RSS

Maung Lwan Ni – Sugar coated troubles (11)

05 Jun

ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၁
မောင်လွမ်းဏီ
ဇွန် ၆၊ ၂၀၁၁

“ကွမ်းနံ့ ဆေးပေါ့လိပ်နံ့နဲ့ ဆေးရွက်ကြီးနံ့က မကြိုက်သူတွေအတွက်တော့ ဆိုးဆိုးရွားရွားခံစားရမယ့် အနံ့အသက်တွေ ဆိုပါတော့။ အဲဒီအနံ့အသက်တွေကြားကပဲ သနပ်ခါးနံ့ မွှေးမွှေးစူးစူးလေးကိုလည်း ရှူရှိုက်ရမိပါတယ်။ မြန်မာပြည်ဖွား မိန်းကလေး အလုပ်သမတသိုက်ရဲ့ ပါးပြင်ပေါ်မှာ နေလောင်ခံဖို့ ပိန်းထူနေအောင် လိမ်းခြယ်ထားတဲ့ သနပ်ခါး ပါးကွက်ကြားက လွင့်မျောလာတဲ့ သနပ်ခါးနံ့လေးတွေပါပဲ …”
အာအက်ဖ်အေ သောတရှင်များ ခင်ဗျား
ဘူဒိုဇာမြေထိုးစက်တွေနဲ့ ထိုးညှိပြုပြင်ထားတဲ့ မြေသားကွင်းပြင်ကြီးထဲမှာ ကားတွေ၊ လူတွေ၊ ယန္တယားတွေနဲ့ ပျားပန်းခတ် ထွေးယှက်နေတာကို တွေ့ရပါတယ်။ ၅ ဧကကျော် ကျယ်ဝန်းပြန့်ပြူးတဲ့ ဒီကွင်းကြီးထဲကို ကျောက်တိုက်တဲ့ကားနဲ့ ရောက်လာသူက ရောက်လာတယ်။ ကိုယ်ပိုင်စက်ဘီးတွေနဲ့ လာသူ လာကြတယ်။ 
အနီးအနားက လူတွေကတော့ ခြေလျင် ကုန်းကြောင်းလာကြသူတွေပေါ့။ သူတို့လက်နဲ့ ပခုံးတွေ ပေါ်မှာတော့ သံတူရွင်းတွေ၊ ပေါက်ပြားတွေ၊ ဂေါ်ပြားတွေ၊ မြေကြီးသယ်တဲ့ ပလတ်စတစ်ရေပုံးတွေကို ထမ်းပိုးသယ်လာကြပြီး ယာယီဆောက်လုပ်ထားတဲ့ အလုပ်ခွင် ကြီးကြပ်ခန့်ခွဲတဲ့ရုံးရှေ့မှာ စုရုံးနေကြပါတယ်။ 

မြန်မာစကားသံ၊ ကရင်စကားသံတွေ ကြွက်စီကြွက်စီကြားရမယ်။ ကွမ်းနံ့ ဆေးပေါ့လိပ်နံ့နဲ့ ဆေးရွက်ကြီးနံ့က မကြိုက်သူတွေအတွက်တော့ ဆိုးဆိုးရွားရွားခံစားရမယ့် အနံ့အသက်တွေ ဆိုပါတော့။ အဲဒီအနံ့အသက်တွေကြားကပဲ သနပ်ခါးနံ့ မွှေးမွှေးစူးစူးလေးကိုလည်း ရှူရှိုက်ရမိပါတယ်။ မြန်မာပြည်ဖွား မိန်းကလေး အလုပ်သမတသိုက်ရဲ့ ပါးပြင်ပေါ်မှာ နေလောင်ခံဖို့ ပိန်းထူနေအောင် လိမ်းခြယ်ထားတဲ့ သနပ်ခါး ပါးကွက်ကြားက လွင့်မျောလာတဲ့ သနပ်ခါးနံ့လေးတွေပါပဲ။ 
နံနက် ၇ နာရီထိုးတော့ တန်းစီနေရာယူကြပြီး ဒီလုပ်ငန်းကို ကံထရိုက်ယူလုပ်ကိုင်တဲ့ ထိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ခန့်အပ်ထားတဲ့ အလုပ်ကြပ် မြန်မာအမျိုးသားတဦးက အမည်ခေါ်ပေးတာကို သူ့အစုနဲ့သူ၊ သူ့အဖွဲ့နဲ့သူ ကိုယ်စီကိုယ်စီ အလုပ်ဆင်း လက်မှတ်လေးတွေ ထုတ်ယူနေကြတာပါ။ ညနေ အလုပ်ချိန်သိမ်းရင် တာဝန်ရှိသူတွေထံ လက်မှတ်ထိုး ပြန်အပ်ကြတဲ့အခါ တံဆိပ်တုံးထုခတ် မှတ်သား သိမ်းဆည်းကြတာပေါ့။ ဒီလုပ်ငန်းခွင်မျိုးမှာ သူတို့တွေ လာလုပ်တဲ့အလုပ်က ယာယီလုပ်ငန်းခွင် သဘောမျိုးပါ။ မြေကျင်းတူးတဲ့ လုပ်ငန်းပေါ့။ ဆောက်လုပ်မယ့် ဂိုဒေါင်ကြီးတွေအတွက် အုတ်မြစ်တွေချဖို့နဲ့ သံဘောင်ကွန်ကရစ်တိုင်ကြီးတွေ ထူဆောက်ဖို့ မြေကျင်းတူးလုပ်ငန်း စတင်လုပ်ကိုင်ကြတာလို့ ပြောရမှာပါ။ ခု သူတို့တွေ မြေကျင်းတူးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးက အထိုက်အလျှောက် ကြီးမားတယ်လို့ ဆိုရမှာပါပဲ။ ခေတ်မီနည်းနဲ့ သိုလှောင်မယ့် ကြက်သွန် ဂိုဒေါင်ကြီးတွေပေါ့။ ၁၀ လုံးထက်မနည်း ဆောက်လုပ်မှာပါ။ သတ်မှတ်တဲ့ ကျင်းအရေအတွက်တွေ တူးပြီးရင် လုပ်ငန်းအဆုံးသတ်သွားပြီလေ။ 
နောက် မြေကျင်းတူးလုပ်ငန်း ဒါမှမဟုတ်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ အသေးစားပန်းရံ လုပ်ငန်းမျိုး စတဲ့ အလုပ်သစ်ကို ရှာဖွေလုပ်ကိုင်ကြပေတော့ပဲ။ ဒီအလုပ်မျိုးက တပ်ခ်ခရိုင် မဲဆောက် ပတ်ဝန်းကျင်တွေမှာတော့ နေ့စား သို့မဟုတ် ပုတ်ပြတ် ငှားရမ်းလုပ်ကိုင်စေတဲ့ အလုပ်မျိုးပါ။ လခစား ပါမင့်နစ် အလုပ်သမားတွေ ခန့်ထားလုပ်ကိုင်စေတာလည်း မရှိပါဘူး။ သို့ပေမယ့် တပ်ခ်လို ခရိုင်မြို့ကြီးများ မှာသာ လုပ်ခ မှန်မှန်ကန်ကန်ရကြပေမယ့် မဲဆောက်နဲ့ မဲဆောက်ဝန်းကျင်ဖြစ်တဲ့ ဖုတ်ဖရတို့၊ နောင်ဘွားတို့၊ မဲဒမ တို့လိုနေရာတွေမှာတော့ ဒေသဆိုင်ရာနဲ့ ဒေသ ကံထရိုက်အလုပ်ရှင်တွေ ပေးချေတဲ့ လုပ်ခကိုပဲ ရကြတာပါ။ 
ဒီ လုပ်ငန်းမှာတော့ အလုပ်လုပ်ခွင့်ပါမစ်တို့၊ အလုပ်ရှာ နေထိုင်ခွင့်လက်မှတ်တို့က အရေးမကြီးလှပါဘူး။ ၃ ရက်နဲ့ ၇ ရက်တပတ်ကြာရင် လုပ်ငန်းပြီးစီးတဲ့ အလုပ်ဖြစ်တာကိုး။ လုပ်ငန်းပြီးပြီ ဆိုမှပဲ လုပ်ခကို ပေးချေတာလေ။ လုပ်ခ နည်းချင်နည်းပေမယ့် အနိုင့်ထက်အလွန် ခေါင်းပုံဖြတ်တာတို့ လုပ်ခမရှင်းတာတို့တော့ မရှိသလောက် ရှားတယ်လို့ ဆိုရမှာပေါ့။ ကိုယ့်အစုအဖွဲ့မှာ တာဝန်ခံထားတဲ့ လူကြီးတွေ ရှိနေတာကြောင့်လို့ ပြောရင်ရသလို ဒီလုပ်ခနဲ့ ဘယ်ထိုင်းလူမျိုးမှလည်း မလုပ်နိုင်ကြသလို မလုပ်ကိုင်ကြတော့ဘူး မဟုတ်လား။ အစုအဖွဲ့နဲ့မဟုတ်ဘဲ တဦးစ နှစ်ဦးစ လာလုပ်ကြသူတွေနည်း အနည်းအကျဉ်း ရှိကြတယ်။ ကံထရိုက်သူဌေးက အလုပ်အလျင်စလိုတာဆိုတော့ လူအင်အားများများ သုံးနိုင်လေ ရက်တိုတိုနဲ့ မြေကျင်းတူးလုပ်ငန်းက ပြီးနိုင်တာကြောင့်ပါ။
မြေတကျင်းကို အကျယ် (၂ ပေ ၆ လက်မ)၊ နဲ့ အနက် (၅ ပေ ၁၀ လက်မ) သတ်မှတ်ထားတယ် လေ။ မြေကျင်းတူးလုပ်ငန်းကို တကျင်း ဘတ် ၁၀၀ နှုန်းနဲ့ ပုတ်ပြတ်လုပ်ကြသူတွေ များပါတယ်။ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို၊ လုပ်နိုင်ရင် လုပ်နိုင်သလို မြန်မြန်ပြီးစီးနိုင်စေတဲ့ အလုပ်ကြမ်းမျိုးကိုး။ ၁၀ ယောက် တဖွဲ့ဟာ တနေ့ကို ကျင်း ၂၀ ကျအောင် တူးနိုင်ကြပါတယ်။ လုပ်ငန်းကြီးရင်ကြီးသလို အဖွဲ့တွေလည်း များပါတယ်။ တချို့ ကျင်း ၁၀၀၀ လောက်တူးရမယ့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးမျိုးမှာဆိုရင် ၁၀ ယောက်ပါ အလုပ်ကြမ်းအဖွဲ့တွေ ၁၅ ဖွဲ့ အဖွဲ့ ၂၀ ထိ လုပ်ကြတာပါ။ 
ကိုယ့်အစုအဖွဲ့ဆိုတာမှာလည်း ကိုယ်သွေးကိုယ့်သားတွေ၊ ဆွေရိပ်မျိုးရိပ်မကင်းသူတွေ၊ ရင်းနှီး နီးစပ်သူတွေ စုဖွဲ့လုပ်ကိုင်ကြတာမျိုးဆိုပါတော့။ အစုအဖွဲ့မှာ ဦးလေး ဘကြီးတို့၊ လည်လည်ဝယ်ဝယ်ရှိတဲ့ ကိုယ့်ရွာသားတွေက ခေါင်းဆောင်လုပ် တာဝန်ခံ လုပ်ကိုင်ကြတာလေ။ နောက်အလုပ်သစ်ရှာချင်ရင်လည်း သူတို့ကိုပဲ အားကိုးကြရတာပါပဲ။ မိန်းကလေးတွေက နောက်လိုက်အဆင့်နဲ့ လုပ်ကိုင်နေကြရသလို လုပ်ခကလည်း ယောက်ျားလေးတွေ ရတာရဲ့ ၃ ပုံ ၂ ပုံပဲ ရကြသူတွေ မဟုတ်လား။ ဒီအလုပ်က တွက်ချေ ကိုက်တဲ့အလုပ်ဆိုပေမယ့် ပြဿနာက ဒီအလုပ်မျိုးက တခုပြီးလို့ နောက်တခု အဆင်သင့်ရှိနေတဲ့ လုပ်ငန်းမျိုး မဟုတ်တာာပါပဲ။ 
သနပ်ခါး ပါးကွက်ကြား ပြယ်နေပြီနေတဲ့ မိန်းကလေးတသိုက်နဲ့ စကားစမြည် ပြောကြည့်တော့ သူတို့တွေက မြေသယ်၊ အုတ်ရွက်၊ ဘိလပ်မြေ မဆလာချိုင့်ဆွဲအလုပ်ပဲ ရင်းပါးနေပြီဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပန်းရံအလုပ်ပဲ ရှာလုပ်ရမှာပေါ့လို့ ရေသန့်ဗူးကို တကျိုက်ကျိုက် မော့သောက်ရင်း ရိုးစင်းတဲ့အဖြေကို ပေးကြပြီး ကျမတို့က ပညာကောင်းကောင်း မသင်ရဘဲ ဒီနိုင်ငံကို စောစောစီးစီး ရောက်လာကြတာ ဆရာရဲ့ လို့လည်း ဖြည့်ပြောကြပါတယ်။ သူတို့လေးတွေရဲ့ နဖူးကစီးကျလာတဲ့ ချွေးစီးကြောင်းလေးတွေထဲမှာရော ပျားရည်မြစ်က စီးဝင်နေရော့သလား။ 
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၁၅ – ၁၂ – ၂၀၁၀ 
မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: