RSS

Junior Win – Hle Dann Essay Books

07 Jun

စာအုပ်တအုပ်ကို မြည်းကြည့်ဖို့ – အက်ဆေး လှည်းတန်း
မိုးမခ၊ ဇွန် ၇၊ ၂၀၁၁
စာအုပ်အမည် – အက်ဆေးလှည်းတန်း
Words Art Product မှ ထုတ်သည်။
ကလောင်စုံ –
သင်းစာပေ
စာမျက်နှာ – ၁၆၀
၁၈၀၀ ကျပ်
စောင်ရေ – ၅၀၀
၂၀၁၁ မေလ
ဟောသည် စာအုပ်လေးအကြောင်းကို ပြောရရင်တော့ လှည်းတန်းမှာ နေထိုင်ခဲ့ကြ၊ ကြီးပြင်းခဲ့ကြတဲ့ စာရေးဆရာတွေ၊ စာဖတ်သူတွေ၊ စာနဲ့မကင်းနိုင်သူတွေက လှည်းတန်းအကြောင်းကို ရေးသားထားကြပုံများနဲ့ လှည်းတန်းမှာ နေထိုင်နေဆဲ၊ လှည်းတန်းနဲ့ ရေစက်ရှိနေဆဲသူများရဲ့ အမှတ်တရ စာတမ်းများပါပဲ။

စာရေးဆရာများကတော့ ဖိုးကျော့၊ မောင်သာချို၊ကိုထွားကြီး၊ ကြူးနစ်၊ ဒေါက်တာခင်မောင်ဝင်း၊ တက္ကသိုလ်ရွှေရီဝင်း၊ စိုင်းအောင်ဝင်း၊ နွေသင်းနိုင်၊ လေးကိုတင်၊ ကိုစိုင်း၊ ကိုရိုးကွန့်၊ လူငြိမ်းခိုင်၊ သော်ဒီဝေ၊ သွင်မောင်မောင်၊ ဂျူနီယာဝင်း၊ မျိုးမြင့်အုန်း၊ လွင်မောင်မောင်၊ မောင်ကောင်း၊ ဥက္ကာကိုကို၊ အောင်မိုး၊ ယူမိုး၊ အောင်ပြည့်စုံနဲ့ ကေအိုကေ(မာလာဆောင်) တို့ရဲ့ ဆောင်းပါးများ ပါဝင်ထားပါတယ်။
ဘဘကြီး ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့၊ ဆရာဦးသိန်းမောင်တို့သာ သက်ရှိထင်ရှား ရှိကြမယ်ဆိုရင် သူတို့ ရေးတာတွေကိုလည်း တွေ့ရမှာပေါ့။ အခုတော့ သည်နာမည်များကို လွမ်းစရာအဖြစ် လှည်းတန်းအက်ဆေးများမှာ တွေ့ကြရဦးတော့မယ်။
လှည်းတန်းမှာ နေထိုင်၊ လှည်းတန်းမှာ ကြီးပြင်း၊ လှည်းတန်းကို စွန့်ခွာ၊ လှည်းတန်းကနေ မောင်းအထုတ်ခံရ၊ လှည်းတန်းကို နာကျည်း၊ လှည်းတန်းကို သတိရ၊ လှည်းတန်းကို မြင်ယောင်၊ လှည်းတန်းမှာ အခြေကျ၊ လှည်းတန်းမှာ သောင်တင်၊ လှည်းတန်းကို လွမ်းနေရင်းနဲ့ လှည်းတန်းက ပုံရိပ်များကို ရင်ထဲမှာထားရင်း လှည်းတန်းက ဝေနာများကို မြိုသိပ်ကာရေးသားထားတဲ့ … သို့မဟုတ် လှည်းတန်းက ခြေရာများကို တူးဖော်ကာ လှည်းတန်းအက်ဆေးကို ဖတ်ကြည့်လိုက်ရင်ဖြင့် … …
အက်ဆေးလှည်းတန်း
“ကျွန်တော်တို့နေသော လှည်းတန်းတွင် ယခု ခြံတွေလည်း မရှိတော့၊ အိမ်နားက ရေမြောင်းလည်း မရှိတော့၊ မြင်းလှည်းဂိတ်၊ ဗောဓိညောင်ပင်၊ ဦးချစ် လက်ဖက်ရည်ဆိုင်လည်း မရှိတော့၊ ကျားတွေလည်း မရှိတော့၊ မရှိတော့၊ မရှိတော့ … …။”
(ဖိုးကျော့်၏ လှည်းတန်းက ကျားများ )
“ထူးအိမ်သင်ဖြစ်လာမည့် လူငယ်တယောက်၊ ပန်းချီမုန်သုံဖြစ်လာမည့် လူငယ်တယောက်၊ ခင်ဝမ်း ဖြစ်လာမည့် လူငယ်တယောက်၊ ခင်မောင်တိုးဖြစ်လာမည့် လူငယ်တယောက်၊ ကိုနေဝင်းဖြစ်လာမည့် လူငယ်တယောက်၊ ဝင်းမင်းထွေးဖြစ်လာမည့် လူငယ်တယောက်၊ ထို့အပြင် မှိုနှင့်မျှစ်နုတ်မည့်လူငယ် အိမ်တံစက်မြိတ်အောက်ကနေ ထွက်ခွာမည့် လူငယ်၊ လူငယ်တွေ၊ လူငယ်တွေသည် အင်းယား ကန်တော်မဟာနှင့် သည်ကံ့ကော်အုပ်ကြီးတဝိုက် အခန်းကလေးတွေ၊ အခန်းကလေးတွေကနေ ထွက်လာလိုက်ကြတာ….”
(မောင်သာချို၏ ရတနာကန်ကြီးရဲ့ အခန်းကလေးများ)
“ငါ့မြို့ကြီး … ငယ်ရုပ်တွေ ပျောက်ရှကုန်ပါရောလား၊ တချိန်တုန်းက သွပ်မိုးပျဉ်ထောင် အိမ်လေးတွေနဲ့ အကွက်ချ တည်ဆောက်ထားတဲ့မြို့ ခုတော့…..”
(ကိုထွားကြီး၏ ကျက်သရေမိုးရွာတဲ့အခါ)
“ကျွန်တော်၏ သွားလေသူ အဘိုးရှိစဉ်က သူဘယ်အချိန် ဘုရားဝတ်ပြုသည်ဖြစ်စေ၊ ဝေနေယျ သတ္တဝါတို့အတွက်ရည်စူးကာ ကပ်ကြီးသုံးပါး ကျော်နိုင်နင်းနိုင်ပါစေဟု ဆုတောင်းပတ္တနာပြုတတ်စမြဲ ဖြစ်သည်။”
(ကြူးနစ်၏ တွင်းနက်ဆီသို့)
“ထိုအချိန်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၏ ထူးထူးခြားခြား ဆောင်ရွက်ချက်တခုကို ဤနေရာတွင် မှတ်တမ်းတင်သင့်ပါသည်။ ကျောင်းသားများသည် လှည်းတန်းထိပ်သို့ မီးကူးမည်ကို သိသောအခါ ထိုနေရာရှိ ဆိုင်များ အိမ်များထဲမှ ပစ္စည်းများအားလုံးကိုသယ်ယူ၍ လှည်းတန်းအဝိုင်း ပေါ်တွင် တင်ထားပေးသည်။ သူတို့ကို ဘယ်သူက ခေါင်းဆောင်၍ မည်ကဲ့သို့ကြီးကြပ်ပြီး လုပ်လိုက်သည် မသိပါ။ အိမ်များအားလုံး ပြာကျပြီးသွားသောအခါတွင် အဝိုင်းပေါ်၌ ပစ္စည်းများသည် သူ့နေရာနှင့်သူ အပုံလိုက်ချထားပြီးဖြစ်သည်။ အိမ်နံပါတ်များကိုပင် ခွာယူ၍ ပစ္စည်းများရှေ့တွင် ထောင်ထားပေးသည်။ ဝင်းဆံပင်ညှပ်ဆိုင်၊ အသောကစတိုး၊ ရွှေဗဟိုရ်၊ ယူနီယံဓာတ်ပုံဆိုင်မှ ပစ္စည်းများမှာလည်း သူ့နေရာနှင့်သူ အပုံလိုက်ချထားသည်ကို တွေ့ရသည်။ အခြားလုပ်ငန်းများကိုတော့ မမှတ်မိတော့ပါ။ မီးလောင်ပြီး နှစ်ရက်လောက်အကြာတွင် ထိုပစ္စည်းပုံများကြားတွင် ဝင်းဆံပင်ညှပ်ဆိုင်သည် သူ၏ လုပ်ငန်းများကို ပြန်လည်၍ လုပ်ဆောင်နိုင်သည်ကို တွေ့ရသည်။
လှည်းတန်းသူ လှည်းတန်းသားများအပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ ကျေးဇူးသည် ကြီးပါပေသည်။ ထိုကျောင်းသားများ ဘယ်သူဘယ်ဝါ ဖြစ်ကြသည်ကိုတော့ မသိတော့ပါ။ သူတို့ကို ပြန်လည်၍ ကျေးဇူးဆပ်ရန်လည်း အခွင့်မကြုံတော့ပါ။”
(ဒေါက်တာ ခင်မောင်ဝင်း၏ ကမာရွတ်လှည်းတန်း၏ အမှတ်တရ သမိုင်းမှတ်တိုင်များ)
“ကမာရွတ်လှည်းတန်းဈေးနေရာမှာ ယခုလည်း အရင်ကအတိုင်း လှည်းတန်းဈေး ရှိပါတယ်။ ကွာသွားတာက ဟိုတုန်းကဈေးရုံကြီးမဟုတ်တော့ဘဲ နှစ်ထပ်အဆောက်အဦနဲ့ ဈေးကြီးဖြစ်နေပါပြီ။ နောက် ကမ္ဘာကြီးဟာပြောင်းလဲလာသလို မြန်မာပြည်မှာလည်း အပြောင်းအလဲတွေရှိတဲ့အထဲမှာ ရှော့ပင်းမောတွေ များလာပါတယ်။ ဒီတော့ ကမာရွတ်လှည်းတန်းလည်း အားကျမခံ ခေတ်မီစွာနဲ့ စိန်ဂေဟာဈေးဆိုင်ကြီး ဖွင့်လာပါတယ်။ လှည်းတန်းဈေးနဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ငါတို့ရပ်ကွက်မှာလည်း ဈေးဝယ်စရာ စင်တာရှိတယ်လို့ ကြွားစရာရသလားတော့ မသိပါဘူး။”
(တက္ကသိုလ်ရွှေရီဝင်း၏ ပြည်လမ်းအိမ်)
“ကမာရွတ်မှာ အကြိုက်ဆုံး၊ တန်ဖိုးအထားဆုံးကတော့ “အင်းယား” ဆိုတဲ့ ရတနာကြီးပါပဲ။ ကမာရွတ်ဆိုတာ မွန်ဘာသာနဲ့ ရတနာရေကန်လို့ အဓိပ္ပာယ်ရတယ်လေ။ ပြည်လမ်းအင်းယား ကန်ပေါင်ပေါ်ကနေ … နေထွက်ရူခင်းကို မကြည်ဖူးတဲ့သူတွေ၊ ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေလေညှင်းကို မရူရိုက် မကြည်မွေ့ဖူးတဲ့သူတွေကို သနားတယ်။ အထူးသဖြင့် ကမာရွတ်သား ဖြစ်ရင်ပေါ့။”
(စိုင်းအောင်ဝင်း၏ နန်းရွှေနရီမြေးဦးနှင့် စကားပြောခြင်း)
“ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်မိကြတော့ မိုးက ပိုသည်းလာသည်။ အဲဒီမိုးကိုတော့ ကျွန်တော်တို့က ရွာစေချင်ပါသည်။ အပြင်မှာရွာတဲ့မိုးကိုကြည့်ပြီး အတွင်းမှာ ကိုယ်ပါမိုးစိုနေသလိုမျိုး ခံစားရတဲ့ အရသာတခုက အခုလို အနေအထားလေးမှာ ကြုံတောင့်ကြုံခဲရသည်။”
(နွေသင်းနိုင်၏ လူမှာမရွာစေချင်တဲ့စကားတော့ရှိမယ်)
“ကျွန်တော်တို့အတွက် လှည်းတန်းစာအုပ်ဟောင်းတန်းသည် ခြေဦးတည့်ရာ ပုံမှန်နေရာဖြစ်သည်။ မဂ္ဂဇင်းဟောင်းတွေ၊ လုံးချင်းစာအုပ်ဟောင်းတွေဆိုလျှင် ညနေရောက်၍ ညဥ့်နက်သည်အထိ ရွေးလို့မဆုံးရှိနေပါသည်။…”
(လေးကိုတင်၏ လှည်းတန်းနှင့် သူ၏သင်္ကေတများ)
“ပြည်မြန်မာကုန်တိုက် မရှိခင်တုန်းက အဲဒီနေရာဟာ ခြံအကျယ်ကြီးဖြစ်ခဲ့တယ်။ အဲဒီခြံဟာ ကုန်တိုက်ကနေ အဲဒီနောက်က ၅ ထပ်တိုက်အဆုံးအထိကို ကျယ်တယ်။ ရှော်ဖီတိုက် လို့ ခေါ်ကြတဲ့ တိုက်ပေါ့။ ဒါပေမယ့် ခြံရှိမှန်းမသိနိုင်ဘူး။ မျက်နှာစာတန်းမှာ ဆိုင်ခန်းလေးတွေ စီတန်းပြီးရှိနေလို့ပါပဲ။”
(ကိုစိုင်း(Guiter Library)၏ အတိတ်နဲ့အရိပ်ကြားက လှည်းတန်းနဲ့ ကျွန်တော်)
“တက္ကသိုလ်ကိုအကြောင်းပြု၍ လှည်းတန်းသို့ တလ တခေါက်၊ နှစ်လ တခေါက်လောက်တော့ ရောက်ဖြစ်သည်။ မြို့ထဲမှ အင်းစိန်ကားစီး၍ လှည်းတန်းမှတ်တိုင်မှာ ဆင်းသည်။ အပြန်ဆိုလျှင် လှည်းတန်းမှတ်တိုင်တွင် ဆူးလေ ဟုအော်သောကားကို တွဲခိုစီးလျှင် မြို့ထဲရောက်သည်။ ဆူးလေနှင့် လှည်းတန်းကိုတော့ နေ့နေ့ညညသွားရဲသည်။”
(ကိုရိုးကွန့်၏ လှည်းတန်းမှန်းမသိ ကမာရွတ်မှန်းမသိ)
“လမ်းမီးရောင်ထဲမှာ မိုးစက်သေးသေးလေးတွေ ၃၅ ဒီဂရီစောင်းပြီး ခပ်ကျဲကျဲကျလာပြီး ရောင်စုံ ထီးရွက်တွေအောက်မှာ ခြေနင်းလှလှစီးထားတဲ့ မြို့ပြခြေထောက်လှလှလေးတွေ စိုလက်နေကြတယ်။ ကျွန်တော် ဘယ်သွားရမလဲ။”
(လူငြိမ်းခိုင်၏ အဝါရင့်ရင့်အသံလွင့်ချက်)
“ကမာရွတ်လှည်းတန်းနဲ့ ရေစက်ပါတယ်လို့ ထင်တယ်။ ဒီဇာတ်လမ်းတွေအားလုံး ကမာရွတ် လှည်းတန်းက စခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းနဲ့ပတ်သက်သူတချို့လည်း ကမ္ဘာမြေပေါ်မှာ မရှိကြတော့ဘူး။”
(သော်ဒီဝေ၏ လှည်းတန်းရဲ့ ရော့ခ်ဒိုင်ယာရီ)
“ကျွန်တော့်ကို မွေးဖွားလူလားမြောက်စေခဲ့တဲ့ သည်ရပ်ကွက်လေးဟာ မြို့ကြီးရဲ့ ဆင်ခြေဖုံးအရပ် တည်ရှိနေပေမယ့် အဓိကလမ်းမကြီးတွေနဲ့နီးတာကြောင့် တခြားသော ဆင်ခြေဖုံးရပ်ကွက်တွေလို သွားရေးလာရေး မခက်ခဲပါဘူး။”
(သွင်မောင်မောင်၏ ရပ်ကွက်လေးရဲ့ဘဝစာမျက်နှာ)
“ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့ရသောအရာမှာ အိမ်က စာအုပ်စင်ကလေး ဖြစ်ပါသည်။ စာအုပ်စင်ကလေးတွင် မိမိ၏ကျောင်းစာအုပ်များနှင့်အတူ ပုံပြင်စာအုပ်ကလေးများ၊ ဆေးရောင်ချယ် ရောင်စုံစာအုပ်များ၊ ကာတွန်းစာအုပ်များ စသည်ဖြင့် သူ့အကန့်နှင့်သူခွဲခြားကာ အစီအရင် တင်ထားသည်ကို မှတ်မိနေပါသည်။”
(ဂျူနီယာဝင်း၏ အိမ်ရှိစာအုပ်စင်)
“ယနေ့ကာလ လှည်းတန်းသည် ဟိုးယခင်က လှည်းတန်းကဲ့သို့ စိမ်းစိမ်းညို့ညို့ အုံ့အုံ့ဆိုင်းဆိုင်း ကုပ်ကုပ်ရုပ်ရုပ် မဟုတ်တော့ပါ …”
(မျိုးမြင့်အုန်း ၏ ရေဒီယိုလှည်းတန်း)
“မနေ့ညက အိပ်မက်တခုကို ကျွန်တော်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ကျွန်တော်သည် ဖြိုးဝေ ကဖေး၏ ချောင်ကျကျ စားပွဲလွတ်တလုံးမှနေ၍ အမြဲထာဝရ လှုပ်ရှားစီးဆင်းနေခဲ့သည့် မြင်ကွင်းကြီး တခုလုံး ရပ်တန့်ငြိမ်သက်သွားသည်ကို တွေ့ခဲ့ရသည်။”
(လွင်မောင်မောင်၏ အလွမ်းမှန်ကူကွက်များ)
“မိသားစုအတွက်အချိန်ဆိုတာ ဘယ်လိုမှမရှိနိုင်တော့ဘူး …”
(မောင်ကောင်း၏ ခပ်ကျဲကျဲပဲ)
“ကျွန်တော် သတင်းသမားမဖြစ်မီ တနှစ်ကျော်ခန့်က အင်းလျားကန်သို့ သွားရာလမ်းကို ပျောက်ဆုံးနေခဲ့ဖူးသည်။ အင်းစိန်မှ ၄၅ ကားစီး၍ လှည်းတန်းမှတ်တိုင်မှာဆင်းကာ ပြည်လမ်းအတိုင်း သွားရမည်ကို မသိသောကြောင့် တက္ကသိုလ်ရပ်သာလမ်းအတိုင်း ငေးမောရင်း လျှောက်လာခဲ့၏”
(ဥက္ကာကိုကို၏ သုညနှင့် သူ၏မိုးရာသီ)
“ညသည် နက်ရိုင်းလာသည်နှင့်အမျှ စကားဝိုင်းသည်လည်း အားပျော့ တိတ်ဆိတ်လာလေသည်။ သံသယနှင့် စိုးရိမ်စိတ်များ တွားတက်လာသည်ကို သူ မသိ၍မဟုတ်။”
(အောင်မိုး၏ ကမာရွတ်မှ တညတာ)
“ကျွန်တော်တို့ရှေ့တွင် ခေတ်ကြီးတခေတ်သည် ရွေ့လျားနေပါသည်။ ထို့အတူ ကျွန်တော်တို့၏ နေ့စဉ်ဘဝထဲတွင် ကမ္ဘာဖြစ်ရပ်ပေါင်းများစွာတို့သည် စီးဝင်နေကြပါသည်။”
(ယူမိုး၏ ဖြာထွက်ခြင်း)
“ဒီရုပ်ရှင်မှာ သတိပေးချက်က အရင်စမယ်။ သတိပေးချက်။ သင်ဟာ ကာလတရားတခုရဲ့အပေါ် အမှတ်ရစွာ လိုက်ပါစီးမျောသူတဦး။ ဒါမှမဟုတ် အတိတ်မေ့ရောဂါ မရှိသူဖြစ်ပါက လှည်းတန်းရုပ်ရှင်မှ ပေးသော ပြကွက်များပေါ်တွင် အရုပ်သဘောမျှသာ ခံစားရန်၊ ဒီရုပ်ရှင်ကားကိုကြည့်သူသည် ပါရီမြို့သား မဖြစ်ရ၊ ၎င်းပြကွက်များကြောင့် စိတ်ကမောက်ကမဖြစ်တဲ့အထိ ကျွန်တော်တို့က တာဝန်ယူပါမည်။”
(အောင်ပြည့်စုံ၏ လှည်းတန်းရုပ်ရှင်)
“ဟောသည်အိပ်ခန်းလေးရဲ့ ပြတင်းပေါက်ကနေတဆင့် ငယ်စဉ်ကလေးဘဝကတည်းက ကျွန်မ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ငေးမောနေကျ၊ မက်မက်မောမော ကြည့်နေကျ၊ သစ်ရိပ်ဝါးရိပ်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ မြင်ကွင်းကိုကြည့်ပြီး လန်းဆန်းတက်ကြွတဲ့ ခွန်အားသစ်တွေ မွေးဖွားနေကျ။”
(ကေအိုကေမာလာဆောင်၏ တည်မြဲနေတဲ့ပြောင်းလဲခြင်း)
ဂျူနီယာဝင်း ဘလောဂ်က ကူးယူတင်ဆက်ပါတယ်။
 
Leave a comment

Posted by on June 7, 2011 in Book Shelf, Junior Win

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: