RSS

Shwe Chinthe Articles on PLHA – The Blood Relative

04 Jun

သွေး

အမည်မဖော်လိုသူတဦး

ဇွန် ၄၊ ၂၀၁၁

(PLHA – People living with HIV/ AIDS)

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

https://moemaka.files.wordpress.com/2011/05/hiv_aids.png?w=231

            ကိုယ့်မှာ HIV ရှိတယ်ဆိုတာ မသိခင်ကတည်းက တရပ်ထဲနေ သူငယ်ချင်းတစ်ယောက်ဖြစ်တာ တွေ့ဖူးတယ်။အတူစား၊ အတူသွား၊ အတူလာပဲ။ သူ့အမေက ဖာခေါင်း။ သူ့အိမ်ကဟာတွေဆီကကူးတာပဲလို့ ထင်ခဲ့တာ။ သူ့ကို ခွဲခြားပြီးမဆက်ဆံခဲ့ဘူး။ အတူသွား၊ အတူလာတာနဲ့ မကူးနိုင်ဘူးဆိုတာကိုသိတယ်လေ။

ကျွန်တော်မှာ HIV ပိုးရှိနေပြီလို့ (၂၀၀၇) လောက်မှသိတာ။ အရိုး အဆစ်တွေကိုက်လို့ ခြေထောက် တစ်ဖက် ဖြတ်လိုက်ရတယ်။ သွေးကြောပုတ်ရောဂါဆိုလား။ ဆေးလိပ်တွေ တအားသောက်လို့ လို့ ဆရာဝန်က ပြောတာဘဲ။ ကျွန်တော်ကလဲ ခုနှစ်နှစ်သားလောက်ကတည်းက သောက်ခဲ့တာ။ အဲဒီခြေထောက်ဖြတ်ရ တုန်းက HIV ရှိတာ သိရတာပဲ။ ဆေးရုံကဆင်းတော့ အမေနဲ့ မိသားစုက သူတို့နဲ့ အတူအနေမခံတော့ဘူး။ စားအိုး၊ စားခွက်၊ သောက်ရေအိုးအတူ အသုံးမခံတော့ဘူး။ အိမ်လေးတစ်အိမ် သီးသန့်ခွဲဆောက်ပေးတယ်။ အဲဒီတော့ ၀မ်းလဲနည်းတယ်။ ဒေါသလည်း ထွက်တယ်။ ကျွန်တော် တစ်ယောက်တည်းပဲ နေရတယ်။

ညည မိသားစုနဲ့ TV ကြည့်တာကို ကူးမှာကြောက်လို့ အကြည့်မခံဘူး။ ကျွန်တော်ထိုင်ကြည့်တဲ့ ခုံကို အစ်ကိုက ရိုက်ချိုးပစ်လိုက်တယ်။ အရပ်ထဲက ကျွန်တော် နှိပ်ပေးနေကျ လူတစ်ယာက်ကလည်း ကျွန်တော့ကို အနှိပ်မခံတော့ဘူး ။ တူမလေးကို ချီတော့လဲ သူ့အမေက အချီမခံတော့ဘူး။ အဲဒီတော့ ဘယ်မှမထွက်တော့ဘဲ အိမ်ထဲမှာပဲ အောင်းနေဖြစ်တော့တယ်။ မိသားစုထဲက တစ်ယောက်က ရပ်ကွက်ထဲ လျှောက်ပြောတော့ တစ်ရပ်လုံး သိကုန်တယ်။

နောက်တော့ ရွှေခြင်္သေ့ရောက်သွားတော့ ရွှေခြင်္သေ့ကလူတွေ ခဏခဏလာတယ်။ သူတို့က အိမ်သာ အတူတက်လို့ မကူးနိုင်ဘူးပြောတယ်။ ရေအတူသောက်၊ ထမင်းအတူစားတာနဲ့ မကူးနိုင်ဘူးလို့ လာတိုင်း ပြောတယ်။ ရွှေခြင်္သေ့သင်တန်းတို့၊ တွေ့ဆုံပွဲတို့က ပြန်လာရင်လည်း ပညာပေးစာအုပ်တွေကို အမေ့ကို ဖတ်ပြတယ်။

မနှစ်က မခင်မိုးမိုးလွင်လာပြီး သူလည်းပဲ ဝေဒနာရှင်ပါ။ မိသားစုက ခွဲခြားဆက်ဆံခြင်း ခံရတယ်။ အခုတော့ ပြေလည်နေပါပြီလို့ သူ့အကြောင်းကို ပြောသွားတယ်။ အဲဒါတွေကို အမေက အိမ်ထဲကနေ နားထောင်နေပြီး သူပြန်သွားတော့ ငိုတော့တာပဲ။ အဲဒီနောက်တော့ မိသားစုက ခွဲခြားဆက်ဆံခြင်း လျော့နည်းလာတယ်။ အဲဒီနောက် အိမ်သာလည်း ခွဲမထားတော့ဘူး။ အစားအသောက်လည်း အတူ စားလာတယ်။ တခါတလေ သူတို့အတွက် ကျွန်တော်ကိုယ်တိုင် ထမင်းချက်ပေးရတယ်။ အခု ကျွန်တော်က ကျန်းမာရေး ကောင်းလာပြီး တဖြည်းဖြည်းဝလာတယ်။ ထင်းကူခွဲပေးတယ်။ အိမ်က အကြော်ရောင်းတယ်လေ၊ အကြော်ကြော်ဖို့အတွက် တိုဟူးကျိုပေးတယ်။ ရောဂါကြောင့်တော့ ခွဲခြားမှု မရှိတော့ပါဘူး။

တကယ်လို့သာ ရွှေခြင်္သေ့အဖွဲ့နဲ့ မတွေ့ရင် ကျွန်တော်အခုချိန်လောက်ဆို စိတ်ညစ်ပြီး သေလောက် ပြီဗျ။ ဘာသွေးသားမှ မတော်မစပ်တဲ့ လူတွေက အိမ်လာပြီး ပြုစုစောင့်ရှောက်ပေးနေသေးတာ၊ အရင်း အချာကြီးတွေက ပစ်ထားလို့ မဖြစ်ဘူးဆိုပြီး သဘောထား ပြောင်းလာကြတယ်။

ကျွန်တော် ၁၆ နှစ်သားလောက်မှာ အိမ်ထောင်ကျတယ်။ ငါးနှစ်လောက်ပေါင်းပြီး အဲဒီအမျိုးသမီးနဲ့ ကွဲသွားတယ်။ အဲဒီနောက် မိသားစုနဲ့ ပြန်မနေတော့ပဲ ကျွန်တော်တစ်ယောက်တည်း နေတယ်။ အလုပ်ကတော့ ဆိုက်ကားနင်းတယ်။ အဲဒီနောက် မိသားစုနဲ့ ပြန်နေတယ်။ ပထမအိမ်ထောင်နဲ့တုန်းက တောင်သူလုပ်တယ်။ မိန်းမရွာ သွားပြီး လုပ်တာ။ ကျွန်တော့်မိသားစုက အစ်ကိုတစ်ယောက် အစ်မတစ်ယောက် ညီမတစ်ယောက် ရှိတယ်။ အစ်ကိုက လက်သမားလုပ်တယ်။ အစ်ကိုနဲ့လက်သမား လိုက်လုပ်တယ်။ နောက်တော့ အစ်ကိုနဲ့ ရန်ဖြစ်ပြီး မလုပ်တော့ဘူး၊ ဆိုက်ကားနင်းတယ်။ အဲဒီနောက် မိန်းမ ၂-၃ယောက်လောက်နဲ့ ပတ်သက်ခဲ့ ဖူးတယ်။ စောစောကပြောတဲ့ ကျွန်တော့်သူငယ်ချင်းအိမ်ကပေါ့ဗျာ။

HIV ရှိမှန်းသိရတဲ့ အချိန်ကျ ဒုက္ခိတဖြစ်နေပြီ။ မိသားစုက ကျွန်တော်ကို ခွဲခြားထားတော့ ဒေါသ ထွက်တယ်။ ခြေနှစ်ချောင်းရှိတုန်းကဆို ဘယ်သူ့မှထည့်မတွက်ဘူး။ ခြေနှစ်ချောင်းသာရှိရင် မိသားစုအားလုံးက ထိုင်ကန်တော့ချင်လောက်အောင် လုပ်ပြနိုင်တယ်။ အခုတော့ ကိုယ်ကဘာမှ မလုပ်နိုင်ဘူး။ သူတို့ကျွေးတဲ့ မဝရေစာဘဲ စားရတယ်။ ဝဝ မကျွေးဘူး။ မဝတော့ ကျွန်တော်က ရပ်ကွက်ထဲ လှည့်တောင်းတယ်၊ တောင်းတာ ကလည်း သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဆီလောက်ပါပဲ။

အဲဒီတော့ အစ်ကိုနဲ့ မိသားစုက ငါတို့မိသားစုကို သိက္ခာချတယ်ဆိုပြီး မကျေနပ်ကြဘူး။ ရပ်ကွက်ကလည်း အိမ်ကသွပ်မိုးနဲ့၊ တီဗွီအပေါ်စက် အောက်စက်နဲ့ နေနိုင်လျက် ထွက်တောင်းတော့ ကဲ့ရဲ့ကြတယ်။ ကျွန်တော်တကယ်မဝလို့ ထွက်တောင်းတာပါဗျာ။ သူများအိမ် တောင်းဖို့ဆိုတာ တော်တော်သတ္တိမွေးရတယ်။ သာမာန်အကောင်းတိုင်းဆို မတောင်းရဲဘူး။ အရက်လေး နဲနဲသောက်ပြီး မူးလာမှ တောင်းရဲတာ။ ခြေထောက်နှစ်ဖက်သာ ကောင်းတယ်ဆို ဘယ်သူ့ဆီမှ မတောင်းဘူး။ ဘယ်သူ့မှလည်း ထည့်မတွက်ဘူး။ ဆိုက်ကားနင်းမယ်။ ဘူတာမှာ ထမင်းထုပ် ရောင်းမယ်။ အိမ်ကဟာတွေကို ထည့်ကို မတွက်ဘူး။

အခုတော့ သူတို့ကလည်း ကျွန်တော့်ကို ကျွေးကြပါတယ်။ ကျွန်တော်ကလည်း စိတ်ကိုထိန်းပြီး တော်တော်ကို အလျှော့ပေးထားရပါတယ်။ အစ်ကိုက ကျွန်တော်ကို အားကျတာတဲ့ဗျာ။ အမေက ကျွန်တော့်ကို ထမင်းခူးပေးတယ်၊ ရေခပ်ပေးတယ်၊ ခြင်ဆေးခွေထွန်းပေးတယ်၊ အဲဒါတွေကို အားကျတာတဲ့လေ။ သူ့ကိုလဲ လုပ်ပေးစေချင်တာတဲ့လေ။

အခုဆို အိမ်အလုပ်ကလေးတွေကို တတ်နိုင်သလောက် ဝိုင်းကူလုပ်ပေးပါတယ်ဗျာ။ ချိုင်းထောက်နဲ့ ခြေထောက်တစ်ဖက်နဲ့ပဲ အိမ်သာရေကို မဖြစ်ဖြစ်အောင် ဖြည့်တယ်၊ ထင်းခွဲတယ်၊ တိုဟူးကျိုပေးတယ်၊ ပဲကျိတ်ပေးတယ၊် ထမင်းချက်ပေးတယ်……။

 

 
Leave a comment

Posted by on June 4, 2011 in Contemporary Experience, PLHA

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: