RSS

Phyu Phuy Thin – Contemporary politics from youth perspective (25)

04 Jun

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၅)

ဖြူဖြူသင်း

ဇွန် ၄၊ ၂၀၁၁

ခုတလောတော့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီက လူတွေ၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ၊ ဗမာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်နေချင်သူ ဥရောပဘက်က စီပွားရေးကုမ္ပဏီတွေက ထွက်ပေါ်လာတဲ့လေသံကတော့ စီပွားရေးပိတ်ဆို့ အရေးယူမှု ဖြုတ်သိမ်းရေးဆိုတဲ့ အသံပဲဖြစ်ပါတယ်။

ပြည်တွင်းမှာ ပကတိဖြစ်နေတဲ့ စီးပွားရေးအကျပ်တည်းဟာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုကြောင့် ကျပ်တည်းဆင်းရဲနေရတာ မဟုတ်ဘဲ လက်ရှိ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်အစိုးရနဲ့ အပေါင်းပါများရဲ့ တိုင်းပြည် စီးပွားရေးအပေါ် စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ဖြစ်တယ်လို့ ပြောရင်ရပါတယ်။

စီးပွားရေးပိတ်ဆို့မှုကို ကျမအနေနဲ့ နားလည်နေတာကတော့ ဒီမိုကရေစီနိုင်ငံတွေက အာဏာရှင် နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ချိုးဖောက်တဲ့အတွက် ပိတ်ဆို့ဒဏ်ခတ် အရေးယူတာ ဖြစ်ပါတယ်။

စီးပွားရေးပိတ်ဆို့လို့ တိုင်းပြည် ဆင်းရဲပါတယ်ဆိုရင်ဖြင့် တကမ္ဘာလုံးမှာ အမေရိကန်နဲ့ ဥရောပက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ခံထားရတာ ကျမတို့တိုင်းပြည်တခုတည်း မဟုတ်ပါဘူး။ အနီးဆုံး သာဓက ပြပါဆိုရင်တော့ ကျမတို့ အာဆီယံနိုင်ငံ ဗီယက်နမ်ကိုပဲ ကြည့်ပါ။ သူ့ကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခံရတာ နှစ်ပေါင်း ၃၀ ကျော် ကြာပါတယ်။ သူလည်း အိမ်နီးချင်းနိုင်ငံကြီးကို ကျမတို့လိုပဲ မှီခိုပြီးတော့ စီးပွားရေးလုပ်ရတာပဲ ဖြစ်ပါတယ်။ ကျမတို့နဲ့ အဖြစ်ချင်း အတော်လေးဆင်တယ် ပြောရမှာပါ။

ခု ဗီယက်နမ် ဘာဖြစ်နေသလဲ မြင်သာနိုင်ပါတယ်။ အာဆီယံမှာ ဖွံ့ဖြိုးမှုအမြန်ဆုံးစာရင်း ဝင်လာနေပြီးတော့ တဦးချင်းဝင်ငွေ မြင့်တက်နေပြီဖြစ်ပါတယ်။ လူငယ်ယောက်ကတော့ ဒီလိုမြင်ပါသတဲ့။

“အမှန်ကတော့ဗျာ တိုင်းပြည်ပေါ်ထားတဲ့စေတနာသာ အဓိကပါ၊ ကျနော်တို့တိုင်းပြည်လောက် သဘာဝသယံဇာတများတဲ့တိုင်းပြည် ရှိအုံးမလားဗျာ။ ဒါတွေကို ရောင်းစားတာတော့ ရောင်းရမှာပေါ့၊ ဒါပေမယ့် အဓိက ဘယ်မှာ ပြသနာတက်သလဲဆိုတော့ နိုင်ငံခြားတိုင်းပြည်က ငွေဝင်လာရင် တစ်ဒေါ်လာ ကို တရားဝင် ခြောက်ကျပ်နှုန်းနဲ့ လဲလှယ်တယ်ဗျာ။ တကယ့်ပေါက်ဈေးက တစ်ထောင်ဆိုတော့ ကိုးရာ့ ကိုးဆယ့် လေးကျပ်က ဘယ်သူ့ဆီရောက်သွားသလဲဆိုတာ သက်ဆိုင်ရာ လူကြီးမင်းတွေ အသိဆုံးပါ။

နောက် စီးပွားရှာတယ်ဗျာ၊ စီးပွားရှာတယ်ဆိုတာက ပြည်တွင်းမှာ စီးပွားရှာတယ်။ ဦးပိုင် လုပ်ငန်းဆိုပြီးတော့ စီးပွားရှာတယ်ဗျာ၊ ဒီလို စီးပွားရှာတာလည်း သူတို့အကျိုးစီးပွားအတွက် ရှာနေတာ။ ပြည်သူကို အခွန်အခ သက်သာအောင် လုပ်ပေးနေတာလည်း မဟုတ်ဘူး။ ပြည်သူ့ပညာရေး၊ ကျန်းမာရေးဆိုတဲ့ အခြေခံလိုအပ်ချက် ဖြည့်ဆည်းဖို့လည်း မဟုတ်ဘူး။

တခြား မပြောနဲ့၊ တက္ကစီကိုပဲကြည့်။ ပြည်သူတွေက စားဝတ်နေရေးလေး ချောင်လည်လေမလား ဆိုပြီးတော့ ကားလေးတွေထောင်ပြီး ဆွဲကြတယ်။ ဦးပိုင်ကလည်း ပါရမီ တက္ကစီဆိုပြီး လိုက်ဆွဲတယ်။ ဒီကားတွေကလည်း သူတို့က အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ သွင်းလာတယ်။ ဒီကားတွေက ကားအကောင်းစားတွေ၊ အဲယားကွန်းပါတယ်ဆိုတော့ သူတို့ကားတွေကို လူစီးပိုများတာပေါ့။ ဒါက ထင်သာမြင်သာအပိုင်းဗျာ။

အစိုးရဆိုတာ ပြည်သူ့အကျိုးစီးပွား အဆင်ပြေအောင် လုပ်ပေးရတယ်လို့ပဲ နားလည်တယ်။ ခုဟာက ပြည်သူကို ပြိုင်ဘက်လို သဘောထားနေတာဗျာ။ နောက် မြစ်ဆုံရေကာတာ စီမံကိန်းဆိုပါတော့ ဒီကရလာမယ့် အကျိုးမြတ်ကို ထိုင်းကို ၄၀ ရာနှုန်း သွားရမယ်၊ တရုတ်က ၄၀ ရာခိုင်နှုန်း ယူမယ်။ တကယ်တမ်းပိုင်ဆိုင်တဲ့ ကျနော်တို့ မြန်မာနိုင်ငံကကျတော့ ၂၀ ရာခိုင်နှုန်းပဲရမယ် ဆိုတဲ့ အသံတွေ ကြားနေရတယ်။ ဒီလောက်ဆို သူတို့ တိုင်းသူပြည်သား ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ ပေါ်လွင်လောက်ရောပေါ့ဗျာ။ ကျနော်တို့က ကိုယ့်အိမ်ကိုယ် ပြန်ငှားနေရသလို ဖြစ်မနေဘူးလား။

နောက် ရလာတဲ့ နိုင်ငံခြားငွေထဲက ၄၀ ရာခိုင်နှုန်း ဒီ နိုင်ငံခြားငွေဆိုတာကလည်း ခုနပြောသလို တစ်ဒေါ်လာ ခြောက်ကျပ်နှုန်းနဲ့ လဲထားတာ။ ဒီလောက်ငွေကိုတောင် စစ်အသုံးစရိတ်ချည်းပဲ ၄၀ ရာခိုင်နှုန်းလောက် သွားတာဆိုတော့ ကျနော်တို့ပြည်သူမှ မဆင်းရဲရင် ဘယ်သူ ဆင်းရဲတော့မလဲ။

အခုတော့ ကိုယ့်ညံ့ဖျင်းမှုနဲ့ လောဘကို ထည့်မပြောပဲနဲ့၊ တဆိတ်ရှိ စီးပွားရေးပိတ်လို့ ပြည်သူ ဆင်းရဲတာချည်း ပြောနေတယ်။ သူတို့ပိုင်တဲ့ထဲကနေ တယောက် နည်းနည်းပေးရင်တောင် ကျနော်တို့ တိုင်းပြည်သူပြည်သားတွေ လူချမ်းသာချည်းဖြစ်ကုန်မှာ။”

အဓိကတော့ မိမိရဲ့စေတနာပေါ် တည်မီနေရတဲ့ ပြည်သူကို မငဲ့ကွက်ဘဲနဲ့ ကိုယ့်အကျိုးစီးပွားတွေနောက် တကောက်ကောက်လိုက်ကြတယ်။ နောက် ကိုယ့်သားစဉ်မြေးဆက် ချမ်းသာ အာဏာရရေးတွေနဲ့ လုံးပမ်းပြီး တဆိတ်ရှိ ဟုတ်သယောင် ဆင်ခြေပေးလိုက်၊ ပြည်သူနဲ့ ဒီမိုကရေဘက်တော်သားတွေနဲ့ ပြည်သူကို ရန်တိုက်ပေးလိုက်ဆိုတဲ့ ၂၀ ရာစုက နည်းဟောင်းတွေ သုံးနေမြဲပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခုလက်ရှိ အလုပ်လက်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို မေးစေ့ချင်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုလုပ်လို့လားဆိုတာ မေးရင် အစိုးရညံ့လို့ ဆိုတဲ့အဖြေကို ၉၀ ရာခိုင်နှုန်းက ဖြေကြမှာပါ။ အရင် ၂ နှစ်လောက်က ကုမ္ပဏီဒါရိုက်တာတယောက်က စီးပွားရေးပိတ်ဆို့မှုကြောင့် ကျနော့် ဝန်ထမ်းတွေ အလုပ်ပြုတ်ရပါတယ်လို့ ထအော်ပါတယ်။ ဒါပေမယ့် အဲ့လိုမလုပ်ရင် အပြစ်မဲ့ ကရင် အပါအဝင် တိုင်းရင်းသားတွေ ဘယ်လောက်သေမလဲဆိုတာ မတွေးဝံ့စရာပါ။ လူတွေ အလုပ်ပြုတ်တာနဲ့ လူတွေ အသတ်ခံရတာ ဘယ်ဟာက စိတ်ချမ်းသာစရာကောင်းမလဲ ဆိုတာကို အလုပ်ဖြုတ်ခံရသူတွေလည်း ခံစားမိမှာပါ။

ဒီိတော့ တိုင်းပြည်ကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ တိုင်းပြည်ကို ချစ်သလား၊ ကိုယ့်ကိုယ်ကို ချစ်နေတာလားဆိုတာတွေကို ပြန်လည်တွက်ဆမိစေချင်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ ဆိုတာမရှိဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ ဘာကြောင့်ဖြစ်သွားသလဲ၊ ပြည်သူ့တပ်မတော်ဆိုတာ မရှိတော့ဘဲနဲ့ စစ်တပ် လို့ပဲ အမည်နာမတွင် ကြီးကျယ်ခမ်းနားလှတဲ့ အမိမြေကာကွယ်ရေး အဓိပ္ပာယ် ဘာကြောင့် လျောကျသွားသလဲ စဉ်းစားစေချင်ပါတယ်။

ဒါတွေကတော့ စီးပွားရေးပိတ်ဆို့မှုနဲ့ လုံးဝ မသက်ဆိုင်တဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေဖြစ်တယ် ဆိုတာ နားလည်စေချင်ပါတယ်။ ကျမတို့ကိုယ်တိုင်လည်း အရာရာ ပိတ်ဆို့မှုခံနေရတာပါ။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ အပါအဝင် တိုင်းရင်းသားလုပ်ငန်းရှင်တွေ အပိတ်အဆို့ အတားအဆီး ခံနေရတာကြောင့် ပိတ်ဆို့မှုကို ကျမကိုယ်တိုင် မလိုလားပါဘူး။ ဒါပေမယ့် ပိတ်ဆို့ထားတဲ့အရာဟာ ကိုယ့်ရဲ့အဝိဇ္ဇာလို့ မမြင်သေးသ၍တော့ စီးပွားရေးတင် မကပါဘူး၊ နိဗ္ဗာန်ကိုပါ ပိတ်ဆို့လိမ့်မယ်လို့ ကျမ ပြောချင်ပါတော့တယ်။

ကျမ မဖြူဖြူသင်းပါ။

(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)

သရုပ်ဖော် ကောက်ကြောင်းပန်းချီ – မင်းကျော်ခိုင်

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: