RSS

15 Park Town to 54 University Ave

14 Jun

အိမ်နံပါတ် ၁၅ ပါ့ခ်တောင်း မှ အိမ်နံပါတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
ကေ
ဇွန် ၁၄၊ ၂၀၁၁



ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ တွေ ကို.. ကျမ တို့ အားလုံး .. သတိတရ ကျင်းပ နေ ခဲ့ ကြတာ…မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံ ကြီး ရဲ့ အသက် နဲ့ အမျှ ပေါ့..။ အခု ဆိုရင်.. ၂၃ နှစ် တိုင်တိုင် ရှိ ခဲ့ ပြီ။


လွန်ခဲ့ တဲ့ ၂ နှစ်.. ၂၀၀၉ ခုနှစ်က တော့…လန်ဒန်ကို ခရီး တထောက် အလည် ရောက်တုန်း.. ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ နဲ့ ဒေါ်စု ထူထောင် ထားတဲ့ Prospect Burma အဖွဲ့ ရဲ့ နှစ် ၂၀ ပြည့် ရံပုံငွေပွဲလေး ကို… ကြုံကြုံ ကြိုက်ကြိုက်..ဆုံခဲ့ ရပါတယ်။ တကယ်တော့..အဲဒီပွဲလေးကို တက်နိုင်ဖို့.. လန်ဒန်မြို့မှာ နေထိုင် စာတမ်းပြုစု နေ တဲ့.. ညီမငယ် သရဖီ က တဆင့်.. ဆက်သွယ် သိရှိပြီး.. လက်မှတ် ၀ယ်ဖြစ်ခဲ့တာပါ။ အခု.. မိုးမခ မီဒီယာ ကနေ.. ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အတွက်.. စာမူ တွေ ဖိတ်ခေါ် တဲ့ အခါ.. အဲဒီ အချိန်က. ခံစားချက်နဲ့ ရေးခဲ့ ဖူးတဲ့.. “မွေးနေ့ ၆၄” ဆို တဲ့.. ဘလော့ဂ် စာစု လေး ကို.. “မွေးနေ့ ၆၆” အဖြစ် ပြန်လည်ပြီး အမှတ်ရ ဖြစ် ပြန်ပါတယ်။ မွေးနေ့ နောက်က.. ကိန်းဂဏန်း တွေ သာ ပြောင်းလဲ သွားပေမဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. အကြောင်း တွေက တော့… မဟောင်းနွမ်း သွားလေဘူး ဆိုတော့…

++++++



ဇွန် ၁၇ ရက်နေ့ ညနေခင်း..


အဲဒီ ပွဲမှာ..ကိုယ် တွေ့ဖူးချင်သူတွေကို တွေ့လိုက် ရသလို.. မိတ်ဟောင်း ဆွေဟောင်း တချို့လည်း တွေ့လိုက်ရတော့..နွေးထွေး လိုက် တဲ့ ဖြစ်ခြင်း..၀မ်းသာ လိုက်တဲ့ ဖြစ်ခြင်း။ မကျဉ်းမကျယ် ခန်းမငယ်လေး ထဲမှာ.. ရံပုံငွေ လေလံတင်မဲ့.. ဒေါ်အောင်ဆန်းစုကြည် ပုံ ပန်းချီကားတချို့..ဗမာ့ အနုပညာ ပစ္စည်း တချို့ နဲ့ မြန်မာရနံ့ ခပ်ပျံ့ပျံ့ တော့ ရှိနေခဲ့တယ်။

 

တိုင်းရင်းသား ရိုးရာ ၀တ်စုံ ၀တ်လာကြတဲ့.. Prospect Burma ဆုရ..မြန်မာ ကျောင်းသားဟောင်း – သစ် တချို့တလေ ကြားမှာ..ကိုယ်လည်း..ဗမာလုံခြည် တထည် ၀တ်ပြီး.. ရော ယောင် ပျော် နေမိတယ်။ အများစု ကတော့.. ရံပုံငွေ ဦးတည်ရာ..အင်္ဂလိပ် လူမျိုး အသိုင်းအ၀ိုင်း တချို့ နဲ့.. အထူးဧည့်သည်တော်.. အင်္ဂလိပ် မင်းသမီး Joanna Lumley ။ နောက်ပြီး.. လန်ဒန် ရောက် ဗမာ မိသားစု တချို့… မြန်မာ အဆက်အသွယ် ..အင်္ဂလိပ်လူမျိုး တချို့.. အဲဒီ အထဲကမှ.. Prospect Burma ရဲ့ တာဝန်ရှိသူများ ..။ ဒါတွေ နဲ့တင်..ခန်းမလေး ထဲမှာ..လူတွေ ဟို သွား ဒီရွှေ့ ဖို့ တောင် မလွယ် အောင် ပြည့် ကျပ်နေပြီ။

ဝိုင်ခွက်လေး တွေ..ဖျော်ရည်ခွက်လေးတွေ ကိုယ်စီ ကိုင်ရင်း.. မိတ်ဆွေဖွဲ့ကြ.. အဘိယါစကါ စကား ပြောကြ ရင်း…. မြန်မာအမျိုးသမီး တယောက် ရဲ့ ရင်ထိုး ကဒ်ပြား ပေါ်က Prospect Burma Trustee ဆိုတဲ့ အပေါ်မှာ..ဒေါ်ကြည်ကြည်မေ လို့ နံမယ်ထိုးထား တာ တွေ့လိုက်တော့..၀မ်းသာအားရ မိတ်ဆက် ဖြစ်တယ်။ မီဒီယာ ကြားခံ ရှားပါး လှတဲ့.. ကိုယ်တို့ ငယ်ငယ်..လေ့လာ စူးစမ်း သိမြင် ချင် တဲ့ အရွယ် တလျှောက်လုံးမှာ.. သောကြာနေ့ ည တိုင်း..ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ..စောင့်ပြီး နားထောင် ရင်းနှီးခဲ့ ရတဲ့..ငွေဗျိုင်းဖြူ ဒေါ်လေး ဒေါ်ကြည်ကြည်မေ ပေါ့…။ ထင်ထားသလောက် မကြီးသေး တဲ့ ဒေါ်လေးက တော့..သူ့ ပရိသတ် ဖြစ်ခဲ့ ဖူးတဲ့ ကောင်မလေး တယောက် ရဲ့.. မီးခိုးရောင် ဆံစ တချို့ကို ကြည့်ပြီး အံ့သြ နေပုံ ပေါ် ရဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် လောက်က.. ဒေါ်လေး ရဲ့ အစီအစဉ် အတော်များများကို ပြန်ပြောပြ နိုင် နေတဲ့.. ကိုယ့်ကို ကြည့်ပြီး..ဒေါ်လေး က ၀မ်းသာနေတယ်။ စကားတွေ ပြောနေရင်း..အနားမှာ အတူ ရှိ နေတဲ့ Anthony Aris ကို “ အဲဒီ အချိန်က ငါတို့ လူငယ်တွေကို ….ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံး မိတ်ဆက်ပေးတာ သူပဲ ပေါ့ ” လို့ ပြောလိုက်တော့..ဒေါ်လေး အပြုံးက..ပို လင်းသွားတယ်။ တကယ်လည်း..အဲဒီ အချိန်တွေ တုန်းက..ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးအကြောင်း ပထမဆုံးအကြိမ်..ငွေဗျိုင်းဖြူ ကဏ္ဍ ကနေ..စ ကြားဖူးတာပါ။ ၁၀ မိနစ်စာ လောက်.. စကားပြောခန်းလေး ကို မျက်လုံးတွေပြူးကျယ် နေအောင် ရေဒီယိုလေးနားမှာ.. ခေါင်းတွေ ဆိုင်ပီး..နားထောင်ခဲ့ ရတာ..ခုထိ မမေ့သေးပါဘူး။

 

Little daughter စာအုပ်ကို လတ်တလော ထုတ်ဝေ ထားတဲ့..ဇိုရာဖန်း ကလည်း.. Prospect Burma ကျောင်းသားတွေ ကိုယ်စား ကျေးဇူးတင်စကား ပြောတော့.. အလှူရှင်တွေ..တာဝန်ရှိသူတွေ ရဲ့ မျက်နှာမှာ..ကျေနပ် အားရ မူတွေ အတိုင်းသား တွေ့ရတယ်။ ၈၈ ကျောင်းသား ကိုမြအေး ရဲ့ သမီးလေး ဝေနှင်း ကိုလည်း.. တွေ့ခဲ့ ရတယ်။

 

Anthony Aris


ခဏနေတော့.. တခြားအစီအစဉ် တွေ.. သ၀ဏ်လွှာတွေ အပြီးမှာ.. ဒေါ်အောင်ဆန်းစုကြည် ရဲ့ မတ် တော်သူ Dr. Michael Aris ရဲ့ အမွှာညီ အကို Anthony Aris က.. မိသားစု ကိုယ်စား ကျေးဇူးတင် စကား ပြောပါတယ်။ ခုတင်က.. ပျော်ရွှင် သွက်လက်တဲ့ အငွေ့အသက်တွေ နဲ့ ပရိသတ်တွေ ဟာ..အတန်ငယ် တိတ်ဆိတ် ငြိမ်ကျ သွား တယ်။
ခုဆိုရင်..စု ဟာ.. နံမယ်ဆိုး နဲ့ ကျော်ကြားလှ တဲ့ အင်းစိန်ထောင် တနေရာမှာ ရှိနေပါတယ် လို့ ပြောလိုက်တော့.. မျက်ရည်ကို မထိန်းနိုင် တော့ဘူး။ ဒါပေမဲ့.. စု အတွက်တော့..နှစ်ပေါင်းများစွာ ငေးမော ငြီးငွေ့ စရာကောင်းတဲ့..အင်းလျားကန် မြင်ကွင်း ကနေ.. စိတ်လှုပ်ရှားစရာ..မြင်ကွင်း အပြောင်းအလဲ တခု ဆီ ကို ရောက်သွားတဲ့ အတွက်..တမျိုးတော့ ကောင်းသွား ပါတယ် ..လို့ ခပ်ရွှန်းရွှန်း ပြောလိုက် ပေမဲ့.. ဘယ်သူမှ မပြုံးနိုင် ကြပါဘူး။ ဟုတ်ပါတယ်လေ.. ဒါဟာ..အပြောင်းအလဲ တခု ဆီကို ပို နီးကပ်လာတဲ့..အပြောင်းအလဲ တခုပါပဲ..။ ပိုကောင်းတဲ့ ..အကောင်းဆုံး ဆိုတဲ့ အပြောင်း အလဲ သာ ဖြစ်ပါစေ..လို့ တွေးရင်း..မျက်ရည်တွေကို လက်ဖနောင့် နဲ့ ပွတ်သုတ်ပြစ် လိုက်တယ်။

ပွဲ ပြီးကာနီးမှာ.. Anthony အနားကို သွားပြီး..နှုတ်ဆက် စကား ဆိုရင်း.. မနက်ဖန်..ငါတို့ အောက်စဖို့ဒ် ကို သွားပြီး..စု နေခဲ့တဲ့ အိမ်ကို သွားကြည့်မယ်လို့..ပြောတော့..ပခုံးကို သိုင်းဖက်လိုက်ရင်း.. ဒေါက်တာ မိုက်ကယ် အဲရစ် မျက်လုံးတွေ နဲ့ တထေရာ တည်း တူလွန်း တဲ့…သူ့ မျက်လုံးတွေက.. ကြင်နာဟန် အပြည့် နဲ့ မျက်ရည်တွေ ၀ိုင်းနေသလို ပါ ပဲ။


+++++
ဇွန်လ ၁၈ ရက်နေ့ နေ့လည်ခင်း

ဒေါ်စု မွေးနေ့ မတိုင်ခင် တရက်မှာ..ဒေါ်စု နေထိုင် ခဲ့တဲ့..အောက်စဖို့ဒ် ဆိုတဲ့ မြို့နေရာလေးကို သွားလည် ဖြစ်တယ် ဆိုတဲ့.. တိုက်ဆိုင် ကြုံကြိုက်မူ တခုကြောင့်..ရင်တွေ တအားခုန်နေမိသည်။

ဒေါ်စု ပြောခဲ့တဲ့.. grey, damp Oxford ဆိုတဲ့ နေရာလေးကို တကယ် ရောက်ပါ ပြီ။ တကယ့်ကို .. ပျားရည်ရောင် အလယ်ခေတ် လက်ကျန် ပုံစံ အဆေက်အဦ ဟောင်း ကြီး တွေ နဲ့ ခန့်ညား အုံ့ဆိုင်း နေတဲ့.. မီးခိုးရောင် တက္ကသိုလ် မြို့လေးပါပဲ။

 

ရှေးဟောင်း စာအုပ်ဆိုင်လေးတွေ.. ကော်ဖီဆိုင်လေးတွေနဲ့ အပြိုင်..ခေတ်ပေါ် ပီဇာဆိုင်.. မက်ဒေါ်နယ်ဆိုင်လေးတွေ လည်း ရှိပါရဲ့..။ ဒါပေမဲ့ အားလုံးက.. ရှေးမူ အရိပ် အငွေ့ တွေ သာ ယှက်သန်းလို့..။ လမ်းပေါ်မှာ.. ကျောင်းဝတ်စုံ အနက်ကလေးတွေ အကျ အန ၀တ်ပြီး ရင်ဘတ်မှာ ကာနေရှင်း ပန်းလေး တွေ ကိုယ်စီ ထိုးထားတဲ့..နုနယ်ငယ်ရွယ် တဲ့ အောက်စဖို့ဒ် ကျောင်းမျိုးစုံက ကျောင်းသား- ကျောင်းသူတွေ ..စက်ဘီးနဲ့ တဖုံ..ခြေလျင် တမျိုး..သွားလာ နေကြတယ်။



ကိုယ့်အတွက်တော့..ဘယ်နေရာကိုပဲ ကြည့်ကြည့်.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံ ရိပ်ကိုပဲ..မြင်နေမိ ပါတယ်။
သူမ..အသက် ၂၀ မတိုင်ခင် အရွယ်လောက် ကတည်းက..St. Hughes College ကျောင်းသူ ပေါက်စလေး အဖြစ် နဲ့ ရောက်ရှိ ပညာဆည်းပူး ခဲ့ ပြီး.. မိသားစု တခု ထူထောင်ဖြစ်တဲ့ အထိ.. အခြေကျ ခဲ့တဲ့.. မီးခိုးရောင် မြို့ကလေး ထဲမှာ.. ဒေါ်စု ရဲ့ လှုပ်ရှား သွားလာမူတွေကို.. ပြန်ရှာ ကြည့် နေမိ တယ်။


ဒေါ်စု စတင် ပညာ ဆည်းပူးရာ St. Hughes College

 

လူ ၃ ယောက်ထဲ နဲ့ စဖွင့်ခဲ့ပြီး..ခုတော့.. စာအုပ်တန်းကြီး က..မိုင်ပေါင်းများစွာတောင် ရှည်လျားလှပါတယ် ဆိုတဲ့..ရှေးအကျဆုံး..နံမယ် အကြီးဆုံး ဟောဒီ Blackwell စာအုပ်ဆိုင်ကြီးထဲကိုလည်း..ဒေါ်စု ခဏ ခဏ ရောက်လာမှာပဲ။ ဟော ဟိုက..ကော်ဖီ ဆိုင်လေးမှာရော..သူတို့ မိသားစု ဘယ်နှယ်ခါ လောက်များ ထိုင်ဖူးကြ မလဲ..။ သူ့ အတွက်..သာတောင့် သာယာ ရှိလှတဲ့.. ဘ၀ တခု ကို..သူဘာအတွက် ကြောင့်..ဘာနဲ့ အစားထိုးခဲ့တာလဲ.. ကြည့်စမ်း..ခုချိန်ဆို..သူ ဘာတွေ လုပ်နေမလဲ…။ အတွေးတွေ နဲ့ တင်.. အောက်စဖို့ဒ် မြို့လေး က..ပိုပြီး မှိုင်းမှုံ လာသလိုလို..။



သူများတကာ တွေရဲ့.. စိတ်ဝင်စား စရာ နေရာတွေက တော့..ဘယ်နေရာ တွေ လဲ မသိ..။ ကိုယ်တွေ အတွက် ကတော့.. ခရီးသွားလမ်းညွှန် စာရွက်မှာ ဘာမှ ညွှန်းမထားတဲ့.. အမှတ် ၁၆ ဘတ်စ်ကား မှတ်တိုင်မှာ..ဆင်းပြီး..Park town ဆိုတဲ့ ဆိုင်းဘုဒ် လေး ကို အသဲ အသန် ရှာ ရတယ်။


ဟော- တွေ့လေပြီ။

 

လမ်းညွှန် လိုက်တဲ့ သူကလည်း အသေအချာကို ပြောလိုက်တာ.. အဲဒီ လမ်းလေး ထဲ ၀င်သွား..နံပတ် ၁၅ တဲ့။


သူက..အလယ်ခေါင်က.. ပန်းခြံ ၀ိုင်းဝိုင်းလေးကို ဟိုဖက် ဒီဖက် ၀ိုက်ပြီး..တိုက်ခန်းတွဲ ကြီးတွေ ဆောက်ထားတာ။ အိမ်ရှေ့တွေမှာလည်း ကားတွေ တန်းစီ နေတာပဲ..။ လူတွေ နေနေကြတာ ဆိုတော့.. အရမ်းကာရော.. သွားကြည့် လို့လည်း မဖြစ်။


နံပတ် ၁၃..
ဟော..ဟိုဖက်က..၁၅.. တွေ့ ပြီ။
ထူးထူးခြားခြား..အိမ်နံပတ် ၁၅ ရှေ့မှာပဲ.. တိုက်ကပ်နွယ် တွေ မတရား ဖုံးနေ လိုက်တာ.. ၁၅ ဆိုတဲ့ နံပတ်ကို တောင် မနဲ မြင်အောင် ကြည့် ရတယ်။ ဒီ အခန်းလေးကို တခြားလူတွေကို ရောင်းသွားခဲ့ပြီ ဆိုတော့..အထဲမှာ လူသစ်တွေ ရှိနေမှာပေါ့။ ဒါပေမဲ့..သူတို့လည်း သိချင် သိမှာပါလေ.. အာရှသား ရုပ်တွေနဲ့..ခဏခဏ လာကြည့် ကြ..ဓါတ်ပုံ ရိုက်ကြ လုပ်နေကြတာ..သတိထားမိနေမှာပါ။




No-15, Park Town, Oxford


 



သူတို့ ၂ယောက် အဲဒီ အိမ်ရှေ့ကို အခါ ခါ ဖြတ်..ဟိုဖက်ဒေါင့်က ကြည့်လိုက်..ဒီဖက် ဒေါင့်က ကြည့်လိုက်.. နဲ့..ဘာလုပ်ရမှန်းတော့ မသိ။ ညနေကတော့..အတော် စောင်းနေပြီ..။ တလမ်းလုံး လည်း တိတ် ဆိတ် လို့..။ မှန်ပြတင်း က တဆင့်..ခပ်ဝါးဝါး ပုံရိပ် တချို့ကို အာရုံ ခံ ပြီး ဖြည့်စွက် ကြည့် နေမိပေမဲ့.. ဟာတာတာ ခံစားချက် တွေသာ..ပြည့်နှက် နေသည်။


လမ်းထိပ်က..ပန်းခြံ ဘောင်လေး ပေါ်မှာ ခဏ ထိုင်ရင်း..ခပ်ဝေးဝေးက နေ ငေးကြည့် မိပြန်တယ်။ ဒီလို လွမ်းစရာ ကောင်းတဲ့ ညနေစောင်းလေး တွေမှာ.. မီးခိုးရောင် မြို့လေး ထဲမှာ..ဒေါ်စု ဘာတွေ လုပ်နေ ခဲ့လေ မလဲ.. ။ နေသာတဲ့ မနက်ခင်း အတော်များများ မှာ တော့..ဟောဒီ ပန်းခြံ လေး ထဲ.. ကလေး လက်တွန်းလှည်း လေး တွန်းပြီး တော့လည်း သွားခဲ့ဖူးမှာပဲနော်..။ ခုတော့..အသက် ၆၄ နှစ် အရွယ် အမျိုးသမီး တယောက် ရဲ့ ညနေခင်း နဲ့ မနက်ခင်းတွေမှာ ..လုပ်စရာ သိပ် များများ စားစား ..ရွေးချယ် စရာ ရှိမနေလောက်ပါဘူး။ အချိန် တွေ..အသက်တွေ.. ရွှေ့ လျော သွား သလို.. ဌါန ဌါနေ တွေ ကလည်း…အပြောင်းလဲ ကြီး ပြောင်းလဲ ခဲ့ ပြီပဲ….။ အိမ်နံပါတ် ၁၅ ပါ့ခ်တောင်း မှာ နေခဲ့တဲ့.. စု ဟာ ..အိမ်နံပါတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း က.. ဗမာ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေ ခဲ့ ပြီလေ…။



၆ နာရီ ၄၅ မှာ..နောက်ဆုံး ဘတ်စ်ကား တဲ့.. ပြန်ကြမယ် ဆိုတော့မှ.. ဘာမှန်းမသိတဲ့..ခံစားချက်တွေကို အသာ မ ပြီး.. ထိုင်ရာက..ထ လိုက်တယ်။ ပြီးရင်.. Oxford ဘူတာကနေ.. Paddington ဘူတာ လန်ဒန် မြို့ထဲထိ..နောက်ထပ် တနာရီလောက် ရထား စီးရ အုံးမှာ…။ မနက်ဖြန် မနက် လည်း..စောစော ထပြီး.. ၉ နာရီ လေဆိပ်ဆင်းဖို့ ထုပ်ပိုး ပြင်ဆင် ရအုံးမည်။

သြော်- ခရီးတွေ.. ဘူတာတွေ..တခု ပြီး တခု ဆက်လို့.. သွားနေကြ ရတဲ့…လူတွေမှာ…ဘူတာ အချိန်တွေ တွက်ချက် စီစဉ်ထားလို့ မဖြစ်တဲ့..ရထား လတ်မှတ်တွေ ကြိုတင် ၀ယ်ယူထားလို့ မရတဲ့..ဘ၀ ခရီး ရှည် ကြီးကသာ…. စိတ်လှုပ်ရှားစရာ အကောင်းဆုံး မဟုတ်လား … ။

ကေ ( ဇွန် ၂၄ ၂၀၀၉ )

 
Leave a comment

Posted by on June 14, 2011 in SUU66

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: