RSS

Kamar Pale – Essay

29 Jun


မိုးကြီးတမ၊ မီးခိုးရေမွှေးရနံ့နှင့် ကလေးများ၏ စာသင်ခန်း
ကမာပုလဲ
ဇွန် ၂၈၊ ၂၀၁၁
ဇွန်လနှောင်းပိုင်းရဲ့ မိုးဦးမိုးစက်တွေဟာ ဖွဲဖွဲမဟုတ်၊ သည်းသည်းလှုပ်အောင် ရွာသွန်းနေခဲ့ပါတယ်။ လမ်းမတွေပေါ်က မိုးရေတွေဟာ အရှိန်အဟုန်နဲ့ ရုံး၊ ဆေးရုံ၊ အိမ်ခြေတိုက်တာ အဆောက်အဦတွေထဲအထိ ဒလဟောစီးဝင် မင်းမူနေပါတော့တယ်။ ကလေးတွေက ပေတရာလမ်းမပေါ်မှာ ရေကူးဆော့ကစားလို့၊ လူကြီးလက်ဖျံခန့်ရှိတဲ့ ငါးရစ်ငါးတွေကို ညအခါမှာ ပျော်ပျော်ပါးပါး ဟင်းစားခုတ်ကြလို့ မြို့ဟာ မူလအတိုင်း ကုန်းပေါ်တည်ထားတဲ့ မြို့မဟုတ်တော့ဘူး။ ရေလွှာပြင်ပေါ်က မြို့ဖြစ်နေခဲ့ပြီကော …။
မိုးက ဒီဇင်ဘာလကတည်းက စရွာခဲ့တာပါ။ နေသာခဲ့ရင်တောင် တရက်၊ နှစ်ရက်မျှသာ။ တချို့ကပြောကြတယ်။ ဒီနှစ် ဒီမြို့မှာ နွေပျောက် သွားတယ်တဲ့။ ဟုတ်တယ် ဧပြီသင်္ကြန်တုန်းကလည်း မိုးတွေရွာလိုက်တာ ရေပက်မယ့်သူနဲ့ ရေပက်ခံထွက်သူတွေ စိတ်ညစ်ကုန်ကြတယ်။ အဓိပ္ပါယ်မဲ့သွားတဲ့ သင်္ကြန်ဟာ သိမ်သိမ်ငယ်ငယ် ဖြတ်သန်းသွားခဲ့တယ်။ မေကျတော့ရော။ မေလည်း ထို့အတူပဲ။ မေကတော့ ဧပြီလို မဟုတ်ဘူး။ စိတ်ကောက်ပြီး ခြေစောင့်ထွက်ခွာသွားခဲ့တယ်။

ခု မိုးဦး ဇွန်လ။ သူက မိုးရာသီမို့ မိုးတွေသည်းသည်းမည်းမည်း ရွာနေတာမဆန်းဘူး။ ဒါပေမဲ့ မိုးကသိပ်သည်းလွန်း၊ သိပ်ကြီး မားလွန်း နေတော့ ခက်တယ်။ အရွဲ့တိုက်နေတာလား။ ဒါမှမဟုတ် တမင်ရက်စက်နေရော့သလား။ ပန်းကလေးတွေခမျာ ပွင့်ဖို့ကို မပြော နဲ့ ဘယ်သို့ဖူးရ၊ အညွှန့်တက်ရမည်ကို ဘယ်လိုမှ မတတ်နိုင်ရှာလေတော့။ ငှက်ကလေးတွေလည်း အစာငတ်၊ အသိုက်ပျက်။ ပုရွက်ဆိတ်ကလေးတွေခမျာ အိမ်ပြောင်းချိန်ကို မရလိုက်ကြဘူး။ ရက်စက်တယ်ဆိုတဲ့ စကားထက်ပိုပြီး တိကျအနက်ထင်နိုင်မယ့် စကားနဲ့သာ မိုးကို စွဲချက်တင်ချင်တယ်။
အခိုင်အခံ့တိုက်တာ အဆောက်အဦကြီးတွေတောင် မိုးနဲ့မိုးရေဒဏ်ကိုခံနေရတာမို့ အညတရအိမ်ငယ်ကလေးတွေရဲ့ အတိဒုက္ခဆိုတာ ထူးပြီး ဆိုဖွယ်ရာမရှိတော့ပါဘူး။ ကျောင်းဖွင့်စမို့ စွန့်စွန့်စားစားဝယ်ယူဆင်ယင်ထားတဲ့ ကလေးတွေရဲ့ထီးကလေးတွေ၊ မိုးကာ ပါးပါး ကလေးတွေက စဉ်ဆက်မပြတ်ရွာနေတဲ့ မိုးကြီးတမကို ဘယ်လိုခုခံနိုင်မည်နည်း။ ကလေးတွေခမျာ ကျောင်းရောက်တော့လည်း စို၊ အိမ်ရောက်တော့လည်း စို။ သူတို့ နှုတ်ခမ်းကလေးတွေဟာ အပြာရောင် နှုတ်ခမ်းဆိုးဆေးကို ဆင်တူဆိုးထားကြသလိုနှယ် …။
ပဲကြီးတွန့်နေတဲ့ လက်ချောင်းကလေးတွေနဲ့ အိမ်ပြန်ရောက်တော့ မီးဖိုချောင်ကို ၀င်ကြတယ်။ ဒီလို အခြေအနေမျိုးမှာ ထင်း၊ မီးသွေးနဲ့ ချက်တဲ့အိမ်တွေအဖို့ သိပ်ကိုအလုပ်ဖြစ်ကြတယ်။ ကလေးတွေက သူတို့လက်ကလေးတွေကို မီးဖိုမှာ အူလျားဖားလျား အမြန်ကင်ကြပေါ့။ လက်ဖုဝါးကလေးတွေမှာ ပန်းနုရောင်ပြန်ပေါ်လာတဲ့အထိ လက်ဖုဝါးချင်းပွတ်လိုက်။ မီးဖိုမှာကင်လိုက်။ နည်းနည်းနွေးတော့ ဗိုက်က ဆာလာတယ်။
“မေမေ ထမင်းအိုးဆူရင် ထမင်းရည်တိုက်ပါနော် …” ။
မနက်ဖြန်မှာ ဆက်လက်ဝတ်ဆင်ရဦးမယ့် ကျောင်းဝတ်စုံကလေးတွေကို မီးနဲ့အမြန်ပြန်ကင်ရတယ်။ မီးခိုးနံ့ကလေးတွေသင်းလို့။ ၀တ်စုံက အများဆုံးမှ နှစ်စုံသာ တတ်နိုင်ကြတာ။ ဒါတောင် ဒီနှစ်စုံကို အဖေနဲ့ အမေ့သက်ပြင်းမောတွေနဲ့ ရင်းနှီးဝယ်ထား ရတာလေ။ နောက်တနေ့ စာသင်ခန်းထဲမှာတော့ ပြင်သစ်ရေမွှေးတွေ အရှုံးပေးရမယ့် မီးခိုးနံ့ ရေမွှေးတွေ လှိုင်နေဦးတော့မှာပဲ။ တယောက်နဲ့ တယောက်ကြည့်ရင်း တရားခံရှာ မျက်လုံးကလေးတွေနဲ့ ကြည့်။ ပြီးတော့ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်မောကြ။ တယောက်နဲ့ တယောက် အပြိုင်လက်ညိုးကလေးတွေ ထိုးကြနဲ့ပေါ့။ ကြာတော့ အဲဒီ မီးခိုးရနံ့ ရေမွှေးကို ဆရာကအစ စွဲလန်းသွားတော့တာ … ။
မိုးက ဘယ်မျှသည်းနေဦးမှာလဲ။ ခြေဖုဝါးနဲ့ ခြေချောင်းကလေးတွေ သဲဝဲစားတော့မယ်။ အမေက သူသိမ်းထားတဲ့ ရေနံဆီပုလင်းကလေးကို ထုတ်ပြီး ပုလင်းသေးသေး ကလေးထဲမှာ နည်းနည်းထည့်ပေးတယ်။ ညအိပ်ခါနီးရင် ခြေထောက်ကို ရေဆေး။ အ၀တ်နဲ့ သေသေချာချာပွတ်။ ပြီးရင် ရေနံဆီကလေးကို ခပ်ပါးပါးပွတ်ပြီး အိပ်။ ဒါ အမေတို့ လူတန်းစားအတွက် အကောင်းဆုံးဆေးနည်းပဲ။ ဟုတ်တယ်။ ပဲကြီးတွန့်နေတဲ့ ရေစိမ်ခြေထောက်မှာ သဲဝဲအတွက် အပ်တဖျားစာတောင် နေရာမရှိခဲ့ဘူး။
ဒီလောက် မိုးဦးကစွာနေတာ မိုးနှောင်းမှာ မိုးများခေါင်ခဲ့ရင်ဖြင့် … ။ ရာသီပျက်တွေအကြောင်းကို မစဉ်းစားချင်ပါဘူး။ ရာသီဥတုတွေ မမှန်မကန် ဖောက်လွဲဖောက်ပြန်ဖြစ်လာတာ၊ ရာသီဥတု ကပ်ဘေး တွေဆိုက်နေတာတွေဟာ ကမ္ဘာလောကကြီးအတွက် တကယ့်ကို ကြောက်မက်မနှစ်မြို့စရာပါ။ ဒါပေမဲ့ ရာသီဥတုတွေ ဘာလို့ ခုလိုဖောက်ပြန် ဆိုးသွမ်းနေပါသလဲ။ အကြောင်းတရားက ရှုပ်ထွေးမှု မရှိအောင် ရှင်းနေတာပဲ။ လူတွေလေ … လူတွေကြောင့်မဟုတ်ပါလား။
လူတွေဆိုပေမဲ့ အနည်းစုရယ်ပါ။ ငွေရှိတယ်။ အာဏာရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ အကျိုးစီးပွားအတွက် ထက်မြတဲ့ဦးနှောက်တွေရှိကြတယ်။ သူတို့ရဲ့ အကျိုးစီးပွားအတွက် မျက်တောင်တဆုံးကို ကြည့်မြင် ရာမှာ သူတို့လောက် ကျွမ်းကျင်သေချာတာ မရှိနိုင်အောင်ပါပဲ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ အနာဂတ်အကျိုးစီးပွားအတွက် မျက်စေ့တဆုံးကြည့်ဖို့ရာမှာတော့ သူတို့အားလုံး အကန်းတွေဖြစ်နေကြတယ်။ အိုဇုန်းလွှာပေါက်သွားတာ၊ သစ်တောတွေကို စည်းမဲ့ကမ်းမဲ့ခုတ်ပစ်တာ၊ နျူကလီးယားလက်နက်တွေ စမ်းသပ်ဖောက်ခွဲနေတာ။ အဆိပ်သင့် စက်မှုပစ္စည်းတွေကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်နေတာ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို အတောမသတ်နိုင်တဲ့ လောဘအခြေခံပေါ်ကနေ ထုတ်ယူနေကြတာတွေဟာ ရာသီဥတုကို ဖောက်လွှဲဖောက်ပြန် ဖြစ်ပေါ်စေခြင်းအကြောင်းတရား အခြေခံတွေပါပဲ။
ခုလို မိုးဦးကျရင် ဇာတိမြေဟာ တထိတ်ထိတ် တလန့်လန့်နဲ့ အိပ်ပျော်နိုင်မယ်မထင်ဘူး။ နာဂစ်ဆိုတာ သူတို့အတွက် ကျိန်စာစကားလုံးလို ဖြစ်နေမှာပဲ။ ဒီနှစ်ဦးပိုင်းမှာ ဖြစ်ခဲ့တဲ့ ဂျပန်ဆူနာမီကရော … ။ သူကလည်း ဂျပန်ပြည်သူတွေအတွက် အဖျက်စွမ်းအားကြီးခဲ့တဲ့ ကြောက်စရာအမည်နာမ … ။ ဒါပေမဲ့ လူ့သမိုင်းဟာ သဘာဝတရားကြီးကို ရင်ဆိုင်တိုက်ပွဲဝင်ရင်း အဆင့်ဆင့်တိုးတက်ဖြစ်ထွန်း ရှင်သန်လာခဲ့တာဖြစ်တယ်။ တော်လှန် ပြောင်းလဲမှုတွေကလည်း လူ့သမိုင်းရဲ့ သတ္တိ၊ ခွန်အား၊ တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်စေခဲ့တယ်။ လူသားဟာ ကြောက်ရွံ့ငိုကြွေးရင်း သဘာဝကိုရော အန္တရာယ်ဘေး ဒုက္ခတွေအပေါ်မှာရော အရှုံးပေး ဒူးထောက်ခဲ့ကြတာ မဟုတ်ဘူး။ လူ့သမိုင်းဆိုတာ တိုက်ပွဲတွေနဲ့ တင်းကျမ်းပြည့်နှက်နေတာဖြစ်တယ်။
ခုခံတိုက်ပွဲတွေသာ မရှိခဲ့ရင် လူသားဟာ ၂၁ ရာစုကို ကမ္ပည်းထိုးနိုင်ခဲ့မှာ မဟုတ်ပါဘူး။
မိုးကြီးတမ ရွာသွန်းနေတဲ့ကြားကပဲ စာသင်ကျောင်းကလေးတွေဆီက ကျောင်းတက်ခေါင်းလောင်းထိုးသံကလေးတွေကို ကြားနေရတယ်။ စာသင်သံ၊ စာအံသံကလေးတွေက မိုးသီးမိုးပေါက်ကျသံတွေကို တွန်းလှန်ဖောက်ခွဲထွက်လာတယ်။ စာသင်ခန်းထဲက မီးခိုးရေမွှေးရနံ့၊ သင်းပျံ့ရေနံဆီ ရနံ့ကလေးတွေဟာ သနပ်ခါးရနံ့ကလေးတွေနဲ့အတူ အပြိုင်မွှေးလို့ …. ။ ။
 
Leave a comment

Posted by on June 29, 2011 in Essay, Kamar Pale

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: