RSS

International TheGeek – Arguments on Current Affairs

12 Jun

အငြင်းပွားချင်စရာ မျက်မှောက်အရေးအခင်းကိစ္စများ

နိုင်ငံတကာသာဂိ

ဇွန် ၁၂၊ ၂၀၁၁

မြန်မာပြည်မှာ ဒေါ်လာဈေးကျတယ်။ ကမ္ဘာမှာလည်း ဒေါ်လာဈေးကျတယ်။ မြန်မာပြည်ရဲ့ ခေတ်မီပုံက သူများတွေ ကျပြီဆိုရင် သူကလည်း ထိပ်ဆုံးကပဲ။ သူများတွေ တက်ပြီဆိုရင်ကတော့ သူမပါတော့ဘူး။ အခု ရေးရမယ့်အချက်တွေက လက်ရှိမျက်မှောက်အရေးအခင်းမှာ အငြင်းပွားစရာကိစ္စတွေကို မှတ်စုထုတ်တာဖြစ်တယ်။ တချို့တွေမှာ ယေဘူယျအဖြေတွေကို ရေးထားတယ်။ အဖြေတွေကိုယ်တိုင်က အငြင်းဆက်ထုတ်ချင်စရာဖြစ်တယ်။ အခု အငြင်းပွားစရာတွေက အမေရိကန်ပြည်ထောင်စုကို ကြည့်ပြီး မှတ်စုထုတ်တာနော်။

စီးပွားပျက်နေချိန်မှာ အစိုးရတွေက ဘာနဲ့ လည်မှာလဲ

အစိုးရက ပြည်သူတွေကိုပေးရတဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေအတွက် ကုန်ကျစာရိတ်တွေ၊ အစိုးရ၀န်ထမ်းလစာ၊ ပင်စင်လစာတွေကို အစိုးရငွေ၊ အခွန်တော်တွေနဲ့ လည်တယ်။ စီးပွားပျက်ရင် အခွန်တော်တွေ နဲလာတော့ အစိုးရမှာ ဘတ်ဂျက်လိုငွေပြတယ်။ ဒီတော့ အစိုးရတွေက အခွန်တိုးကောက်ဖို့ ကြိုးစားတယ်။

စီးပွားရေးသမားတွေ၊ ဘဏ်တွေ၊ လုပ်ငန်းရှင်တွေ၊ စားသုံးသူတွေက အခွန်ပိုမပေးချင်ဘူး။ အစိုးရကို အသုံးစာရိတ်တွေ ပြန်လျော့ခိုင်းချင်တယ်။

တဖက်ကလည်း ဘာပြန်ပြောသလဲဆိုတော့ အစိုးရက လုပ်ငန်းရှင်တွေကို စီးပွားကောင်းစဉ်က အခွန်တော်  လျော့ပေါ့ခွင့်တွေ ပေးခဲ့တယ။် ခုထိ အခွန်တော်တွေက လျော့ထားတုန်းဆိုတော့ အဲသည်အခွန်တော်ကို ပြန်ရရင် အစိုးရကလည်း အသက်ရှုချောင်မယ်လို့ ပြောကြတယ်။

လုပ်ငန်းရှင်တွေ စီးပွားပျက်တော့ အစိုးရငွေ ဘဏ္ဍာတော်နဲ့ လူမွဲစာရင်းမ၀င်အောင် ကယ်ပေးထားခဲ့ရတယ်။ လုပ်ငန်းရှင်တွေက စီးပွားပျက်လို့ ထပ်ပြီး စီးပွားမရင်းဘဲ ငွေတွေကို ကိုင်ထားပြီး အတိုးထိုင်စားနေကြတော့ သူတို့တွေက အရှုံးမပြဘဲ ဟန်ကျနေတာပဲလို့ အချို့ကလည်း ပြန်ထောက်ပြနေတယ်။

ပညာရေးစာရိတ် ဖြတ်တောက်တာတွေ ဘာကြောင့် ပိုဆိုးတာလဲ

ပညာရေးက လူထုပညာရေးစနစ်ဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရက ပညာရေးစနစ်ကို ထောက်ပံ့တယ်။ ပညာသင်စာရိတ်ထုတ်ပေးတယ်။ ပညာသင်စာရိတ် ငွေချေးတယ်။ အစိုးရကျောင်းတွေ ဖွင့်တယ်။ ကျောင်းတွေကို ထောက်တယ်။ ကျောင်းဆရာနဲ့ ၀န်ထမ်းတွေကို လစာပေးတယ်။ ဗဟိုမှာကော ပြည်နယ်မှာကော ဘဏ္ဍာရေးက လိုငွေပြနေပြီ။ အခွန်မရဘူး။ လူမှုရေး ထောက်ပံ့မှုတွေ၊ အလုပ်လက်မဲ့ထောက်ပံ့မှုတွေလုပ်နေရတယ်။ လိုငွေက အထက်ကလိုပဲ အစိုးရက နိုင်ငံကို ငွေစိုက်ပြီး လည်ပတ်ပေးနေရတာကိုး။

ပညာရေးအတွက် ဘဏ္ဍာငွေကို လျော့ချတာက ထုံးစံပဲလေ။ သူက ငွေဝင်တဲ့လုပ်ငန်းမှ မဟုတ်တာ။ အနာဂတ်အတွက် ရင်းနှီးရတဲ့ လုပ်ငန်းတခုဖြစ်တာကိုး။ ပညာသင်စာရိတ် မပေးနိုင်ရင်၊ ပညာသင်စာရိတ် ငွေမချေးနိုင်တော့ရင် ကျောင်းသားတွေက ကျောင်းမတက်နိုင်၊ ကျောင်းမတက်နိုင်ရင် ကျောင်းတွေက သင်ရိုးတွေ လျော့၊ သင်ရိုးတွေ နည်းရင် ကျောင်းပညာရေးဝန်ထမ်းတွေလည်း လျော့ချ၊ ကျောင်းသားတွေလည်း တိုးပြီး လက်ခံလို့ မရ၊ ငွေတတ်နိုင်သူတွေကို လက်ခံဖို့ကတော့ ပြည်ပကျောင်းသားတွေကို တိုးလက်ခံဖို့ပဲ ရှိတော့တယ်။ အခုဆိုရင် အစိုးရပြည်နယ် ကောလိပ်တက္ကသိုလ်တွေမှာ ပြည်ပကျောင်းသားတွေ တိုးတောင်လာတယ်။ ပြည်တွင်းကျောင်းသားက အလုပ်မရှိ၊ ငွေမရှိ၊ ကျောင်းစာရိတ်တွေ တိုးတောင်း၊ အစိုးရထောက်ငွေလည်း မရဆိုတော့ ကျောင်းမတက်နိုင်တော့ဘူး။

အစိုးရက ပညာရေးအတွက် အခွန်တိုးတောင်းချင်တော့လည်း စားသုံးသူတွေက စီးပွားကျနေတော့ ငွေမပေးချင်။ အခွန်လျော့ကောက်ခံထားရသူ အချမ်းသာဆုံး လူတန်းစားကလည်း အခွန်ကို ပိုမပေးချင်။ သူတို့ကလည်း စီးပွားရေးကျချိန်မှာ အမေရိကန်ပြည်ထဲမှာ ရင်းနှီးမှုတွေ မလုပ်ချင်တော့ အစိုးရငွေချေးစာချူပ်တွေမှာ မြုပ်ပြီးတော့ အတိုးလေး ထိုင်စား။ ပညာရေး မြုတ်နှံမှုကို တနှစ်ထည့် တနှစ် ထပ်ကျဆိုတာ ဖြစ်နေတော့တာပေါ့။

ဥတုပျက်တာတွေကို ကာကွယ်ရုံနဲ့ ပြီးတော့မှာလား

အခု ကမ္ဘာအနှံ့မှာ ဥတုတွေ ပျက်တယ်။ ရာသီဥတုတွေ ဖောက်၊ သဘာဝဘေးဒဏ်တွေက လူမှုဝန်းကျင်ကို ဖျက်ဆီး ချေမွနေတော့ တဖက်က ဥတုတွေကို ပိုပြီးမပျက်စီးအောင် သဘာ၀၀န်းကျင် ထိန်းသိမ်းရေးတို့၊ ကာကွယ်ရေးတို့ ပြုပြင်ရေးတို့တွေကို တိုးမြှင့်ပြီး လုပ်ကြတယ်။ လုပ်ငန်းရှင်တွေ၊ အရင်းရှင်တွေကတော့ သဘာဝရင်းမြစ်တွေကို လူတွေအတွက် စိတ်ကြိုက်သုံးစွဲဖို့ ပေးထားတာလို့ မြင်တော့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးကို မျက်စိစူးတယ်။

အခုနောက်တမျိုး ပညာရှင်တွေက ပြောလာတာကတော့ သဘာ၀၀န်းကျင်ထိန်းသိမ်းရေးတွေ လုပ်နေတဲ့ အရှိန်ထက် ဥတုပျက်စီး သဘာဝန်းကျင် ဖောက်ပြန်တဲ့ အဟုန်က ပိုပြီး ပြင်းထန်နေပြီ ဆိုတော့ လူတွေကိုယ်တိုင်ကလည်း ပြောင်းလဲ ယုတ်လျော့နေတဲ့ ဥတုဝန်းကျင်မှာ တည့်အောင် အဆင်ပြေအောင် နေကြဖို့ ကြိုးစားရတော့မယ်တဲ့။ အရင်တုန်းကလို အနေအထိုင်မျူိးတွေကို ပြန်မမျှော်လင့်နေကြနဲ့တော့ ဆိုပဲ။

ပင်လယ်တွေနဲ့ နီးသူတွေမှာ ဆူနာမိ၊ ငလျင်၊ ကုန်းတွင်းပိုင်းမှာ လေမုန်တိုင်း၊ ရေကြီးတာတွေ၊ မိုးခေါင်တာ၊ နေပြင်းတာတွေကို ရှောင်လွဲ ကာကွယ်လို့ မရတော့ဘူးတဲ့ ။ ပြုပြင်ပြောင်းလဲပြီး နေကြပေတော့လို့ ဆိုပါတယ်။ လူတွေရဲ့ အားမာန်တွေနဲ့ သဘာဝကို စိန်ခေါ်ပြီး အတင်းကာရောကြီး ပင်လယ်နား၊ မြစ်ကြီးတွေနား၊ မုန်တိုင်းဗဟိုတွေမှာ အံတု နေထိုင်တာတွေကို ပြင်ကြရတော့မယ်လို့ ပညာရှင်တွေက ပြောလာပြီ ဖြစ်ပါတယ်။

ကျန်းမာရေးအာမခံချက်ဆိုတာ အစိုးရနဲ့ ဆိုင်သလား

အမေရိကန်မှာ လူ့အခွင့်အရေးအရ လူမှုဖူလုံရေး အာမခံချက်၊ ပညာရေးအာမခံချက်၊ အလုပ်လက်မဲ့ အာမခံချက်၊ လူအို လူနာများအတွက် အာမခံချက်ဆိုတာတွေ ရှိတယ်။ ဒါတွေကို လူတိုင်း ခံစားခွင့်ရှိရပါတယ်။ ဒါတွေကို အစိုးရက အခွန်တော်တွေ၊ ၀န်ဆောင်မှု ကောက်ခံတာတွေ၊ အစိုးရ ငွေချေးစာချူပ်တွေနဲ့ ထေပြီး လူထုကို ၀န်ဆောင်မှုပေးပါတယ်။ အာမခံချက်ပေးပါတယ်။

ဒါပေမယ့် ကျန်းမာရေးအာမခံချက်ဆိုတာမှာ သန်တုန်း မြန်တုန်းတွေ၊ အလုပ်လုပ်နေသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် အာမခံချက်ကိုတော့ အလုပ်ရှင်တွေက ပေးရပါတယ်။ လစာထဲက နည်းနည်း၊ အလုပ်ရှင်က များများ စိုက်ပြီး Medical Insurance ၀ယ်ပေးရပါတယ်။ ဒါမှ နေထိုင်မကောင်းရင် ဆေးကုသတဲ့အခါမှာ အိတ်ထဲက စိုက်စရာမလိုဘဲ ကျန်းမာရေးအာမခံလုပ်ငန်းတွေက ၀င်ရောက် ပေးဆောင်ရတာ ဖြစ်ပါတယ်။ အစိုးရက ၀င်မပါဘူး။ ကလေးသူငယ်တွေက မိဘဆီက ကျန်းမာရေးအာမခံချက်ကို ခံစား၊ လူအို ပင်စင်စားတွေက အစိုးရတွေဆီက ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူလို့ ဆိုတော့ ကျန်းမာရေးအာမခံ ၀ယ်ဖို့ဆိုတာက မ၀ယ်မနေရ မဟုတ်ပါဘူး။

သို့သော် လက်ရှိ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအရ လူတိုင်းမှာ ကျန်းမာရေးအာမခံချက် ရှိရမယ်လို့ သတ်မှတ်တော့မှာ ဖြစ်တော့ အလုပ်သမား၊ ကျောင်းသား၊ ဆင်းရဲ ချမ်းသာ အားလုံးမှာ ကျန်းမာရေးအာမခံချက်တွေ ၀ယ်ယူကြရမယ်၊ မ၀ယ်နိုင်ရင် အစိုးရက စီစဉ်ပေးရမယ်လို့ ဆိုထားပါတယ်။

ဒါကလည်း ဆေးကုသခွင့်တွေ ကြီးမြင့်လာတာ၊ ကျန်းမာရေးအာမခံကုမ္မဏီတွေက ဈေးနှုန်းတွေကို အာလူး ကြက်သွန်ရောင်းသလို အမြတ်ကြီးစား လုပ်လာတာတွေကြောင့် အစိုးရက နိုင်ငံမှာ ပြည်သူတွေအားလုံး ဆေးကုသခွင့်ကို အာမခံချက် ညီတူညီမျှ ရှိအောင် ၀င်ရောက် ဆောင်ရွက်တာ ဖြစ်ပါတယ်။

အရင်းရှင်တွေကတော့ ကျန်းမာရေးအာမခံလုပ်ငန်းကို အစိုးရက ၀င်ရှုပ်တာကို မကြိုက်ပါဘူး။ သူတို့ ချယ်လှယ်လို့ မရမှာကို စိုးတော့ အစိုးရက နေရာတကာ ၀င်ပါတယ်။ ချုပ်ခြယ်တယ်လို့ ၀ါဒဖြန့်ပါတယ်။ လူတကိုယ်ကျန်းမာရေးကိစ္စ အစိုးရနဲ့ မဆိုင်ဘူး၊ သူ့ဖာသာသူ အာမခံ ၀ယ်ဝယ်၊ မ၀ယ်ဝယ်၊ ရှိရှိ မရှိရှိ သူကိစ္စပဲ၊ ဒါ လူ့အခွင့်အရေးလို့ လေသံပစ်နေပြန်ပါတယ်။

အထက်ပါကိစ္စတွေနဲ့ မြန်မာပြည်က ငါတို့နဲ့ ဘာဆိုင်လို့လဲ

ပြောချင်တာက ဒါပဲ။ ဘာမှမဆိုင်ဘူး။

ပထမ မေးခွန်း စီးပွားပျက်ချိန်မှာ အစိုးရက ဘာနဲ့ လည်မှာလဲ။

အစိုးရက ဘဏ္ဍာရေး၊ စီမံချက်၊ စည်းမျဉ်းစည်းကမ်းတွေ မရှိဘဲနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာဆိုတော့ မြန်မာပြည်မှာ ပြည်သူတွေ စီးပွားပျက်နေတာ အနှစ် ၆၀ ရှိပြီ၊ ပြည်သူတွေက ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရတာ ဖြစ်တယ်။ အစိုးရက လည်ချင်တာနဲ့ လည်တာပဲလေ။ အစိုးရလစာဆိုတာတွေ၊ အစိုးရအခွန်တော်တွေဆိုတာ မြန်မာပြည်မှာ လူရွှင်တော်ရဲ့ ဟာသလိုမျိုး ရယ်စရာ ဖြစ်နေတာ။ မေးခွန်းလဲ မလိုဘူး၊ အဖြေလဲ မလိုဘူး။

ဒုတိယမေးခွန်း ပညာရေးစာရိတ်ဖြတ်တောက်တာတွေ  ++ xxx ===

မေးခွန်းက အဆုံးတောင် မရောက်တော့ဘူး။ မြန်မာပြည်မှာ ပညာသင်စာရိတ်တွေ၊ ငွေချေးတာတွေ၊ အစိုးရကျောင်းတွေနဲ့ ဘဏ္ဍာစနစ်တွေ ဘာမှ မရှိသလောက်ပဲလေ။ ဒီလိုပဲ ရှိပြီးသား လည်ပြီးသား ပညာရေးစနစ်ကို လည်နေလိုက်တာပဲ။ ကလေးတွေကကော မိဘတွေကောက ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး၊ ကျူရှင်တွေ၊ ၀ိုင်းတွေ၊ မေးခွန်းဝယ်တာတွေ၊ အပြင်သင်တန်းတွေနဲ့ မျိုးဆက်သစ်တွေကို တိုးတက်ရစ်အောင် လုပ်နေရတာ မဟုတ်လား။

တတိယ ဥတုပျက်တာ၊ သဘာ၀၀န်းကျင်ထိန်းသိမ်းတာ …

မြန်မာပြည်မှာ လူတွေ လူမှုဝန်းကျင်တွေ အားလုံးဟာ အစိုးရနဲ့ ကွန်မြူနီတီရဲ့ စောင့်ရှောက်မှု၊ ပညာပေးမှု မရရှိတဲ့အတွက် ရေကြည်ရာ မြက်နုရာကို ကိုယ့်အသက်ရှင်သန်ဖို့အတွက် ပြောင်းရွှေ့နေထိုင်နေကြပြီ ဖြစ်တယ်။ အစိုးရနဲ့ အရင်းရှင်တွေက ဒီနေရာ ကျောက်စိမ်းတွင်းဟေ့ ဆိုတာနဲ့ ရွာတွေကလူတွေက အထုပ်ပြင်ကြဖို့ပဲ။ ဒါမှမဟုတ်ရင် အများနဲ့အတူ အဓမ္မလုပ်အားပေးခိုင်းတာကို ခေါင်းငုံ့ပြီး လုပ်ကြတာမျိုးတွေ ဖြစ်နေတယ်။

ကျန်းမာရေး အာမခံချက်နဲ့ အစိုးရတာဝန်

မြန်မာပြည်သူတွေထဲက သာဂိကိုယ်တိုင်လည်း မြန်မာအစိုးရက ပြည်သူတွေကို လူမှုဖူလုံရေးတွေ၊ ပညာရေးတွေ၊ လူအိုလူနာ အာမခံချက်တွေ၊ အလုပ်လက်မဲ့ ခံစားခွင့်တွေ ပေးတယ်ဆိုတာ မွေးကတည်းကနေ အခုထိ သိလည်း မသိဘူး၊ ကြားလဲ မကြားဖူးဘူး။ ရှိမှန်းလည်း မသိဘူး၊ တောင်းရမှန်းလဲ မသိဘူး။ အလုပ်ရှင်တွေကနေ ကျန်းမာရေးအာမခံဝယ်ပေးတယ်ဆိုတာလည်း မသိဘူး။ သိရကောင်းမှန်း မသိဘူး။

မြန်မာပြည်မှာ နေမကောင်းရင်း ကိုယ့်စာရိတ်နဲ့ ကိုယ်ကုတာပဲ။ ဆေးခွင့်လား၊ ဘာခွင့်လား ဘာမှန်းမသိဘူး၊ ခွင့်ပေးရင် ယူလိုက်တယ်။ ခွင့်မပေးရင် လစာမဲ့။ သည်ထက်ကိုယ်က နေပြန်မကောင်းသေးလို့ အလုပ်က မစောင့်နိုင်ရင် အလုပ်က ပြုတ်။ ဒါပဲ။ ဒါဟာ သဘာဝလို့တောင် စွဲမှတ်ထားတာပါ။

အခုလည်း ဒေါ်လာဈေးတွေ ကျတယ်။ ကုန်ဈေးနှုန်းတွေတက်တယ်။ အိမ်ခြံမြေတွေ ဈေးတွေ ခေါင်ခိုက်နေတယ်။ အစိုးရနဲ့ အရင်းရှင်တွေက ရှိသမျှတွေ ထုတ်ပြီး ရောင်းချ စားသောက်နေတယ်။ သူတို့ စုမိသမျှ ဒေါ်လာတွေကို မြန်မာငွေနဲ့ ပဲလှော် လဲစားသလို ပြန်လဲစားနေတယ်။ (ပြည်တွင်းမှာ)။ အပြင်ဖက်ကိုလည်း သူတို့နည်း သူတို့ဟန်နဲ့ ပြန်ပို့ပြီး သိမ်းဆည်းထားတယ်။ ခုနင်က အငြင်းပွားစရာ အရေးကိစ္စတွေမှာ အစိုးကော၊ အစိုးရအလိုတော်ရိ အရင်းရှင်တွေကပါ ဘာမှ ၀င်မလုပ်ဘူးလေ။ သူတို့အတွက် အကျိုးမရှိဘူး ဆိုပြီးတော့ နှစ်ပေါင်းများစွာ တောက်လျောက်ပစ်ထားတာပဲကိုး။ လူတွေကိုယ်တိုင်ကပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတာ ကြာပြီ။

ဒီလိုဆိုတော့ အငြင်းပွားချင်စရာ မြန်မာပြည်အတွက် မေးခွန်းက – ဒီလိုမျိုးအစိုးရနဲ့ အရင်းရှင်တွေ မြန်မာပြည်မှာ လိုသလား။

 
Leave a comment

Posted by on June 12, 2011 in News Features

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: