RSS

Maung Lwan Ni – Sugar coated troubles (12)

17 Jun

ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၂
မောင်လွမ်းဏီ
ဇွန် ၁၆၊ ၂၀၁၁
 
အာအက်ဖ်အေ သောတရှင်များခင်ဗျား
နှစ် ၇၀ ကျော် စီမံအုပ်ချုပ်လာခဲ့တဲ့ ခေတ်အဆက်ဆက် အစိုးရတွေ၊ အုပ်ချုပ်သူတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်မရှိပါဘူးလို့ ပြည်တွင်းပြည်ပကို ကြုံကြိုက်တိုင်း ပြောလေ့ရှိပါတယ်။ ပြည်တွင်းစစ်မရှိပေမယ့် ပြည်တွင်းမှာဖြစ်နေတဲ့ စစ်တွေကတော့ တရံမဆိတ် မြင်နေကြားနေရတဲ့ သတင်းတွေ မဟုတ်ပါလား။ 

လွတ်လပ်ခွင့်အတွက်၊ လွတ်မြောက်ရေးအတွက်၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ တန်းတူရေးအတွက် စတဲ့ ရည်မှန်းချက်တွေအတွက် တိုက်ပွဲဝင်နေကြရင်းက တငြီးငြီး တောက်လောင်နေတဲ့ စစ်မီးလျှံနဲ့ သေနတ်သံတွေက နိုင်ငံနဲ့အဝှမ်း မျက်လုံးမဖွင့် နားမစွင့်လည်း သိနေတယ်လေလို့ ပြောရမှာပါပဲ။ ဒီစစ်ပွဲတွေရဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ စစ်ပြေးဒုက္ခသည်ပြဿနာ၊ ပေါ်တာဆွဲခြင်း၊ အဓမ္မ လုပ်အားစေခိုင်းခြင်း၊ လုယက်သတ်ဖြတ်ခြင်း၊ ရွာတွေပြောင်းရွေ့ခိုင်းခြင်း၊ ကလေးစစ်သားစုဆောင်းခြင်းနဲ့ မုဒိမ်းမှု စတဲ့ စစ်ရဲ့အနိဌာရုံတွေကို နှစ်ရှည်လများ ကြုံတွေ့ဖြတ်သန်းနေကြရတာပါ။ 
လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ နဝတ၊ နအဖ တို့ အပစ်အခတ်ရပ်စဲကြတဲ့အတွက် သေနတ်သံတွေ ကျဲပါးသွားခဲ့ပေမယ့် အပစ်အခတ်မရပ်တဲ့ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြနေတဲ့အဖွဲ့တွေကတော့ ပြောက်ကျားစစ်တွေ ဆင်နွှဲတိုက်ခိုက်နေဆဲဖြစ်နေတော့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်မီးပွားတွေက ချုပ်ငြိမ်းသွားတယ်ရယ်လို့ မရှိခဲ့ပါဘူး။
၂၀၁၀ နှစ်ကုန်လုနီးမှာတော့ တိုက်ပွဲကြီးငယ်တွေက သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ ကယ်ပါ ကူပါအသံတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေ့စဉ်ရက်ဆက် စစ်မြေပြင်သတင်းထုတ်လွှင့်မှုတွေ ဖြစ်နေပါတော့တယ်။
၂၀၁၀ နိုဝင်ဘာလဆန်း ၈ ရက် ၉ ရက်က မြ၀တီမြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖတပ်တွေရဲ့ တိုက်ပွဲတွေကတော့ ထူးခြားတယ်လို့ ဆိုရလေမလားပဲ။ ဒီကေဘီအေတပ်တွေက နအဖနဲ့ အပစ်အခတ်ရပ်ထားရုံမက နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး လုပ်ငန်းတွေ ပူးပေါင်းလုပ်ကိုင်နေကြတာပါ။ နအဖက ဒီကေဘီအေတပ်တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ဒီကေဘီအေတပ်အချို့က လက်မခံရာကနေ ၂ ဖက် ခုလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့ကြတာပါပဲ။ 
ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ဝမ်ခ၊ ဖလူး၊ ဝေါလေ၊ မာနယ်ပလော စတဲ့ ဒေသတွေ၊ မွန် ပြည်နယ်ဘက်မှာရှိတဲ့ ဘုရားသုံးဆူဒေသတွေမှာ စစ်မီးက အလျင်အမြန်ဆိုသလိုပဲ ကူးဆက်ခဲ့ပါတယ်။ နှစ်ဖက်အထိအခိုက် အကျအဆုံးတွေရဲ့ အရှုံးတွေထဲမှာတော့ ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ် ယာမြေ ဆုံးရှုံးရတာတွေ၊ တဖက်နယ် နိမိတ်ထိစပ်နိုင်ငံကို အသက်စွန့် ထွက်ပြေးလာရတာတွေ၊ ရေမျောကမ်းတင်ဘဝမျိုးနဲ့ ကြုံရာသစ်ရိပ်၊ တောင်ယာတဲပျက်တွေမှာ။ ယာယီ ဒုက္ခသည်စခန်းလိုလို နေရာတွေမှာ ချို့တဲ့ဆင်းရဲစွာ နေထိုင်စားသောက် ခိုလှုံရတာတွေ၊ တဖက်နိုင်ငံက ချိုးနှိမ်ဆက်ဆံတာတွေ၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြန်ပို့ခံရတာတွေဟာ အရှုံးတကာရဲ့အရှုံးတွေပါပဲ။ တနည်းအားဖြင့် ပြည်တွင်းဖြစ် စစ်ပွဲတွေကို ဝေဆာတဲ့ ရုပ်ပုံကားချပ်တွေနဲ့ တန်ဆာဆင် တင်ပြနေတဲ့ ဝက်ဆိုက်တခုအလား ထင်မှတ်နိုင်ပါလိမ့်မယ်။ 
သေနတ်သံတွေက နားထဲမှာညံနေတာပဲ။ အလုံးကြီးတွေကလည်း ဘယ်ကလာလို့ ဘယ်မှာ ကျမှာလဲ မသိနိုင်ဘူး။ ကိုယ့်တဲခေါင်မိုးပေါ်ကျရင် တမိသားစုလုံး သေဖို့ပဲ ရှိတယ်လေ။ ဒီဘက်ကမ်းကို အဝတ်တထည် ကိုယ်တခုနဲ့ ကလေးတွေ လက်ဆွဲပြေးခဲ့ရတာပဲ။ ချောင်းရေနည်းလို့သာပေါ့။ မိုးတွင်းဆို ဒုက္ခ အကြီးအကျယ်ပဲကွဲ့။ ဘာကိုမှ မမက်မောနိုင်ဘူး၊ မသေရင်ပြီးတာပဲ တဲ့။ ဝါးဆစ်ရေဗူးကို မော့သောက်ရင်း ကရင်အမိုးတယောက် သတင်းသမားတွေကို ပြောပြနေတာပါ။ ဘာတွေပြောဆိုနေမှန်း မသိနိုင်တဲ့ တဖက်နိုင်ငံ နယ်ခြားစောင့်တပ်သားတွေရဲ့ မျက်နှာတွေကိုကြည့်ပြီး တောင်ယာထမင်း တဆုပ်ကို မြင်ယောင်နေကြမယ့် ကလေးသူငယ်တွေဟာ မွဲခြောက်ပေရေနေတဲ့ သင်တိုင်းနွမ်းလေးတွေနဲ့ အအေးဒဏ်ကို ခုခံနေကြရှာပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာလေ ကျည်ကွယ်မျက်ကွယ်ဖြစ်တဲ့ တဖက်နိုင်ငံဘက်ကို လူတွေက အားသွန်စီးလာတဲ့ ရေစီးလို ဒလဟော ကမ်းပြိုလိမ့်ဆင်း ရောက်လာနေတာ ရာဂဏန်းကနေ ထောင်ဂဏန်း၊ ထောင် ဂဏန်းကနေ သောင်းဂဏန်း ဆိုပါတော့။ 
စစ်ပြေးဒုက္ခသည်တွေဟာ ခိုလှုံစရာစခန်း တိတိပပ မရှိ။ ကူညီထောက်ပံ့မယ့်သူ တိတိကျကျ မရှိလေတော့ ချောင်းကြိုမြောင်းကျား၊ တဲပျက်၊ ဝါးရိပ်အောက်မှာပဲ ဘာကို ကြောက်ရမှန်းမသိ ကြောက်လန့်နေကြရတာပါ။ ဝေါ်လေဘက်ကမ်းက ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဆိုရင် ခုပြန်ပို့မယ်၊ တော်ကြာ နေရာရွေ့ရမယ်ဆိုတဲ့ အမိန့်အမျိုးမျိုးအောက်မှာ ချောင်းရေကိုတောင် ဖြောင့်ဖြောင့် မသောက်နိုင်ရှာကြပါဘူး။ 
ကရင်အဖိုးအိုတဦးကတော့ အဖူး အသက်နဲ့အမျှပါပဲတဲ့။ ဒီလိုပဲ တိုက်ပွဲတွေ ဖြစ်လိုက်၊ ထွက်ပြေးလိုက်၊ အိမ်မီးရှို့ခံရလိုက် ပြန်ဆောက်လိုက်နဲ့ လုံးချာလည်နေတာပါပဲတဲ့။ မီးညှိလို့ မရနိုင်တဲ့ ဝါးဆေးတံနဲ့ ဆန့်ကျင်ဘက်လို့ ပြောရလေမလားပါပဲ။ အဖူးဘဝက တငွေ့ငွေ့ တောက်လောင်နေတဲ့ ဘဝမျိုးလေလား။ ကျမတို့မှာ အိမ်ရောရှိသေးရဲ့လား။ နက်ဖန် သဘက် ပြန်ပို့မှာလား။ ဘာကို ကြောက်လို့ ကြောက်ရမှန်းမသိ ကြောက်နေရတဲ့အထဲ သူတို့ရွာသားတွေက ကျမတို့ကို သူတို့ရွာအနီးအနားမှာ မနေစေချင်ဘူး။ ကျမတို့ဆီကရောဂါတွေ ကူးမှာစိုးလို့တဲ့လေ။ အဲဒီတော့ မြန်မြန်ပြန်ပို့အောင် အတင်းတိုက်တွန်းနေကြတာပေါ့။ ၄ – ၅ လရွယ် ကလေးငယ်ကို သဘက်နဲ့လွယ်ပြီး ကျောပိုးထားတဲ့ ကရင်မိခင်လေးမှာ မျက်ရည်မှရှိသေးရဲ့လားလို့ တွေးဆမိချင်စရာပါ။ 
ပြည်တွင်းဖြစ် စစ်မီးလျှံတွေထဲမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘဝက လမိုက်ညမှာ လရောင်ကို တမ်းတနေရတဲ့ ဘဝမျိုးလို့ သတ်မှတ်ရလေမလား။ ကားသံ ခြေသံကြားရင် သူတို့နည်းတူ လည်ဆန့်မိတယ်။ နားစွင့်မိပါတယ်။ ကယ်သူတွေလား ကူမှာလား။ စောင့်သူတွေက မောလှပြီ မဟုတ်လား။ ၂၀၁၀ ခုနှစ် ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။ စစ်ပွဲတွေရော မပြီးဆုံးနိုင်တော့ဘူးလား။ 
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၂၉ – ၁၂ – ၂၀၁၀
မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: