RSS

Moe Cho Thin – My Nieces

25 Jun

မိုးပွင့်တို့ ညီအမတတွေ..
မိုးချိုသင်း
ဇွန် ၂၅၊ ၂၀၁၁


“—အသက်က ၇ နှစ်မှာ ကိုယ့်ဆီကို ဗမာလို စာရေးတာများ ချော လို့။ တနေ့က ဖုန်းဆက်တော့ ကမ္ဘာမကြေ လဲ အလွတ်ရပြီ တဲ့။ အဖေ့ကဗျာလေးတွေလဲ အကုန် ဆိုတတ်ကြတယ်—”


လူလေးနဲ့ ဘုံဘုံအကြောင်း ရေးပြီးတော့ မိုးပွင့်တို့ ညီအမတွေအကြောင်း ရေးရအုံးမယ်။ ရှေ့မှာ ပြောခဲ့သလိုပဲ ကိုယ့်အမအလတ်က မွေးတဲ့ မိုးပွင့်နဲ့ မိုးဥ ဆိုတဲ့ သမီးလေး နှစ်ယောက်ရယ်၊ အမအငယ်က မွေးတဲ့ စန္ဒရာနဲ့ မာယာဆိုတဲ့ သမီးလေး နှစ်ယောက်ရယ် ရှိသေးတယ်။


နာမည်တွေက အတိုကောက်ခေါ်လိုက်တာပါ။ တကယ်တော့ သူတို့ နာမည်တွေက အရှည်ကြီးတွေ။ အဒေါ်ကိုယ်တိုင် ခေါ်ရတာ မောလွန်းလို့ အပြည့်အစုံသာ ခေါ်ရရင် ရေသောက်ပြီး ခေါ်ရမယ်။ သီရိမိုးပွင့်မူယာစိုး တဲ့၊ ရွှေစင်မိုးဥ တဲ့၊ စန္ဒရာမိုးမြင့်ကလေး တဲ့၊ မာယာမိုးမြင့်ကလေး တဲ့။ အမလေး ငါ့ကို ရေပေးစမ်းပါအုံး၊ ယပ်ခတ်ပေးကြပါအုံး ပြောရမယ့် အပေါက်ပါ။

သူတို့လေးတွေ မွေးတော့ သူတို့အဖိုး၊ ကိုယ်တို့အဖေက အားလုံးကို အမေ ၀င်စားတယ်ချည်း ထင်တာ။ ကိုယ်တို့အမေက ခပ်ငယ်ငယ်က ဆုံးသွားလေတော့ အမေ က သမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ ၀င်စားပြီး အဖေ့ဆီပြန်လာတယ်ပဲ အဖေက ထင်တယ်။ မဟုတ်လဲ ဇွတ်ပဲ ထင်တယ်။ ကလေးက ဘာလေးလုပ်လိုက်လုပ်လိုက်၊ အမေနဲ့တူတယ်ပဲ ထင်တာကိုး။

မိုးပွင့်လေး သုံးနှစ်ကျော်ကျော်လောက်ရှိတုန်းက စကားကလဲ တတ်၊ ချစ်စရာကလဲ အင်မတန်ကောင်းတော့ အဖေက သူ့ဧည့်သည်တွေလာရင် သူ့မြေးကို အမြဲ ထုတ်ကြွားတယ်။ မြေးကလေးရေ၊ ဖိုးဖိုးဆီ လာပါအုံးကွယ်။ (မိုးပွင့်ကလေးက တောက်တောက် တောက်တောက်နဲ့ ပြေးလာတယ်) ကဲ ဖြေလိုက်ပါအုံး၊ သမီးက ဘယ်သူလဲ တဲ့ (ဧည့်သည်က မမေးရပါဘဲ အဖေက ၀င်မေးတာပါ)။ ဧည့်သည်ကလဲ ပြုံးပြီး ကြည့်နေရတာပေါ့။

အဲဒီတော့ မိုးပွင့်က ‘သမီးက ဖွားဖွားမြင့်မြင့်စန်းပါ’ တဲ့။ ဧည့်သည်ကလဲ ဟာ ကနဲ ဖြစ်သွားတယ်။ ကြည့်စမ်း၊ ဆရာ့အမျိုးသမီး ပြန်ဝင်စားတာ၊ ကလေးကတောင် ပြောနေပြီပေါ့။ အဖေကလဲ အရမ်းကျေနပ်တဲ့မျက်နှာနဲ့ ပြုံးပြီး ဧည့်သည်ကို ပြန်ကြည့်တယ်။ တွေ့လား.. ဆိုတဲ့သဘော။ အဲဒီလို အဓိပ္ပါယ်ပါပါ ကြည့်နေကြတုန်း ကလေးက ဆက်ပြောလိုက်တယ်။ “အဲဒါ ဖိုးဖိုးသင်ပေးတာ” တဲ့လေ။ ပြီးပါလေရော။

မိုးဥလေးမွေးတော့ အဖေ ဗမာပြည်မှာ မရှိတော့ဘူး။ မိုးဥကို သူ့အဖိုး မမြင်ဖူးလိုက်ရဘူး။ မိုးဥကတော့ အသားက တော်တော်ညိုလေတော့ သူ့အမေ မအေးက ငါ သူ့ကိုယ်ဝန်ကြီးနဲ့ ပုဂံသွားလို့ နေပူလျှပ်သွားတယ် ထင်တယ် တဲ့။ သူ့ရုပ်က ကိုယ်ငယ်ငယ်ကနဲ့ ချွတ်စွပ်တူတာမို့ မချောရှာပါဘူး။ ဆံပင်ကလဲ ပလူမွှေးပလူတောင်ပဲလေ။ ရုပ်တင်မကဘူး၊ စိတ်ကပါ အဒေါ်နဲ့တူတယ်လို့ ပြောရမလိုပါပဲ။ သူ မလုပ်ချင်တာဆို ဘယ်သူခိုင်းခိုင်း မလုပ်ဘူး၊ ခေါင်းတော်တော်မာပါတယ်။

သူငယ်ငယ်က ကြက်ဥခြင်းကြီး တင်ထားတဲ့ စင်ကို မှီနေလို့ ကိုယ်က သမီးရေ၊ စင် လဲပြီး ကြက်ဥတွေ ကွဲကုန်မယ်၊ မမှီနဲ့ လို့ပြောတာ သူက နားမထောင်ပါဘူး။ ပြောလိုက်မှ လူကိုကြည့်ပြီး စင်ကို လက်နှစ်ဖက်နဲ့ ကိုင်တောင် လှုပ်လိုက်သေးတာပါ။ ဟဲ့ ဒီကလေး၊ မလုပ်ပါနဲ့ဆို လို့ ပြောတော့ ပိုတောင် လှုပ်လိုက်သေး။ ဒါပေမဲ့ အဲဒါလေးကိုပဲ ပြောပြောပြီး ချစ်နေရပြန်ပါရော။

မနှင်းကမွေးတဲ့ အကြီးမလေးကတော့ စန္ဒရာ တဲ့။ စန္ဒရာကတော့ အေးတယ်။ သူ့ဖာသာသူ ပုံဆွဲ၊ စာလုပ်ပဲ နေတယ်။ စာလဲ တော်တယ်။ သူတို့ကတော့ မြန်မာပြည်မှာ မွေးတာမဟုတ်လို့ ကိုယ့်အမက ဗမာစာကို အရေး အဖတ် အဆို အမြဲသင်ပေးတယ်။ အသက်က ၇ နှစ်မှာ ကိုယ့်ဆီကို ဗမာလို စာရေးတာများ ချော လို့။ တနေ့က ဖုန်းဆက်တော့ ကမ္ဘာမကြေ လဲ အလွတ်ရပြီ တဲ့။ အဖေ့ကဗျာလေးတွေလဲ အကုန် ဆိုတတ်ကြတယ်။

စန္ဒရာက ကိုယ်တို့ညီအမတွေ ၀ိုင်းဖွဲ့စကားပြောကြရင် သူ့အဖေ နားမလည်မှာစိုးလို့ သူတို့အဖေ ဘာသာစကားနဲ့ ကိုယ်တို့တခွန်းပြော၊ သူက တခွန်းဘာသာပြန် ပြောပြနေတာ။ ကိုယ်တို့စကားဝိုင်းနားမှာ အရုပ်ကလေးတွေနဲ့ ဆော့ရင်းနားထောင်ပြီး ပြန်ပြောနေတာလေ။ အဖေ့သမီးလေးပေါ့။

အငယ်မလေး မာယာကတော့ သူ့အဖိုးနဲ့အတူဆုံးကလေးပဲ။ လူတွေကို ဘယ်လို ခင်မှန်းမသိ၊ အားလုံးနဲ့ တည့်အောင် ခင်အောင်ပေါင်းတတ်တယ်။ အငယ်ဆုံး ဖြစ်ပေမဲ့ လူတိုင်းကို အလျှော့ပေး ပေါင်းတတ်တယ်။ မာယာဆိုတဲ့အတိုင်း မူယာမာယာကလဲ များပါဘိ။ ရုပ်ကလေးက သူ့အမလို မချောပေမဲ့ ချစ်စရာလေးမို့ တွေ့တဲ့လူတိုင်းက ချစ်ကြတယ်လေ။

သူ့ကိုလဲ အဖေက အမေ၀င်စားတယ် ထင်ပြန်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာယာတို့ငယ်ငယ် အဖေ သွားနေတုန်းက အဖေ့ကိုပဲ တချိန်လုံး လိုက်ကြည့်နေတာ တဲ့။ တချိန်လုံး ဟိုနားက ချောင်းကြည့်လိုက်၊ ဒီနားက ချောင်းကြည့်လိုက်နဲ့ တဲ့။ ကလေးလေးတယောက်က တချိန်လုံး ချောင်းကြည့်နေတော့ နေရတာတောင် မလွတ်မလပ်ဖြစ်ရတယ် တဲ့။ အမေ့လိုလဲ သီချင်းလေး တအေးအေးနဲ့ နေတတ်သေးတယ်။

တခါကတော့ အဖေက မာယာ့အကြောင်းချည်း ပြောနေတော့ မာယာက တော်တော်စကား တတ်နေပြီလား လို့ မေးကြည့်မိတယ်။ အဖေက တတ်လိုက်တာမှ သမီးရယ်၊ သူ့ဖာသာသူ သီချင်းတွေတောင် ဆိုနေတာ တဲ့။ အဲဒါနဲ့ အံ့သြပြီး “ဘာသီချင်းတွေ ဆိုနေတာလဲ အဖေ” ဆိုတော့ နဂါးနီ ကို ညည်းနေတာဆိုပဲ။ သူ့မြေးကို ချစ်လွန်းတော့ သူ့ဖာသာသူ သံစဉ်ညည်းတာတောင် နဂါးနီ ဆိုနေတယ် ထင်နေတာလေ။

မာယာက စာကျတော့ နည်းနည်း ပျင်းချင်တယ်။ အဲဒါနဲ့ သူ့အမေက ကကြီးခခွေးသင်တာ မရတော့ ဗမာပီပီ လက်ကို ခပ်စပ်စပ်လေး ရိုက်လိုက်တယ်တဲ့။ အဲဒီတော့ အသားလေးက နီသွားတာပေါ့။ အဲဒါကို မာယာက သူ့ကျောင်းက ဆရာမကို သွားပြတာပါ။ ဒဏ်ရာကို ပြပြီး “မေမေ ကကြီးခခွေး” ဆိုပြီး သွားတိုင်တာပါ။ ဆရာမကလဲ သူ့အမေကို ကကြီးခခွေးဆိုတာ ဘာအဓိပ္ပာယ်လဲ မေးပါသတဲ့။ သူ့အမေလဲ ငါ့ကိုတော့ တိုင်ကုန်ပြီဟ ဆိုပြီး မီးပူနဲ့ တိုက်မိတာကို ပြောတာပါလို့ ဖြေလိုက်ရသတဲ့။ တော်တော်လာတဲ့ကလေးတွေ ပါ။

တနေ့ကလဲ ကိုယ်က ဖုန်းဆက်တော့ မာယာက ဖုန်းကိုလာကိုင်ပြီး “ချိုချို၊ မီးလုံး မီးသီး၊ မီးလုံး မီးသီး” နဲ့ လာပြောနေပါတယ်။ ကိုယ်လဲ နားမလည်တာနဲ့ ဘာပြောတာလဲ မီးလုံး မီးသီး ဆိုတာ ဆိုပြီး သူ့အမေကို မေးမိတယ်။ အဲဒီတော့ မနှင်းက ငါ မီးလုံးမီးသီးကို သတ်ပုံစစ်တာ မရလို့ မီးလုံးမီးသီးကို လက်ညှိုးထိုးပြီး အခေါက် ၁၀၀ ဆိုခိုင်းလို့ နင့်ကို လာတိုင်တာ နေမှာ တဲ့။ အဲဒါနဲ့ ဗမာစာ ကြောက်ကုန်ပါ့မယ် သိပ်မကြမ်းပါနဲ့ လို့ တားလိုက်ရတယ်။

သူတို့ကလဲ သူတို့အဖိုးကို တော်တော် ချစ်ကြ၊ နောက်လဲ နောက်ကြတယ်။ အဖေ အရမ်းဈာန်ဝင်ပြီး စာရေးရင်း စဉ်းစားနေတုန်း ဗြုန်းကနဲ ဘောလ်ပင်ကို ဆွဲယူသွားလို့ အော်.. ဒီကလေးနှယ် ဆိုပြီး အတွေးပျက်ရတာလဲ ခဏခဏ။ တရေးတမော အိပ်ရင်လဲ ကိုယ်ပေါ်ခွတက်ပြီး မျက်လုံးဖြဲကြည့်ကြသေးတာ။ အိပ်မအိပ် စစ်တာလေ။

အခု သူတို့ ညီအမ လေးယောက်က ကိုယ်တို့ ညီအမ လေးယောက်လိုပဲ တတွဲတွဲ လုံးနေကြပြီ။ အရွယ်လေးတွေက သိပ် အကွာကြီးမဟုတ်တော့ ဆော့ဖော်ဆော့ဖက်၊ ကျောင်းသွားဖော် ကျောင်းသွားဖက် အဖော်ရနေတာပေါ့။

တနေ့ကတော့ မာယာကပြောတယ်တဲ့။ မာယာ့ရင်ထဲမှာ ဖိုးဖိုး အမြဲ ရှိတယ် တဲ့။ ကိုယ်လဲ သူတို့လေးတွေ ကြီးလာချိန်မှာ သူတို့အဖိုးကို အနားမှာ ရှိစေချင်လိုက်တာ။ အဖိုးရဲ့ အဆုံးအမနဲ့ ကြီးပြင်းစေချင်လိုက်တာလို့ စိတ်ထဲမှာ ဖြစ်မိပါတယ်။

မူရင်း – မိုးချိုသင်းဘလော့ – moechothin.blogspot.com
 
Leave a comment

Posted by on June 25, 2011 in For the record

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: