RSS

Translated by May Ka on “Twilight over Burma by Inge Sargen

24 Jun

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၁၁

မေခ

ဇွန်  ၂၅၊ ၂၀၁၁

မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု

(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)

အခန်း၇

နောက်တခါ မိုးရာသီသည် ကြီးမားသော ကျွန်းရွက်တွေပေါ်က ဖုန်တွေကိုဆေးကြောပစ်သည်။ မြေကြီးတွေကို သန့်စင်စေသည်။ ထွန်ယက်စိုက်ပျိုးဖို့ရာ ပြန်လည် အသက်ဆက်ပေးသည်။တတောလုံးသည် လန်းဆန်းလတ်ဆတ်စိုလွင်စိမ်းမြနေတော့သည်။  စန္ဒကူးမြစ်ရေများလည်း ပြည့်လျံလာပြီးနောက် နမ့်ပန်းပြည်နယ်တခုလုံးက ရေငတ်နေသော စပါးခင်းတွေကိုရေသွင်းနိုင်ခဲ့လေသည်။

လယ်သမားများသည် သီးနှံများကိုစိုက်ပျိုးပြီးကြသောအခါ မိုးနှင့် နေကို စောင့်နေကြရသည်။ ပြီးမှ သူတို့ အလုပ်ကိုဆက်လုပ်နိုင်ကြသည်။ နွေမိုးသည်သုတ်သုတ်ရွာပြီး မြန်မြန်ထွက်သွားတတ်သည်။ ဘုန်းကြီးကျောင်းတွေမှာ လူငယ် လူကြီးမကျန် ပြည့်နက်စည်ကားနေပြီး တရားထိုင်ကြသည်။ ဗုဒ္ဓ၏ တရားကိုရှာကြလေသည်။ အရှေ့စံအိမ်တော်အနီးနားက ရွာတွေမှ နံနက်စောစော တုံးမောင်းခေါက်သံသည် တရားထိုင်မည့်သူများကို ဖိတ်ခေါ်သံလည်းဖြစ်လေသည်။

‘ လာမဲ့နှစ်ပတ်မှာ မောင် တရားစခန်းဝင်မယ် ‘

စ၀်က သုစန္ဒာကိုပြောသည်။သူ့မွေးနေ့မတိုင်မှီ ရက်အနည်း ငယ်အလိုတွင်ဖြစ်သည်။

‘ အချစ်ကောလိုက် ၀င်မလား ဆရာတော်တပါး မနက်တိုင်းလာပြီး တရားပြမှာလေ ‘

သုစန္ဒာက ချက်ခြင်း ပြန်မဖြေပဲနေလိုက်လေသည်။ သူမသည် တရား ဘယ်လိုထိုင်ရသလဲဆိုတာကို စိတ်ဝင်စားသော်လည်း ယခုတိုင် တရားထိုင်ဖို့အဆင်သင့် မဖြစ်သေးချေ။သူ့မျက်လုံးထဲတွင် တရားထိုင်ခြင်းသည် ဗုဒ္ဓဘာသာကို ကိုယ်က  သက်ဝင် ယုံကြည်မှုကိုပြရာရောက်သဖြင့် သူမအဖို့သည်လိုလုပ်ဖို့ မပြင်ဆင်ရသေးပေ။

တကယ်တော့မူ သူမ၏ကလေးဘ၀က ဘာသာရေးသည် သူမအတွက် စိတ်ချမ်းသာမှု သူမ၏လိုအပ်မှုများကို မဖြည့်ဆည်းပေးနိုင်ခဲ့တာတော့သေချာသည်။   သို့သော် သူမအဖို့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို နားလည်ဖို့ အချိန်ယူရပေဦးမည်။

 

ဗုဒ္ဓဘာသာဝင်များ တရားထိုင်သောနေ့သို့ရောက်လာသည်။ သူတို့ပြုလုပ်နေကြပုံကို သုစန္ဒာတွေ့နေရသည်။ စ၀်က သီဟိုဠ်ဘုန်းကြီးကျောင်းမှ မှာပေးထားသော ဗုဒ္ဓဘာသာနှင့်ပတ်သက်သော စာအုပ်များစွာကို သူမဖတ်ရှုလေ့လာနေရတာထက် သူမ၏လူထုတွေနေ့စဉ် ဘာသာရေးနှင့် ပတ်သက်ပြီးပြုလုပ်ဆောင်ရွက်နေကြတာတွေ တရားထိုင်နေကြတာတွေကို ကြည့်ပြီး လက်တွေ့ သင်ကြားတာကမှ ပိုမို အကျိုးရှိလိမ့်မည်ဟု တွေးမိလေသည်။

သူမ၏အလုပ်သမားများသည် အမြဲပဲကောင်းသောအလုပ်ကို လုပ်ကြသည်။သူမကလည်း သူတို့အတွက်လိုအပ်သောငွေ အ၀တ်အစား အစားအစာ နှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးလေသည်။ တယောက်ယောက်က ထောက်ပံ့ဖို့ အခွင့်မသာသေးလျှင် သူတို့သည် ဖျားနေသူများ အကူညီမဲ့နေသူများ နှင့် စိတ်ဓါတ်ပျက်ပြားနေသူများ ကို ကြင်နာ သနားတတ်ကြသည်။ ထို့ကြောင့် မိဘမဲ့ကလေးများဂေဟာ၊ လူအိုရုံ သို့မဟုတ် စိတ်ကုဆေးရုံများ မရှိချေ။

ထို့နောက် နမ့်ပန်းမြို့ကလူတွေသည် ပျော်ရွှင်စွာဖြင့် ရဟန်းတော်အပါး ၅၀၀ ကို ဆွမ်းကွမ်းဆေး မခိျု့တဲ့ရအောင် ထောက်ပံ့ပေးလှူထားကြလေသည်။ မနက်ပိုင်းတွင် ရဟန်းသံဃာတော်များသည် အ၀ါရောင် သင်္ကန်းများရုံပြီး သပိတ်ဖြင့် ဆွမ်းခံထွက်ကြသည်။

တိုင်းယိုင်အမျိုးသမီးများသည်  ရဟန်းတော်များကို ဆွမ်းလောင်းဖို့ နေ့စဉ် နံနက်စောစောထ၍ ဆွမ်းချက်ကြရသည်မှာ နှစ်ပေါင်းများစွာတိုင်ခဲ့ပြီဖြစ်လေသည်။တချိန်တည်းမှာပင် သုစန္ဒာသည် သူ့လူတွေ သည်လို အတားအဆီးမရှိ ရက်ရက်ရောရောလှူဒါန်းနေကြတာကို ကြည့်ပြီး စိုးရိမ်မိခံစားလေသည်။ သူတို့တွေက သည်လိုနည်းနည်းလေး ပေးလှူလိုက်တာနှင့် သူတို့ ယုံကြည်မှုကို ဘယ်လို အထောက်အပံ့ဖြစ်မှာမို့လဲဟု သူမတွေးလေသည်။

သူမစတင်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာအကြောင်းဖတ်ရှူ့လေ့လာသည်။ဘုရား တရား သံဃာ ရတနာသုံးပါး ၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာ ဟူသော သစ္စာလေးပါး၊ ဘ၀နေထိုင်နည်းဖြစ်သောမဂ္ဂင်ရှစ်ပါး၊ လောကသုံးပါးဖြစ်သော သတ္တလော သြကာသလောက၊ သင်္ခါရလောက   ၊ မေတ္တာ ကရုဏာ မုဒိတာဥပေက္ခာ ဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးအကြောင်းများကိုဖတ်ရှူ့လေသည်။

ပြီးနောက် သူမအဖို့ ပထမဆုံးချက်ခြင်းပင် သစ္စာလေးပါးနှင့် စတင်ဒုက္ခ ရောက်တော့လေသည်။ သည်မှာပြောထားတာက ဘ၀ဆိုသည်မှာ တဏှာ ဟုဆိုလေသည်။ သည်အဆိုးမြင် အပျက်မြင် ၀ါဒကို သူမပယ်ချသည်။ ထို့အပြင် ရှိသေးသည် မှာ တဏှာ၏အရင်းခံသည် လိုချင်တပ်မက်မှု နှင့် လိုချင်တာကိုရအောင်ယူတော့ စွဲလမ်းသည်ဟုဆိုပြန်လေသည်။ သုစန္ဒာကတော့ သဘောမပေါက်ချေ။

စွဲလန်းမှုသည် ဆန္ဒပဲ မဟုတ်လား ။

လူတွေအားလုံးသည် စွဲလမ်းမှုကို ပယ်သပ်ပြီး ရဟန်းဝတ်ကြလျှင် လူ့အဖွဲ့အစည်းသည် မည်သို့ဖြစ်လာပါမည်နည်း။  ရဟန်းတွေလိုအပ်သော အထောက်အပံ့တွေအတွက်ဘယ်သူကမှ ၀န်ထုပ်ဝန်ပိုးအဖြစ် ခံမည်မထင်ချေ။

ဆင်းရဲသော ဘ၀ကို ရွေးချယ်ပြီး ရဟန်းဝတ်ကြပေလိမ့်မည်။သူမသည် တရားထိုင်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း သုစန္ဒာသိလေသည်။  နောက်ဆုံးတွင် သုစန္ဒာက စ၀်ကိုပြောလိုက်သည်။

‘ဒီလိုမေးတာ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျမ နောက်တနှစ်လောက် စောင့်တာ ပိုကောင်းမယ်ထင်တယ်။ မောင်က ကျမကို တရားထိုင်တဲ့ အကြောင်းပြောပြလေ ‘

သူ့အတွက် အလွန်အရေးကြီးသောတရားထိုင်သည့် အတွေ့အကြုံကိုသူမ အား အတူသိစေချင်သော်လည်း သုစန္ဒာက အဆင်သင့်မဖြစ်သေးသည့်အတွက် သူက သူမကို စိတ်ပျက်လက်ပျက်ဖြင့်သာငေးကြည့်နေမိတော့လေသည်။

သို့သော် သူသည် သူမ၏ဆုံးဖြတ်ချက်အပေါ်ဘယ်တော့မှ လွှမ်းမိုးချယ်လှယ်မည် မဟုတ်မှန်းသိခဲ့သည်။ ဒါမှ မဟုတ် ဇွတ်ဖိအားပေးလုပ်ခိုင်းမည်မဟုတ်ချေ။ သူ့ဆုံးဖြတ်ချက်အတိုင်း သူနှင့်တူညီသော သဘောအတိုင်း  သူမကလိုက်မလုပ်မိခြင်းအတွက် သူမက အပြစ်လုပ်မိသလို ခံစားရပြန်လေသည်။

နောက်တခုအနေနှင့်လည်း သူမကို တိုင်းယိုင်ထုံးစံအခမ်းအနားဖြင့် တရားဝင် မဟာဒေ၀ီအဖြစ် အသိမှတ်ပြုသော ကိစ္စကိုလည်း  သူမ၏အတွေးတွေကြောင့်သူက စိတ်မကောင်းဖြစ်ရပြန်လေသည်။

ဟိုကိုရွာက ရွာလူကြီးများသည် သူတို့ ခွန်မိန်းကို အလွန်အရေးကြီးသော မီးသဂြိုလ်ပွဲတခု အတွက်လာဖိတ်ကြလေသည်။ ရွာဦးကျောင်းက ဆရာတော်အရှင်သူမြတ်ဘုန်းတော်ကြီးသည် ၀ါတော် ၆၀ပြည့်ရန် ၆လအလိုတွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသဖြင့် ဘုန်းကြီးပျံပွဲကို ခမ်းနားအကြီးကျယ်ဆုံး ကျင်းပမည်ဖြစ်သည်။

ဆရာတော်၏ရုပ်ကလပ်တော်ကို မပုပ်သိုးရအောင် သင်းကြိုင်သော အမွှေးအထုံဆေးများဖြင့် စီရင်ထားပြီး ဘုန်းကြီးကျောင်းအနီးကပြည်နယ်ရင်ခွဲရုံလေးတွင် ထားလေသည်။ ဘုန်းကြီးပျံပွဲကို ၃ရက်ကျင်းပမည်ဖြစ်ရာ ထိုနေ့သို့ရောက်လာခဲ့ပြီဖြစ်သည်။ စ၀်က နောက်ဆုံးနေ့တွင် သုစန္ဒာနှင့် အတူ ဘုန်းကြီးပျံပွဲကိုတက်ရောက်မည်ဖြစ်သည်။

သုစန္ဒာက တိုင်းယိုင်အသုဘများစွာကို တက်ရောက်ခဲ့ဖူးလေသည်။ အားလုံးလိုလိုက အသုဘ အခမ်းအနားကို ပေါ့ပေါ့ပါးပါး ဖြင့် ပြုလုပ်တတ်ကြပြီး ပျော်စရာ အလုပ်တခုလိုပင် သဘောထားကြတာကို တွေ့ရသည်။ အ၀တ်အစားအားဖြင့်လည်းကောင်း ကိုယ်အမူအယာဖြင့်လည်းကောင်း တက်ရောက်လာကြသော သူအများစုမှာစိတ်မသာမယာ ၀မ်းနည်း ပူဆွေးကြေကွဲနေကြဟန်မတွေ့ရချေ။ သူတက်ခဲ့ဖူးသော ဂျာမဏီက အသုဘတွေလို မဟုတ်ချေ။

တိုင်းယိုင်လူမျိုးတို့သည် လူသေဆုံးသွားပြီးနောက် မဆုံးနိုင်သော နောက်တဘ၀သို့ရောက်ရှိသွားပြီး သံသရာတလျှောက်တွင် မွေးဖွားခြင်းနှင့် သေခြင်းတို့ကို ကြိမ်ဖန်များစွာ ကြုံကြိုက်နေကြရသည်ဟု ၀မ်းမြောက်စွာယုံကြည်ကြလေသည်။သူမအံ့တာကတော့ သည်လို အရေးကြီးသော ဗုဒ္ဓဘာသာ ဆရာတော်ကြီးတပါး၏အသုဘသည် ပိုပြီး ပူဆွေးဝမ်းနည်းကြေကွဲစရာမဟုတ်ပါလား။

သုစန္ဒာမျှော်လင့်ထားသလိုမဟုတ်ပဲ ကြည်လင်ပြုံးပျော်နေကြသော ထောင်ပေါင်းများစွာသော လူအုပ်ကြီးသည် ဆရာတော်၏ အခေါင်းတော်တလား အဆောက်အဦး အနီးတွင် စုရုံးရောက်ရှိနေကြသည်။ သူတို့တွင် ပူဆွေးဝမ်းနည်းနေကြဟန်မျိုး မတွေ့ရချေ။  လူစီးကြောင်းကြီးသည် သူတို့ ဆရာတော် အသက်ရှင်စဉ်က ကြည်ညိုလေးစားကြသလိုပင် ဆရာတော်၏ ရုပ်ကလပ်ကို နောက်ဆုံးးအနေဖြင့် ကန်တော့ကြရန် တလား ဆီ ချည်းကပ်လာနေကြလေသည်။

လက်ထဲတွင် ပန်းစည်းများကိုကိုင်ထားကြပြီး တလားအနီးတွင် ဒူးထောက်ပြီး ကန်တော့ကြခြင်းဖြင့် ရိုသေလေးစားမှုကိုပြကြသည်။ ဟိုကို ရွာလူကြီးက ပါဠိစာများကိုရွတ်ဖတ်သရဇ္ဈာယ်သောအခါ စ၀်နှင့် သုစန္ဒာသည် အခမ်းအနားဝန်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ကြသည်။

နံနက်ခင်းလေညှင်းပြေသည် စိတ်အေးချမ်းသာစေသော ရွတ်ဖတ်သံများကို ပျော်ရွှင်နေကြသောလူအုပ်များနှင့် ဝေးရာ သစ်ပင်ထိပ်တွေဆီမှ တောအုပ်ဆီသို့ သယ်ဆောင်သွားလေသည်။

ရွတ်ဖတ်သရဇ္ဈာယ်ပြီးသောအခါ စ၀်နှင့် သုစန္ဒာတို့သည် အစောင့်အရှောက်များခြံရံပြီး မီးသဂြိုလ်မည့်နေရာသို့သွားကြသည်။ထိုနေရာကို ရွာသားများသည် အပတ်ပေါင်းများစွာကပင် အခေါင်းတလားရထား ကိုဆွဲရန် ၀ါးကြိုးများကို  ကြိုတင်ပြုလုပ်ထားခဲ့ကြသည်။

နောက်ဆုံးထိတွေ့သည့်အနေဖြင့် ပေခြောက်ရာရှည်သော ၀ါးကြိုးလေးချောင်းတပ်ထားသည့် ခေါင်းတလားကို ဆွဲမလား ဟု စ၀်ကိုမေးလေသည်။  ကြိုးတခုစီဘက်တွင် ရွာအလိုက် ရွာသားတွေက ဆွဲကြဖို့ စောင့်နေကြသည်။ သူတို့အလုပ်လုပ်နေကြသောအခါ နောက်ခံအဖြစ် တေးသီချင်းများကို တီးမှုတ်ပေးထားပြီး အမျိုးသမီးများသည် စားစရာများ ပြင်ဆင်ချက်ပြုတ်နေကြလေသည်။ အပေါက်ထဲသို့ ၀ါးထဲနစ်မြုပ်ထားသော ရွေဖော်စာများကိုထိုးထည့်သည်။ တောင့်တင်းသော အရွယ်တူ ကြိုးလေးချောင်းကို လိမ်ကျစ်ထားသဖြင့် ကြိုးကပိုမိုလေးလံခိုင်မာလာသည်။

ခိုင်ခန့်သော ဘီးလေးဘီးတပ်ထားသည့် ခေါင်းတလား၏အရှေ့နှင့် နောက်တဘက်စီတွင် ကြိုးများကို  ရွာသားတွေကခိုင်ခိုင်ချည်လိုက်ကြသည်ကို စ၀်တို့မောင်နှံ စောင့်ကြည့်နေကြသည်။ ထို့နောက်မတော့ ဆရာတော်၏နောက်ဆုံးခရီးကိုစတင်တော့မည့် ခေါင်းတလားသည် တလားစင်အနီးနား ကြီးကျယ်လှသော အခမ်းအနားတွင် ပလက်ဖောင်းအပေါ် နိမ့်ကျနေသည်။ တောင်ကြောနှင့်မူ ပေရာပေါင်းများစွာဝေးကွာလှသည်။ မီးသဂြိုလ်ရန်အတွက် စင်ကို အသေးစိတ်ပြုလုပ်ထားသည်။ အဖြူရောင် လေးထောင့်စင်လေးကို ၁၅ပေအမြင့်တွင်ပြုလုပ်ထားသည်။ ၀ါးကြမ်းခင်းကိုရက်ထားသည်။ ထိပ်တွင် ဘုံခုနှစ်ဆင့် အမိုးချွန်ချွန်ပါလေသည်။

ထို့နောက်တွင် မယုံကြည်နိုင်သော မြင်ကွင်းကိုစတင် ဖွင့်လှစ်ပြလိုက်တော့သည်။ ဒါဇင်ကျော်သော တုတ်တုတ်ခိုင်ခိုင်လူတွေ ကြိုးတလျှောက် နေရာယူလိုက်ကြသည် ။နားကွဲလုမတတ်အချက်ပေး အိမ်လုပ် အမြောက်သံထွက်ပေါ်လာပြီးနောက် ဆွဲစစ်ပွဲ စတင်လေတော့သည်။ စိတ်အားထက်သန်စွာဖြင့် ရွာသားများသည် ရုတ်တရက်ချက်ခြင်းပင် ခေါင်းတလားရထားကြီး၏ ဆန့်ကျင်ဘက်သို့ ကြိုးကိုဆွဲလိုက်ကြသည်။

ပထမတွင် တလားရထားသည် မီးသဂြိုလ်စင်ရှိရာ ထင်းပုံပေါ်သို့ အရှိန်ဖြင့်ထိုးတက်သွားသည်။   သို့သော် တခြားတဘက်က အရှိန်ကုန်သွားသောအခါ တလားရထားသည် အောက်သို့တဖန်ထိုးကျလာပြီး စတင်ထွက်ခွာသည့်နေရာသို့ ပြန်ရောက်ရှိသွားလေသည်။

လူတိုင်းသည် အသုဘအခမ်းအနားနေရာတွင် စုရုံးနေကြပြီး တဘက်နှင့်တဘက် ထူးဆန်းစွာဖြင့် အပြိုင်အဆိုင်ဖြစ်လာကြလေသည်။ မောနေသော စစ်သည်တော်တယောက် ထွက်သွားပြီး အစားဝင်ဖို့စောင့်နေသူ အတွက်နေရာလပ်မရှိအောင်ပင် ကြိုးတလျှောက်တွင်လူများ ပြည့်ကြပ်နေသည်။

ကလေးနှင့် အမျိုးသမီးတွေက ဆူညံစွာ အော်ဟစ်အားပေးနေကြသည်။ ရုန်းကန် ရှေ့တိုး နောက်ဆုတ်ဖြင့် တလားရထားသည် နောက်ဆုံးတော့ တနာရီခန့်အကြာမှ မီးသဂြိုလ်စင် ထင်းပုံပေါ်သို့ရောက်ရှိသွားတော့သည်။ သည်လို တလားကို ဆွဲလိုက်ပြန်ချလိုက် အပြိုင်အဆိုင် လုပ်နေကြသည်မှာ ဆရာတော်ကိုဝိညာဉ်လောကနှင့် လောကီလူ့လောက တို့အပြိုင်ဆွဲ နေကြခြင်းဖြစ်သည်ဟု စ၀်က သုစန္ဒာကိုရှင်းပြသည်။

တကယ်လို့ လူ့လောကီအားက အနိုင်ရသွားလျှင် ဘာဖြစ်နိုင်မလဲ ။ သို့သော် ဒီလို ဆန့်ကျင်ပြီးမေးတဲ့ မေးခွန်းမျိုးမမေးတော့ ပါဖူးလေ ဟု သူမဆုံးဖြတ်လိုက်လေသည်။

သုစန္ဒာသည် ဥယျာဉ်ထဲက ပန်းတွေကိုလျှောက်ကြည့်ပြီး အပြန်တွင် စ၀်၏ကိုယ်ပိုင်ရုံးခန်းအရှေ့တွင် တိုင်းယိုင်လူကြီးများ တဒါဇင်ကျော်မျှ  စုနေကြသည်ကို တွေ့လိုက်ရသည်။  သူတို့ကြည့်ရတာ စိတ်ပျက်အားငယ် ပြီး မရွှင်မပြဖြစ်နေပုံရလေသည်။ ဧည့်သည်များသည် စ၀်နှင့်တွေ့ပြီးပြန်ကြချိန်ဆိုလျှင် ၀မ်းသာပျော်ရွှင်နေကျဖြစ်တာကို သူမတွေ့နေကျဖြစ်လေသည်။ ဘာများဖြစ်လို့ပါလိမ့် သူမ စိုးရိမ်သွားသည်။  သူမသည် သတိထားပြီး ကြီးမားသော ပြင်သစ်ဟန် မှန်တံခါးမကြီးကိုဖွင့်လိုက်ပြီးနောက် သူဘာတွေလေ့လာ ဘာတွေဖြစ်နေလဲဆိုတာအရင် သိအောင်လုပ်ရမည်ဟု တွေးထားသည်။

သူမကသူ့ကို သူ့ဧည့်သည်တွေအကြောင်းမမေးခင်မှာပင် သူက သက်ပြင်းကြီးချလိုက်ပြီး ပြောလိုက်သည်။

‘ သူတို့ အရင်က တောင်းဆိုချက်အဟောင်းကိုပြန် လာပြောကြတာ ‘

‘ ဒီတော့ မောင့်အဖြေကလည်း မဖြစ်ဖူးလို့ ထပ်ပြောလိုက်တယ်ပေါ့ ။ မဟုတ်ဖူးလား ။ ‘

သုစန္ဒာကသူ့ရှေ့က ဖြတ်၍ထိုင်ခုံမှာ  အကျအန ထိုင်ချလိုက်ပြီး လက်ခေါက်ထားသော လက်မောင်းကို ကျွန်းစားပွဲပေါ် ထောင့်မှန်ကျကျ တင်ထားလိုက်သည်။သူသည် ပေါလစ်တင်ထားသော စားပွဲပေါ်ဖြတ်လျက်သူမလက်ကို စိတ်မပါစွာဖြင့် ဆွဲယူလိုက်သည်။

‘ အချစ် … ဒီပွဲကို တကယ် ဖြစ်ချင်တယ်မဟုတ်လား ။ မဟုတ်ဖူးလား ‘

စ၀်မေးလိုက်သည်။ သူမမျက်နှာပေါ်က အပြုံးပန်းကို သူမျှော်လင့်ချက်ကြီးစွာဖြင့် လိုက်ရှာကြည့်နေသည်။

“အင်း ။ဖြစ်ချင်ပါတယ်။ မောင်သိပါတယ်။ ”

သုစန္ဒာက စိတ်အားထက်သန်စွာပြန်ပြောသည်။ သူမပြုံးဘဲနေသည်။

‘ ကျမ ဒီရောက်ပြီး တိုင်းယိုင်လိုလက်ထပ်ပွဲ နှစ်ခါပြန်မလုပ်ချင်ဖူး ဒါပေမဲ့ အခုဟာက မတူဖူးလေ ‘

‘ ဒါပေမဲ့ အချစ်က မောင့် မဟာဒေ၀ီလေ ။ ဘယ်သူကမှ မေးနေမှာမဟုတ်ပါဖူး ။ဘာကြောင့် မလိုအပ်ဘဲ ထုံးတမ်း အစဉ်အလာတွေကို လုပ်ချင်ရတာလဲ  ‘

စ၀်သည် သူမကိုနောက်ဘက်ကဆွဲလှည့်လိုက်ပြီး မျက်စောင်းဖြင့် ကြည့်လေသည်။

‘ ဘာလို့လဲဆိုတော့ အကန်တော့ခံတာနဲ့ မဟာဒေ၀ီဘွဲ့အပ်နှင်းတဲ့အခမ်းအနားက ကျမနဲ့ မောင့်ပြည်နယ်  အတွက် လိုအပ်တယ် ‘

သူမက ပြန်ပြောလိုက်သည်။

‘ မောင့်အတွက် ကြီးမားတဲ့ အဖြစ်အပျက်တွေ မောင့်ဘ၀မှာ ပါဝင်စေချင်တယ်။ သူတို့ဘက်ကလည်း အခွင့်အရေးရှိတယ်လေ။  ပြီးတော့ ကျမ …. ကျမလည်းပဲ လူထုရဲ့ အသိအမှတ်ပြုတာခံချင်တယ်။ ကျမအတွက် သေချာဖို့လိုအပ်တယ်။ ကျမက မောင့်ဘေးမှာ အမြဲ ပိုင်ဆိုင်နေချင်တယ်။ ‘

စ၀်က နောက်ထပ် ဘာကိုမှ မမျှော်လင့်တော့ချေ။  သူ့ဆုံးဖြတ်ချက်များကို သူမကအမြဲပင်ထောက်ခံလေ့ရှိသည်ဟု သူထင်မြင်ယူဆနေခဲ့သည်။ ကြီးကျယ်ခမ်းနားသော ပကာသန သက်သက်ဖြစ်သော အတိတ်ကလုပ်ခဲ့သော အရာတွေကိုပြန်ပြောင်းပြောရင်း အရသာခံဖို့အတွက် သည်အခမ်းအနားကို ဆက်မလုပ်သင့်ဖူးဟု သူထင်နေလေသည်။

သူသည် ထိုင်ခုံနောက်ဘက်တိုးထိုင်ချလိုက်ပြီး ပြတင်းပေါက်မှ တဆင့် အပြင်တွင် မြင်နေရသော စိမ်းနုနု အရွက်သစ်လေးတွေ ထွက်နေသည့် ညောင်ပင်ကြီးကို ငေးကြည့်နေလိုက်လေသည်။ တောင်ဘက်က တိုက်လာသော လေကအေးစိမ့်နေတာမို့ တုန်တုန်ရီရီပင်ဖြစ်လာလေသည်။

သူသည် သူတာဝန်ယူရသည့်ကိစ္စများဖြင့် သာမာန် လူဘ၀လိုပြန်သွားရမည်မှာ အလွန်ဝေးကွာနေပြီဟုခံစားရသည်။ သူ့လူထုသည်သူ့ကို  ရိုးရာထုံးတမ်း အစဉ်အလာအတိုင်း  ပြုလုပ်ပြီး အတိတ်နှင့် ချိတ်ဆက်ပေးလိုကြသည်မှာ သူတို့ အတွက် မှန်ကန်သော အခွင့်အရေးဖြစ်ပြီး သူမကိုလည်း မဟာဒေ၀ီအဖြစ် တရားဝင် အသိအမှတ်ပြုပွဲ လုပ်ရမည်သာဖြစ်လေသည်။

ရုတ်ချည်းပေါ်လာသောအသိဖြင့်  စ၀်က အခန်းအပြင်ဘက်တွင် ရပ်စောင့်ခိုင်းထားသော ဇင်းန ကိုခေါ်လိုက်သည်။

‘ လူကြီးတွေကို အခုချက်ခြင်းပြေးပြီးသွားပြောလိုက်အခုပဲ ရုံးခန်းကိုပြန်လာကြပါလို့ ။ ငါ သူတို့နဲ့ စကားနဲနဲ ထပ်ပြောချင်သေးတယ် ‘

ပြီးနောက်သူသည် သုစန္ဒာဘက်သို့လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မေးခွန်းပေါင်းများစွာပါရှိနေတော့သည်။

‘ မောင့်စိတ်ကူးတွေကိုပြောင်းလိုက်တော့မယ် ။ မဟုတ်သေးပါဖူး ။အချစ်မောင့်အတွက် စိတ်ကူးပြောင်းပေးပါလား’

သူပြောလိုက်ရင်းက သူမ၏ အရောင်တလက်လက်ထနေသော အပြုံးကိုမြင်လိုက်ရလေသည်။

သူ့လင်တော်မောင်၏ အံ့အားသင့်စရာ ဆုံးဖြတ်ချက်သည် သူမ အပေါ် လွှမ်းမိုး နေကြောင်း နားလည်လာမိတော့သည်။

နောက်ဆုံးတွင်  မြန်မာပြည်၏အဆင့်ဆင့်သော အုပ်ချုပ်ရေးဌာနများနှင့် မိန်းတိုင်းနယ် ရှိလူထုအားလုံးက သူမကို နမ့်ပန်းပြည်နယ်၏ မဟာဒေ၀ီအဖြစ် အသိအမှတ်ပြုခြင်းကို ခံရလေသည်။  မပြည့်စုံ  မလုံခြုံ စိတ်များကိုဖြစ်ပေါ်စေသော အကြောင်းများ ကိုဖယ်ထုတ်ပစ်လိုက်ပြီဖြစ်သည်။  စ၀်အိမ်မှ ခရီးထွက်သွားသည့်အချိန်များတွင် သူမတယောက်တည်းအိမ်တွင် စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်စွာ ညညလန့်နိုးရသောအဖြစ်များမှ လွန်မြောက်နိုင်ပြီဖြစ်သည်။ သူမသည် နမ့်ပန်းပြည်နယ် ခွန်မိန်း မိသားစု၏ တရားဝင် မဟာဒေ၀ီအဖြစ်အသိအမှတ်ပြုခံရသောအခါ သူမအနေဖြင့် မျက်နှာဖြူနိုင်ငံခြားသူတယောက်၊ အပြင်လူတယောက်အဖြစ် စိုးထိတ်နေစရာ မလိုတော့ချေ။

 

(ဆက်လက်ဖော်ပြပါမည်)

 

(ဓာတ်ပုံ – ရှမ်းပြည်၊ သီပေါနယ်မှာ ယခုအချိန်ထိ မျိုးချစ်ရှမ်းတိုင်းရင်းသားမိသားစု အိမ်များ၊ ဆိုင်များမှာ အထက်ပါ သီပေါစော်ဘွားနဲ့ မဟာဒေ၀ီတို့ပုံကို အမြတ်တနိုး သိမ်းဆည်း ချိတ်ဆွဲထားဆဲ ဖြစ်ပါတယ်။ ယခုအခန်းဆက်ဆောင်းပါးကို ထည့်သွင်းကတည်းက ရှမ်းပြည်က ပရိသတ်တွေထံက အဆိုပါ ဓာတ်ပုံများကို ရိုက်ပြီး လှမ်းပို့ပေးကြတဲ့အတွက် အခုလို တင်ပြနိုင်တာ ဖြစ်ပါတယ်။)

 

 
Leave a comment

Posted by on June 24, 2011 in May Ka, Serial Translation

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: