီးမေးလ်တွေ၊ တွိတာတွေ၊ ဖေ့စ်ဘွတ်တွေကနေ အရောက်ပို့နေကြတာ ဖြစ်ပါတယ်။ ဒါတွေအားလုံးကို ပြည်ပမှာရှိနေတဲ့ အနောက်အုပ်စုရဲ့ မြန်မာပိုင်းဆိုင်ရာ ရေဒီယိုသတင်းဌာနတွေ၊ မြန်မာပြည် မဲဇာရောက် ဒီမိုကရေစီရေး လှုံ့ဆော်သူ မြန်မာ အင်တာနက်ဝက်ဆိုက်တွေ၊ တီဗွီစတေရှင် (ဒီဗွီဘီ) တွေက လိုက်လံကောက်ယူ ရှာဖွေစုဆောင်းပြီးတော့ သတင်းတွေ၊ ပြန်ကြားချက်တွေအဖြစ် သုံးစွဲကြ ပြန်လည် ဖြန့်ချိကြပါတော့တယ်။

ပြည်ပက မီဒီယာတွေက ပြန်လည်ရည်ညွှန်းတာ၊ ပြန်လည် ထုတ်ပြန်တာတွေဟာ မြန်မာပြည်တွင်းကို လေလှိုင်းကနေတဆင့် ဝက်ဘ်ဆိုက်ဆောင်းပါးတွေအဖြစ်၊ အီးမေးသတင်းလွှာတွေ ကနေတဆင့် ပြန်လည် ချင်းနင်းဝင်ရောက်သွားပါတယ်။ ဒါတွေကို သတင်းတွေ အမှန်တရားတွေ ဆာလောင်နေသူ မြန်မာပရိသတ်တွေက ဝမ်းသာအားရ စားသုံးဖြန့်ချိ မျှဝေကြပြန်ပါတယ်။ ဒီလိုမျိုး သတင်းတွေ အာဘော်တွေ ပြန့်နှံ့သွားတဲ့ဂယက်တွေ၊ ကြေးမုံတွေကိုကြည့်ပြီး ကြားပြီး မြန်မာပြည်တွင်းက ပြည်သူသတင်းသမားတွေ၊ ဘလော့ဂါတွေဟာ အနာဂတ်အတွက် အင်အားတွေဖြစ်ကြရပါတယ်။ နောက်တနေ့ကို ဆက်လက် တိုက်ပွဲဝင်ဖို့ ဆက်လက်ချီတက်ရန် ခွန်အားပီတိတွေ ဖြစ်ကြရပါတယ်။

အမှတ်တရ ထုတ်ပြစရာ အရေးအခင်းများ

၂၀၀၇ သံဃာ့အရေးအခင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းရဲ့ဖြစ်ရပ်မှန် မြင်ကွင်းတွေဟာ ဘလော့ဂါတွေ ပြည်သူ့သတင်းသမားတွေဆီက အများဆုံးထုတ်ပြန်တာ ဖြစ်ပါတယ်။ အဲသည်လို ဖြန့်ချိခဲ့လို့ သူတို့တွေကို စစ်အစိုးရက ဖမ်းဆီးပြီးတော့ ထောင် အနှစ် ၃၀ ကနေ ၆၀ ကျော်ချပြီး နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တတွေရဲ့ ကိုယ်ကျိုးမဖက်တဲ့ ကိုယ့်အားကိုယ်ကိုး သတင်းလုပ်ငန်းတွေဟာ ရပ်ဆိုင်း ကန့်သတ်ခြင်းငှာ မတတ်စွမ်းသာပါဘူး၊

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ် အင်းစိန်ထောင်ထဲမှာ မတရားခုံရုံးထုတ်စဉ်က၎င်း၊ ၂၀၁၀ မှာ စစ်အစိုးရရဲ့ တဖက်သတ် ဒီမိုကရေစီနည်းလမ်းမကျတဲ့ ရွေးကောက်ပွဲကို သက်သေများ ကြပ်မတ်သူများမရှိဘဲ ကျင်းပစဉ်တုန်းက၎င်း၊ ၂၀၁၁ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်စဉ်က၎င်း အဆိုပါ ပြည်သူ့သတင်းသမားတွေ၊ ဘလော့ဂါတွေက သူတို့တတ်စွမ်းသလောက်၊ လက်လှမ်းမီသလောက် ပြည်သူတွေကို ကမ္ဘာကို သတင်းပို့ အကြောင်းကြားခဲ့ကြသူတွေ ဖြစ်ပါတယ်။

(တခြားပြစရာ ဥပမာများ – သဘာဝဘေးဒဏ်ခံစားရတဲ့ နေရာဒေသတွေက ဖြစ်ရပ်တွေကို သူတို့တွေက သတင်းမှောင်ချထားတဲ့ စစ်အစိုးရလက်အောက်ကနေ အရောက်ပို့ပေးခဲ့ကြတာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ၊ လက်မှတ်ထိုး ကင်ပိန်းတွေကိုလည်း သူတို့တွေပဲ စိုက်လိုက်မတ်တပ် ကိုယ့်အသိနဲ့ကိုယ် သတင်းတွေပေးနေကြတာ ဖြစ်ပါတယ်)

ကြားခံကိရိယာများအကြောင်း

အပြင်လောကကြီးဖက်က ကြည့်ရင်တော့ အင်တာနက်ဆိုတာ အခမဲ့ ဖြစ်တယ်။ ဈေးနှုန်း ချိုသာတယ်။ ကျနော်တို့အတွက်ကတော့ အလွန်ဈေးကြီးပြီး အန္တရာယ် အရမ်းများတယ်။ ကျနော်တို့ကို ထောင်ဒဏ်တွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို ပေးစေတယ်။ ရပ်ဝေးက ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြင်းထန်ကြမ်းတမ်းတဲ့ ရာသီဥတုတွေ အခြေအနေတွေက တတိတိနဲ့ သတ်နေတယ်။ ဒါပေမယ့် အင်တာနက်ရဲ့ လျှို့ဝှက်ဥမင်လှိုင်ခေါင်းပေါက်က တဆင့်ဝင်လာတဲ့ အလင်းရောင်မှာ လွတ်လပ်မှုနဲ့ ပွင့်လင်းမှုတွေရဲ့ တန်ဖိုးတွေ အရသာတွေကို ကျနော်တို့က ခံစားသိရှိလိုက်ပြီဖြစ်တဲ့အတွက် ကျနော်တို့တွေက နောက်ဆုတ်တော့မှာ မဟုတ်ဘူး။ ပြီးတော့လည်း ပြင်ပကမ္ဘာကြီးကိုယ်တိုင်က ကျနော်တို့ ပို့ဆောင်လိုက်မယ့် သတင်းတွေ၊ အာဘော်တွေ၊ လှုပ်ရှားမှုတွေကို အင်တာနက် ပြတင်းဟိုဘက်ကနေ စောင့်မျှော်နေမယ်၊ စောင့်ကြည့်နေမယ်၊ ဆက်လက် ဖြန့်ချိနေမယ်ဆိုတာကိုလည်း ကျနော်တို့က သေသေချာချာကြီး သိရှိနေပြီ ဖြစ်ပါတယ်။

နည်းပညာက ကျနော်တို့ဘက်မှာ ရှိနေတယ်။ နည်းပညာရဲ့ ကိရိယာတန်ဆာပလာတွေကလည်း အခမဲ့တွေ ဖြစ်တယ်။ ဒါတွေက ပြင်ပကမ္ဘာကြီးက ကျနော်တို့ဆီ အခမဲ့ အရောက်ပို့ပေးနေတယ်။ ကျနော်တို့ဘက်မှာ ဂူးဂဲတွေ၊ ဖေ့စ်ဘွတ်တွေ၊ တွိတာတွေ ရှိနေတယ်။ ပြည်ပက ဒီမိုကရေစီရေး ဝက်ဆိုက်တွေ၊ သတင်းဌာနတွေကို စစ်အုပ်စုက ဘယ်လိုပဲ တားမြစ် ပိတ်ပင် နှောင့်နှေးအောင် လုပ်နေပါစေ၊ ကျနော်တို့ဆီမှာ အမည်မဖော်ဘဲ ဖြန့်ဝေနေတဲ့ ဥမင်လှိုင်ခေါင်း ပရော့ဆီတွေ၊ လျှို့ဝှက်လမ်းကြောင်းတွေ ရှိနေတယ်။ အဲသည်ကနေတဆင့် ကျနော်တို့က မြန်မာ့အရေးကို သတင်းပို့ကြမယ်၊ စည်းရုံးလှုံ့ဆော်ကြမယ် ဖြစ်တယ်။ အခုဆိုရင် ကျနော်တို့ဆီမှာ လက်ကိုင်ဖုန်းတွေထဲမှာ အင်တာနက်သုံးနိုင်တဲ့ စမတ်ဖုန်းတွေ လာနေပြီ။ စမ်းသပ်သုံးစွဲနေကြပြီ ဖြစ်တယ်။

စိန်ခေါ်မှုများ၊ အခက်အခဲများ

သတင်းတွေရသလောက်ကတော့ စစ်အုပ်စုဟာ မြန်မာပြည်မှာ အင်တာနက်ကို ၂ မျိုး ခွဲထားလိုက်တယ်။ တခုကတော့ အမြန်နှုန်းမြင့်ပြီး အတားအဆီးမရှိတဲ့ နေပြည်တော် အင်တာနက်၊ နောက်တခုကတော့ အမြန်နှုန်းကန့်သတ်ထားပြီး အတားအဆီးတွေ အပြည့်တတ်ထားတဲ့ ရတနာပုံ အင်တာနက်တို့ ဖြစ်ပါတယ်။ ပြီးတော့ ရတနာပုံ အင်တာနက်မှာက အကယ်၍ ဟိုတုန်းကလိုမျိုး အုံကြွမှုတွေဖြစ်လာရင် သတင်းတွေ အမှောင်ချ ဖြတ်တောက်နိုင်ဖို့ ပိတ်တဲ့ခလုတ်လည်း ပါသေးတယ်လို့ ဆိုပါတယ်။

ရတနာပုံအင်တာနက်ဆိုတာက ကျနော်တို့ မြန်မာပြည်သူအများစု သုံးဖို့ဖြစ်ပြီးတော့ ဖိုင်ဘာအော့ပတစ်နဲ့ စင်္ကာပူ၊ မလေးရှားဆက်ကြောင်း လို့ ပြောပါတယ်။ နေပြည်တော် အင်တာနက် ဆိုတာက သူတို့စစ်အုပ်စုသီးသန့် သုံးစွဲဖို့ဖြစ်ပြီးတော့ တရုတ်၊ အိန္ဒိယတို့နဲ့ ဖိုင်ဘာဆက်ကြောင်း ထားတယ်လို့ သိရပါတယ်။

တခြားနိုင်ငံတကာက ဘလော့ဂါတွေနဲ့ ဆက်သွယ်ကြဖို့

တရုတ်၊ ထိုင်းနဲ့ အာရှတိုင်းပြည်တွေက ရဲဘော် ဘလော့ဂါတွေရဲ့ အင်တာနက် အုံကြွမှုတွေတင်သာမက  အရှေ့အလယ်ပိုင်းနဲ့ အာရပ်၊ အာဖရိကနိုင်ငံက အင်တာနက်လှုပ်ရှားမှုတွေကို ကြည့်ပြီး ကြားပြီးတော့ အားတက်ကြရတာ၊ အားရှိကြရတာတွ ရှိပါတယ်။ ကမ္ဘာကြီးမှာ ငါတို့တွေချည်း အထီးကျန်မဟုတ်ဘူးဆိုတာ သိလာကြတယ်။ ကမ္ဘာကြီးကို ကျနော်တို့အမြင်ဟာ တခြားလူငယ်တွေ မျိုးဆက်သစ်တွေနဲ့ ထပ်တူ ဒိုးယိုပေါက် အမြင်ဖြစ်လာကြပြီ ဖြစ်တယ်။ ကျနော်တို့ရဲ့ အတွေးအမြင်တွေဟာ အသားအရောင်၊ လူမျုး၊ ဘာသာရေးတွေရဲ့ အတားအဆီး ကန့်သတ်မှုကို ကျော်လွန်ပြီးတော့ တသားတည်း ညီတူညီမျှဖြစ်တဲ့ ပွင့်လင်းတဲ့အမြင်တွေ ဖြစ်လာပြီလို့ ပြောချင်ပါတယ်။ တဦးကိုတဦး ကာကွယ်စောင့်ရှောက်ဖို့၊ ဖေးမဖို့ လိုအပ်တယ်လို့ မြင်လာကြပြီလို့ ပြောချင်ပါတယ်။

အာဏာရှင်တွေ၊ အရင်းရှင်တွေနဲ့ မတရားမှုတွေက ရုန်းကန်ဖို့ လွတ်မြောက်ဖို့အတွက် ကျနော်တို့တွေ အားလုံး အတူလက်တွဲကြရမယ်လို့ သဘောပေါက်လာကြပြီ ဖြစ်ပါတယ်။ ဘာသာစကားတွေက အတားအဆီး အခက်အခဲ မဟုတ်တော့ပါဘူး၊ အင်တာနက်ပေါ်မှာ လိုအပ်လာလျှင် ဘာသာပြန်ပြီး နားလည်အောင် လက်ဆင့်ကမ်းပေးမယ့်သူတွေ၊ ကိရိယာတွေလည်း ရှိလာပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ကိုယ်ထူကိုယ်ထ ကိုယ်အားကိုယ်ကိုး စေတနာဝန်ထမ်းတွေရဲ့ ချိတ်ဆက်လက်တွဲမှု ကွန်ယက်တွေ ဖြစ်ပါတယ်။

တခြား သာမန်ရိုးကျ သတင်းဌာနကြီးများ၊ သတင်းအဖွဲ့ကြီးများရဲ့ အခန်းကဏ္ဍ

အပြောင်းအလဲတွေက လာနေပြီ။ လာမှာပါ။ ဒါကြောင့် ကျနော်တို့ သည်နေရာမှ အတူတကွ ထိုင်ပြီးတော့ တဦးနဲ့တဦး အားပေးပြီး အားတွေတက်ပြီး၊ လေ့လာသင်ယူပြီးတော့ ပိုကောင်းတဲ့ ကမ္ဘာကြီးအဖြစ်၊ သာယာတဲ့ အနာဂတ်ကြီးအဖြစ် ဝိုင်းလုပ်နေကြတာ ဖြစ်ပါတယ်။

အာရှမှာ အရေးတကြီးလိုအပ်နေတာက လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ ကွန်ုမြူနီတီကို ကိုယ်စားပြုတဲ့ သတင်းဌာနကြီးတွေဖြစ်ပေါ်လာဖို့ ဖြစ်ပါတယ်။ အာဏာရှိသူတွေ အရှင်းရှင်တွေရဲ့ သြဇာတွေ စွက်ဖက်မှုတွေကိုခံယူပြီးတော့ သတင်းပို့နေကြတာထက် ပြည်သူတွေရဲ့ အစစ်အမှန်အသံတွေ ခံစားချက်တွေ အဖြစ်အပျက်တွေကို သတင်းပို့ကြဖို့ လိုအပ်နေပါတယ်။

အမြတ်အစွန်းကို မကြည့်တဲ့ ကွန်မြူနီတီကို ကိုယ်စားပြုတဲ့ ရေဒီယိုဌာနတွေလည်း အများအပြား လိုအပ်နေပါတယ်။ အဲသည်လို တီဗွီစတေရှင်တွေ အာရှမှာ လိုအပ်နေပါတယ်။ အာဖရိကနဲ့ အာရပ်ဒေသတွေက လက်ရှိ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ တော်လှန်ရေးတွေကို ကြည့်လိုက်မယ်ဆိုရင် အဲသည်က ကွန်မြူနီတီနဲ့ လက်တွဲနေထိုင်တဲ့ အယ်ဂျာဇီးယား သတင်းဌာနရဲ့ သတင်းတွေ အသံတွေကို ကမ္ဘာကြီးကိုယ်တိုင်က စောင့်ကြည့်ရသလို ဒေသခံ ပြည်သူ့သတင်းသမားတွေ၊ အညတြဘလော့ဂါတွေ ကိုယ်တိုင်ကလည်း သတင်းတွေ၊ အသံတွေ ယုံကြည်စိတ်ချစွာ မျှဝေပေးပို့ရာ ဌာနတခု ဖြစ်လာပါတယ်။

အမေရိကန်ုပြည်မှာဆိုရင်လည်း ပြည်သူထဲက အသံတွေ၊ အာဘော်တွေ ကြားနာသိရှိနိုင်ဖို့အတွက် ကျနော်တို့ အားကိုးရာက NPR တို့ PBS  တို့လို သတင်းဌာန၊ ရေဒီယို တီဗွီ ဌာနတွေဖြစ်နေတာကို တွေ့ရပါတယ်။ အာရှမှာ ပြည်သူတွေပံ့ပိုးတဲ့ အကျိုးအမြတ်ကိုမကြည့်တဲ့ သတင်းဌာနတွေ၊ ရေဒီယို စတေရှင်တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အဲသည်လို သတင်းဌာနတွေကို ကျနော်တို့ ပြည်သူ့ သတင်းသမားတွေ၊ ဘလော့ဂါတွေက အားရဝမ်းသာ ကြိုဆိုအားပေးကြမှာ အမှန်အကန်ပဲ ဖြစ်ပါတယ်။

အခုလို အချိန်မျိုးမှာတော့ ဒါမျိုးတွေ မရှိသေးတဲ့အခါ၊ မပေါ်လာသေးတဲ့အခြေမှာ ထုံးစံအတိုင်း  ခရုလိုနှေးတဲ့ အင်တာနက်ကို အားကိုးပြီးတော့ အနောက်အုပ်စုကလွှင့်နေတဲ့ လှိုင်းတိုသတင်းတွေကို အားပေးပြီးတော့ ကျနော်တို့တတွေ ဆက်လက်ရုန်းကန်မြဲ ရုန်းကန်နေဆဲ ဖြစ်မှာပါပဲ။ ပြီးတော့လည်း မြန်မာပြည်တွင်းကို ရုပ်ဖျက်ပြီး ဝင်ရောက်သတင်းယူနေကြတဲ့ ပြင်ပကမ္ဘာက သတင်းသမားတွေကိုလည်း အတိတ်က ကြိုဆိုခဲ့သလို အခု လက်ရှိမှာလည်း ကြိုဆိုနေမြဲပါပဲ။

နောင်လည်းပဲ ဒီလိုပဲနေမှာပဲလေ။   ။

(Illustation Credit – http://www.freedomsphoenix.com/News/059617-2009-10-13-evgeny-morozov-how-the-net-aids-dictatorships-video.htm?EdNo=–&From=)

 
Leave a comment

Posted by on May 31, 2011 in Analysis, Maung Yit

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: