RSS

Moe Nat Thar – The county of oldies

24 Jun

အလျှော့ခေတ်

မိုးနတ်သား

ဇွန် ၂၅၊ ၂၀၁၁

 

ယခုအခါ စစ်အစိုးရကနေ ခေတ်အစိုးရပြောင်းပြီးနောက် ဤပြည်ရွှေဝါ၌ လျှော့ချရေးများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပတော့မည့်အကြောင်း ကြေငြာမောင်းခပ်နေ၏။

လျှော့ချရေးများကား များလှဘိချေသည်။

အလေအလွင့် လျှော့ချရေး။

လျှော့မှ ဖြစ်တော့မည်၊ တတိုင်းပြည်လုံး လူအလေအလွင့်နှင့် ပလပ်စတစ်အလေအလွင့်များ ထောင်းလမောင်းထနေသည်။ သုံးပြီးလွင့်ပစ်ထားသော ပလပ်စတစ်များ၊ ဂျွတ်ဂျွတ်အိပ်များပေါသလို ဘွဲ့ရပြီး လွင့်ပစ်ထားသော နိုင်ငံသူ နိုင်ငံသားများလည်း ပေါလှသည်။

ထောင်သက်တမ်း လျှော့ချရေး။

အမြန်ဆုံးလျှော့ရမည့် အလုပ်ပင်။ ထောင်ထဲရောက်နေသူအများစုမှာ ရဲရော တရားသူကြီးရော ဘုန်းကြီးရော စစ်တပ်ရော တတိုင်းပြည်လုံးထိုးသည့် ချဲမှုနှင့်ကျနေတာမျိုးတွေက များသည်။ သစ်တောကြီးလိုက်ခုတ် နိုင်ငံခြားရောင်းစားနေသူတွေက တည်းခိုခန်းကြီးတွေဆောက်ပြီး မော်ဒယ်တွေနှင့် ပျော်တယ်လေလုပ်နေချိန်တွင် ကိုယ်သုံးဖို့ ကိုယ့်ရွာနားက သစ်တပင်ခုတ်မိ၍ ထောင်ကျခံလိုက်ရတာမျိုးတွေ များသည်။ သိန်းပေါင်းသန်းနှင့်ချီ၍ ဘုံးကြ အုပ်ကြ ခိုးကြ ဆိုးကြလုပ်နေသူတွေ နိုင်ငံမျက်နှာစာတက် လင်းလက်တောက်ပနေကြချိန်တွင် ဒန်အိုးဒန်ခွက်လေးယူမိ၍၊ အင်္ကျီလုံချည်လေးရုပ်မိ၍ ထောင်ထဲရောက်နေသည်က များပေသည်။ ဒုက္ခရောက်သူ၊ ဆင်းရဲသူ၊ သဘာဝဘေးဒဏ်ခံစားရသူ၊ အကူအညီလိုသူများကို ကူညီကယ်ဆယ်မိ၍ ထောင်ကျနေသူများလည်း ကမ္ဘာလုံးအံ့ဘွယ် ရှိချေသေးသည်။ ဆက်ချထားလျှင် နိုင်ငံတော်အနေနှင့် မတရားလွန်းရာကျပေတော့မည်။

နိုင်ငံရေးအကျဉ်းသား လျော့ချရေး။

နိုင်ငံရေးကြောင့် အစိုးရတွေဖြစ်ကြ၊ ဝန်ကြီးတွေဖြစ်ကြ၊ အမတ်တွေ ဖြစ်ကြ။ နိုင်ငံရေးကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးတွေဖြစ်ကြ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဖြစ်ကြ။ နိုင်ငံရေးကြောင့် လူမှုရေး ယောင်ယောင် ဝါးရင်းတုတ်ဆောင်အဖွဲ့ကနေ နိုင်ငံပြုတော့မည်ဆိုသည့် ပါတီဖြစ်ရ။ နိုင်ငံရေးကြောင့် လက်ဖက်ရည်ဆိုင်လောက် အာဖောင်ရာကနေ လွတ်တော်ထဲ ဖောင်ခွင့်ရလာကြ။ နိုင်ငံရေးကြောင့် စီးပွားရေးလေးတွေပွင့်လာပြီး ကုမ္ပဏီတွေ ဖွင့်ခွင့်ရ၊ နိုင်ငံခြားဆိုတာကြီးတွေ ရောက်ခွင့်ရ။ နိုင်ငံရေးကြောင့်ပဲ နိုင်ငံတော် အကြံပေးကြီးတွေ ဖြစ်ခွင့်ရ။ ကဲ အားလုံး အားလုံး ကိုယ်စီ ကိုယ်စီ နိုင်ငံရေး အကျိုးခံစားခွင့်ရနေကြပြီ။ နိုင်ငံရေးကြောင့် ဒီလိုကောင်းစားနေကြပြီး နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသေးတယ်ဆိုရင်တော့၊ ဒီသူမြတ်တွေကို ဆက်ပြီး စိတ်ရော ကိုယ်ရော ညှဉ်းဆဲနေအုံးမည် ဆိုလျှင်တော့ တိုင်းပြည်ကြီးအတွက် ဘာတစက်ကမှ ကောင်းနိုင်စရာရှိတော့မည် မဟုတ်ချေ။

ကလေးစစ်သားလျော့ချရေး။

ကလေးများကို ကိုယ့်ကလေးတွေလို့ပဲ တွေးပေးကြပါ ဗိုလ်မင်းများ ခင်ဗျား။

ဘာတစက်ကလေးမှ အသုံးမကျသည့် ဥပဒေများ ဒုနှင့်ဒယ်နှင့် လျော့ချရေး။

ဒီကိစ္စကတော့ တိုင်းပြည်လုံးဆိုင်ရာ ရီစရာကြီးဖြစ်နေသည်မှာ ကြာချေပြီ။ (ဥပမာ၊ တဒေါ်လာ ခြောက်ကျပ်) အူကြောင်ကြား ဥပဒေတွေ မှိုထက်ပင်ပေါသည်ဟု ဆိုကြတုံ၏။ ကိုယ့်ပိုက်ဆံနှင့်ကို မတရားသဖြင့်ဈေးပေးရပြီး ငှားရမ်းသုံးစွဲခွင့်ပြုသည်ဆိုတာမျိုး၊ (ဥပမာ ဖုန်း) ဖုံသုပ်ဖို့လောက်ပင် အသုံးမဝင်တော့သည့် ယင်း ဂဂြိုးဂဂြောင်ဥပဒေများကို ချမ်းသာပျော်ရွင်ရေးအတွက် ဘေးဆိုးကြီးများ ဟုလည်း ကင်ပွန်းတပ်ကြသည်။

တခါသုံးလူများ လျော့ချရေး။

တိုင်းပြည် ကျက်သရေအတွက် အခက်ပွေရမည့်လူများတည်း။ (ဥပမာ ဒီပဲယင်းအရေးအခင်းမျိုးမှာ သုံးခဲ့သည့် ရွှေဝါရောင်အရေးအခင်းများမှာသုံးခဲ့သည့် ကြံ့ခိုင်ရေးအဖွဲ့ဝင်များ၊ အမနုဿများ အပါအဝင် လူအချို့)

 ခေတ်ဖျက်သူဌေးများ လျှော့ချရေး။

ဒါလည်း မလုပ်မဖြစ်တော့ပေ။ တနေ့ကပင် ပြည်ကြီးငတေ လူ့အလေတယောက်၏ ရွံ့စရာမှန်း မသိ၊ ထွေးစရာမှန်းမသိ စကားများကို ကြားလိုက်ရသေးသည်။ တိုင်းပြည်ကြီးလောက်လန်း ထိုလူ့ပေါက်ပန်းသူဌေးလေးသည် တတိုင်းပြည်လုံး ဆင်းရဲတွင်းနက်စေသည့် တပါတီအာဏာရှင်အစိုးရကို အများတကာ ဖြုတ်ချနေချိန် သူတို့သားအဖ ကျွန်းခုတ်ပြီး ဒေါ်လာတွေ အလုပ်ဖြစ်သည့်အကြောင်း ပြောသွား၏။

ဒီမိုကရေစီတိုက်ပွဲဝင်သူတွေကြောင့် ကနေ့လိုမျိုး သန့်ရှင်းမည့် အရပ်သားအစိုးရသစ်ကြီး ပေါ်လာသည်ကိုမှ မထောက်မညှာ၊ အစိုးရသစ်ကြီး၏ ထောင်သက်တမ်း လျှော့ချရေး စီမံကိန်းကြီးကိုမှ အားမနာ၊ နောက်ဆုံးသူဒီလို မတရားချမ်းသာခွင့် ဘာကြောင့်ရနေလေသည်ကိုမှ မသိသား ဆိုးရွားစွာ ဒီမိုကရေစီိလိုချင်သူများသည် ထိုက်သင့်သည့်ပြစ်ဒဏ်ခံနေရပေသည်ဟု ပြောသွားသေးသည်။

စစ်တပ်က ပြည်သူကိုအမုန်းခံ အရွံခံ၊ တိုင်းရင်းသားတွေနှင့် ချစ်ကြည်ရေးအပျက်ခံ၊ နှစ်ဦးနှစ်ဖက်အသေခံ အကြေခံနှိပ်ကွပ်နေချိန်၊ တိုင်းရင်းသားများ ဓားစာခံဖြစ်နေချိန်တွင် ကျွန်းခုတ် ကျောက်တူး ပါမစ်တူးကာ ရူးသလိုလို ထူးသလိုလိုနှင့် နိုင်ငံလုံးပိုင် သယံဇာတများဖြင့် မောင်းမအပေါင်း လေးငါးသောင်းခြံရံကာ ယင်းတို့သားအဖတတွေ ကောင်းကောင်းစား ကောင်းကောင်းယားနေရသည့် ပုံများလည်း မမြင်ချင်မှအဆုံးပင်။

သူများတွေ ထောင်ကျခံ အသေခံ၊ တတိုင်းပြည်လုံးက ကလေးငယ်တွေ ခြင်ကိုက်တာလောက်နှင့် အသေခံနေရချိန် ယင်းတို့သမီး ရှုမငြီးလေးမှာ အီတာလျံသွား၍ ဆေးကုသခွင့်တောင် ရနေပေသည်။ တိုင်းပြည်ကြီး ချစ်လွန်လွန်းလို့ အသက်စတေးပြီး ကာကွယ်ပေးနေရပါသည်ဆိုသော ဘယ်စစ်သားနှင့် ဘယ်သားသမီးများ ဘယ်နိုင်ငံခြားလေးများ ရောက်ဖူးကြပါသနည်း။ တချို့စစ်သည်များတော့ ဆိုင်ကယ် ကယ်ရီချရင်း ကြယ်ခေါင်တို့ ဘာတို့ ရောက်ဖူးကြတာတော့ ရှိလိမ့်မည်။ အနောက်ဆို မိုးရေးတို့၊ ဘာတို့ပေါ့လေ၊ အင်း မဲဆောက်တို့ ဘာတို့လည်း နိုင်ငံခြားဆိုရင်တော့ နဲနဲပါးပါး ရောက်ဖူးကြပေမှာပေါ့။

သယံဇာတ လျော့ချရေး။

သယံဇာတကျိန်စာသင့်ပြီး ဘာမှအသုံးမကျသည့် နိုင်ငံသားများဖြစ်မှာ စိုးရိမ်သည့်အတွက် စစ်ဗိုလ်ချုပ်ကြီးအချို့နှင့် အထက်ပါ ခေတ်ဖျက်သူဌေးများသည် တရက်လျှင် ၁၈ နာရီလောက် အလုပ်လုပ်ပြီးသကာလ သယံဇာတများကို ဝိုင်းဝန်းလျော့ချပေးနေပါသည်။ ခု ဘာမှ သိပ်မကျန်တော့၍ လျှပ်စစ်ထုတ်ခြင်းဖြင့် မြစ်ကြီးတွေကိုပင် တဖက်လှည့်နှင့် ရောင်းနေပါပြီ။

ပြည်တွင်းစစ် လျှော့ချရေး။

ပြည်တွင်းစစ်ရှိသ၍ နိုင်ငံမွှေး နိုင်ငံတောင်ပြောင်ဖို့ မလွယ်ရေးချ မလွယ်ပေ။ ဘာပညာနှင့်မျှ ဘာမှ မဘာနိုင်သည့်နိုင်ငံတွင် မြေပေါ်မြေအောက် ရှိတာလေး ရောင်းချစားသောက် နေရသည့်အပြင် နှစ် ၆၀ ကျော်တာတောင် တိုက်လို့မပြီး ခိုက်လို့မပြီး တိုက်ပြီးရင်းတိုက်နေအုံးမည်ဆိုလျှင်တော့  ပြာတလင်းခေါင်တော့မည်မုချ။

ခြစားမှု လျှော့ချရေး။

လျှော့ချဖို့တော့ အတော်ကို မလွယ်ချေ၊ ခုတလော သမ္မတကြီး၏မိန့်ခွန်းအတိုင်း ကလီးဖို့ဆိုပြီး ကိုယ့်ကိုယ်ကို တစက်ချီးမှ ပြန်လှန်ကလီးရကောင်းမှန်းမသိကြဘဲ အနိုင်ကျင့်ရလွယ်သည့် ပညာရေးဝန်ထမ်းများကို ပြူးပြူးပြဲပြဲသွားလုပ်နေသည်။ ဒီလစာလေး နှစ်ပဲခြောက်ပြားနှင့် ကိုယ်ဆိုရင် အဲဒီနေရာ လုပ်နိုင်မလား၊ ကိုယ့်သားသမီးဆိုရင် ကျောင်းဆရာ ဆရာမ လုပ်ခိုင်းမလား စဉ်းစားကြည့်ဖို့ ကောင်းသည်။

ဆိုင်ကယ်တစီး တရက်ငှားခ တသောင်းလောက်တန်ဖိုးရှိနေသည့်ခေတ်တွင် ဆိုင်ကယ်နှင့် ကျောင်းတက်သော ဆရာများအဖို့ တလ အရင်းကိုက သုံးသိန်းလောက်ကျနေသည်။ မြေဖြူကိုင်၍ ရောဂါ အဖြစ်ခံနေမည့်အစား ကိုယ့်ဖာသာ ဆိုင်ကယ်ငှားပြီး အုံနာကြေးတောင်းထိုင်စား၍ ရသည်။

ဒါတောင် စားစရိတ်၊ နေစရိတ်တွေ မပါသေး။ ကိုယ့်မိတ္တူဖိုး ကိုယ်ရှင်း၊ ကိုယ့်ထမင်းကိုယ်စား ကျောင်းတက်ခဲ့ရသည့် ပညာသင်စရိတ်တွေ မပါသေး။

စစ်ဗိုလ်များလို အစစအရာရာ ဖရီးကစ်ခဲ့ရသည် မဟုတ်ပေ။

ဒါပေမယ့် လစာကျတော့ သုံးသောင်းလောက်သာ ရသည်။ ပြောရရင် ရေဖိုး မီးဖိုးတောင်ရှိသည် မဟုတ်။

စစ်ဗိုလ်တွေလိုလည်း ကျောင်းစရိတ်မကုန်၊ လစာပိုရ၊ အခွန်အခတောင် ရီးတီးယားတား လုပ်နိုင်သည့် ဦးပိုင်လီမိတက်တွေ လုပ်ခွင့်ရ၊ ပါမစ်တွေရ၊ မြေတွေရနေသည် မဟုတ်ပေ။ နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းတာချင်းအတူတူ စစ်ဗိုလ်များက ဘာ့ကြောင့် အခွင့်အရေးတွေ ပိုရနေသလဲဆိုသဟာကို နားပင်မလည်ချေ။ သေနတ်ရှိလို့ဟုသာ ပြောရပေတော့မည်။

စစ်ဗိုလ်တွေကရော ကိုယ့်ကိုယ်ကို တရားတယ် ထင်နေကြသလား၊ နိုင်ငံပိုချစ်တယ် ထင်နေကြ သလားဆိုတာလဲ မေးကြည့်ချင်သည်။ စဉ်းစားရဲရင် စဉ်းစားကြည့်ကြပါ။ မဖြေချင်နေပါ။ ဌာနအနေနှင့် ကြည့်လျှင်လည်း စစ်အသုံးစရိတ်များကား အစစ်အဆေး မရှိ၊ အိုးပင်း ဒလဟော။ ပညာရေးဌာနကား စစ်တပ်၏ စွန့်ပစ်ပစ္စည်းဖိုးလောက်တောင် ရသည်မဟုတ်။

အဲဒါကို ကလီးမယ်ဆိုပြီး ပညာရေးကို လာတီးတာတော့ သက်သက်ဗိုလ်ကျစိုးမိုးမှုပင် ဖြစ်သည်။ ဘာမှအလုပ်ကောင်းကောင်းမလုပ်ရသည့် အမတ်များ၊ ဝန်များတောင် လစာ သိန်းပေါင်းမြောက်မြားစွာ ပေးထားရသေးသည်။ တနေကုန်တနေခန်း ကလေးတွေနှင့် တစာစာအော်နေရသည့် ဆရာ ဆရာမတွေက အငတ်နေရမှာလား၊ တုံးလုံးနေရမှာလား၊ လမ်းထွက်အိပ်ရမှာလား၊ လွတ်တော်ကြီးများ အနေဖြင့်တော့ စဉ်းစားဖို့ကောင်းသည်။ ဒါတွေ စဉ်းစားရအောင် လွတ်တော်ပေါ်လာသည် မဟုတ်တုံလော။

ဆင်းရဲမှု လျှော့ချရေး။

အဲဒါက အလျှော့တကာတို့၏ ထိပ်ခေါင်၊ အလျှော့တောင်တန်းကြီးပေတည်း။ ခေတ်ဖျက် သူဌေးတွေကို မလျှော့နိုင်ဘဲ၊ ပြည်တွင်းစစ်တွေကို မလျှော့နိုင်ဘဲ၊ ချစားမှုတွေကို မလျှော့နိုင်ဘဲ၊ အခွင့်ထူးခံတွေကို မလျှော့နိုင်ဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေကို မလျှော့နိုင်ဘဲ ဆင်းရဲမှုကြီးကို လျှော့ချဖို့တော့ ပြောပြန်ရန်လဲ အောင်မင်း လွန်ရာကျတော့မည်။

ဆင်းရဲမှုလျှော့ချရေးနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ဖို့ လူတယောက်နှင့်စ၍ စကားပြောကြည့်ရာ “လွယ်ပါတယ်၊ ဆင်းရဲသားတွေ အကုန်သတ်ပစ်လိုက်ပေါ့” ဟုဆိုသဖြင့် ဆက်လက် မကောက်ရဲတော့ပါ အမိ မြန်မာပြည်ကြီးခင်များ … … …။

အော် မေ့တော့မလို့။ လျှော့ဖို့စဉ်းစားသင့်သောအရာကြီးဟုတ် မဟုတ် တတိုင်းပြည်လုံးစဉ်းစားခန်း ထုတ်ရမည့်ကိစ္စကြီးရှိပေသေးသည်။

နိုင်ငံများ လျှော့ချရေး။

ယခုခေတ်အစိုးရ၌ နိုင်ငံများ တဖွားဖွားပေါ်ပေါက်လာခဲ့ချေ၏။ ဟိုတုန်းက တိုင်းနှင့် ပြည်နယ်များကို ဒေသကြီးဟု စကားလုံးအားဖြည့်၍ အစိုးရအသီးသီးဖွဲ့ပေးလိုက်၏။ ကိုယ့်အစိုးရနှင့်ကိုယ် ဖြစ်သည့်နောက်တော့ ရန်ကုန်နိုင်ငံ၊ မန္တလေးနိုင်ငံ၊ တနင်္သာရီနိုင်ငံ၊ မွန်နိုင်ငံ၊ ကရင်နိုင်ငံ၊ ကချင်နိုင်ငံ၊ ရှမ်းနိုင်ငံ၊ ရခိုင်နိုင်ငံ၊ ချင်းနိုင်ငံ၊ ကယားနိုင်ငံ စသည်ဖြင့် ခေါ်ရပေတော့မည်။ အဲလိုမှ မဟုတ်ရင် ဖွဲ့ထားသည့်အစိုးရသည် အလုပ်အကိုင် မယ်မယ်ရရရှိမည် မဟုတ်ချေ။ သို့ဆိုလျှင် လစာပေးနေရသော ပြည်သူများအဖို့ များစွာနစ်နာရမည်။ အခြားဖွံ့ဖြိုးရေးတွေကလည်း လုပ်စရာတွေ တပုံတပင်ရှိသေးသည်။ ကချင်နိုင်ငံအစိုးရသည် ကိုယ့်ပြည်တွင်း စစ်ခင်းနေသည့်ကိစ္စကို တလုံးတပါဒမျှ မပြောပုံထောက်တော့ အစိုးရစရိတ်ကုန်ကျရသည်မှာ တပြားမှ မတန်သလိုပင်။ အစိုးရအဖွဲ့ရှိပြီး သတင်းလေးမှ ထုတ်ပြန်စရာ သတင်းစာထားလို့ လက်ကမ်းစာရွက်လေးမှ မဝေခြမ်းနိုင်သည့်အတွက် အစိုးရအဖွဲ့ဟု ပြောရမှာလည်း သိမ်ငယ်စရာကောင်းနေပြန်သည်။ ထို့ကြောင့် နိုင်ငံများလျှော့ချရေးလုပ်သင့် မလုပ်သင့်လည်း စဉ်းစားပေးကြပါရန် မေတ္တာရပ်ပါသည် အမိနိုင်ငံတော်ကြီး။

သရုပ်ဖော် – ကာတွန်း စောငို

 

 
Leave a comment

Posted by on June 24, 2011 in Moe Nat Thar, Satire

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: