RSS

Ashin Pyinnyar Nanda – Mother

25 Jun


အမေ မျှော်နေမှာ
အရှင်ပညာနန္ဒ
ဇွန် ၂၅၊ ၂၀၁၁


အသားခပ်ညိုညို မျက်ခုံးမွေးပါးပါးဖြင့် အသက် ၆၅ နှစ်ကျော်ခန့်ရှိ အညာသူ အဘွားဒေါ်အေးစိန်ကို တွေ့သူတိုင်းက သနားကြတယ်။ အိပ်ချိန် စားချိန်က လွဲပြီး ဘုရားရှိခိုးလိုက် ပုတီးစိပ်လိုက် မေတ္တာပို့လိုက်နဲ့ နေ့စဉ်အချိန်ကို ကုန်လွန်စေတာပါ။ အဘွားက ဘုရားရှိခိုးပြီးတိုင်း ငါးမိနစ်ခန့် တစုံတခုကို လေးလေးနက်နက် အာရုံပြုပြီး ဆုတောင်းနေတာ မြင်ရတိုင်း သမီးတွေမြေးတွေက အဘွားအတွက် စိတ်မကောင်းဖြစ်ကြရတယ်။


အဘွားက သူ့သား ဦးပဇင်းအတွက် နေ့စဉ် ၀တ်မပျက် ဆုတောင်း မေတ္တာပို့နေကြလေ။ သားဦးပဇင်း က ရွေဝါရောင်ဘုန်းကြီးတွေ မေတ္တာပို့ လမ်းလျှောက်တုန်းက အခြား ဦးပဇင်းတွေနဲ့ အတူ ပါဝင်ခဲ့တာကြောင့် ၂၀၀၇ ခုနှစ်မှာ စစ်သားတွေက ဘုန်းကြီးကျောင်းကို ၀ိုင်းပြီး ဖမ်းလို့ အဖမ်းခံခဲ့ရပြီး ထောင် ၈ နှစ် ကျသွားတယ်။

အဲဒါ အဘွားကို အမှန်အတိုင်း မပြောရဲဘူး။ ဦးပဇင်းခရီးလွန်နေလို့ မကြာခင် ပြန်လာမှာ ပြောပြီး အဘွားကို လိမ်ထားရတာ စိတ်မကောင်းဘူးလို့ ၀မ်းနည်းစွာဖြင့် အဘွားရဲ့သမီးဖြစ်သူ ဒေါ်စိန်မေက ပြောပြပါတယ်။

အဘွားဖြစ်သူ၏ ခင်ပွန်းကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကွယ်လွန်သွားပါပြီ။ မကွယ်လွန်ခင်ကတော့ အဘိုးနဲ့ အဘွားက တယောက်ကို တယောက် အားပေးရင်း ဦးပဇင်း ပြန်အလာကို စောင့်မျှော်နေခဲ့ကြတာပေါ့။ ခုတော့ အဘွားတယောက်ထဲ အဖော်မဲ့စွာ သားရဟန်းကို မျှော်လင့်ခြင်းကြီးစွာ စောင့်စားနေဆဲ။

ဦးပဇင်း ထောင်ကျပြီး တနှစ်လောက် အကြာမှာတော့ ကော့သောင်းထောင်မှာလိုလို မြင်းခြံထောင်မှာ လိုလို သတင်း သဲ့သဲ့ကြားတယ်။ အဲဒါ အမေ့ရဲ့ သားအကြီးကောင် ကျော်ကျော်ကို လိုက်စုံစမ်းခိုင်းတာ မတွေ့ပါဘူး။ ဟိုထောင်မှာ ရှိတယ် ကြားရင် သွားလိုက် ဒီထောင်မှာ ရှိတယ်ကြား သွားလိုက်နဲ့ နောက်ဆုံး မြစ်ကြီးနားထောင်မှာ ရှိကြောင်း သိရလို့ လိုက်သွားတော့မှ ဦးပဇင်းနဲ့ တွေ့ရတယ်။ အမေတို့လည်း စီးပွားရေးက သိပ် အဆင်မပြေတော့ ခဏခဏလည်း သွားမတွေ့နိုင်ဘူးလေ။ တနှစ်ကို ၃ ခါလောက်ပဲ ထောင်ဝင်စာ တွေ့နိုင်တာ လို့ ဒေါ်စိန်မေက ယူကြုံးမရ ပြောပြသလို ထောင်ဝင်စာ မှန်မှန် မတွေ့လိုက်ရတာကို တာဝန် မကျေသလို ခံစားရပြီး စိတ်မကောင်း ဖြစ်နေရှာပုံလည်း ရပါတယ်။

အဘွားကတော့ ညက အိပ်မက်မက်ကြောင်း သားရဟန်းက သူ့ကို တရားတွေ ဟောကြောင်း အမေ နေကောင်းအောင် နေဖို့ မှာကြောင်းနဲ့ မကြာခင် ဦးပဇင်း ပြန်လာတော့မှာ ဖြစ်ကြောင်း တက်တက် ကြွကြွနဲ့ သမီးနဲ့ မြေးတွေကို ပြောနေပါတယ်။

ရွာက ဦးပဇင်းရဲ့သူငယ်ချင်း ဦးပဇင်းတွေ ပြန်လာတာ ကြားတိုင်း သူ့သားရဟန်းလည်း ပြန်လာတယ် ထင်လို့ ကိုယ်တိုင် ဘုန်းကြီးကျောင်းသွားပြီး သူ့သား ဦးပဇင်းကို သွားရှာကြောင်း၊ ဦးပဇင်းတွေကလည်း အဆင်ပြေသလို မယ်တော်ကြီးကို စိတ်ချမ်းသာအောင် စိတ်မပူဖို့နဲ့မကြာခင် ပြန်လာတော့မှာ ဖြစ်ကြောင်း စိတ်မကောင်းစွာ အားပေးစကား ပြောပေးရှာပါတယ်။ အဘွားကို ကြည့်ပြီး ဦးပဇင်းတွေလည်း စိတ်မကောင်းကြဘူး ဟု မြေးဖြစ်သူကလည်း ပြောပါတယ်။

နွေရာသီစာဝါတွေ ပိတ်တိုင်း ဦးပဇင်းက မယ်တော်ကြီးရှိတဲ့ ရွာကို ပြန်ကြွလာနေကြပါ။ ဦးပဇင်းကလည်း မယ်တော်ကြီးကို ချစ်ရှာပါတယ်။ ပညာရေးအတွက် တမြို့တရွာမှာ ပရိယတ္တိစာပေတွေ သင်ကြားနေရပေမယ့် ရွာပြန်ရောက်တိုင်း မယ်တော်ကြီးကို သီလပေး တရား ဟောနေကျပါ။ မယ်တော်ကြီးကလည်း သားရဟန်းေ ဟာတဲ့တရားတွေကို ပျော်တပြုံးပြုံးနဲ့ နှစ်ခြိုက်စွာ နာယူလေ့ရှိပြီး တနှစ်မှာ တခါသာ ပြန်ကြွလာတတ်တဲ့ သူ့သားရဟန်း ကြိုက်တတ်တဲ့ ဆွမ်းဟင်းတွေကို မမောနိုင် မပန်းနိုင် ရှာဖွေ ချက်ပြုတ်ပြီး ဆက်ကပ်နေကြပါ။

တကယ်တော့ သူတွေ့ချင် မြင်ချင်လွန်းလှတဲ့ သား ရဟန်းဟာ လွန်ခဲ့တဲ့ တနှစ်လောက်က ရဲဘက် အလုပ်ကြမ်း စခန်း တခုမှာ ပျံလွန်တော်မူ သွားခဲ့ပါပြီ။ ဦးပဇင်း ပျံလွန်တော်မူတာကို မိသားစုတွေ ဘယ်သူမျှ မသိကြ။ မည်သည့် အာဏာပိုင် အဖွဲ့အစည်းကမှလည်း သူတို့မိသားစုကို အကြောင်းကြားခြင်း မရှိခဲ့။

အမေတို့လည်း ဦးပဇင်း ပျံလွန်တော်မူတာကို မသိဘူး၊ တနေ့မှာ ဦးပဇင်းနဲ့ အတူ ထောင်ကျခဲ့တဲ့ ဦးပဇင်းတပါး ထောင်က လွတ်လာမှ အိမ်တိုင် ယာရောက်ကြွလာပြီး ပြန်ပြောပြလို့ အကြောင်းစုံ သိရတာပါဟု ဒေါ်စိန်မေက သူတို့မိသားစု ဘယ်ပုံဘယ်နည်း သိရတယ် ဆိုတာကို ရှင်းပြပါ တယ်။

ဒီလို တကာမကြီးရဲ့ ဦးဇင်းတို့ကို ပထမတုန်းကတော့ မန္တလေးထောင်မှာထိမ်းသိမ်းထားတာပါ။ အဲဒီကနေ ဦးဇင်းတို့ကို မြင်းခြံထောင်ပို့ လိုက်တယ်။ မြင်းခြံကနေ သာယာဝတီထောင် ရောက်သွားတယ်။ အဲဒီမှာ တနှစ်ကျော်လောက်နေတော့ ဦးဇင်း (၁၅) ပါးနဲ့ လူ ၅၀ ကျော် လောက် ချင်းပြည်နယ် လင်တန် ရဲဘက်စခန်းကို ပို့လိုက်တယ်။ နေ့စဉ် အလုပ်ကြမ်းတွေ လုပ်ရတယ်။ အစားအသောက်ကလည်း မ၀ရေစာ ကျွေးတာလေ။ သတ်မှတ်တဲ့ အတိုင်း အလုပ် မပြီးရင် ထောင်ဝန်ထမ်းတွေရဲ့ အရိုက်အနှက်ကလည်း ခံရသေးတယ်။ ငှက်ဖျားကလည်း အရမ်း ကြမ်းတယ် ဆေးဝါးကုသမှုကလည်း မရဘူး။ ငှက်ဖျားရောဂါနဲ့ပဲ အကျဉ်းသား အတော်များများ သေကုန်ကြတယ်။ အဲဒီအထဲ ဒကာမကြီးတို့ ဦးးဇင်း ပါသွားတာ။ ဦးဇင်း စိတ်မကောင်းဘူးဟု ငိုသံပါဖြင့် ဦးဇင်းလေး ကပြောပြပါတယ်။

ဦးဇင်းလေးစကား ဆုံးတော့ ဒေါ်စိန်မေတယောက် ဘာပြန်လျှောက်ထားရမှန်း မသိ။ သူ့မောင်ဦးပဇင်း အလုပ်ကြမ်း စခန်းမှာ အစာရေစာ ငတ်ပြတ်ပြီး အလုပ်ကြမ်း လုပ်နေပုံနဲ့ ရောဂါ ဝေဒနာတွေ ခံစားနေရပုံတွေကို မျက်စိထဲ မှန်းဆ မြင်ယောင်လာပြီး၊ စိတ်မထိမ်းနိုင်ဘဲ ရှိုက်ကြီး တငင် ငိုကြွေးနေမိပါတယ်။

အမေ သတိထားအုံးလေ။ အဘွား ကြားသွားရင် ပိုဆိုးကုန်မယ်ဟု သားဖြစ်သူက သတိပေးမှ အသံကိုထိန်း မျက်ရည်ကို သုတ်ပြီး ဦပဇင်းလေးကို ပြန်လျှောက်ထားလိုက်ပါတယ်။ ဦးပဇင်းဘုရား ခုလို တပည့်တော်မတို့ မိသားစုကို တကူးတက လာရောက်ပြီး ပြောပေးတာ ကျေးဇူး တင်ပါတယ် ဘုရား။ တပည့်တော်မတို့ လိပ်စာကရော ဘယ်ကရလဲ ဘုရားဟု သိချင်စိတ်ဖြင့် မေးလျှောက်မိ၏။

ဦးဇင်းတို့ ရဲဘက်စခန်း ရောက်ပြီ ဆိုတာနဲ့ ပြန်လမ်း မရှိဘူး ဆိုတာ အားလုံး သဘောပေါက်ထားကြတယ်လေ။ အဲဒီတော့ တယောက်နဲ့ တယောက် နေရပ် လိပ်စာတွေ ပေးပြီး အရင်လွတ်တဲ့သူက ကျန်ခဲ့သူတွေရဲ့မိသား စုတွေကို အကြောင်းကြားပေးဖို့ ကတိ ပေးထားကြတာ အဲဒါ ကြောင့် ခုလို လာရောက် သတင်းပေးနိုင်တာပေါ့။

ဦးဇင်းလည်း ထောင်က လွတ်လွတ်ခြင်း လာပြောချင်ပေမယ့် ထောင်ထဲက ရခဲ့တဲ့ ရောဂါတွေကိုကုနေရတာရယ်၊ ဦးဇင်းနောက်ကို ထောက်လှမ်းရေးတွေ တကောက်ကောက် လိုက်နေတာတွေကြောင့် ချက်ချင်း လာမပြောနိုင်ဘူး။ သူတို့ အလစ်မှာ ထွက်လာပြီး ခုမှ လာပြောနိုင်တာပါ။ ကဲ အချိန်လည်း မရှိတော့ဘူး။ ဦးပဇင်း လိုင်းကားအမှီ ပြန်ရမယ် ဟု ပြောရင်း မလုံမလဲဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ပြီး လေးလံသော ခြေလှမ်းများဖြင့် ပြန်ကြွသွားပါတယ်။

ဒေါ်စိန်မေတို့ မိသားစုအနေဖြင့် ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ။ ခေတ်စနစ်ကြီးကိုပဲ အပြစ် တင်ရမလား သို့မဟုတ် ခေတ်ဆိုး ခေတ်ညစ်ကြီး အတွင်းမှာ လူဖြစ်လာရတဲ့ မိမိကိုယ်ပဲ အပြစ်တင်ရမလား မဝေခွဲတတ်။

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဦးပဇင်းရဲ့ ငြိုးငယ်နေတဲ့ မျက်နှာလေးကို မြင်ယောင်နေမိတယ်။ သားဦးပဇင်း ပြန်အလာကို စောင့်မျှော်နေရှာတဲ့ သားကို သိပ်ချစ် သိပ် သံယောဇဉ်ကြီးရှာတဲ့ အမေ့ကို ဘယ်လိုပြောရပါ့။ စဉ်းစား ရင်း စဉ်းစားရင်း အမေ့အတွက် ဒေါ်စိန်မေ စိတ်မကောင်းဖြစ် နေမိပါတော့တယ် ။ ။

 
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: