RSS

SUU 66, Myo Thein Tun

12 Jun

အခက်အခဲတွေကြားမှ

ပန်းချီမျိုးသိန်းထွန်း (သို့မဟုတ်) လူရွှင်တော် စုတ်ဖွား
ဇွန် ၁၂၊ ၂၀၁၁


ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးမခသို့ ဆရာမျိုးသိန်းထွန်းပေးပို့လာသည့် ဒေါ်စုပုံတူ ပန်ချီကား

မိုးမခ မြန်မာဝက်ဆိုဒ်မှ ဇွန်လ ၉ ရက်နေ့၊ ၂၀၁၁ နေ့စွဲဖြင့် ကျနော်ထံ အီးမေးလ်တစောင် ဝင်လာပါတယ်။ ကျနော် အပါဝင်ပေါ့နော် …။ အခြားရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ဒီဇိုင်းပညာရှင်များနှင့် ပန်းချီဆရာများအတွက်လည်း ပါပါတယ်။ မိုးမခမှာ “စု ၆၆” အတွက် နေ့စဉ် အနုပညာတင်ဆက်မယ့် အီးဘုတ် (e-book) လေး အတွက်ပါတဲ့..။

တကယ်တော့ … ဇွန်လ (၁၉) ရက်နေ့ ၂၀၁၁ မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့ အတွက်ပေါ့နော်။ မိုးမခကစာရေးလာတော့ ခေါင်းစဉ်မှာ “ဆရာ ဆရာမများ ခင်ဗျား” တဲ့ လေးလေးစားစားပေါ့။ စာမူတောင်းတာဆိုတော့ လူကို စာရေးဆရာလို မြင်ပုံရပါတယ်။ သဘာဝကျပါတယ်။ အများအမြင် သူတို့အမြင်ပေါ့နော်။ ခက်တာက ဒီလိုခင်ဗျ။ ကျနော့် အမြင်၊ ကျနော် အထင်ပေါ့လေ။

ကျနော်က ဟိုးအရင်က ….၊ ဟိုးအရင်ကဆိုတာ ၁၉၈၄ ကနေ မြန်မာပြည်ကမထွက်ခင် ၁၉၉၁ ထိပေါ့။ အဲဒီနှစ်တွေမှာ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) က “စုတ်ဖွား” လို့ခေါ်တဲ့ လူရွှင်တော်။ ဒီရောက်တော့ .. ဒီရောက်တော့ဆိုတာ နယူးယောက်ပါ ..။ အဲနယူးယောက်ကိုရောက်တော့ အခု ပန်းချီဆရာ မျိုးသိန်းထွန်းပေါ့။

ပန်းချီဆရာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားပဲဆွဲတာ ခုထိ။ အိမ်ခန်းက ကျဉ်းကျဉ်းနဲ့ နေစရာမရှိ။ နယူးယောက်လေ သိတဲ့အတိုင်းဘဲ။ ပြပွဲလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

ထားပါတော့။

အခုဟာက ခက်တယ်။ ခက်တယ်ဆိုတာက … မိုးမခက စာမူတောင်းတဲ့လူ။ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတွေချည်းပဲဆွဲနေတဲ့လူမို့ ပန်းချီဆရာတယောက်အနေအမြင်နဲ့ စာမူတောင်းတာလားပေါ့လေ။ ပန်းချီဆရာဆိုတာကလည်း စာရေးဆရာနဲ့ နီးစပ်တာကဲ ဖြစ်နိုင်တယ်ပေါ့လေ။ ဒါက ကျနော့်အမြင်။

အခုခက်တာက ကျနော့်ကို “စုတ်ဖွား” ဆိုတဲ့ နာမည်နဲ့ စာမူတောင်းတော့ တော်တော်လေး ဦးနှောက်ခြောက်သွားတယ်။ လူရွှင်တော်ဆီမှာ စာမူလာတောင်းတော့ ကျနော်က ရီစရာတွေ ရေးရမှာလားပေါ့။ ကျနော် လျှောက်တွေးနေတာ ပြောတာပါ။ အခုဟာက ကျနော်ကိုယ်တိုင် လေးစားပြီး ကြည်ညိုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့လေ။ ကျနော် ရီစရာသွားရေးလို့ ဘယ်သင့်တော်ပါ့မလဲ။

ဒီလူ ကျနော်ရဲ့ နာမည်အရင်းကို မသိလို့ဖြစ်ပါလိမ့်မယ်။ မဆန်းပါဘူး။ နာမည်အရင်း ပျောက်နေတာကြာပြီပဲ။ ဒီမှာက စုတ်ဖွား၊ ကိုစုတ်ဖွားဆိုပြီးဘဲ သိကြတော့၊ အင်း ဖြစ်ပါလိမ့်မယ်။

ကျနော့်ယောက္ခမကတောင် ကျနော့်မိန်းမ သူသမီးကိုပေါ့လေ၊ မေးဖူးတယ်။ “ဟဲ့ နင့်ယောက်ျား နာမည်အရင်းက ဘယ်သူလဲ” တဲ့။ အဲဒီလိုပါပဲ။ ဒါက အများကြီးတော်သေးတာ။ ဒီထက်ဆိုးတာ ရှိသေးတယ်။

မိတ်ဆွေတွေက ထမင်းစားဖိတ်တဲ့အခါတို့၊ ဘာတို့ဆိုရင်၊ မရင်းတရင်းပေါ့လေ။ မိတ်ဆွေတွေ မေးတာ ကြုံဖူးပါတယ်။ “ကိုစုတ်ဖွား ခင်များရဲ့လူနာမည်က ဘာလဲ” တဲ့။ ဖြေရမှာတောင် တွန့်သွားပါတယ်။ အဲဒီလို အဲဒီလိုတွေ။

နေအုံး … ဒီထက်ဆိုးတာ ရှိသေးတယ်။

တလောက သာသနာ့ဥသျှောင်မှာ ကျနော်ငွေလှူတော့ အလှူခံဖြတ်ပိုင်းကို ဘုန်းကြီးက ရေးတာကိုး။ ဘုန်းကြီးက ဖြတ်ပိုင်းမရေးခင် ဘာမေးလဲဆိုတော့ ..

“ဒကာကြီး … လူနာမည်ပဲရေးရမှာလားတဲ့ …” ကဲ ကြည့်။

ပိုဆိုးပါတယ် …။ ဒီထက်ဆိုးတာ ရှိသေးတယ်။ မိတ်ဆွေတွေရဲ့ကလေးတွေကဆိုရင်၊ ကျနော့်ကို ချစ်ကြတယ်၊ ရင်းနှီးကြတယ်လေ။ ကျနော်က ကလေးလည်း ချစ်တတ်၊ စတတ်နောက်တတ်တာကိုး။

ကလေးတွေက ကျနော်နဲ့တွေ့ရင် “ဦးစုတ်ဖွား … ဦးစုတ်ဖွား” ခေါ်တာပေါ့။ အဲဒါ ကလေးတွေရဲ့ မိဘတွေကကြားတော့ ကလေးတွေကိုဆူတာပေါ့။ ဘာဆူစရာရှိလဲ။ ဆူပြန်တော့လည်း ရိုးရိုးမဆူဘူးလေ။

“ဟဲ့ … နင်တို့တွေ မိုတ်မိုက်ရိုင်းရိုင်းနဲ့ … လူကြီးကိုများ …. လူနာမည်ခေါ်ပါလား”
ပိုဆိုးကုန်ပြီ။

ကလေးတွေကလည်း တခွန်းမခံ။ ဒီမှာမွေးထားတဲ့ကလေးတွေ။ မဟုတ်မခံလေးတွေ။ “အမေတို့ကလည်း သမီးတို့တွေက လူနာမည်မှ မသိတာ”။ တော်တော် ဆိုးကုန်ပြီ။ ခက်ကုန်ပြီ။

ခက်ကုန်ပြီ …။

အဲဒီလိုပေါ့လေ။ ကျနော် နာမည်အရင်းမသိလို့ “စုတ်ဖွား” ဆိုတဲ့နာမည်နဲ့ စာမူတောင်းတာပဲ ဖြစ်ရမှာပေါ့။ ဒါပေမယ့် ခုတော့ကျနော်က …“ပန်းချီဆရာ မျိုးသိန်းထွန်း”၊ စာမူရေးရအောင်လည်း စာရေးဆရာလည်း မဟုတ်။ ရေးမယ်ဆိုအုံးတော့ အရေးအသားလည်း မကျွမ်းကျင်။ ခက်နေပြန်ပါပြီ။

အင်း … သိပြီ .. သိပြီ။

ကျနော် ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွေ အများအပြားရှိနေပြီပဲ။

ဆုံးဖြတ်ချက် ချလိုက်သည်။

ဒီနှစ် ၆၆ နှစ်မွေးနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ကျနော်၏ စာမူအစား ကျနော် ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားများကို လိုအပ်သလို အသုံးပြုရန် မိုးမခသို့ပေးပို့မည်။ ပန်းချီကားတွေလည်းပို့ရင်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုမွန်ကောင်း ပေးပို့လိုက်မယ်လို့ ကျနော်ပြောလိုက်မည်။ ခက်နေတာတွေ လွယ်သွားပြီ။ ပြီးတော့ ဆုတောင်းလိုက်မည်။

ဒေါ်အောင်ဆန်းစုကြည် …. ကျန်းကျန်းမာမာနဲ့ သက်တော်ရာကျော်ရှည်ပါစေ … လို့ ။




ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးမခသို့ ဆရာမျိုးသိန်းထွန်းပေးပို့လာသည့် ဒေါ်စုပုံတူ ပန်ချီကား

ပန်းချီဆရာ မျိုးသိန်းထွန်း (သို့မဟုတ်) လူရွှင်တော် စုတ်ဖွား၏ ပန်းချီဆွဲနေဟန်

 
Leave a comment

Posted by on June 12, 2011 in SUU66

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: