RSS

Thurain Htet – Short stories

29 Jun

အေးမြတဲ့အရိပ်အောက်မှာ ခွေးကိုက်တဲ့ဇာတ်လမ်း
သူရိန်ထက်
ဇွန် ၂၇၊ ၂၀၁၁


အဲဒီနေ့က မိတ်ဆွေနဲ့ လက်ဖက်ရည်ဆိုင်ထဲဝင်လိုက်တဲ့အခါ ထိုင်ခုံအလွတ် မရှိဘူး။ ဒါကြောင့် အဆင်ပြေ တဲ့ထိုင်ခုံမှာပဲ ၀င်ထိုက်လိုက်ရင်း သူတို့လင်မယားနဲ့ ဆုံဖြစ်တယ်။ အဲ.. သူတို့လင်မယား ဆိုတာက မြန် မာပြည် မြ၀တီမြို့က ဆေးရုံကို ဆေးလာကုတဲ့ အသက် ၅၀ ၀န်းကျင်စုံတွဲပေါ့။ ယောက်ျားက ချိုင်းေ ထာက်နဲ့။ ခြေထောက်မှာ စတီးရိုးထည့်ထားတာတဲ့။ ကောက်သွားလို့ ထပ်ပြီး ဆေးကုသခံယူရဦးမယ်လို့ ဆိုတယ်။

နေဦး … သူတို့ဇာတ်လမ်းကို အစက စပြောမှာ ဇာတ်ရည်လည်လိမ့်မယ်။ ယောက်ျားနာမည်က ဦးစိုး၊ မိန်းမနာမည်က ဒေါ်မြလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ သူတို့မှာ သားသမီး ငါးယောက်ရှိတယ်။ သုံးယောက်က အိမ်ထောင်သည်။ နှစ်ယောက် ကတော့ အိမ်ထောင်မကျသေးတဲ့သူတွေ။ အကြမ်းအားဖြင့် သားသမီးတွေက အရွယ်ရောက်ကုန်ပြီဆိုပါတော့။ အရင်ကတော့ ရန်ကုန်မှာ နေကြတယ်။ စားဝတ်နေရေးတွေ ကျပ်တည်းလာတော့ ရေကြည်ရာ မြက်နုရာဆိုသလို ရွေ့ပြောင်းလုပ်ကိုင် နေထိုင်စားသောက်ရင်း မြ၀တီကို ရောက်လာကြတယ်။ မြ၀တီဈေးနားမှာနေကြပြီး စီးပွားရေးက သင့်တင့်ရုံ ဆိုပါတော့။ မိန်းမက ဈေးရောင်း။ ယောက်ျားက ကားမောင်း။

အင်း … အဲဒီ ကားမောင်းတာကြောင့်လည်း ဒီဇာတ်လမ်းက ဖြစ်လာတာပဲ။ ဦးစိုး မောင်းတဲ့ကားက ဟိုင်း လတ်။ မြ၀တီ ဖားအံ တ၀ိုက် ပြေးဆွဲတယ်ဆိုပါတော့။ ကားပိုင်ရှင် အုံနာက စပယ်ယာလုပ်တယ်။ တနေ့ … အဲ … တိတိကျကျပြောရရင်တော့ ၂၀၁၀ နှစ်ကုန်ပိုင်းပေါ့။ မြ၀တီမှာတိုက်ပွဲတွေဖြစ်ကြတာ ကြားမိတယ် မဟုတ် လား။ အုတ်အော်သောင်းနင်းဖြစ်ကြ၊ တဖက် ထိုင်းနိုင်ငံဖက်ကို ယာယီခိုလှုံကြရနဲ့လေ။ သြော် သူတို့လင်မယားက တိုက်ပွဲထဲ ၀င်ပါကြတာ မဟုတ်ပါဘူး။ သူတို့က သာမန် အေးအေးချမ်းချမ်းနေချင်ကြတဲ့ မိသားစုတွေပါ။ တိုက်ပွဲကာလမှာ ဘာမှ မဖြစ်ပါဘူး။ ဖြစ်တာက တိုက်ပွဲပြီးမှ။

ဒီလို … ဒီလို … သိတဲ့အတိုင်း တိုက်ပွဲကာလက သိပ်ရှည်လှတာမဟုတ်ဘူး။ မြို့ပေါ်မှာတော့ တိုက်ပွဲအခြေအနေတွေက အသင့်အတင့် အေးချမ်းသွားသလို ဆိုနိုင်ပေမယ့် မကြာခဏဆိုသလို ပစ်ဟဲ့ ခတ်ဟဲ့ရှိနေတာ ခင်ဗျားတို့လည်း ကြား မှာပေါ့။ တနေ့တော့ ဦးစိုးတို့ဆီ ပြဿနာတပ်မတော်က တာဝန်တခုရောက်လာတယ်။ ပြဿနာတပ်မတော်ဆိုလို့ တမျိုးတွေးနဲ့ဦး။ ဦးစိုးတို့ဆီဝင်လာတဲ့ တပ်မတော်ရဲ့ပြဿနာလို့ဆိုလိုတာ။ တပ်က ကားကိုချောဆွဲတယ်။ ပေါ်တာ ဆွဲတယ်ပေါ့ဗျာ။ ဆီ ငါးဂါလံထည့်ပေးတယ်။ မြ၀တီ-ဖားအံကို မြန်မာတပ်က (၃) ပွင့်နဲ့ ဗိုလ်ကြီးတဦးအပါအ၀င် တပ် သားစုစုပေါင်း ၇ ယောက်ကို ပို့ပေးရမတဲ့။

ပို့ဆိုတော့လည်း ပို့ရတာပေါ့။ ချောဟဲ့ ပေါ်တာဟဲ့ ဆိုတာကို ဘယ်သူက ငြင်းရဲမလဲ။ မဟုတ်ဘူးလား။ ဆိုခဲ့တဲ့အတိုင်း ကိုစိုးက ကားမောင်း။ အုံနာက စပယ်ယာလုပ်၊ ကိုစိုးဘေးက ဗိုလ်ကြီးထိုင်၊ နောက်က တပ်သား (၆) ယောက်ထိုင်ပေါ့။ ပေါ်တာဆိုလို့သာ လိုက်ခဲ့ရတာ။ မလွှဲသာလို့သာ မောင်းပေးရတာ၊ အထိတ်တလန့်တော့ တယ်ရှိတာကလား။ သိတဲ့အတိုင်း ဟိုနား ဒီနား ဟိုရက် ဒီရက် ဗုံးပေါက်တာ ပစ်ခတ်တာကလည်း ရှိသေး။ နောက် တဖက်က ကြေညာထားတာကလည်း ရှိသေးတယ်။ အပြစ်မဲ့ခရီးသည်များအနေနဲ့ တပ်နဲ့ပတ် သက်တဲ့ကား၊ တပ်သားတွေ ပါတဲ့ကား ဆို မစီးဖို့ သတိပေးချက်လေ။

ဒီတော့ ဦးစိုးလည်း လန့်တာပေါ့။ အုံနာမျက်နှာဆို ဆီး (ဇီး) ရွက်လောက်ကလေးပဲ ရှိတော့တာ။ အေးလေ အခုလို တပ်သားတွေချည်းပါလာတဲ့ကား ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ.. နော်။ ဆိုတော့ ဦးစိုးတို့နှစ် ယောက်လည်း ဘုရားစာတွေ တရွတ်ရွတ်။ စစ်သားတွေမျက်နှာကြည့်ပြန်တော့လည်း ထိတ်ထိတ်လန့်လန့်၊ ကျီးကန်း တောင်းမှောက်။

စိတ်က ပူနေတော့ မောင်းရတာ အတော်ပင်ပန်းတာကလား။ လမ်းဘေးက သစ်ကိုင်းေ လး လေ တိုက်လို့လှုပ်ရင်တောင် လူက “ဒိတ်ကနဲ” “ဒိတ်ကနဲ” ဖြစ်ဖြစ်သွားတာ။ ဦးစိုးတို့အရပ်သားတွေချည်း ဒီလိုဖြစ်သလားထင်တာ။ ဘယ်ဟုတ်မလဲ။ တပ်က ကိုယ်တော်တွေလည်း စကားတောင်မပြောနိုင်ဘူး။ ဒီလို စိတ်တထင့်ထင့်နဲ့ မောင်းလာလိုက်တာ သင်္ဃန်းညီနောင်ရောက်တော့မယ်ဆိုတော့ စိတ်နည်းနည်း သက်သာ သ လိုရှိလာတယ်။ ဘာပဲဖြစ်ဖြစ် ခရီးအတော်အတန်ပေါက်လာပြီကိုး။ စိတ်ငြိမ်အောင် ကွမ်းတယာထုတ်ဝါးပြီး ကွမ်းတံတွေးလေး အပြင်ဖက် လှမ်းအထွေး ..“၀ုန်း” ဆိုပြီး ဆွဲမိုင်းထိပါလေရော။

ဝန်းကျင်တခုလုံး မဲပြာပြီး ဘာမှမမြင်ရတော့ဘူး။ ဦးစိုးလည်း ခေါင်းတခုလုံး ဘယ်လိုဖြစ်သွားတယ် မသိဘူး။ နောက် တစပ်တည်း ပစ်ခတ်သံတွေလည်း ညံစီသွားတော့တာပဲ။ ခေါင်းခန်းက ထိုင်တဲ့ဦးစိုးနား ကျည်တွေကလည်း ၀ှီကနဲ ၀ှီကနဲ။ ပစ်ခတ်သံတွေကလည်း တဒုံးဒုံး တဒိုင်းဒိုင်း။

ဒီအထိပဲမှတ်မိပြီး ဦးစိုးသတိရတော့ ဆေးရုံပေါ်ရောက်နေပြီ။ ထိခိုက်မှုမှာ ဦးစိုးက ခေါင်းမှာ ဦးရည်လန်သွားတယ်။ ခြေထောက်မှာ သေနတ်မှန်တယ်။ အုံနာ (စပယ်ယာ) က လက်ချောင်းလေးတွေ ပျက်ကုန် သတဲ့။ သေတော့ မသေဘူး။ ဦးစိုးဘေးက ဗိုလ်ကြီးနဲ့ နောက်စစ်သားတယောက်က ပွဲချင်းပြီး။ ကျန်စစ်သားတွေကတော့ အပြင်းအထန်ဒဏ်ရာရကျသတဲ့။

ဦးရည်လန်သွားတာကို မြ၀တီဆေးရုံက ချုပ်ပေးထားနိုင်ပေမယ့် ခြေထောက်မှာ သေနတ်ထိထားတာကို စတီးရိုးလည်း ထည့်ရမယ်။ မြ၀တီမှာ မတတ်နိုင်လို့ ထိုင်းဖက်ကမ်း မဲဆောက်ဆေးရုံပို့ရမတဲ့။ တပ်ကလူတွေ ကိုတော့ သက်ဆိုင်ရာက တာဝန်ယူပေမယ့် အရပ်သားဦးစိုးတို့ကိုတော့ ဘယ်တာဝန်ယူလိမ့်မလဲ။ ဒီတော့ မဲဆောက်ဆေးရုံသွားဖို့ စီစဉ်ရတယ်။

ပြောတော့သာ လွယ်တာ။ မဲဆောက်ဆေးရုံတင်ဖို့က ဘယ်မလဲငွေကြေး။ ဦးစိုးမိန်းမ ဒေါ်မြလည်း ဘာလုပ်လို့ ဘာကိုင်ရမယ်မသိဘူး။ နောက်တော့ နီးစပ်ရာမိတ်ဆွေတွေက နောင်ခါလာ နောင်ခါဈေး။ လမ်းစား ရိတ်ကြံဖန်ပြီး မဲဆောက် ဆေးရုံပို့လိုက်ကြတယ်။

မဲဆောက်ဆေးရုံရောက်တော့ ဆေးကုသပေးကြတာ အတော်လေးကောင်းပါတယ်။ ဒါပေမယ့် ဦးစိုးရဲ့ ထိတ်လန့်တုန်လှုပ်မှုက ဒီအထိ ဘယ်ပျောက်နိုင်မလဲ။ လန့်ပြီး အော်။ ကြောက်ပြီးပြေး၊ စိတ်ကစဥ့်ကလျားဖြစ်ပြီး ရုန်းကန်၊ ဆေးရုံ တခုလုံး ကြွက်ကြွက်ညံအောင်ဖြစ်ရတာပေါ့။ ဒေါ်မြလည်း အတော့်ကိုစိတ်သောက ဖြစ်ရတယ်။

လင်သားအတွက်လည်း စိတ်ပူရ၊ ဆူပူသောင်းကျန်းတာကိုလည်း ထိန်းသိမ်းရ၊ ငိုလည်း ငိုရ။ ဒီကြားထဲ သူတပါးတိုင်းပြည်မှာ နေဖို့ စားဖို့ကလည်း တဖက်။ ဆေးရုံမှာဆင်းဖို့ နီးတော့လာပါပြီ။ ကုသစားရိတ်။ ဘတ် လေး သောင်းငါးထောင်ကျသတဲ့။ မြန်မာငွေနဲ့ ၁၅ သိန်းလောက် ဘယ်တတ်နိုင်မလဲ။ ဒီတော့ ရှိတာလေးပေါင်နှံပြီး တောင်းတောင်းပန်ပန်နဲ့ ဘတ် ၅၀၀၀ ကို အရင်ပေးထားလိုက် တယ်။ နောက် တော်ပါေ သးတယ်။ ဟိုဟိုဒီဒီ အဖွဲ့ အစည်းတွေက လာပြောပေး ကူညီပေးတဲ့ ကျန်တဲ့ငွေ ဘတ် (၄) သောင်းကို ဒေါ်မြ တို့ ပေးစရာမလိုတော့ဘူးတဲ့။

ဆေးတော့ မှန်မှန်လာထည့်ရ။ မှန်မှန်လာပြရတယ်တဲ့။ အလုပ်လည်း မလုပ်ပဲ နားနေပါတဲ့။ အနည်းဆုံး (၁) နှစ်တဲ့။ ဒေါ်မြတို့မိသားစု စားဝတ်နေရေးက တဖက်။ လူနာကို ပြုစုရတာက တဖက်။ ဒီကြားထဲ အခု ၆ လပြည့်တော့ စတီးရိုးကောက်လို့ ထပ်ပြီး ဆေးကုရဦးမတဲ့လေ။ မြ၀တီကနေ မဲဆောက်ကို ဆေးတ ခါလာပြဖို့ဆို လမ်းစားရိတ်တင် အနည်းဆုံး ဘတ် ၂၀၀ လောက်ကုန်တာကလား။ တခါတလေ ဆေးရုံ လာပြရင် မနက်ကနေ ညနေ ၄ နာရီလောက်မှ ပြန်ရတာ။ လက်ထဲ ပါလာတာလေး မလောက်တဲ့အခါ လင်မယား ၂ ယောက် ထမင်းစားဖို့နေနေသာသာ လက်ဖက်ရည်တောင်မသောက်နိုင်လို့ အငတ်ခံပြီး မြ၀ တီပြန်ရောက်မှစားကြရသတဲ့။ ကြားရတာ စိတ်မကောင်းစရာပါပဲ..။ ဒါကြောင့် .. “ဦးလေးတို့ လက်ရှိ နေဖို့ စားဖို့ ဆေးကုဖို့က ဘယ်လိုရသလဲ” လို့ မေးကြည့်မိတော့ ..

“ရန်ကုန်မှာကျန်ခဲ့တဲ့ သာကေတကအိမ်လေးတလုံးရောင်းရတာလေးတော့ ကုန်ပြီ ငါ့တူရေ။ နောက်တနှစ်ေ လာက် နားရဦးမှာဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး” တဲ့။

ဒီတော့ အတူပါတဲ့ မိတ်ဆွေက “ဟောဗျာ.. ဦးလေးတို့ကို တပ်ကပေါ်တာဆွဲလို့ဖြစ်တာမဟုတ်လား“
“အေးလေ”

“ဒါဆို သူတို့ကြောင့်ဖြစ်တာ သူတို့တာဝန်ယူပြီး ကုသပေးရမှာ မဟုတ်ဘူးလား”
“ပေါ်တာဆွဲတုန်းက ဆီ ၅ ဂါလံကလွဲရင် ဘာမှပေးဖူးတာ မရှိပါဘူးကွာ..” တဲ့။ ဒါကြောင့် ကိုယ်ကလည်း မနေသာတော့ပဲ..

“ဒါတော့ မဟုတ်သေးဘူးထင်တယ်.. ဦးလေးတို့က သူတို့ဆီ ဘာမှ မတင်ပြလို့ အကြောင်းမကြားလို့များလား..” လို့ ၀င်မေးမိတဲ့အခါ တချိန်လုံး ငြိမ်နားထောင်နေတဲ့ဒေါ်မြက ..
“ဟွန်း.. သူတို့ဆီမသွားပဲ နေမလားကွယ်။ ဒင်းတို့ကြောင့်ဖြစ်တာလေ။ ဒီတော့ သွားအကြောင်းကြားတယ်။ ကူညီပါပေါ့။ ”

“အင်း.. ဒီတော့ ကူညီလိုက်တယ်မဟုတ်လား”
“အမလေး.. ဝေးပါသေးတယ်..။ ဒါက ကျနော်တို့နဲ့မဆိုင်ဘူး။ ဟိုမြို့က ဟိုတပ်ကိုသွားပြောတဲ့။ အဲဒီကိုဆက်လိုက်တော့ .. သူတို့အပိုင်းမဟုတ်ဘူးတဲ့..။ တကယ်ဆိုင်တာက ဟိုဖက်ကတဲ့။”

“အင်း.. ဒီတော့..”
“အဒေါ်လည်း ဆက်ပြီး လိုက်ရတာပေါ့။ ခရီးစားရိတ်ကလည်း ကုန်လှပြီ။ တခေါက်တခေါက် သွားရတာကလည်း လွယ် တာမှ မဟုတ်တာ။ လူနာကြီးကို အငယ်တွေနဲ့ထားပြီး သွားရတာ။ ဒါနဲ့ နောက်ဆုံး တနေရာရောက်တော့ အဒေါ်လည်း စိတ်ပင် ပန်းလှပြီ။ စားဝတ်နေရေးကလည်း ကျပ်တည်းလှပြီလေ.. ဒီတော့ လူကြီး ကို သေချာပြောပြရင်း မျက်ရည်ကျရော။ အသနားခံရတာလေ..”

“အင်းပေါ့.. အင်းပေါ့.. ဒီတခါတော့ ကူညီလိုက်ရော ဆိုပါတော့..”
“တော်စမ်းပါ ဟယ်။ ရဖို့နေနေသာသာ.. ဒါက ကျနော်တို့နဲ့မဆိုင်ဘူးလေ။ စဖြစ်တဲ့နေရာက တာဝန်ရှိသူဆီ သွားပြော တဲ့။ အဒေါ်လည်း စိတ်ကတော်တော်ထွက်နေပြီ။ လူကလည်း ၀မ်းနည်းရတဲ့အပြင် နာလည်း နာလှပြီဆိုတော့ ဖမ်းချင် လည်းဖမ်းဆိုပြီး ပြောပစ်လိုက်တယ်”

“ဘယ်လိုပြောလိုက်လဲ“
“မင်းတို့ကြောင့်ဖြစ်ရတာကို ဟိုလွှဲ ဒီလွှဲနဲ့လုပ်နေတယ်..။ မင်းတို့လုပ်တာ ခွေးကိုက်တာထက် နာတယ်ဟေ့ လို့။ ခွေး ကိုက်ခံရရင်တောင် ခွေးရှင်က ကြေးဖိုးပေးသေးတယ်လေ။”

“ဟောဗျာ. . ဒီလိုဆို ဘယ်ကမှ အကူအညီမရဘူးဆို.. ဟို နိုင်ငံခြားတီဗွီတွေ သတင်းဌာနတွေကပြော ရင် ကောင်းမယ် ထင်တယ်”
“အင်း.. အဲဒီလိုပြောဖို့ သူများတွေလည်း အကြံပေးတယ်။ တချို့ဆို အဲဒီလိုပြောလိုက်မှ လျှော်ေ ကြး ခြောက်သိန်း လောက်တော့ ပေးတယ်ကြားတယ်”

“အင်း.. ဒါလည်း မဆိုးဘူးပဲ။ မီဒီယာတွေကပြောပါလား ဦးလေး”
“မလုပ်ပါနဲ့ကွာ..။ တော်ကြာလျှော်ကြေးမရတဲ့အပြင် အမြင်ကတ်ပုဒ်မနဲ့ ကျန်တဲ့သူတွေကိုပါ ပေါ်တာလာဆွဲရင် ဘယ့် နှယ်လုပ်မလဲကွ။ ကဲ.. ကဲ.. မိုးမချုပ်ခင် ပြန်လိုက်ဦးမယ်ဟေ့”

“ဟုတ်ကဲ့ .. ဟုတ်ကဲ့.. လက်ဖက်ရည်ဖိုးလေးတော့ မိတ်ဖြစ်ဆွေဖြစ်ရှင်းပါရစေ”

လက်ဖက်ရည်ဖိုး ရှင်းဖို့ကြည့်တော့ လက်ဖက်ရည်တခွက်ထဲကို လင်မယားနှစ်ယောက် ဝေမျှေ သာက်သွားရှာ တားကိုး။ ဒီလိုနဲ့ သူတို့လင်မယား ထီးကလေး၊ ချိုင်းထောက်ကလေးတွေပိုက်လို့ ကားဂိတ်ဖက်ကို ဆိုက်ကားေ လးစီးပြီး ထွက်သွား ကြတယ်။

သူတို့နှစ်ယောက်ထွက်သွားပေမယ့် သူတို့နဲ့ပတ်သက်တဲ့အတွေးတွေကတော့ ကျနော်တို့ဆီမှာ ကျန်နေခဲ့တယ်။ သူတို့ ရဲ့သောကအပူတွေအပေါ် ကျနော်တို့ဘာလုပ်ပေးနိုင်မလဲလို့လည်း တွေးကြည့်နေမိတယ်။ အပူသော ကတွေကို ငြိမ်း အေးဖို့တွေးမိရင်း မြန်မာတို့ရဲ့စကားစုလေးတခုကိုလည်း သတိရနေမိပြန်ပါတယ်။

* သစ်ပင်၏အရိပ်သည် အေးမြပေသည်။
* ထိုထက် မိဘ၏အရိပ်သည် ပို၍အေးမြပေ၏။
* ထိုထက် ဆရာသမား၏အရိပ်သည် ပို၍ပင်အေးမြ၏။
* ထိုထက် မင်း၏အရိပ်မှာ ပို၍ပင်သာအေးမြပေသည်။
* သို့သော် အအေးမြဆုံးမှာ ဗုဒ္ဓမြတ်ဘုရား၏အရိပ်ပင်ဖြစ်ပေသည်။

တခြားတခြားသော အေးမြခြင်းတွေအပေါ် ကျနော်တို့အငြင်းပွားဖွယ်မရှိပေမယ့် စတုတ္ထမြောက်အချက်ကိုတော့ … … ။

 
Leave a comment

Posted by on June 29, 2011 in Short Stories, Thurain Htet

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: