RSS

Kan Tun Thit – From Yaw-Hi-Ni to Michigan

26 Jun

 ရောဟိနီမြစ်ကမ်းမှသည် မစ်ရှိဂန်ကမ်းခြေဆီထိ
ကံထွန်းသစ်
ဇွန် ၂၆၊ ၂၀၁၁

“ရေတပေါက်အတွက်နှင့် အဘယ်ကြောင့် တန်းဖိုးကြီးသောသွေးကို ပြုန်တီးပစ်လိုကြသနည်းအချင်းတို့”
လို့ ဗုဒ္ဓရှင်တော် ဟောညွှန်ဆုံးမလေမှ သာကီယ ဆွေတော်မျိုးတော်တွေရဲ့ ဓါးရောင်လှံရောင် တပြောင်ပြောင် နဲ့ ရော ဟိနီမြစ်ကမ်းက ရေလုပွဲပြီး ငြိမ်းအေးသွားခဲ့တဲ့ အကြောင်းကို ကြည်းကြည်းနူးနူး ပြန်တွေးနေမိတာကတော့ ၀က်စကွန်စင်ပြည်နယ်ရဲ့ ကိုယ်နေထိုင်ရာ မီဝေါကီးမြို့က အတာသင်္ကြန်ပွဲတော် ကျင်းပတဲ့နေ့ကပေါ့။

အမိမြေမှာလို ပိတောက်တွေလှိုင်တဲ့ ခါတန်ခူးမှာ မကျင်းပနိုင်ဘဲ၊ စနိုးစဲရာ စပရင်းရာသီ မေလထဲမှာ ကျင်းပရတာကလွဲလို့ တကယ့်မြန်မာရိုးရာသင်္ကြန်ပွဲလေးပါပဲ။ ဇာတိမြေကိုလွမ်းသူတွေ အလွမ်းဖြေကြတဲ့ပွဲမို့ ထင့်၊ ဆင်နွှဲလာသူတွေကဖြင့် ခန်းမတခုလုံး ဖိတ်လျှံသွားတဲ့အထိ။

ကခုန်သီဆိုသူတွေကလည်း တခြားစတိတ်ကဧည့်သည်တွေ အပါအ၀င် အရွယ်စုံ၊ အရောင်စုံ၊ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံပေါ့။ ဒီအထဲ ဌာနေအမေရိကန်တွေ မက်စ်ဆီကန်တွေ အာဖရိကန်တွေ လာအိုတို့ မုန်းလူ မျိုးတို့စ တဲ့ အာရှနွယ်တွေ အပါအ၀င်လေ။

ကိုယ်တို့မြေဖွားတွေက သူဟာသူနေကြတုန်းမှာ ရင်းနှီးချစ်ခင်ကြသလောက် စုစည်းလိုက်မှ သွေးကွဲလွယ်ကြတဲ့ သဘောကရှိလေတော့၊ ခုလိုစည်မှ စည်ပါ့မလားလို့ စိတ်ပူမိခဲ့တာတော့ အမှန်ပါ။ ဒီအထဲ အရေးပေါ်ကိစ္စကြောင့် အင်ဒီယားနားပြည်နယ်ကို အဆောတလျင်ထွက်ခွာသွားရတော့ ပွဲတော်ကို စိတ်ကူးထဲကအတိုင်း အပြည့်အ၀ ပုံမဖော်နိုင်ခဲ့ဘူး။

ဒါပေမယ့် သင်္ကြန်ချစ်သူတွေ ၀ိုင်းကြ၀န်းကြ ပူးပေါင်းဆောင်ရွက်ကြလေတော့၊ တော်သေးရဲ့ဟဲ့လို့ “ဟင်း” ချနိုင်တော့တယ်။ အစက စိတ်မ၀င်းစားဟန် ရှောင်ဖယ်နေသူတွေ၊ ဗမာပွဲဆိုပြီး အားမပေးလိုသူတွေ၊ ယခင့် ယခင်ပွဲလမ်းတွေမှာ ယုံကြည်မှုရအောင် ဦးဆောင်မှု မပေးနိုင်ကြတဲ့ ခေါင်းဆောင် ဆိုသူတချို့ရယ်ကြောင့် သဒ္ဓါပျက်နေသူတွေ စတဲ့စတဲ့ အားလုံးနီးပါးဟာ တပျော်တပါး ဆင်နွှဲကြလို့။

ဒီမှာက တကယ့်ကိုတိုင်းရင်းသားက ပေါင်းစုံရယ်၊ ကိုးကွယ်ရာဘာသာကလည်းစုံပ၊ နောက်ပြီး တန်းတူလွတ် လပ်ခွင့်ရှိတဲ့ ဒေသဆို တော့ “သူတလူ ငါတမင်း၊ သူတသင်း ငါတဖွဲ့” လုပ်ချင်သူတွေက အများသား၊ ဒီအထဲ သင်္ကြန်ကိုအကြောင်းပြုပြီး ကိုယ်ကျိုးရှာသူတွေကလည်း မရှား။

အခြားစတိတ်တွေမှာဆို ဘုန်းတော်ကြီးကျောင်း တည်တံ့ခိုင်မြဲရေး ရန်ပုံငွေရှာဖွေတဲ့ ပွဲတော်အဖြစ် ကျင်းပ ကြပေမယ့်၊ ဒီမှာက အဲဒီအသိ မရှိကြ၊ ရတဲ့အခွင့် အပိုင်ယူဖို့ ချောင်းနေသူကလည်း ယခင်ပွဲတွေက အတိုင်းပေါ့။ ကိုယ့်ဆန္ဒကလည်း ရန်ပုံငွေရရှိရေးထက် တို့သွေးချင်းတွေ တစုတဝေး ပေါင်းစုံပျော်ရွှင်တာ ကို မြင်ချင်တာ ဆိုတော့ ဘာမှအရေးမဆိုခဲ့ပါဘူး။ လိုအပ်ရင် ကိုယ်ကတောင် အိတ်စိုက်ဖို့အသင့်ပါ။

ကိုယ်တို့မြေဖွားတွေ ပုဂံခေတ်က ကျောက်စာမှာပါသလို “အချင်းချင်း အမျက်အအီကင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြ” တာကိုသာ လိုချင်တာ ပါ။ လူမျိုးစွဲတွေမပြင်း၊ အာဃာတတွေကင်းပြီး “သူ့ကို ကိုယ်ဖေးမ၊ ကိုယ့်ကို သူရိုင်းပင်း” နဲ့ စည်းလုံးခွန်းအားရှိတဲ့ မြန်မာပြည်သားတွေ ဖြစ်စေချင်တာ တခုပါပဲ။

အခုတော့ ဒီမှာက အဲလိုမဟုတ်။ တချို့က ဗမာပြည်သားလို့ပြောရမှာ သိမ်ငယ်သလိုလို၊ ခရစ်ယန်ဘာသာဝင်မှ လူရာဝင်သလိုလို ထင်နေ ကြပြီး ဇာတိကိုမခင်သူတွေ တွေ့နေရတော့ စိတ်မလန်းခဲ့ဘူး။ တချို့များဆို သူတို့ကို အမေရိကန်တွေက မေးလာခဲ့ရင်၊ ဒါမှမဟုတ် သင်း အုပ်ဆရာတဦးဦးကမေးလာခဲ့ရင် အိမ်နားနီးချင်းနိုင်ငံ တခုကလိုလို၊ ဒါမှမဟုတ် သူတို့မွေးဖွားရာပြည်နယ်ကိုပဲ နိုင်ငံတခုလိုလို၊ နောက်ပြီး အခုလို ကတာခုန်တာေ တွဟာ သူတို့ကိုးကွယ်ရာ ဘာသာအနေနဲ့ ကြည့်ရင် ဂုဏ်ငယ်တဲ့ အပြုအမူတွေလိုလို ပြောတတ်ကြတာကလား။

မှတ်မိသေးတော့၊ ကိုယ်တတ်နေတဲ့ ILC ကျောင်းမှာပေါ့။ ခိုလုံလာသူ လူမျိုးပေါင်းစုံတတ်ရောက်ရာဆိုတော့ ကိုယ့်တို့တိုင်းရင်းသားတွေအပါအ၀င် လူမျိုးပေါင်းစုံပေါ့။ တနေ့မှာ ဆရာမက အိမ်တွင်းအကြမ်းဖက်မှုနဲ့ပ တ် သတ်ပြီး ရဲအရာရှိတယောက်လာရောက် ဟောပြောမှာမို့ ဆိုင်ရာ နိုင်ငံအလိုက် စုဝေးကြဖို့ပြောတဲ့အ ခါ မြန်မာ လို့ လက်ညှိုးထောင်သူဟာ ကိုယ်နဲ့ရခိုင်လေးတယောက်ပဲရှိတယ်။ ကျန်သူတွေက သူတို့ပြည်နယ်ကို နိုင်ငံ အဖြစ်ပြောပြကြတော့ ဆရာမက မဟုတ်ဘူး၊ သူဟာဆိုရင် ပိုလန်လူမျိုးဖြစ်ကြောင်း၊ ဒါပေမဲ့ အခုတော့ အမေ ရိကန် နိုင်ငံသူလို့ ပြောရကြောင်းကို ရှင်းပြတယ်။

စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ သူတို့ကို အဆိုးမဆိုသာပါဘူး။ တချို့ဆို ရွာပုန်းရွာရှောင်ဘ၀နဲ့နေကြရပြီး အိမ်နားနီးချင်းနိုင်ငံတွေမှာ ကြီးပြင်းခဲ့လေတော့ တကယ်ပဲ အဲဒီနိုင်ငံသား ထင်သူတွေ ရှိကောင်းရှိမှာပေါ့။ တချို့အုပ်ချုပ်သူတွေကြောင့် နားကျည်းနေသူတွေလည်း ရှိကောင်းရှိမှာပေါ့။ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို သွေးကွဲးမှုဖြစ်စရာကို စဉ်းစားကြည့်နေမိတယ်။ ဒါကိုအခွင့်အရေးယူပြီး တချို့ တိုင်းရင်းသားေ ခါင်းဆောင်ဆိုသူတွေကလည်း အက်ကြောင်းကို သပ်ပင်းခဲ့ကြတယ်။ ဒီတော့ရိုးသား တဲ့တိုင်းရင်းသားတွေ ဟာ သွေးကွဲကုန်ကြတာဟာ ရောက်လေရာဒေသတိုင်းလို့ ဆိုရတော့မှာပေါ့။

ဒီနေရာမှာ မြစ်ဝကျွန်းပေါ်တနေရာက သူကြီးအိုကြီးတယောက်ပြောခဲ့တဲ့စကားတွေ ကိုပြန်ကြားရောင်မိတယ်။ သူတို့ဒေသမှာ ကရင်-ဗမာ အဓိကရုန်းဖြစ်တော့ တဖက်နဲ့တဖက် တိုက်ကြခိုက်ကြ ရွာတွေအပြန်ပြန်အလှန်လှန် မီးရှို့ကြနဲ့ဆူပူပြီးချိန်မှာ ဖဆပလအဖွဲ့နဲ့ “ ဗိုလ်ချုပ်အောင်ဆန်း” ရောက်လာတယ်တဲ့။ ရောက်မဆိုက်ဆိုသလို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက “တာဝန်မဲ့တဲ့ အုပ်ချုပ်သူတွေနဲ့ အ မြင်ကျဉ်းမြောင်းတဲ့ တိုင်းရင်း သားေ ခါင်းဆောင်ဆိုသူတွေကြောင့် ဖြစ်ရတာ”တဲ့။

အခုအချိန်ထိလည်း ဒီစကားဟာ မှန်နေတုန်းပါလားလို့ ကိုယ်တွေးနေမိတယ်။ အာရုံထဲမှာလည်း လက်ရှိ ကချင်ပြည်နယ် လိုင်ဇာဒေ သကို မြင်ယောင်လိုက်မိတယ်။ တကယ်တော့ ဘယ်တိုင်းရင်းသားမဆို ရိုးရိုးပြည် သူတွေကတော့ လူမျိုးမခွဲ ဘာသာမခြား အချင်းချင်းပျော် ၀င် လွယ်ကြတာကို သတိထားခဲ့မိတယ်။ ဒါပေမဲ့ အခုလို ပြည်ပရောက်တဲ့အခါမှာတော့ ကိုးကွယ်ရာဘာသာတရားကို တံခွန်ထူချင်ကြသူတွေ၊ လူမျိုးစွဲ ကို ရှေးတန်းတင်လိုသူတွေ တွေ့နေရတော့ အထက်မှာပြောခဲ့သလို တကယ်စိတ်မကောင်းဖြစ်ရတယ်။

လွတ်လပ်စွာသဘောထားကွဲခွင့်နဲ့ အချင်းချင်းသွေးကွဲခြင်းကို ထပ်တူပြုချင်နေကြပြီးကောလို့ စဉ်းစားမိတယ်။ ကိုယ့်အဖို့တော့ အမိမြေက အထင်လွဲမှုသံသယတွေ ပါလာခဲ့ရင်တောင်၊ အာဃာသအဖြစ် မရောက်စေချင် တာအမှန်ပါ။ နောက်ပြီး “မင်းလူမျိုးက ဘယ်လို၊ ငါ့လူမျိုးက ဘယ်ပုံ” နဲ့ ဘယ်လိုပင် ၀င့်ဝါပြနေ ပါစေ၊ ဒီနိုင်ငံက လူတွေအဖို့တော့ ဒုက္ခသည်အဖြစ်ရောက်လာသူ၊ Green Card ပေါက်လို့ရောက်လာသူ၊ အားလုံးဟာ ခိုလုံလာ သူတွေသာပဲရယ်လို့ မြင်ကြတာကို သိစေချင်နေမိတယ်။

ဒါကြောင့် သင်္ကြန်ပွဲကျင်းပဖို့ စည်းဝေးတဲ့နေက “အချင်းချင်းပြိုင်ဆိုင်နေကြမည့်အစား၊ တို့များဟာ အကြောင်းမ လှလို့ ဒုက္ခသည်အဖြစ် ရောက်ခဲ့ရပေမယ့် အစဉ်အလာရှိတဲ့လူမျိုးတွေဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ရာစုနှစ်များစွာက တည်းက ကိုယ်ယဉ်ကျေးမှု ကိုယ်ဓလေ့ကိုယ့်အနု ပညာနဲ့ နေလာကြသူတွေဖြစ်ကြောင်း ပြသကြရမယ်။ အခုသင်္ကြန်ပွဲတော်မှာ ကရင်ကလည်း ကရင်အလျှောက်၊ ဗမာကလည်း ဗမာအ လိုက်၊ မွန်တို့ ရခိုင်စသည် တို့ကလည်း ကိုယ့်ဓလေ့ ကိုယ့်အလှတွေနဲ့ အသီးသီးပြကြရမှာဖြစ်ကြောင်း၊ ညှိညှိပူးပေါင်းဆောင်ရွက်ကြစေ ချင် ကြောင်း” ပြောခဲ့တယ်။

ဟော အခုတော့ သိုက်မြိုက်စွာ ကျင်းပနိုင်ကြပြီလေ၊ အခုလို ကျင်းပနိုင်တာဟာ ကိုယ့်စကားကြောင့် မဟုတ် သည့်တိုင်၊ သူတို့ရင်ထဲက ငုပ်နေတဲ့ ဇာတိစိတ်ကိုတော့ နှိုးလိုက်နိုင်တယ်လို့ ထင်မိတယ်။ ကြည့်စမ်း အခုတော့ သင်္ကြန်ရေမှာ အားလုံးပျော်ဝင်လို့၊ ခန်းမတခုလုံး သင်္ကြန်ဒိုးသံလွှမ်းလို့။

မြင်ကွင်းကို ပြန်စမြုံ့ပြန်မိတော့ … ပထမဦးဆုံး ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ကိုသူရိန်ရဲ့ သ၀ဏ်လွှာက သင်္ကြန်ရဲ့ ထုပ္ပတ်နဲ့ ပွဲလာတွေကို မိတ်ဆက်ပေးသွားတယ်။ ငွေဖလားလေးတွေပိုက်ထား တဲ့ မြန်မာပျိုဖြူလေးေ တွရံပြီး သင်္ကြန်တော်ဖွင့်လှစ်ကြောင်း ကြေငြာ သွားတဲ့ စောဘရွှေရဲ့ စကားတွေကလည်း ချစ်ကြည်သွေးစည်းမှု မင်္ဂလာတွေလွှမ်းလို့။ မရှင်သန်း နော်လွင်သန်းတို့ခေါင်းဆောင်တဲ့ “ မြူ မှောင်ဝေကင်း” မြို့မသီချင်းနဲ့ အဖွင့် ကကွက်ကလည်း ငြိမ့်ငြိမ့်ညောင်းညောင်း ပရိတ်သတ်ကို ဖတ်းစားလို့။ မသွယ်သွယ်စိုး အော် ဟယ် ငေါက် ဟယ်နဲ့ သင်ကြားပေးခဲ့ရတဲ့ ကလေးမငယ်လေးတွေရဲ့ ယိမ်းနဲ့ ဆယ်ကျော်သက်လေးတွေရဲ့ သင်္ကြန်အကတွေက လည်း ဒီက အမေရိကန်တွေကို နှစ်သက်သဘောကြစေခဲ့တယ်၊ သူတို့ တစ်တွေ ပန်းကုံးတွေ တတ်စွပ်ကြ တာက သက်သေပေါ့။ နောက်ပြီး နော်မေဖောရဲ့ တိုင်းရင်းသားရိုးရားဝတ်စုံ မော်ဒယ်လ်ရှိုးကလည်း ပရိတ်သတ် ကို ဖမ်းစားနိုင်ခဲ့တယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်၊ မြန်မာ၊ ရှမ်း စတဲ့ဝတ်စုံတွေကို ဆင်မြန်း ထားတဲ့ မောင်မယ်စုံတွဲလေးတွေဟာ ပရိတ်သတ်ကြားထဲကနေပြီး စင်ပေါ်ကို အလှည့်ကြ တတ်ရောက်လာကြ တဲ့ဟန်က ရင်ခုန်စရာပေါ့။ အဲ … နောက်ခံတေးဂီတက အမေရိကန် ဘင်ထုသံမဟုတ်ပဲ၊ လူမျိုးအလိုက် ရိုးရာ တီးလုံးလေးတွေဆို ပိုလို့ပနံရမယ် မြင်မိတယ်။

နန်းစိုးတို့တင်ဆက်တဲ့ ၀ါးညှပ်အကကလည်း ဒီကလူတွေအဖို့ မြင်ကွင်းဆန်းရသပေါ့။ ကိုယ့်ရင်မှာ ပိုပြီးကြည်နူး သွားရတာက၊ ကနေတဲ့ ကရင်မောင်မယ်တွေအတွက် အောက်ကနေ ၀ါးညှပ်ခုပ်ပေးနေသူတွေဟာ ရခိုင်လူ ငယ်လေးေ တွ ဖြစ်နေတာတွေ့လိုက်ရလို့ပါပဲ။ အဲဒီလို ရိုးရာအလှတွေကို စုစုစည်းစည်း တတ်ညီလက်ညီ တင်ဆက်ခဲ့သလို၊ ကိုချစ်ဝင်း၊ မစန်းအေးတို့ရဲ့ သမီးငယ်ချောစုဝင်းကလည်း အမေရိ ကန်သီချင်းတစ်ပုဒ်ကို ကီ:ဘုတ်နဲ့ ကိုယ်တိုင်ဆိုတီးပြခဲ့သေးတယ်။

ထားဝယ်သံဝဲ၀ဲနဲ့ ရိုးရာသီချင်းတွေကို ပိုင်နိုင်စွာပျော်ဖြေသွားကြတဲ့ ကိုနီဝင်း၊ မစန်းဦးနဲ့ ကပြဖြေဖျော်တဲ့ သမီးလေး “အိ” တို့ရဲ့ ဖြေဖျော်မှု ကလည်း ကြည်းနူးစရာ မိသားစုကပွဲပေါ့။ အဲဒီလိုကသူတွေများလေလေ ပန်းကုံးစွပ်သူတွေ ပေါလေလေ။ ပန်းကုံးစွပ်သူတွေပေါလေလေ နန်းရွှေမြတို့ ခင်ထွေးရီတို့ရဲ့ ကျောင်းရံပုံငွေ အတွက် ပန်းကုံးတွေကလည်း လက်မလည်အောင် ရောင်းရလေပေါ့။

အစီအစဉ်တိုင်းကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ကြေငြာပေးခဲ့နိုင်တာကလည်း မြန်မာရိုးရာ မြန်မာ့အလှတွေကို အမေရိကန်ဧည်တွေနဲ့ မိတ်ဆက်ပေးနိုင်ခဲ့တယ်။ ဒီအတွက် အင်္ဂလိပ်လို ကြေငြာသူအဖြစ် ကူညီဆောင် ရွက်ေ ပးတဲ့ မွန်မင်းသမီးလေး “ဆောင်းသဇင်” ကိုလည်း ဒီနေရာကနေ ကျေးဇူးစကားဆိုလိုက်ပါရဲ့။

ဒါတင်မက သက်ကြီးပူဇော်တဲ့အခါကြလည်း မြန်မာတိုင်းရင်းသားသက်ကြီးရွယ်အိုများကိုသာမက ဒုက္ခသည်ေ တွကို တတ်နိုင်သမျှ အကူအညီပေးနေတဲ့ မစ္စတာဂျွန်နဲ့ အခြားအမေရိကန်အဘွားတစ်ဦးကိုပါ ဂါရ၀ နိဝါတြ ပုနိုင်ခဲ့ကြတယ်လေ။ ကုသိုလ်ရှင်တွေရဲ့ သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ထမင်းကြော်၊ ကြာဇံဟင်းခါး၊ ဖရဲသီးစတဲ့ ရိုးရာအာဟာရတွေနဲ့လည်း ဧည့်ခံလိုက်သေးတယ်။ ကသူ ခုန်သူ သီသူ ဆိုသူတွေများလွန်းလို့ ခန်းမကို အချိန်တနာရီ တိုးငှားရသေးတယ်။ ပွဲပြီးခါနီးလေလေ ကသူတွေက မြူးလေလေပေါ့။ ညနေငါး နာရီထိုးမှတော့ သင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့တယ်။

အားနည်းချက်လေးတွေကတော့ မြန်မာတွေထုံးစံအတိုင်း အနည်းအကျဉ်းတော့ရှိတာပေါ့။ ဆောင်းဘောက် ကြီးတွေ အကျယ်ကြီးဖွင့်လို့ လှိုင်သံနဲ့ဟိန်းပြီး ဘာတွေဆိုမှန်းမသိရတာတို့။ (ခန်းမတွင်းမှာ ကျင်းပတာ ကို လောက်စပီကာစွဲ မပျောက်တဲ့သူတွေဆိုတော့ အမြည်ကြိုက် က ခုထိပြင်လို့မရကြသေးဘူး အသံကိုေ လျာ့ပါလို့ပြောတာတောင် မရချင်ဘူး) တယောက်ဆိုမည် သီချင်းကို အခြားတယောက်က အရင် ဦးအောင် ၀င်ဆိုသွားတာတို့၊ ဆိုမယ်လို့ စာရင်းပေးထားပြီး မလာလို့ကြုံသူက ၀င်ဆိုပေးရတာတို့၊ အက မှာ မော့ေ နကြလို့ ကျွေးမွေးခန်းမှာ လက်ဟာသွားတာတို့၊ ပွဲပြီးမှ ထမင်းအိုးကြီး ထမင်းအပြည့်နဲ့ ခုံအောက်မှာ သွားတွေ့ တာတို့ စတာတွေပေါ့။

နောက်ဆုံးနိဂုံးချုပ်လိုက်တော့ အမေရိကားရဲ့တနေရာမှာ ပျော်ရွှင်သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြတဲ့ ရိုးရာပွဲလေး တခုပါပဲ။ အောင်မြင်လိုက်သမှ ပန်းကုံးရောင်းရတဲ့ ကျောင်းရံပုံငွေလေးတွေကိုတောင် ခန်းမထပ်ငှားခနဲ့ လုံခြုံေ ရးဝန်ထမ်း ငှားခပေးချေလိုက်ရတဲ့ အထိပါပဲ။

ဘာပဲဖြစ်ဖြစ်လေ ဆောင်းပါးအစမှာ ကိုယ်ဆိုခဲ့သလိုပေါ့။ ရောဟိနီမြစ်ရေကိုအကြောင်ြး ပုပြီး သွေးမကွဲပဲ သွေး စည်း သွားကြတဲ့ သာကီဝင် ဆွေတော်မျိုးတော်တွေလိုပေါ့။ အခုလည်း မြန်မာသင်္ကြန်ရေကို အကြောင်ြး ပုပြီး သွေးစည်းပျော်ဝင်ခဲ့ကြပုံကဖြင့် ရင်ခုန်ကြည်းနူးလို့ မဆုံး နိုင်အောင်ရှိရတယ်။

ရောဟိနီမြစ်ကမ်းကနေ ကိုယ်တို့နေထိုင်ရာ မီးဝေါကီးမြို့နားက မီရှီဂန်ကန်ကြီးရဲ့ အနောက်ဘက်ကမ်းခြေအထိ ရိုက်ခတ်လာတဲ့ သွေး စည်းသံလို့ ဆိုလိုက်ချင်တယ်။

သည်မှ … ဟိုး … ဧရာဝတီကမ်းခြေသို့တိုင် ရိုက်ခတ်ပါစေလို့ ဆုတောင်းရင်း … ။

ပန်းချီ – ဦးလွန်းကြွယ်

 
Leave a comment

Posted by on June 26, 2011 in Kan Tun Thit, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: