RSS

Than Win Hlaing – Moe Moe (Inya)

26 Jun

မိုးမိုး (အင်းလျား) သို့မဟုတ် ထာဝရ ထွန်းလင်းတောက်ပနေမည့် ကလောင်ရှင်
သန်းဝင်းလှိုင်
ဇွန် ၂၇၊ ၂၀၁၁
“လူတယောက်ရဲ့တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ဟူ၍ ဆရာ ဗန်းမော်တင်အောင်က တခါက ဆိုခဲ့ဖူးသည်။
မှန်ပေသည်။ ယနေ့မြန်မာစာပေသမိုင်း၌ ဝတ္ထုစာအုပ်များနေ့စဉ်ထွက်ရှိနေသော်လည်း အကြောင်းအရာအားဖြင့်လည်းကောင်း၊ အတွေးအခေါ် အမြော်အမြင်အားဖြင့်လည်းကောင်း၊ အရေးအသား အဖွဲ့အနွဲ့အားဖြင့်လည်းကောင်း၊ လေးနက်မှု၊ သိမ်မွေ့မှု၊ အရေးအသားညံ့ဖျင်းမှု စသည့် အားနည်းနေမှုများကြောင့် အရှည်သဖြင့် မတည်တံ့နိုင်ဘဲ ခုမြင်ခုပျောက်ဆိုသလို စာလည်းပျောက် လူလည်းတိမ်မြှုပ်သွားခဲ့ကြရသည်။ သို့သော် မိုးမိုး(အင်းလျား)၏ ဝတ္ထုများသည် ယနေ့တိုင် ဂန္တဝင်မှတ်ကျောက်အတင်ခံနိုင်ခဲ့သည်မှာ သိင်္ဂီရွှေရည်လို အရည်မီအောင် ရေးဖွဲ့သီကုံးနိုင်ခဲ့သောကြောင့်ဟု ဆိုရပေမည်။

သူရေးခဲ့သော “ပျောက်သောလမ်းမှာ စမ်းတဝါး” သည် မြို့နေပညာတတ် အလုပ်လက်မဲ့ အိမ်ထောင်ရေးကိုလည်းကောင်း၊ “ပွင့်တချို့ကြွေတချို့” တွင် မြို့တော်နေ ပညာတတ် အမျိုးသမီးကလေးအချို့၏ ဘဝကိုလည်းကောင်း၊ “ရွက်လှပန်း” တွင် မိသားစုအတွင်းရေး ဖြစ်ရပ်ကိုလည်းကောင်း၊ “ငပလီဇာတ်လမ်း” တွင် မြို့ပေါ် အထက်တန်းလွှာဖြစ်ရပ်ကို လည်းကောင်း၊ “အချစ်ဆိုသောအရာ” တွင် ဂီတလောက နောက်ခံဇာတ်လမ်းကိုလည်းကောင်း၊ “ဘယ်သူလာကူပါ့မယ်” တွင် မလွှဲမရှောင်သာသဖြင့် မှောင်ခိုလုပ်ငန်းလုပ်ရသောဘဝကို လည်းကောင်း၊ “မှတပါးအခြားမရှိပြီ” တွင် မိခင်တဦး၏ မုဆိုးမဘဝတွင် သားသမီးများကို ပြုစုပျိုးထောင်ပုံ၊ သားသမီးများက မိခင်အပေါ် တုံ့ပြန်ပုံနှင့် မိခင်တဦး၏ အနန္တမေတ္တာကို လည်းကောင်း ဖွဲ့ဆိုထားပေသည်။
ထို့ကြောင့်ပင် သူရေးသားခဲ့သော “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထုသည် ၁၉၇၄ ခုနှစ်အတွက် အမျိုးသားစာပေ(ဝတ္ထုရှည်)ဆုကို ရရှိခဲ့သည်။
ဆုပေးပွဲ၌ မိုးမိုး(အင်းလျား) က …
“ကျွန်မတို့အနေနဲ့ နေ့စဉ်ရင်ဆိုင် တွေ့ကြုံနေရတဲ့ လူ့ဘဝအကြောင်းအရာလေးတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ အမြဲရှိနေပါတယ်။ ဒီအကြောင်းတွေ အရာလေးတွေဟာ ကျွန်မတို့ အစွမ်းရှိလျှင် ရှိသလောက် ရေးမကုန်နိုင်အောင် များပြားလှပါတယ်။ ဒီအကြောင်းအရာလေးတွေကို အခြေတည်ပြီး ရေးခဲ့လို့၊ ကျွန်မအနေနဲ့ ခုလို ပြည်သူရဲ့ အားပေးချီးမြှင့်မှုကိုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့ကိုလည်း ဆက်လက်ပြီး ကျွန်မတို့ရဲ့လူမှုဝန်းကျင်က အဖြစ်အပျက်ကလေးတွေကို အခြေတည်ပြီး အစွမ်းရှိသမျှ ရေးဖွဲ့သွားဖို့ ကျွန်မမှာ ရည်ရွယ်ချက် ရှိပါတယ်” ဟူ၍ ပြောကြားခဲ့လေသည်။
ထိုရည်ရွက်ချက်အတိုင်းပင်လျှင် မိုးမိုးသည် သူရေးသားသော ဝတ္ထုရှည်၊ ဝတ္ထုတိုတို့၌ လူမှုပတ်ဝန်းကျင်အကြောင်းကို အစဉ်တစိုက် ရေးသားခဲ့သည်။ သူ၏ ပထမဆုံးဝတ္ထုရှည်ဖြစ်သော ဤ “ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထု၏အမှာစာ၌ပင် –
“ကျွန်မတွင် ရေးစရာ အများအပြား ရှိပါသည်။ ထိုရေးစရာများမှာလည်း ကျွန်မ၏ နုနယ်သေးသော အတွေ့အကြုံအရ ဖွဲ့နွဲ့သောဇာတ်လမ်းနှင့် မရင့်ကျက်သေးသည့် အတွေးအခေါ် ရည်ရွယ်ချက်များတွင်သာ အကျုံးဝင်နေပါလိမ့်မည်။ ကျွန်မသည် အမျိုးသမီးတယောက်ဖြစ်သည့် အားလျော်စွာ ယနေ့ခေတ်နှင့်အညီ သွားလာလှုပ်ရှားနေကြသော အမျိုးသမီးငယ်တို့၏ ဘဝ အခက်အခဲများကိုလည်း သိရှိခံစားနေရပါသည်။ စာရေးမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကလောင် ကိုင်တိုင်း အဆိုပါအတွေ့အကြုံတို့ပင် အခြေခံသည့် အကြောင်းအရာ အဖြစ်အပျက်တို့ကို ရေးသားခဲ့ရပါသည်။
စင်စစ် ဤသို့ပင် ဖြစ်ထိုက်သည်ဟု ကျွန်မ ယုံကြည်မိပါသည်။ စားဝတ်နေရေး၊ ခက်ခဲမှုများဖြင့် ပြွမ်းတီးနေသည့် ပတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှဆိုသလို ကျင်လည်နေရသူ တဦး၏ကလောင်မှ ဂိုယာနံ့သင်းသော၊ ပိုးဖဲ ကတ္တီပါဖုံးလွှမ်းသော၊ ချစ်စိတ်ပြည့်လျှံသော၊ ဆွတ်ပျံ့ လွမ်းမောဖွယ်သော အကြောင်းအရာ အဖြစ်အပျက်တို့ ထွက်ပေါ်မလာသည်မှာ သဘာဝကျပါ လိမ့်မည်” ဟူ၍ အမှာရေးထားသည်။
“ပျောက်သောလမ်းမှာ စမ်းတဝါး” ဝတ္ထုရှည်သည် ချစ်ခင်ကြင်နာမှု၊ စေတနာ ဝေဖြာမှုတို့ကို အခြေပြု၍ အိမ်ထောင်တခုကို တည်ဆောက်လျှင် သာယာချမ်းမြေ့ခြင်းနှင့် ပြီးပြည့်စုံမည်ဟု ထင်မြင်မျှော်မှန်း၍ လက်ထပ်ခဲ့ကြသော ချစ်သူနှစ်ဦးမှာ စီးပွားရေးနှင့် နေရေး ထိုင်ရေး၊ ဆွေရေးမျိုးရေး စသော လူမျိုးရေး ပြဿနာများကြောင့် အဆင်မပြေဖြစ်ရပုံကို တင်ပြထားသည်။ မင်္ဂလာဧည့်စရိတ်ကို သတို့သားက ချေးငှားနေရ၍ ဧည့်ခံပွဲတွင် သတို့သမီးခမျာ ရင်မောနေရပုံ၊ မင်္ဂလာဦးညမှာပင် ဘယ်အိမ် အိပ်ရမှန်းမသိဖြစ်ရပုံအစ အိမ်ထောင်ရှင်ဘဝတွင် မိန်းကလေးသည် ယောက္ခမ၊ ယောက်မနှင့် ယောက်ျားလေး၏ မွေးချင်းမိဘအသိုင်းအဝိုင်း၌ စိတ်ညစ်ရပုံများ၊ အိမ်ခွဲနေရန် ကြိုးပမ်းသောအခါ၌လည်း အိမ်စပေါ်ပေးရေးကိစ္စ၊ ရသည့်လစာနှင့် မလုံလောက်သည့်ကိစ္စ၊ ကိုယ်ဝန်ဆောင်စဉ် ခံစားရသောဒုက္ခ၊ ကလေးမွေးဖွားလာသောအခါ ပြုစုစောင့်ရှောက်မည့်သူ မရှိသဖြင့် အိမ်ထောင်ရှင်ဘဝ၌ ဇနီးမောင်နှံ နှစ်ဦးဒုက္ခသံသရာထဲ တဝဲလည်လည်နေရပုံတို့ကို ဇာတ်အိမ်ဖွဲ့ထားသည်။
သူ၏ “ပျေက်သောလမ်းမှာ စမ်းတဝါး” ကို ဆုပေးသော အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ၊ (ဝတ္ထုရှည်ဘာသာရပ်အဖွဲ့ငယ်)က “ဤဝတ္ထုရှည်သည် နေရေး ထိုင်ရေး၊ ဆွေရေး မျိုးရေးကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ရသော လူငယ်ဇနီးမောင်နှံနှစ်ဦး၏ ဘဝကို ပီပြင်အောင် ဖွဲ့ဆိုနိုင်သည်။ ဘဝအခြေအနေအရ ချို့တဲ့၍ မဖြစ်မနေ ရင်ဆိုင်ရုန်းကန်မည် ဟူသော အပြုသဘောအားနည်းသော်လည်း နဂိုအခြေအနေမှန်ကို သရုပ်ပေါ်အောင် ဖော်ပြနိုင်စွမ်းရှိသည်။ အရေးအသား ပြေပြစ်ကောင်းမွန်၍ ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်ယူဆကြပါသည်” ဟူ၍ မှတ်ချက်ပေးထားသည်။
“ပျောက်သောလမ်းမှာ စမ်းတဝါး” ၀တ္ထုဆုရစဉ်က မိုးမိုး(အင်းလျား)သည် လမ်းစဉ်ပါတီ သုတေသနဌာနတွင် သုတေသနလက်ထောက်အဖြစ် အမှုထမ်းလျက်ရှိသည်။ ၁၉၇၇ ခု နိုဝင်ဘာလ၌ သူအား မြန်မာစာပေ သုတေသီ ဂျာမန်အမျိုးသမီး ဒေါက်တာ အင်နီမာရီအက်ရှယ် (မြန်မာအမည် ဒေါ်နှင်းဆီ) နှင့် မိတ်ဆက်ပေးစဉ်က ပိန်ပိန်သွယ်သွယ်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဝဖြိုးတုတ်ခိုင်လာသောဟန်ပန်ကို သတိပြုမိသည်။ မိုးမိုးသည် အသားညို၍ မျက်လုံး မျက်ဖန်ကောင်းသည်။ စကားပြောပုံ အေးဆေးသည်။ ယဉ်ကျေးသိမ်မွေ့၍ အေးအေးဆေးဆေး နေလိုဟန်ရှိသည်။ ဂျာမန်အမျိုးသမီးနှင့်မိတ်ဆက်စဉ်က သူနှင့်အတူ ဆရာမ သာယာဝတီ စမ်းစမ်းနွဲ့လည်း လိုက်ပါလာသည်။ ဂျာမန်အမျိုးသမီးကြီးက “သူ့ဝတ္ထုများသည် ခေတ်ပြိုင်လူမှုရေးဘဝ (ဝါ) မျက်မှောက်ခေတ် သာမန်ပြည်သူအများစု၏ဘဝကို ထင်ဟပ် ရေးဖွဲ့နိုင်သည့်အတွက် ခေတ်ပြိုင်ဘဝသရုပ်ဖော် ဝတ္ထုရေးဆရာမ” ဟု ချီးကျူးပြောဆိုခဲ့သည်။
မှန်ပေသည်။ မိုးမိုးသည် သာမန် လူမှုဘဝပတ်ဝန်းကျင်ကိုစာနာ၍ သူတို့ရုန်းကန်ပုံ အမျိုးမျိုး၊ သူတို့ဘဝလှုပ်ရှားဖြတ်သန်းပုံ အဖုံဖုံ၊ သူတို့အလှ အသွယ်သွယ်ကို ထဲထဲဝင်ဝင် လေ့လာကာ ပကတိဖြစ်စဉ်အတိုင်း ရိုးရိုးကလေး တင်ပြလေ့ရှိသည်။ ထို့ကြောင့်ပင် အခြားဝတ္ထုများကဲ့သို့ အဖွဲ့အနွဲ့ အကွန့်အညွန့် မပါသော်လည်း တကယ်ဖြစ်ပျက်နေသည့်အလား အသက်ပါလှပေသည်။ လူ့ဘဝနှင့်နီးစပ်၍ သဘာဝကျနေခြင်း ဖြစ်သည်။
မိုးမိုး(အင်းလျား)သည် သူပြောချင်သောအကြောင်းကို လွယ်လွယ်ပြော၏။ ရှင်းရှင်း ရေး၏။ စာဖတ်သူတို့နားလည်အောင် လိုရင်းအနှစ်ချုပ် တင်ပြတတ်၏။ စင်စစ် သဘာဝအလှကို တင်ပြရန် ခံစားတတ်ရ၏။ ခံစားတတ်သော “ဉာဉ်” မိုးမိုးတွင် ရှိ၏။ ထိုသို့ခံစားရန် အကြောင်းခံတို့သည် မိုးမိုး၏ ပတ်ဝန်းကျင်တွင်ရှိ၏။ ခံစားတတ်ဖို့အတွက် ကြည့်တတ်မြင်တတ် နည်းလည်တတ် နာယူတတ်သော အသိရှိရ၏။ ထိုအသိမျိုး မိုးမိုးတွင် ရှိ၏။ လူတို့ နားလည်နိုင်သောစကားဖြင့် ပြေပြစ်အောင် ရေးသားထားသော စာကို “စကားပြေ” ဟု ခေါ်ပေရာ၊ မိုးမိုးသည် သူ့ခံစားချက်တို့ကို စကားပြေဖြင့် စာဖတ်သူအား အဆင့်တင်ပြရေးဖွဲ့၏။ ဤသို့ဖြင့် မိုးမိုး၏စာတို့သည် စာဖတ်ပရိသတ်ရင်ကို စွဲကိုင်လှုပ်ခတ်လာသည်ဟု ဆိုချင်ပါသည်။
ထိုကြောင့်လည်း ဆရာဇော်ဂျီက …
“လေးစားအပ်သော စာမျိုးဖြစ်မြောက်လာရေးအတွက် ကလောင်စွမ်းရည်ကို လည်းကောင်း၊ ကိုယ်နှုတ်နှလုံး အတွေ့အကြုံကိုလည်းကောင်း လိုအပ်သည်မှာ ထင်ရှားသည်။ တဖန် ထိုအင်္ဂါနှစ်ပါးနှင့် ပြည့်စုံနိုင်စရာအကြောင်းရှိသည်။ ထို့ကြောင့်သာလျှင် လေးစားအပ်သော စာမျိုးဖြစ်မြောက်လာအောင် ရေးသောအခါ ဉာဏ်ထုတ်၍၊ ဝိရိယထုတ်၍ ရေးကြရမည်သာ ဖြစ်သည်” ဟု သူ၏ “ရသစာပေအဖွင့်” စာအုပ်တွင် မိန့်ဆိုဖူး၏။ 
အနုပညာဆိုသည်မှာ ဆရာဇော်ဂျီပြောသလိုပင် ဘာအကြောင်းပဲ ရေးရေး၊ ကိုယ်တိုင် ပြချင်သော အကြောင်းအရာကို ပရိတ်သတ်ထံသို့ သိမ်မွေ့နူးညံ့စွာ ရောက်လေလေ အနုပညာမြောက်လေလေဖြစ်သည်။
စာရေးဆရာသည် သူမြင်သော အကြောင်းကိုတင်ပြရာတွင် တိုက်ရိုက်တင်ပြ၍လည်း ရေးသည်။ သွယ်ဝိုက်၍လည်း ရေးသည်။ ဘယ်ချောက်ကာ ညာလှမ်းသလိုလည်း ရေးသည်။ မိုးမိုးသည် သွယ်ဝိုက်၍ ရေးတတ်သူဖြစ်သည်။ အစီအစဉ်ချ၍လည်း ရေးတတ်သူဖြစ်သည်။ မည်သို့ပင်ရေးရေး သူ့ကိုယ်စား ပြုရေးသားခဲ့သော ဇာတ်ဆောင်များအပေါ်ထားရှိခဲ့သည့် သူ၏ စေတနာ၊ သူတို့ကိုယ်စား ပြောပြချင်သော ရင်ထဲက အကြောင်းအရာ၊ ဝတ္ထုထဲက ဇာတ်ဆောင်များ၏ဘဝကို စာဖတ်သူကိုယ်တိုင် ခံစားနားလည်စေချင်သည့် သူ၏စေတနာသည် အမြဲထာဝရ ခိုင်မာစွာ တည်ရှိနေခဲ့သည့်အကြောင်းကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလထုတ် စာပေ ဂျာနယ်တွင် “စေတနာ မမှားခဲ့ပါ” ခေါင်းစဉ်ဖြင့် မိုးမိုးက – 
“ကျွန်မ၏ မေ့လျော့ပေါ့ဆမှုကြောင့် ကျွန်မ၏စာတွေထဲမှာ အချက်အလက်အချို့ မှားကောင်းမှားခဲ့မိသည် ဖြစ်သော်လည်း ကျွန်မ၏ ထိုစေတနာ အရင်းခံ အကြောင်းအချက်များကတော့ မမှားခဲ့သေးပါဟု စိတ်တွင်သန့်ရှင်းစွာ ယုံကြည်နေဆဲပင် ဖြစ်ပါ၏” ဟူ၍ ရေးသားထားလေသည်။
သို့ကလို ပြည်သူဘက်မှာ ထာဝစဉ်ရပ်တည်၍ ပြည်သူတို့၏ ခံစားမှု ဝေဒနာကို ပီပြင်စွာ ရေးဖွဲ့နိုင်မှုကြောင့် သူ၏ လူမှုပတ်ဝန်းကျင် ဝတ္ထုများသည် စာဖတ်ပရိတ်သတ်များ အားပေး နှစ်သက်မှုကို ရယူနိုင်ခဲ့သည်။
မိုးမိုး(အင်းလျား)သည် ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်တွင် ပညာသင်ကြားရင်း နေထိုင်ခဲ့ဖူးသောကြောင့် မိုးမိုး(အင်းလျား)ဟူသော ကလောင်အမည်ကို ယူခြင်းဖြစ်သည်။ သူ၏ အမည်အရင်းမှာ ဒေါ်စန်းစန်း ဖြစ်သည်။ သူ့ကို ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက် အင်္ဂါနေ့၌ ဖွားမြင်ခဲ့သည်။ မလိခ၏ မြန်မာဝတ္ထုအညွန်း (၆) တွင် ၁၉၄၅ ခုနှစ် သြဂုတ် ၂၁ ဟု ဖော်ပြထားသည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွင် ပညာသင်ရင်း ကဗျာ၊ ဝတ္ထုနှင့် ဆောင်းပါးများကို စတင် ရေးသားခဲ့သည်။
မိုးမိုး(အင်းလျား) ကလောင်အမည်ဖြင့် စ၍ရေးသည်မှာ ၁၉၆၅ ခုနှစ် မတ်လထုတ် တိုင်းရင်းမေ ဂျာနယ်၌ “ရွက်လှပန်းကလေး ကိုယ့်ဘဝ” ကဗျာဖြစ်သည်။ သူ၏ပထမဆုံး ပုံနှိပ်ခဲ့သော ဝတ္ထုတိုမှာ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီ မဂ္ဂဇင်းပါ “အိမ်နီးချင်း” ဖြစ်ပြီး မကွယ်လွန်မီအထိ နောက်ဆုံးရေးသားဖောပြခဲ့သော ဝတ္ထုမှာ ၁၉၉၀ မတ်လထုတ် စံပယ်ဖြူ မဂ္ဂဇင်းပါ “သိက္ခာရှိတဲ့ မုန့်ဟင်းခါး” ဖြစ်ပါသည်။
သူ၏ ပထမဆုံးလုံချင်းဝတ္ထုရှည်မှာ ၁၉၇၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့သည့် “ပျောက်သောလမ်းမှား စမ်းတဝါး” ဖြစ်ပြီး နောက်ဆုံးထုတ်ဝေခဲ့သည့် လုံးချင်းဝတ္ထုရှည်မှာ ၁၉၈၇ ခုနှစ်၊ ဧပြီလ၌ ထုတ်ဝေသည့် “ခံတက်နုလေးတွေ ညှိုးချိန်တန်တော့” စာအုပ်ဖြစ်သည်။
သူသည် အမျိုးသားစာပေဆုကို ၁၉၇၄ ၏ ၁၉၈၀၊ ၁၉၈၂၊ ၁၉၈၆ ခုနှစ်များတွင် ၄ ကြိမ် တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သည်။
ခေတ်ပြိုင်ခံစားမှု ဘဝသရုပ်ဖော်ကို ဖွဲ့ဆိုခဲ့သည့် သူ၏အနုပညာ လက်ရာများမှာ ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်သော ရုရှား၊ ဂျပန်၊ အင်္ဂလန်တို့အထိ စိမ့်ဝင်ထိုးဖောက် နိုင်ခဲ့သည်။ 
မိုးမိုး(အင်းလျား) သည် ဝတ္ထုအမည်ပေးပုံမှာလည်း တမူထူးခြားသည်။ သူ့ဝတ္ထုများအနက် “သဗ္ဗေသတ္တာ အဝေရာဟောန္တု”(၁၉၇၈)၊ “မှတစ်ပါး အခြားမရှိပြီ” (၁၉၇၈)၊ “ရွှေတိဂုံကို မြင်လျှင်” (၁၉၇၉)၊ “ငြိမ်းကိုရှက်ပါ”(၁၉၈၀)၊ “ဂျိုး” (၁၉၈၀)၊ “သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ် ဆယ့်သုံးသွယ်”(၁၉၈၀)၊ “ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ”(၁၉၈၁)၊ “ပန်းရိုင်းတရာ”(၁၉၈၁)၊ “ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား”(၁၉၈၁)၊ “မသုဓမ္မစာရီ”(၁၉၈၂)၊ “နာမကျန်းသည် အိုနှင်းဆီ”နှစ်တွဲ(၁၉၈၃)၊ “မြန်မာပြည်မှာ နေကြသည်”(၁၉၈၃)၊ “ကြွေရင် အတူကြွေမယ်” (၁၉၈၃)၊ “မီးရောင်အောက်ကိုဝင်လျှင်”(၁၉၈၅) တို့မှာ ထင်ရှားသည်။
မသုဓမ္မစာရီ ရေးစဉ်က သူကိုယ်တိုင် ကတုံးရိတ်၍ သီလရှင်ဝတ်သည်ဟု ကြားရသည်။ ရေးစရာအကြောင်းရပ်အတွက် သဘာဝယုတ္တိရှိစေရန် ကွင်းဆင်းလေ့လာခြင်းတမျိုးပင်ဖြစ်သည်။ သူရေးခဲ့သော “မှတစ်ပါး အခြားမရှိပြီ” နှင့် “မသုဓမစာရီ” ဝတ္ထုကို ရိုက်ကူး၍ “ညီမ လေးကအချစ်ကို ကိုးကွယ်သတဲ့လား” ဝတ္ထုကို ဗီဒီယို ရိုက်ကူးခဲ့ပါသည်။ 
မိုးမိုး(အင်းလျား) သည် ၁၉၈၉ ခုနှစ် သြဂုတ်မှစ၍ ဆရာကြီး မဟာဆွေ၏ သမီး ခင်ဆွေဦး ဦးစီးထုတ်ဝေသော စံပယ်ဖြူ မဂ္ဂဇင်းတွင် တာဝန်ခံ စာတည်းမှူးအဖြစ် ဆောင်ရွက်ခဲ့ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ သူသည် ကွယ်လွန်ချိန်အထိ စာပေများကို ဇယ်ဆက်သလို ရေးသားခဲ့ရာ ဝတ္ထုတိုနှင့် မဂ္ဂဇင်း ဝတ္ထုရှည် စုစုပေါင်း ၁၀၁ ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၅ အုပ် ဆောင်းပါးပေါင်း ၅၅ ပုဒ်ခန့်ရှိသည်ဟု သိရသည်။ 
ယင်းတို့ စာပေတာဝန်ကို ကျေပွန်စွာထမ်းရွက်ရင်းဖြစ် ၁၉၉၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွန်လွန်သွားခဲ့လေသည်။ ကွန်လွန်ချိန်၌ ခင်ပွန်း ဦးမျိုးညွန့် (စာပေလောက)နှင့် သားနှစ်ယောက် သမီးတယောက် ကျန်ရစ်ခဲ့သည်။ ကွန်လွန်စဉ်က သူသည် အသက် ၄၆ နှစ်သာ ရှိသေးသည်။ 
သူ၏ ကြွင်းကျန်သောရုပ်ကလပ်ကို ကြံတောသုဿန်၌ မတ်လ ၁၇ ရက်နေ့တွင် ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။ ယခုအခါ ကြံတောသုဿန် ဖြတ်လိုက်သဖြင့် မြောက်ဥက္ကာလာပမြို့နယ်ရှိ ရေဝေးသုဿန်၌ ပြောင်းရွေ့ဂူသွင်းထားသည်။
သူ ဆုံးစဉ်က ဆရာမကြီး လူထုဒေါ်အမာက –
“ဗျာဒိဒုက္ခဆိုတဲ့ သေတွင်းသွားဖို့အတွက် ခံစားရတဲ့ရောဂါတော့ အကြာကြီး မခံစားရရှာပေါ့၊ နို့ပေမယ့် အသက်ကလေးမှ ၄၀ ကျော်ရုံရှိသေးတာမို့ နေမယ်ဆိုရင် အနေနိုင်ကြီးပေါ့။ နှမြောလိုက်တာ မိုးမိုးရယ်။ ဖြေမဆည်နိုင်အောင်ပါပဲ”
“မိုးမိုးဈာပနက သူ့စာကို ချစ်တဲ့ပရိတ်သတ်ကများလေတော့ ဒုတိယ အောင်ဗလဈာပန ဖြစ်နေမှာပေါ့လေ။ အနုပညာ အရည်အသွေးက တက်တုန်းအချိန်မှာ ရှင်သေမင်းနောက် ကောက်ကောက်ပါ လိုက်ရှာရတာကလား”
“မိုးမိုးဟာ စာရေးသက် ၁၈ နှစ်အတွင်း ဝတ္ထုတို ဝတ္ထုရှည် ဆောင်းပါးတွေ အများကြီး ရေးသားခဲ့တယ်”
“အမျိုးသားစာပေဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့တယ်။ သူ့စာကလေးတွေကို အမြဲတမ်းစောင့်ဖတ်လာကြတဲ့ စာဖတ်ပရိတ်သတ်အဖို့ ကလောင်ကလေးက ရေးသက်ရလာတာနဲ့ အမျှ ရင့်ကျက်လာတယ်၊ ဣနြေ္ဒရလာတယ်။ အမြင်တွေ ပိုကောင်းလာတယ်။ တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန် တိုးတက်လာတယ်ဆိုတာကို သတိထားမိကြတာကြီးပါပဲ၊ ဒါကြောင့် ကျွန်မ သမီးကြီးနဲ့မှ ရွယ်တူလောက်ရှိသေးတဲ့ မိန်းကလေးကို “မိုးမိုးရယ် အကြွေစောလို့ အမေ နှမြောလှတယ် င့ါသမီးဟာ တို့ခေတ်မြန်မာစာပေ သရဖူနဲ့ စိန်တပွင့်ပါကွယ်” လို့ သူဆုံးသည့်နေ့ ကရေးမိတဲ့ စာတိုကလေးထဲမှာ ထည့်ရေးမိတယ်။
မိုးမိုးရေ ခေတ်တခေတ်ကို ထင်ဟပ်ပြနေမိ မင်းစာကလေးတွေ အဓွန့်ရှည်လို့ တည်နေမှာပါကွယ်။ 
ငါ့သမီးဖြစ်လေရာဘဝမှာ ကိုယ်စိတ်ချမ်းမြေ့ပြီး သတ္တဝါတွေအကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ။”ဟူ၍ ၁၉၉၀ ပြည့်နှစ် မေလထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် မိုးမိုး(အင်းလျား) အတွက် အမေ့လက်ဆောင် ခေါင်းစဉ်ဖြင့် ရေးသားခဲ့လေသည်။ 
ကဗျာဆရာကြီး မောင်စွမ်းရည်ကလည်း …
“အနေမြင့်မြတ်၊ အသေမြတ်သည့်
မြင့်မြတ်သူမှာ မသေပါတည့်
စာပေလောက မြန်ပြည်လှတွင်
နမအမည် ၊ မော်ကွန်းတည်လိမ့်
သင့်သည် မိုးမိုး(အင်းလျား)”
ဟူ၍ ကဗျာဖြစ် မော်ကွန်းထိုးခဲ့လေသည်။ 
မည်သို့ဆိုစေ … ယခုအခါ သူကွယ်လွန်ခဲ့သည်မှာ ၂၁ နှစ်ရှိပြီဖြစ်သော်လည်း သူ ရေးဖွဲ့ခဲ့သော ဘဝသရုပ်ဖော် စာပေအစုစုသည် ထာဝရ ထွန်းလင်းတောက်ပြောင်နေမည်မှာ မလွဲဧကန်ပင်တည်း။
“မိုးမိုး(အင်းလျား) ရောက်ရာ ဖြစ်ရာဘဝ၌ အေးချမ်းစွာ နားခိုနိုင်ပါစေ” ဟု ဆန္ဒပြုလျက်။
ဓာတ်ပုံများကို သူ့ဖေ့ဘွတ်နဲ့ အင်တာနက်ကနေ ရယူပါတယ်။
 
Leave a comment

Posted by on June 26, 2011 in For the record, Than Win Hlaing

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: